Social Icons

Pages

Showing posts with label စက်မှုလုပ်ငန်း. Show all posts
Showing posts with label စက်မှုလုပ်ငန်း. Show all posts

Tuesday, September 11, 2018

ပန်းတောင်းမြို့နယ်ရှိ ဧရာဝတီမြစ်လယ်ကျွန်းတွင် ကျောက်စရစ်စုပ်လုပ်ငန်းကြောင့် ကမ်းပါးများပြိုကျပြီး တောင်သူများ၏စိုက်ပျိုးမြေများ ဆုံးရှုံး



ပန်းတောင်း ၁၁-၉-၂ဝ၁၈

ပန်းတောင်း စက်တင်ဘာ ၁ဝ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့နယ်ရှိ ဧရာဝတီမြစ်လယ် ကျွန်းတစ်ခုဖြစ်သော စင်္ကြန်ကျွန်းတွင် ကျောက်စရစ်စုပ် လုပ်ငန်းများကြောင့် ကမ်းပါးများ တဖြည်းဖြည်းပြိုကျ လျက်ရှိပြီး တောင်သူများ၏ စိုက်ပျိုးမြေများ ဆုံးရှုံးလျက် ရှိကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ပန်းတောင်းမြို့နယ် ရွာသာယာ ကျေးရွာသည် စိုက်ပျိုးရေး လုပ်ကိုင်သော မြေနုကျွန်း အမျိုးအစားဖြစ်ပြီး ကျွန်းနှင့်ကပ်လျက်ရှိ ကျောက်စရစ် စုပ်လုပ်ကွက်တွင် ကျောက်စရစ်များ အဆမတန်ထုတ်ယူ နေခြင်းကြောင့် ကျွန်းပေါ်ရှိ စိုက်ပျိုးမြေများ ပြိုကျပျက်စီး ဆုံးရှုံးနေရကြောင်း ဒေသခံများက ပြောပြသည်။

"ကျောက်စုပ် မော်တော်တွေ အတိုင်းအတာမသိ စုပ်ထုတ်ခဲ့လို့ ကျွန်းအမြီးပိုင်းကနေ ထက်ဝက်လောက် ပြတ်ထွက်သွားပြီး ပြိုကျခဲ့ပါတယ်။ ရှေ့ကလဲပြို၊ နောက်ကလဲပြို အမြီးကလဲ ပြတ်ထွက်ခဲ့လို့ ကျွန်တော်တို့ကတော့ ကျောက်စရစ် စုပ်မော်တော်တွေ ကိုလုံးဝကို မမြင်ချင်တော့တာပါ။ ပြောချင်တာကတော့ ကျောက်လဲစုပ်သလို ကျွန်တော်တို့ မြေနုကျွန်းလေးလဲ မပျက်စီးအောင် လုပ်ကြပါလို့ ပြောချင်ပါတယ်"ဟု ရွာသာယာကျေးရွာ မှ ဦးသန်းဇော်က ပြောပြသည်။

ကျောက်စရစ်စုပ်ရာတွင် လိုင်စင်ခွင့်ပြုချက်၏ သတ်မှတ်ပမာဏထက် ပိုမိုစုပ်ယူခြင်း၊ သတ်မှတ်အစီးရေ ထက်များပြားစွာ စုပ်ယူခြင်းနှင့် သတ်မှတ်ကာလ ကျော်လွန်စုပ်ယူခြင်း များရှိနေပြီး သွားရောက်တားမြစ်ပါက မစုပ်ဘဲပြန်သွားကြောင်း၊ တားမြစ်သူများ မလာပါက ကျွန်းနားထိကပ်၍ မြစ်သဲကျောက် စုပ်လုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

Thursday, August 30, 2018

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်သုံးမြို့နယ်တွင် ရွှေတူးဖော်လိုသူများ လုပ်ငန်းစတင်နိုင်ရန် လျှောက်လွှာများခေါ်ယူ



ပဲခူး ၃ဝ-၈-၂ဝ၁၈

ပဲခူးတိုင်း ဒေသကြီးအတွင်း မြို့နယ် သုံးမြို့နယ်ရှိ မြေဧက ၁၆ဝဝဝ ကျော်တွင် ရွှေတူးဖော်ရေး လုပ်ကိုင်လိုသော လုပ်ငန်းရှင်များ အောက်တိုဘာလတွင် လုပ်ငန်းစတင်နိုင်ရန် လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စု အစိုးရက ရွှေလုပ်ငန်းနှင့် ပတ်သက်သော နည်းဥပဒေကို ယခုနှစ် မတ်လက ထုတ်ပြန်သဖြင့် တိုင်းဒေသကြီးအစိုးရက လုပ်ငန်းရှင် တစ်ဦးလျှင် မြေလေးဧကစီ ရွှေတူးဖော်ခွင့် ချမှတ်ပေးနိုင်ပြီး မြေလေးဧကနှင့် အထက် တူးဖော်လိုသူများ ပြည်ထောင်စု အစိုးရထံ ခွင့်ပြုချက်ရယူရမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ အရင်တုန်းက ရွှေလုပ်ကွက်မှန်သမျှကို ပြည်ထောင်စု အစိုးရက ခွင့်ပြုခဲ့တာပါ။ အခု နည်းဥပဒေ ထွက်လာတဲ့အတွက် တိုင်းဒေသကြီး အစိုးရအနေနဲ့ မြေလေးဧက ခွင့်ပြုလို့ရသွားပါပြီ။ လုပ်ငန်းလုပ်ကိုင် လိုသူတွေကို လျှောက်လွှာတွေ စုဆောင်းပြီး ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်းပါမယ်။ မီနီဘတ်ဂျက်အလွန် အောက်တိုဘာလမှာ လုပ်ငန်းစတင် နိုင်အောင်ခွင့်ပြု ပေးသွားမှာပါ။ လုပ်ငန်းရှင်တွေရဲ့ အရည်အသွေးတွေ စစ်ဆေးရမယ်။ လုပ်ကွက်နေရာကိုလဲ စစ်ဆေးရပါမယ်။ တရားမဝင်ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ ပပျောက်သွားအောင် ဆောင်ရွက်သွားမှာပါ"ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာစောညိုဝင်းက ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

Wednesday, August 8, 2018

စက်ရုံအလုပ်ရုံများ ဥပဒေနှင့်အညီလုပ်ဆောင်မှု ရှိ၊မရှိ စစ်ဆေးသွားမည်



မန္တလေး ၈-၈-၂ဝ၁၈

မန္တလေးမြို့ရှိ လက်ရှိလည်ပတ် လုပ်ကိုင်နေသည့် စက်ရုံ အလုပ်ရုံများအား ဥပဒေနှင့်အညီ လုပ်ဆောင်မှု ရှိ၊ မရှိ ယခုလအတွင်း လိုက်လံစစ်ဆေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။

ယခုလအတွင်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းအေးသာစံ မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများကို စစ်ဆေးသွားမည် ဖြစ်ပြီး အဆိုပါ မြို့နယ်များအတွင်းရှိ သစ်စက်များ၊ ပလတ်စတစ်စက်ရုံ၊ ပုံနှိပ်လုပ်ငန်းနှင့် မုန့်မျိုးစုံ လုပ်ငန်းများကို အဓိကထား၍ လိုက်လံစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

"မြို့နယ်တွေမှာ လုပ်ကိုင်နေတဲ့  လုပ်ငန်းတွေအနေနဲ့ လက်ရှိဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့စက်မှု လုပ်ငန်းဥပဒေနဲ့ ကိုက်ညီအောင် လုပ်ကိုင်မှု ရှိ၊ မရှိစစ်ဆေးတဲ့အပြင် စွန့်ပစ်အရည်၊ အခိုးအငွေ့ထွက်တဲ့ စက်ရုံလုပ်ငန်း တွေဆိုရင်လဲ ပတ်ဝန်းကျင်ကိုထိခိုက်မှု ရှိလား၊ မရှိလားဆိုတာပါ တစ်ခါတည်း စစ်ဆေးသွားမယ်။ ဥပဒေနဲ့မကိုက်ညီတာ၊ ပတ်ဝန်းကျင်ထိခိုက်တာတွေ စစ်ဆေးတွေ့ရှိရင် ပြန်လည်ပြင်ဆင်ဖို့၊ အကြံပေးတာတွေ၊ ပညာပေးတာတွေပါ လုပ်ဆောင်သွားမှာပါ"ဟု အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဆွေက ပြောပြသည်။

ယခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ရေဆိုးစွန့်ထုတ် စက်ရုံများ၊ မီးခိုးပြာထွက်စက်ရုံများ၊ ဘွိုင်လာအသုံးပြုသည့် စက်ရုံများ၊ လူသုံးကုန်နှင့် စားသောက်ကုန် ထုတ်လုပ်သည့် စက်ရုံများပတ်ဝန်းကျင်တွင် Water Pollution နှင့် air Pollution ဖြစ်ပွားမှု ရှိ၊ မရှိ၊ လိုအပ်သည့် စွန့်ပစ်စနစ်များ၊ အရည်အသွေးပြည့် မီမှုများမှန်ကန်မှု ရှိ၊ မရှိ၊ စက်ရုံများ၏လည်ပတ်မှု၊ ကောင်းမွန်သည့် ထုတ်လုပ်မှုဖြစ်စဉ်၊ ထုတ်ကုန်များ၏ ဘေးကင်းမှုနှင့်လျှပ်စစ်ပိုင်း၊ ဘွိုင်လာပိုင်းအပြင် စက်မှုလုပ်ငန်းဥပဒေနှင့် အညီလုပ်ကိုင်ခြင်း ရှိ၊ မရှိကိုပါ လိုက်လံကြပ် မတ်စစ်ဆေးသွားမည်ဖြစ်ပြီး တစ်နှစ်တာကာလအတွင်း စုစုပေါင်းစက်ရုံ လုပ်ငန်းပေါင်း ၄ဝဝကျော်ထိ စစ်ဆေးသွားရန် လျာထားကြောင်း သိရသည်။

#Themyawadydaily

Tuesday, June 19, 2018

နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြီးစားစက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေ



နေပြည်တော် ၁၉-၇-၂ဝ၁၈

နိုင်ငံတော်၏ စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြီးစား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း စက်မှုဝန်ကြီးဌာနသတင်းများအရ သိရသည်။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အသေးစား၊အလတ်စား SME စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်ရာတွင် စက်ကိရိယာများနှင့် စက်ပစ္စည်းများ ထုတ်လုပ်ပေးနေသည့် စက်ရုံများကို ဂျာမနီနိုင်ငံနှင့် ပူးပေါင်းကာ လိုအပ်သည့် သင်တန်းများ ပို့ချပေးနေပြီး ညောင်ခြေထောက် တွင်လည်းစက်နှင့် စက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့အတူ မလွန်၊ ဆင်တဲရှိ စက်ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ တွင်လည်း သံသွန်းလောင်း စက်ရုံများဖြင့် ဆောင်ရွက်လျက် ရှိသည်။

လက်ရှိ သာဂရတွင် စက်ရုံများ ရှိနေသော်လည်း ဈေးကွက်ဝင်ပစ္စည်းများ မထုတ်လုပ်နိုင်သဖြင့် အရှုံးပေါ်လျက်ရှိကာ အရှုံးပေါ်နေမှုများကို ကုစားနိုင်ရေးအတွက် နည်းပညာနှင့် စိတ်ကူးသစ်များ ပေါင်းစပ်၍ စက်ပစ္စည်း ကိရိယာအသစ်များ၊ အသုံးဝင်သည့် စက်များ၊ လူသုံးကုန် ပစ္စည်းများထုတ်လုပ် နိုင်ရေးအတွက် ပြည်ပမှ နည်းပညာ၊ အရင်းအနှီး ရှိသူများနှင့် ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သာဂရစက်မှု နယ်မြေတွင်ရှိနေသည့် အကြီးစားစက်ရုံများ တွင်လည်း ဈေးကွက်ဝင်ပစ္စည်းများ ထုတ်လုပ်သွားနိုင်ရေး ပြည်ပမှ ရင်းနှီးလုပ်ကိုင် ဆောင်ရွက်နိုင်သူများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် စီမံဆောင်ရွက် နေပြီဖြစ်သည်။

အဆိုပါ စက်ရုံများအနေဖြင့် သံချောင်းနှင့် သံပြားများကို လိုအပ်သကဲ့သို့ ပုံဖော်ပြုလုပ်နိုင်၍ အကြီးစားစက်ပစ္စည်းများကို တီထွင်ထုတ်လုပ် နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, June 14, 2018

စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှု ထိန်းချုပ်နိုင်ရန် ရေနံဓာတ်ငွေ့ရည်ကို အစားထိုးအသုံးပြုနိုင်ရန် စီစဉ်ထား



နေပြည်တော် ၁၄-၆-၂ဝ၁၈

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုများကို ထိန်းချုပ်နိုင်ရန် အတွက် မော်တော်ကားများတွင် အခြားစက်သုံးဆီများအစား ရေနံဓာတ်ငွေ့ရည် (LPG) ကို ပြန်လည် အစားထိုး အသုံးပြုနိုင်စေရန် အတွက်စီစဉ် လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ရေနံဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်များတွင် အသုံးပြုလာနိုင်ရန်အတွက် မော်တော်ယာဉ်သုံး ရေနံဓာတ်ငွေ့ရည် အရောင်းဆိုင်များ ဖွင့်လှစ်ခြင်းများအတွက် စည်းကမ်းချက်များ ရေးဆွဲလျက်ရှိကြောင်း၊ ထိုသို့စည်းကမ်း ချက်များ ရေးဆွဲရာတွင်လည်း မြေနေရာ အနည်းငယ်ဖြင့် အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်ရန် လည်းစီစဉ်ထားကြောင်း၊ ထို့ပြင် LPG တင်သွင်းခြင်းနှင့် ပတ်သက်၍ ပြည်ပမှတင် သွင်းခြင်းကို ပုဂ္ဂလိကကဏ္ဍကိုအပြည့်အဝ ပေးသွားမည်ဖြစ်ပြီး ကုန်းလမ်းမှ တင်သွင်းခွင့်လိုင်စင် နှင့်ပင်လယ်ရေကြောင်းမှ တင်သွင်း ခွင့်လိုင်စင်ဟူ၍ လိုင်စင်နှစ်မျိုးဖြင့် သတ်မှတ်တင်သွင်းခွင့် ပြုထားကြောင်းနှင့် အဆိုပါရေနံဓာတ်ငွေ့ရည်ကို လက်ရှိတွင် မီးဖိုချောင်သုံး၊ စီးပွားရေးလုပ်ငန်းသုံးနှင့် စက်မှုဇုန်လုပ်ငန်းများတွင် လောင်စာအဖြစ် အသုံးပြုလျက်ရှိပြီး မော်တော်ယာဉ်များတွင် ၁၉၉ဝပြည့်နှစ်ခန့်က အသုံးပြုခဲ့ပြီး အိမ်သုံးများအတွက် သာဦးစားပေးခဲ့ခြင်းဖြစ်၍ ယခုနောက်ပိုင်းတွင် အသုံးပြုမှုနည်းလာ ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, June 7, 2018

စွန့်ပစ်အမှိုက်များကို မီးသွေးတောင့် အဖြစ်ထုတ်လုပ်မည့် စက်ရုံတစ်ရုံ မကွေးမြို့၌ တည်ဆောက်ရန် ဆွေးနွေးနေ



မကွေး ၇-၆-၂ဝ၁၈

မကွေးမြို့ မြောက်ဘက်နှစ်မိုင် ခန့်အကွာရှိ ခုနစ်ဧက အကျယ်အမှိုက်စွန့်ပစ် ကျင်းနေရာတွင် စွန့်ပစ်အမှိုက်များကို မီးသွေးတောင့်အဖြစ် ပြောင်းလဲထုတ်လုပ်မည့် အမေရိကန်ဒေါ်လာ ငါးသန်းတန်ဖိုးရှိ အမှိုက်မီးရှို့စက်ရုံတစ်ရုံ ဆောက်လုပ်ရန် ရည်ရွယ်ထားပြီး စက်ရုံထူထောင်မည့် ကုမ္ပဏီအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။

မကွေးမြို့မှ နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန် ၆ဝနှင့် တိုးမြှင့်သိမ်းဆည်း သွားမည့် အမှိုက်တန်ချိန် ၄ဝ စုစုပေါင်း အမှိုက်တန်ချိန် ၁ဝဝကို စက်ရုံသို့နေ့စဉ် ပို့ဆောင်ရမည် ဖြစ်ပြီး တစ်တန်လျှင်ဒေါ်လာ ၂ဝဝ တန်ဖိုးရှိ မီးသွေးတောင့် ၃၅ တန်နေ့စဉ် ထုတ်လုပ်မည်ဖြစ်ကာ မကွေးဒေသ ဖွံ့ဖြိုးရေးအတွက် အကျိုးခံစားခွင့် ငါးရာခိုင်နှုန်းရရှိမည့် ဆွေးနွေးမှု လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း သိရသည်။

နားလည်မှု စာချွန်လွှာလက်မှတ် ထိုးပြီးနောက် အမှိုက်ကန် ဆောက်မည့်နေရာ၊ လမ်းကြောင်းများနှင့် အမှိုက်အမျိုး အစားလေ့လာရန် အချိန်သုံးလကြာမည် ဖြစ်ကြောင်း၊ လေ့လာကျေနပ်၍ MoU ထိုးပြီးနောက် စက်ရုံဆောက်ချိန်ခြောက်လကြာမည်ဖြစ်ပြီး သဘောတူညီချက်ကာလမှ နောက်တစ်နှစ်အတွင်း လုပ်ငန်းအကောင်အထည် ပေါ်လာမည်ဖြစ်ကြောင်း၊ ရနိုင်သမျှ တောင်းဆိုမှုများကိုလည်း ညှိနှိုင်းရယူသွားမည် ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး စည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးထင်အောင်ထံမှ သိရသည်။

အမှိုက်ကျင်း ပြဿနာများဖြစ်သည့် မီးရှို့ခြင်း၊ အနံ့အသက်မကောင်းခြင်း၊ ကူးစက်ရောဂါ ပေါက်ပွားခြင်းနှင့် အမှိုက်စား ဗက်တီးရီးယားများ၏ စားသောက်နေထိုင်မှုအရ ဂတ်စ်ထွက်ပေါ်ပြီး မီသိန်းဓာတ်ငွေ့ကြောင့် မီးလောင်မှုများဖြစ်ပေါ်နိုင်ခြင်း တို့ကို ကာကွယ်ရာရောက်ကာ ဒေသအကျိုးပြုနိုင်မည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, May 14, 2018

ရေနံ လက်ယက်တွင်းများမှ ထွက်ရှိသော ရေနံကို အဆင့်မြင့် စက်သုံးဆီ ထုတ်လုပ်ရန် နိုင်ငံသားလုပ်ငန်းရှင်များကို ချထားပေးမည်



မကွေး ၁၄-၅-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ရေနံလက်ယက်တွင်းများမှ ထွက်ရှိသော ရေနံများကို အဆင့်မြင့်စက်သုံးဆီ ထုတ်လုပ်ရန် နိုင်ငံသား လုပ်ငန်းရှင်များကို ချထားပေးမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်ထံမှ သိရသည်။

မကွေးတိုင်း ဒေသကြီးအတွင်း ထွက်ရှိသော လက်ယက်တွင်းများမှ ရေနံစိမ်းများကို ကုန်ချောအဖြစ် ချက်လုပ်ရန် ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒေသတွင်း ရေနံချက်ဖိုများ တည်ထောင်ချက်လုပ်ရန် ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းချက်ဖို အဆင့်ထက်ကျော်လွန်ပြီး အဆင့်မြင့်စက်သုံးဆီများ ချက်လုပ်နိုင်ရန်အတွက် ရေနံချက်စက်ရုံအသေးများ တည်ထောင်နိုင်ရေး ရေနံချက်ရုံများ တည်ထောင်ဆောက်လုပ်ရန် ဇုန်နေရာရှာဖွေခြင်း၊ နည်းပညာ ရှာဖွေခြင်းတို့ကို တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ကော်မတီနှစ်ခု ဖွဲ့စည်းကာ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံသား လုပ်ငန်းရှင်များကို ခွင့်ပြုချက်ချထား ပေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောပြသည်။

ရေနံနှင့်သဘာဝ ဓာတ်ငွေ့ထွက်ရှိသည့် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း ဒေသကြီးအတွင်း ရေနံလက်ယက်တွင်း တိမ်လုပ်ငန်းများကို မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်တို့တွင် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အတွင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ခွင့်ပြုမိန့်ရရှိပြီး ရေနံလက်ယက်တွင်း တိမ်လုပ်ကွက် အဟောင်း ၄၅ ကွက်နှင့် အသစ် ၁၁ ကွက်ရှိကြောင်း၊၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် ခွင့်ပြုမိန့်ရပြီး သက်တမ်းတိုး လုပ်ကွက် ၂ဝနှင့် လုပ်ကွက်အသစ် ၁၂ကွက်ရှိကြောင်း တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

"ကျွန်တော်တို့ဒေသက ထွက်ရှိတဲ့ ရေနံစိမ်းတွေကို ပခုက္ကူခရိုင်အတွင်းရှိ ရေနံချက် ဖိုတွေဆီကို တင်ပို့ရောင်းချနေရတယ်။ ရေနံချက်ဖိုတွေကလဲ မှော်ထဲထိဆင်းပြီး လာဝယ်ကြတယ်။ ကိုယ့်ဒေသမှာ ချက်ဖိုမရှိတော့ ဈေးနှိမ်ပြီး ဝယ်လဲ ရောင်းနေရတယ်။ ကျွန်တော်တို့ဒေသ ဝန်းကျင်မှာ ရေနံမှော်တွေ အများကြီးရှိပါတယ်။ အစိုးရက ခွင့်ပြုချက်နဲ့ ရေနံချက်ဖိုတွေ တည်ဆောက်ပြီး အဆင့်မြင့်ဆီ ထုတ်ယူမယ်ဆိုရင် ကျွန်တော်တို့ဒေသက ရေနံလက်ယက်တွင်းတူးနေတဲ့သူတွေလဲ အဆင်ပြေနိုင်ပါတယ်" ဟု မင်းလြှမို့နယ် ရေနံမှော်မှ ကိုရြဲမင့်က ပြောပြ၍ သိရသည်။

#Themyawadydaily

Thursday, May 10, 2018

မြန်မာ့သနပ်ခါး ပြည်ပဈေးကွက် အခိုင်အမာရရှိရန် ပြည်ပပညာရှင်များ ငှားရမ်း၍ အဆင့်မြင့် ထုတ်လုပ်မှု နည်းပညာများ သင်ယူမည်



မုံရွာ ၁ဝ-၅-၂ဝ၁၈

မြန်မာနိုင်ငံတစ်ဝန်းမှ ထွက်ရှိသော သနပ်ခါးများကို အဆင့်အတန်း မြင့်မားရန်နှင့် ပြည်ပဈေးကွက် အခိုင်အမာရရှိ ရောင်းချနိုင်ရန် ပြည်ပပညာရှင်များ ငှားရမ်း၍ သနပ်ခါးအဆင့်မြင့် ထုတ်လုပ်မှု နည်းပညာများ သင်ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (မုံရွာ)မှ သိရသည်။

သနပ်ခါးစိုက် တောင်သူများ လူနေမှုဘဝ မြင့်မားစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် စသောရည်ရွယ်ချက် များကို အခြေခံ၍ မြန်မာ့သနပ်ခါး အဆင့်မြင့်ကုန်ချော ထုတ်လုပ်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ အခိုင်အမာရောင်းချ နိုင်ရန်အတွက် ပြည်ပပညာရှင်များကို ငှားရမ်းပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"သနပ်ခါး အဆင့်မြင့်ကုန်ချော ထုတ်လုပ်နိုင်ဖို့ ဂျာမနီနိုင်ငံက ပညာရှင်ကို ခေါ်ယူပြီး နည်းပညာတွေ သင်ယူမှာပါ။ သင်ယူရတဲ့ ဥာဏ်ပူဇော်ကြေး ကတော့ငွေကျပ်သိန်း ၆ဝ ပေးရမှာပါ။ ဒီငွေကိုတော့ NGO အဖွဲ့၊ သနပ်ခါး အလှကုန်ကုမ္ပဏီတွေ၊ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်ရောင်းချ သူများအသင်းတွေက ပူးပေါင်းကျခံသွားမှာပါ။ ဒီလုပ်ငန်းကို ယခုနှစ် ဇူလိုင်လအတွင်း အပြီးဆောင်ရွက်သွားမှာပါ" ဟု အဆိုပါအသင်းဥက္ကဋ္ဌ ဦးအေးခိုင်က ပြောပြသည်။

နည်းပညာသင်ယူရာတွင် သနပ်ခါးအဆင့်မြင့် ထုတ်လုပ်နည်း၊ ဓာတ်ခွဲနည်း၊ ဓာတုကင်းအောင် ဆောင်ရွက်နည်း၊ နိုင်ငံတကာဈေးကွက် ချိတ်ဆက်နည်း စသောပညာရပ်များ ပါဝင်မည်ဖြစ်ကြောင်း၊ ၎င်းနည်းပညာများ သင်ယူ ပြီးပါက သနပ်ခါးနှင့် ဆက်စပ်သော ပညာများကို နိုင်ငံတစ်ဝန်း သနပ်ခါးစိုက် တောင်သူများနှင့် သနပ်ခါးအလှကုန် ကုမ္ပဏီပိုင်ရှင်များကို ဆင့်ပွားပို့ချမည် ဖြစ်ကြောင်း၊ သနပ်ခါးစိုက် တောင်သူများ အနေဖြင့်လည်း အနာဂတ် အတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားရရှိလာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Thursday, February 15, 2018

စစ်ကိုင်း စက်မှုဇုန်တွင် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့် မြေကွက်များကို စာရင်းကောက်ယူ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည်



စစ်ကိုင်း ၁၅-၂-၂ဝ၁၈

စစ်ကိုင်းစက်မှုဇုန် စတင်တည်ထောင်စဉ်က မြေကွက်များရယူပြီး လက်ရှိအချိန်ထိ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိသည့် မြေကွက်များကို စာရင်းကောက်ယူ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြသွား မည်ဖြစ်ကြောင်းစစ်ကိုင်း စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

ယင်းသို့ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လပ်များကို စာရင်းကောက်ယူရန် အတွက် စစ်ကိုင်းခရိုင်စီမံ ခန့်ခွဲမှုကော်မတီ (စစ်ကိုင်းစက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ) ဥက္ကဋ္ဌ ၏အစီအစဉ်ဖြင့် အဖွဲ့ဖွဲ့ ၍ စာရင်းကောက်ယူသွားမည် ဖြစ်ပြီး ကောက်ယူရရှိလာသည့် မြေကွက်လပ်စာရင်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရန်အတွက် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုမြင့်က ပြောပြသည်။

"ခရိုင်စီမံခန့်ခွဲမှု ကော်မတီ (စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ) ဥက္ကဋ္ဌရဲ့အစီအစဉ်နဲ့ အဖွဲ့ဖွဲ့ပြီး မြေကွက်ချထားတဲ့ အချိန်ကစပြီးတော့ မလုပ်သေးတဲ့ မြေကွက်တွေ၊ စည်းကမ်းနဲ့ မညီညွတ်တဲ့ မြေကွက်တွေ၊ အလုပ်မလုပ်သေးတဲ့ မြေကွက်တွေရဲ့ စာရင်းကောက်ယူ ပါမယ်။ စာရင်းကောက်ယူတဲ့ အဖွဲ့ရဲ့တွေ့ရှိချက်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးတော့ အလုပ်လုပ်လို့ရအောင် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်အောင် စီမံဆောင်ရွက်ဖို့ ရှိပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို တင်ပြပြီးမှ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

စစ်ကိုင်းစက်မှုဇုန်တွင် စက်ရုံ၊ အလုပ်ရုံ ၅၄ ရုံရှိရာ လက်ရှိတွင် လုပ်ငန်း လည်ပတ်နေသည့် စက်ရုံ၊ အလုပ်ရုံ ၃၉ ရုံရှိပြီး ခေတ္တရပ်နားထားသည့် စက်ရုံ ၁၅ ရုံရှိကြောင်း၊ စစ်ကိုင်းစက်မှုဇုန်၏ မြေနေရာ အကျယ်အဝန်းမှာမြေဧရိယာ ၉၆ဝ၃ ဒသမ ၃၂ ဧကရှိပြီး မြေကွက်ပေါင်း အနေဖြင့် အရွယ်စုံ၂၁၁ကွက်ရှိကြောင်း စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

စစ်ကိုင်းစက်မှုဇုန်မှာ စစ်ကိုင်းမြို့မြောက်ဘက်၊ မင်းဝံတောင်၏ အနောက်ဘက် ပတ္တမြားရပ်ကွက်နှင့် နီလာရပ်ကွက်တွင် တည်ရှိပြီး ၁၉၉၇ ခုနှစ်ဒီဇင်ဘာ ၁၁ ရက်က စတင်တည်ထောင်ခဲ့ကြောင်း၊ စစ်ကိုင်းစက်မှုဇုန်ထဲတွင်သစ်အခြေခံစက်ရုံ ၁၁ ရုံ၊ သံရည်ကျိုစက်ရုံ ခုနစ်ရုံ၊ လူသုံး၊ အိမ်သုံးစက်ရုံ ၂၇ရုံ၊ စားသောက်ကုန်စက်ရုံ ခြောက်ရုံနှင့် မော်တော်ကားအလုပ်ရုံ သုံးရုံရှိကြောင်း စစ်ကိုင်းစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။

#Themyawadydaily

Thursday, December 28, 2017

မြေတိုင်းတာရာတွင် UAV Drone များဖြင့် ဆောင်ရွက်နိုင်တော့မည်



မကွေး ၂၈-၁၂-၂ဝ၁၇

မကွေးတိုင်းဒေသကြီး၌ သမားရိုးကျ မြေတိုင်းတာမှု စနစ်များအပြင် မြေတိုင်းရာတွင် လွယ်ကူမြန်ဆန် တိကျစေရေးအတွက် UAV Drone များဖြင့် မြေတိုင်းတာပုံထုတ်ခြင်းကို ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ယင်းသို့ဆောင်ရွက် နိုင်ရေးအတွက် မကွေး၊ဂန့်ဂေါ၊ ပခုက္ကူ၊ သရက်နှင့် မင်းဘူးခရိုင်တို့မှ ဌာနဝန်ထမ်းသင်တန်းသား ၄၅ ဦးအား မကွေးမြို့၌ ဒီဇင်ဘာ ၂၇ ရက်မှ ၃၁ ရက်အထိ သင်တန်းပို့ချ ပေးလျက်ရှိကြောင်း၊ ဧက ၄ဝဝ ရှိကွင်းတစ်ကွင်းအား သမားရိုးကျတိုင်းတာပါက ၇ ရက်မှ ၁ဝ ရက်အထိ ကြာမြင့်နိုင်ပြီး ယခုသင်တန်းက ပို့ချမည့်စနစ်ဖြင့် Drone အသုံးပြုတိုင်းတာပါက ၂ ရက်ခန့်သာ ကြာမြင့်မည်ဖြစ်ပြီး ပိုမို၍ တိကျမှုရှိလာမည်ဖြစ်ကြောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''မြေတိုင်းတဲ့နေရာမှာ အဆင့်တွေ အများကြီးရှိတယ်။ အဲဒီအဆင့်တွေကို ကျော်လွှားပြီးတော့ Drone နဲ့တိုင်းတဲ့စနစ်ကို သင်ကြားပို့ချ သွားမှာဖြစ်ပါတယ်။ အရင်စနစ်တွေက အရမ်းကြာတယ်။ အခုစနစ်နဲ့ဆိုရင် အချိန်ရော၊ လူအင်အားရော တိကျမှုပါ အရမ်းကွာခြားသွားမှာ ဖြစ်ပါတယ်''ဟု သင်တန်းနည်းပြ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဦးစိန်ဝင်းက ပြောသည်။

''တိုင်းဒေသကြီး အစိုးရအဖွဲ့က Drone ငါးစင်းဝယ်ယူဖို့ ခွင့်ပြုခဲ့တာဖြစ်ပေမယ့် ချွေတာတဲ့အနေနဲ့ Drone လေးစင်းနဲ့ရရှိတဲ့ Data တွေကို အသေးစိတ်ပြုစုနိုင်ဖို့ Software တစ်ခုဝယ်ပါတယ်။ ဒီလိုပံ့ပိုးပေးတဲ့အတွက် တိုင်းဒေသကြီးရဲ့ မြေယာအသုံးချမှုတွေ၊ မြေယာစီမံခန့်ခွဲမှုတွေ၊ သဘာဝဘေးအန္တရာယ်ကြောင့် လယ်ယာမြေဧက ဘယ်လောက် ရေနစ်တယ်ဆိုတာ တွေကို ဒီစနစ်နဲ့တိုင်းထွာရင် ချက်ချင်းသိရှိနိုင်မှာဖြစ်လို့ တိုင်းဒေသကြီး အတွက်ရော၊ ဌာနအတွက်ပါ အကျိုးရှိမှာဖြစ်ပါတယ်'' ဟုတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးဇော်ဝင်းက ပြောသည်။

၂ဝ၁၇ ခုနှစ် မေလပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် မြေကြီးမြေပုံမှန်ကန်ရေးနှင့် မြေတိုင်းတာ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်တိကျ စေရေးအတွက် အဆိုပါ UAV Drone ငါးစင်းကို ဝယ်ယူရန် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, December 21, 2017

အမှတ် (၁၅) အကြီးစားစက်မှု (သာဂရ) မှသီးနှံ (စပါး) များ သိုလှောင်နိုင်မည့် Silo များနှင့် လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေ



နေပြည်တော် ၂၁-၁၂-၂၀၁၇

သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၅) အကြီးစားစက်မှု လုပ်ငန်း (သာဂရ) မှ သီးနှံ (စပါး)များ သိုလှောင်နိုင်မည့် Silo များနှင့်လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေပြီး ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

လက်ရှိတွင် အဆိုပါပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေ ရှိအမှတ် (၁၅) အကြီးစား စက်မှုလုပ်ငန်း (သာဂရ) တွင် ရခိုင်ပြည်နယ်မောင်တော မြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာ၌ တည်ဆောက်လှူဒါန်း နိုင်ရန် တန်၅ဝဝဆံ့ သီးနှံ (စပါး) များ သိုလှောင်နိုင်မည့် Silo များ ထုတ်လုပ်နေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မှာယူထားသည့် လူနာတင်ယာဉ်များကိုလည်း တပ်ဆင်ထုတ်လုပ်နေပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသများတွင် စိုက်ပျိုးထားသော စပါးများကို ရာသီအချိန်မီ ရိတ်သိမ်းခြွေလှေ့ ပေးလျက်ရှိကြောင်း၊ အဆိုပါရိတ်သိမ်း ခြွေလှေ့ပေးသည့် စပါးများကိုအခြောက်ခံ၍ သိုလှောင်ထိန်းသိမ်း ထားနိုင်ရန် အတွက် တန်ချိန် ၅ဝဝ ဆံ့သည့် Silo တစ်စုံကို တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Silo တစ်စုံကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာတွင် တည်ဆောက်တပ်ဆင်ပေးမည် ဖြစ်ပြီး Silo ကိုင်တွယ်ထိန်းသိမ်း နည်းများကိုလည်း လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ၊ Silo တစ်လုံး၏ တန်ဖိုးမှာ ငွေကျပ် ၁၈၆၅ သိန်းကုန်ကျမည်ဖြစ်ပြီး အဆိုပါ Silo များကို ထိုင်းနိုင်ငံမှ ပညာရှင်များဖြင့် ပူးပေါင်းတည်ဆောက်နေကာ မြန်မာနိုင်ငံအနှံ့ ဖြန့်ဖြူးရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ကြောင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၅) အကြီးစားစက်မှု လုပ်ငန်း (သာဂရ)သို့ရောက်ရှိပြီး Metal Forming Workshop အတွင်းရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာတွင် တည်ဆောက်လှူဒါန်း နိုင်ရန်အတွက်တန် ၅ဝဝဆံ့ သီးနှံ (စပါး) များသိုလှောင်နိုင်မည့် Silo များ ထုတ်လုပ်နေမှု အခြေအနေနှင့် AssemblyWorkshop တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မှာယူထားသည့် လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်မည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, December 13, 2017

ခေတ်မီယန္တရား စက်ပြင် စက်မောင်း ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးလျက်ရှိ



ရန်ကုန် ၁၃-၁၂-၂၀၁၇

တိုးတက် ပြောင်းလဲလာသည့် စက်မှုစွမ်းအား လုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ် ကောင်းများပေါ်ထွက်ကာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ စက်မှုတိုင်း (၁) သင်တန်းကျောင်းမှ စက်ပြင်၊
စက်မောင်းကျွမ်းကျင် လုပ်သားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် သင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ယခုအခါ နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ရှမ်းပြည်နယ် စည်ပင်သာယာရေး ဦးစီးဌာနအပါအဝင် တခြားဝန်ကြီးဌာန၊ လုပ်ငန်းနှင့် ဦးစီးဌာန လက်အောက်ရှိ စက်ပြင်၊ စက်မောင်းများ ကိုလည်း အခါအားလျော်စွာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက် ရှိကြောင်းနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကိုပါ ဆောင်ရွက် ပေးလျက်ရှိသည်။

ယင်းကဲ့သို့ သင်ကြား ပေးရာတွင်လည်း လေ့ကျင့်သင်ကြားရေး အပိုင်း၌ လက်ရှိ အလုပ်အကိုင်နှင့် စပ်လျဉ်းသော ကျွမ်းကျင်မှုနှင့် လုပ်ငန်းဆိုင်ရာနည်းပညာ၊ အသိပညာ တို့ကိုဦးတည်ပြီး ဝန်ထမ်းများအတွက် ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး အစီအမံများ လည်းပါဝင်ကြောင်း၊ စက်ပြင်၊ စက်မောင်းဝန်ထမ်းများ၏ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်နှင့် နည်းလမ်းများ၊ လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင် ရေးအတွက် အကျိုးရှိစေမည့် အရာများ၊ ပြီးမြောက်ရမည့် စံချိန်စံနှုန်းများ၊ စွမ်းဆောင်ရည်များ၊ လုပ်ငန်းစဉ်အလိုက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအခြေခံများ ကိုသာမက စက်ပြင်၊ စက်မောင်းဝန်ထမ်း များ၏ ခံယူချက် သဘောထား၊ စိတ်ဓာတ်ခွန်အား ကောင်းမွန်မှု၊ အပြုသဘောဆောင်မှု၊ အသင်းအဖွဲ့နှင့် ညီညွတ်စွာလုပ်ဆောင်တတ်မှု၊ လိုက်လျောညီထွေ နေထိုင်တတ်မှု စသည့် ရေရှည်ဖွံ့ဖြိုးတိုး တက်စေရေး တို့ကိုလည်း တစ်ပါတည်း လေ့ကျင့်ပေးလျက် ရှိသည်။

ခေတ်မီစက်ယန္တရားများ မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သင်တန်းသား ၂ဝ ဦး၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သင်တန်းသား ၁၈ ဦး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သင်တန်းသား ငါးဦးအပါအဝင် စုစုပေါင်း သင်တန်းသား ၄၃ ဦးကို ဒီဇင်ဘာ ၄ ရက်မှစတင်ဖွင့်လှစ်ပို့ချပြီး စက်ပြင်၊ စက် မောင်းကျွမ်းကျင် မှုဆိုင်ရာသင်တန်းကို ဒီဇင်ဘာ ၈ ရက်မှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ ဖွင့်လှစ်ပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, September 19, 2017

စက်ရုံ အလုပ်ရုံများ၌ အမြဲတမ်းအလုပ်သမား ခန့်ထားမှသာ လုပ်ငန်းခွင်တိုးတက်နိုင်မည်



ရန်ကုန် ၁၉-၉-၂၀၁၇

ပြည်တွင်းရှိ စက်ရုံ အလုပ်ရုံများ၌ လက်ရှိအချိန်ထိ အမြဲတမ်းအလုပ်သမား ခန့်ထားမှု နည်းပါးနေဆဲဖြစ်ကာ အမြဲတမ်းအလုပ်သမား ခန့်ထားမှု များပြားမှသာ လုပ်ငန်းခွင်တိုးတက်မှု ရှိနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေး ဆိုင်ရာကော်မတီအဖွဲ့ဝင်(ခန့်ထားပုဂ္ဂိုလ်) ဦးခင်မောင်ဦးထံမှ သိရသည်။

ထိုသို့ လုပ်ငန်းခွင်တိုးတက် တည်ငြိမ်မှသာ အလုပ်သမားများအတွက် လုပ်ခလစာနှင့်ပတ်သက်၍ အငြင်းပွားမှုများလျော့နည်း သွားမည်ဖြစ်ပြီး လုပ်ခလစာပေးနိုင်မှုမှာလည်း ခေတ်ကာလနှင့်အညီ ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

'' ဒီနေ့အထိ အလုပ်ရုံတွေမှာ အမြဲတမ်းအလုပ်သမားဆိုတာ တော်တော်နည်းပါတယ်။ တော်တော်များများက ယာယီအလုပ် သမားတွေဖြစ်နေတယ်။ သူတို့က လုပ်ငန်းတစ်ခုမှာ ခဏပဲလုပ်ပြီး ထွက်သွားကြတယ်။ဒါကြောင့် စက်ရုံ၊ အလုပ်ရုံတွေက အမြဲတမ်းဝန်ထမ်းကို ခန့်ထားဖို့လိုမယ်။ ဒါမှလည်းလုပ်ငန်း တည်ငြိမ်နိုင်မယ်''ဟု ဦးခင်မောင်ဝင်း ကပြောသည်။

မြန်မာနိုင်ငံ၌ အလုပ်သမားများနှင့် ပတ်သက်သည့် အနည်းဆုံး အခကြေးငွေကို လုပ်ငန်းငါးရပ်ဖြင့် ၂ဝ၁၃ ခုနှစ်မှစ၍ နှစ်နှစ်နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလတွင် အနည်းဆုံးလုပ်ခ ကြေးငွေကို တစ်ရက်လျှင် ငွေကျပ် ၃၆ဝဝ အဖြစ် သတ်မှတ်ရန်ကြေညာခဲ့ပြီး ယင်းဥပဒေတွင် သတ်မှတ်ပြီး နှစ်နှစ်အကြာတွင် ဆက်လက်ထားရှိ သင့်၊ မသင့် သတ်မှတ်ထားရာ လတ်တလောတွင် အလုပ်သမားများ၏လုပ်ခလစာ နှင့်ပတ်သက်၍ စစ်တမ်းများကောက်ယူခဲ့ရာ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, September 8, 2017

မန္တလေးတိုင်း ဒေသကြီး၌ တစ်နှစ်ခွဲအတွင်း စက်မှုလုပ်ငန်း ၃ဝဝ ကျော်တိုးလာ



မန္တလေး ၈-၉-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး၌ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်ကုန်တွင် စက်မှုလုပ်ငန်း မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ၇၄၉ဝ ကျော်ရှိခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် နှစ်ဝက်ခန့်ထိ တစ်နှစ်ခွဲခန့်အတွင်း လုပ်ငန်းပေါင်း ၇၈၇ဝကျော်ထိ ရှိလာကာ လုပ်ငန်းပေါင်း ၃၈ဝ ကျော်ထိ တိုးလာကြောင်း မန္တလေး တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရသည်။

" ရှိပြီးသားလုပ်ငန်းတွေကလဲ သက်တမ်းတိုးဖို့ စည်းကမ်းလိုက်နာ တဲ့လုပ်ငန်းရှင်က တော်တော်နည်းပါတယ်။ ဒါကိုလဲအမြဲကွင်းဆင်းပြီး နှိုးဆော်နေရတယ်။ လုပ်ငန်းအသစ်တွေကို လုပ်ငန်းမှတ်ပုံတင်ဖို့ လျှပ်စစ်၊ အလုပ်သမား၊ လောင်စာနဲ့ ပတ်သက်တာတွေ၊ လုပ်ငန်းလည် ပတ်မှုတွေကို ပညာပေးနေပါတယ်" ဟုအဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဆွေက ပြောပြသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး အတွင်းစက်မှုလုပ်ငန်း မှတ်ပုံတင်သည့် လုပ်ငန်းအသစ် ၅ဝဝခန့် ထပ်တိုးရန် လျာထားကြောင်း သိရသည်။

၁၉၉ဝ ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေအရ မြင်းကောင်ရေ သုံးကောင်နှင့်အထက်၊ အလုပ်သမားဦးရေ ၃ဝ နှင့်အထက်ရှိသည့် လုပ်ငန်းများမှာ စက်မှုလုပ်ငန်းမှတ်ပုံတင် ရမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းစက်မှုလုပ်ငန်း မှတ်ပုံတင်ထားသည့် လုပ်ငန်းအများစုမှာ ဆန်စက်၊ ဂျုံစက်၊ မုန့်လုပ်ငန်း စသည့်စားသောက်ကုန် လုပ်ငန်း၊ ရက်ကန်း အထွေထွေစက်မှုလုပ်ငန်း တို့ဖြစ်ပြီး မန္တလေးခရိုင်အတွင်း စုစုပေါင်း လုပ်ငန်း ၅ဝဝဝကျော်ဖြင့် လုပ်ငန်းအများဆုံးရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, August 9, 2017

ခေတ်မီဆန်စက်မောင်းနှင်ရေး ကျွမ်းကျင်သင်တန်း ဖွင့်လှစ်မည်



ရန်ကုန် ၉-၈-၂၀၁၇

မြန်မာနိုင်ငံ၌ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်ရာတွင် အားနည်းချက်များ ရှိနေခြင်းကြောင့် ခေတ်မီဆန်စက် မောင်းနှင် လည်ပတ်နိုင်ရေး ကျွမ်းကျင်သင်တန်းကို ယခုလအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အမှုဆောင် ဦးအောင်ဆန်းထံမှ သိရသည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင် ခြင်းဖြစ်ပြီး မြန်မာ့ဆန်ထုတ်လုပ်မှု အရည်အသွေး အဆင့်မီစေရန် ဆောင်ရွက်မည်ဖြစ်သည်။ ဆန်စပါး ထုတ်လုပ်မှုကို စစ်ဆေးရာတွင် အားနည်းချက်များစွာ ရှိနေခြင်းကြောင့် ဈေးကောင်းမရရှိ ကြောင်းနှင့် မြန်မာ့ဆန်စပါး အရည်အသွေးမြင့်မား ရေးအတွက် ဆန်စက်အခန်း ကဏ္ဍသည် အဓိကအခန်း ကဏ္ဍတွင် ပါဝင်နေပြီး ထုတ်လုပ်မှုမြှင့်တင်ရန် ခေတ်မီဆန်စက်များကို အသုံးပြုမည် ဖြစ်သည်။

သင်တန်းဖွင့်လှစ်ရာတွင် စက်မှုဝန်ကြီးဌာန အမှတ် (၁) စက်မှုသင်တန်းကျောင်း (ဆင်တဲ) ၌ စာတွေ့သင်တန်းတစ်လခွဲ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ အသင်းဝင်ကုမ္ပဏီများရှိ ခေတ်မီဆန်စက်များ၌ လက်တွေ့သင်တန်း တစ်လခွဲ စုစုပေါင်းသုံးလ သင်တန်းတက်ရောက် ရမည်ဖြစ်ပြီး သင်တန်းကြေးအဖြစ် စားသောက်၊ နေထိုင်စရိတ်များ အပါအဝင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် သင်တန်းသား၊ သင်တန်းသူ ၅ဝ ဦး ခေါ်ယူထားကြောင်း သိရသည်။

ထို့ပြင် သင်တန်းကြေး မတတ်နိုင်သည့် သူများကို ပညာသင်စရိတ် ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည့် အစီအစဉ်များ ထည့်သွင်းထားပြီး စက်ပစ္စည်းကိုင်တွယ် ထိန်းသိမ်းမှုအပြင် စပါးမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ် ထွက်ရှိနိုင်ရန် ပညာပေးသင်ကြား ပေးမည် ဖြစ်သည်။

အဆိုပါသင်တန်း ဆင်းပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး အသင်းဝင်ကုမ္ပဏီများ၌ အလုပ်ခန့်အပ်ရန် ကူညီမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, August 1, 2017

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကျင်းပ



ရန်ကုန် ၁-၈-၂၀၁၇

မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဆီစက်ပိုင်ရှင်များ တက်ရောက် ဆွေးနွေးကြသည်။ ဆွေးနွေးချက်များကို လုပ်ငန်းများ၌ ထိထိရောက်ရောက် ဆက်လက် အကောင်အထည် ဖော်နိုင်စေရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့် စီးပွားရေး ကော်မတီတို့သို့ တင်ပြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင် လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးခင်စိုးထံမှ သိရသည်။

မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ ဝင်ရောက်နေသည့် ပြည်ပဆီများနှင့် ပတ်သက်၍ တားဆီးယှဉ်ပြိုင် နိုင်မှုအတွက် စံချိန်စံညွှန်းမီခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ အခွန်တိုးမြှင့် ကောက်ခံခြင်းကို ပြုလုပ်ရန် လိုအပ်ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး ဆီစက်ပိုင်ရှင်များ အသင်းနှင့် ရှမ်းပြည်နယ် ဆီစက်ပိုင်ရှင်များ အသင်းမှ စိုက်ပျိုးရေးတွင် လိုအပ်သော စက်ကိရိယာများ ကူညီပေးရန်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် အရည်အသွေး မပြည့်မီသော စားသုံးရန် မသင့်လျော်သည့် ဆီထုတ်လုပ်နေမှု များကို အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။

ဆက်လက်၍ ဈေးကွက်အတွင်း အရည်အသွေး မပြည့်မီသည့် ဆီစားသုံးမှုနှုန်းကို လျှော့ချပေးရန်နှင့် အရည်အသွေး စံနှုန်းများ စမ်းသပ်ပေးနိုင်မည့် ဓာတ်ခွဲခန်းများ ပံ့ပိုးပေးရန် စသည့် အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် မြေပဲစံပြစိုက်ခင်းများ၊ ဆီအရည်အသွေး ကိစ္စရပ်များနှင့် ဆီစက်ပိုင်ရှင်များ အသင်းမှ ပြုလုပ်မည့် One Billion Business Project ကိစ္စရပ်များ စသည့်အကြောင်းအရာ များကိုလည်း အပိုင်းနှစ်ပိုင်းခွဲ၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

Monday, July 31, 2017

စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး ၄ဝ ရာခိုင်နှုန်းအထက်ရှိစေရန် ပူးပေါင်းဆောင်ရွက်မည်



ရန်ကုန် ၃၁-၇-၂၀၁၇

စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်း အသားတင် ထုတ်ကုန်တန်ဖိုး (GDP) အချိုး ၄ဝ ရာခိုင်နှုန်း အထက်ရရှိစေရန် လိုအပ်ချက် များအပေါ် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းထံမှ သိရသည်။

ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး (GDP) အချိုး ၄ဝ ရာခိုင်နှုန်းရရှိစေရန် ငွေကြေးနှင့်နည်းပညာ များသာမက ပြည်တွင်း၌ အခြေခံကုန်ကြမ်း ရရှိနိုင်မှု စသည့် အချက်များအပေါ် မူတည်နေသဖြင့် အဆိုပါ လိုအပ်ချက်များ အလိုက် ကဏ္ဍအသီးသီးနှင့် ပူးပေါင်းလုပ်ဆောင် ရမည်ဖြစ်သည်။

လက်ရှိ GDP ကိုကြည့်မည်ဆိုပါက ၂ဝ၁၆ ခုနှစ်တွင် လယ်ယာကဏ္ဍ၌ ၂၆ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍ၌ ၂၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဝန်ဆောင်မှုကဏ္ဍ၌ ၄၆ ရာခိုင်နှုန်းကျော်ရှိပြီး စက်မှုကဏ္ဍ၌ လိုအပ်ချက်ရှိနေကာ စက်မှုနိုင်ငံဖြစ်စေရန် လုပ်ဆောင်မည် ဆိုပါက GDP အနည်းဆုံး ၄ဝ ရာခိုင်နှုန်းအထက် ရှိရန်လိုသဖြင့် ယင်းကဲ့သို့ GDP ရရှိစေရန် လုပ်ဆောင်မည် ဖြစ်သည်။

ထို့ပြင် စက်မှုလုပ်ငန်းများ တိုးတက်လာ စေရန် SME လုပ်ငန်းကဏ္ဍမှ ထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေး ဆောင်ရွက်ပေးနေပြီး နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, July 26, 2017

တစ်နာရီလျှင် ရေဂါလန်နှစ်သန်း စွန့်ထုတ်နိုင်မည့် အမှတ် (၂) ရေဆိုးထုတ် စက်ရုံဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ



မန္တလေး ၂၆-၇-၂၀၁၇

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်သည့် MBCCD ကုမ္ပဏီက အဆင့်မြှင့်တင် လှူဒါန်းသော တစ်နာရီလျှင် ရေဂါလန်နှစ်သန်း စွန့်ထုတ်နိုင်မည့် အမှတ်(၂)ရေဆိုးထုတ်စက်ရုံဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ် ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီမိနစ် ၃ဝက မန္တလေး အမရပူရမြို့နယ် ငယ်တိုးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရေဆိုးထုတ်စက်ရုံကို အမရပူရမြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုအဖြစ် မန္တလေးမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်ရန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကိုဆောင်ရွက်၍ MBCCD ကုမ္ပဏီက လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

''အရင်ရှိတဲ့ စက်ရုံနဲ့ရေဆိုး စွန့်ထုတ်မှုက မနိုင်ဘူး။ ပြည်သူလူထုကလဲ ရေလျှံရင် အစိုးရကို အပြစ်တင်ကြတယ်။ ဒါလဲပြည်သူလူထု အပြစ်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီကနေ အခွန်ကောက် ထားတာဖြစ်တယ်။ဒီအခွန်ကောက် ထားတာနဲ့ မြို့ပြသန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန် ရေးတွေ လုပ်ရပါတယ်။ လုပ်ရတာတွေမှာလဲ အခက်အခဲတွေရှိပါတယ်။ အခုလှူဒါန်းတာကလဲ ပြည်သူလူထု အကျိုးအတွက်ဖြစ်လို့ ကျေးဇူးလဲတင်ပါတယ် ''ဟု မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောပြသည်။

၎င်းရေဆိုးထုတ်စက်ရုံ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ယခုနှစ် ဖေဖော်ဝါရီ ၂၆ရက်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး မူလက တစ်နာရီလျှင် ရေဂါလန် ကိုးသိန်းစွန့်ထုတ် ခဲ့ရာမှ ယခုအခါ တစ်နာရီလျှင် ရေဂါလန်နှစ်သန်းထိ တိုးချဲ့စွန့်ထုတ်နိုင်ပြီဖြစ်ကြောင်း MBCCD ကုမ္ပဏီမှ ဥက္ကဋ္ဌဦးမောင်ဝိတ်က ပြောပြ၍ သိရသည်။

#yadnarpondaily

Friday, July 14, 2017

ကမ္ဘာ့ရော်ဘာအသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ထွန်းသစ်စ ရော်ဘာနိုင်ငံအဖြစ် အသိအမှတ်ပြုလာ



ရန်ကုန် ၁၄-၇-၂၀၁၇

ကမ္ဘာ့ရော်ဘာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ထွန်းသစ်စ ရော်ဘာနိုင်ငံ (New Rubber Emerging Country) အဖြစ်အသိအမှတ်ပြု လာကြောင်း မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MyanmarTrade) နှင့် မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ် သူများအသင်း၏ သတင်းများအရ သိရသည်။

ရော်ဘာသည် ယနေ့ကမ္ဘာတွင် မရှိမဖြစ် လိုအပ်နေသည့် ကုန်စည်တစ်ခု ဖြစ်သည်။ ရော်ဘာကဏ္ဍတွင် သဘာဝရော်ဘာနှင့် ရော်ဘာတုဟူ၍ ရှိနေပြီး သဘာဝရော်ဘာသည် စိုက်ပျိုးရေး ထွက်ကုန်စည် တစ်ခုဖြစ်ပြီး ရော်ဘာ တုသည်ရေနံမှ ထုတ်လုပ်သည့် ကုန်စည်ဖြစ်သည်။

ယနေ့ကမ္ဘာပေါ်တွင် သဘာဝရော်ဘာနှင့် ရော်ဘာတု နှစ်မျိုးလုံး၏ ၇ဝ ရာခိုင်နှုန်းခန့်မှာ တာယာထုတ်လုပ်မှု လုပ်ငန်းများတွင် အသုံးပြုသည်။ မြန်မာနိုင်ငံအနေဖြင့် သဘာဝရော်ဘာများ ကိုသာ ထုတ်လုပ်နေပြီး ကမ္ဘာပေါ်တွင် အစောဆုံး ရော်ဘာထုတ်လုပ်သည့် နိုင်ငံများတွင် ပါဝင်နေသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ဂျပန်နိုင်ငံ၏ နည်းပညာအကူအညီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုများဖြင့် ရော်ဘာကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေး ဌာန ဝင်းအတွင်းတွင် ရော်ဘာအရည်အသွေး ဓာတ်ခွဲခန်းကို ဖွင့်လှစ်ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါဓာတ်ခွဲခန်းကို နိုင်ငံတကာ ရော်ဘာအသင်း (IRA) ၏ အသိအမှတ်ပြုမှု ဖြစ်စေရန်အတွက် ၂ဝ၁၆ခုနှစ် မေလက နိုင်ငံတကာ ရော်ဘာအသင်း (IRA) သို့ ဝင်ရောက်ခဲ့သည်။

ထို့ကြောင့် အဆိုပါဓာတ်ခွဲခန်းမှ နိုင်ငံတကာ ရော်ဘာအသင်း (IRA) ၏ ISO လက်မှတ်များ ရရှိလာပါက မြန်မာ့ရော်ဘာများ အနေဖြင့် နိုင်ငံတကာရော်ဘာ ဈေးကွက်သို့ ဝင်ရောက်နိုင် တော့မည်ဖြစ်ကြောင်း သိရသည်။

#yadanarpondaily

Wednesday, July 5, 2017

တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဆန်တင်ပို့ရန် အရည်အသွေး ပြည့်မီသည့် ဆန်စက်များ ထပ်မံတိုးချဲ့မည်



ရန်ကုန် ၅-၇-၂၀၁၇

တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဆန်တင်ပို့ရန် အရည်အသွေးပြည့်မီသည့် ဆန်စက်များ ထပ်မံတိုးချဲ့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်ထံမှ သိရသည်။

တရုတ်နိုင်ငံသို့ ပထမအကြိမ် ဆန်တင်ပို့ရာတွင် ယင်းတို့ဘက်မှ ရွေးချယ်ထားသည့် မြန်မာနိုင်ငံရှိ အရည်အသွေးမီ ဆန်စက် ၁၁ လုံးမှ ကြိတ်ခွဲရရှိသည့် ဆန်တန်ချိန် တစ်သိန်းအား တင်ပို့ခဲ့ပြီး ယခုအခါ ဒုတိယအကြိမ်မြောက် အဖြစ် MoU လက်မှတ်ရေးထိုး၍ ဆန်တန်ချိန်နှစ်သိန်း တင်ပို့မည်ဖြစ်သဖြင့် အရည်အသွေးပြည့်မီသော ဆန်စက်များကို တိုးမြှင့်ရမည်ဖြစ်ကြောင်း သိရသည်။

''တရုတ်နိုင်ငံကို ဆန်တင်ပို့မယ်ဆိုရင် သူတို့ဘက်က အရည်အသွေးစစ်ဆေးရေး အာဏာပိုင်အဖွဲ့ရဲ့ အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံကဆန်စက် တွေမှာကြိတ်ခွဲ ထားတဲ့ဆန်တွေသာ တင်ပို့ခွင့်ရှိတာပါ။ တင်ပို့သူ အနေနဲ့ ဘယ်သူဖြစ်ဖြစ် တင်ပို့လို့ရပေမယ့် ဆန်စက်တွေကတော့ သူတို့စစ်ဆေးပြီး အသိအမှတ်ပြုခံရတဲ့ ဆန်စက်တွေ ဖြစ်ဖို့လိုပါတယ်။ ၂ဝ၁၄ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ်တို့မှာ သူတို့လာစစ်တုန်းက အရည်အသွေးမီ ဆန်စက် ၁၁ လုံးရှိပြီး အဲဒီဆန်စက်တွေက ဆန်တွေကိုသာ တင်ပို့ခွင့်ရတာ ဖြစ်ပါတယ်။ အခုဒီနှစ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ အခုလို အရည်အသွေးပြည့်မီတဲ့ ဆန်စက်တွေ ထပ်မံတိုးချဲ့နိုင်ဖို့ စီစဉ်သွားမှာ ဖြစ်ပါတယ်''ဟု ဦးရဲမင်းအောင် ကပြောသည်။

ထိုသို့ အရည်အသွေးပြည့်မီသော ဆန်စက်များ တိုးချဲ့နိုင်ရေးအတွက် တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် စိတ်ပါဝင်စားသည့် ဆန်စက်များကို ဖိတ်ခေါ်၍ အရည်အသွေး စံချိန်စံညွှန်း ကိုက်ညီမှုရှိ၊ မရှိကို ကြိုတင်စစ်ဆေး ရွေးချယ်ထားပြီး တရုတ်နိုင်ငံမှ လာရောက်စစ်ဆေး ချိန်တွင် စစ်ဆေးထားပြီးသည့် ဆန်စက်များကို တင်ပြသွားမည် ဖြစ်သည်။

ယင်းသို့ ဆန်စက်များ၏ အရည်အသွေး ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ စိစစ်ရွေးချယ် နိုင်စေရန် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်ရှိ ပိုးမွှားကာကွယ်ရေး ဌာနနှင့် တခြားသောကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ အဖွဲ့ဖွဲ့ပြီး ဆန်စက်အရည်အသွေး ပိုင်းများအား စစ်ဆေးသွားမည် ဖြစ်သည်။

အရည်အသွေး ပိုင်းစစ်ဆေးရာတွင် ဆန်စက်မှ ထုတ်လုပ်သော ဆန်များသည် ဓာတ်မြေသြဇာ ဓာတုပစ္စည်း ကင်းစင်ခြင်း၊ ပိုးမွှားနှိမ်နင်းမှုရှိခြင်း၊ စီမံခန့်ခွဲမှုနှင့် သန့်ရှင်းရေး ကောင်းမွန်ခြင်းနှင့် တခြားသောကုန်ပစ္စည်းတင်ပို့ ရာတွင် အဝင်အထွက် ကောင်းမွန်ခြင်း စသည့်အချက်များကို ကြည့်ရှု၍ ရွေးချယ်သတ်မှတ်မည် ဖြစ်သည်။

တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် ဆန်တင်ပို့ရန် MoU လက်မှတ်ကို ဇူလိုင်လနှင့် သြဂုတ်လတို့တွင် လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်လျက်ရှိပြီး ဆန်တင်ပို့ခြင်းကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် တင်ပို့နိုင်ရန် လျာထားကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...