Social Icons

Pages

Thursday, May 10, 2018

မြန်မာ့သနပ်ခါး ပြည်ပဈေးကွက် အခိုင်အမာရရှိရန် ပြည်ပပညာရှင်များ ငှားရမ်း၍ အဆင့်မြင့် ထုတ်လုပ်မှု နည်းပညာများ သင်ယူမည်



မုံရွာ ၁ဝ-၅-၂ဝ၁၈

မြန်မာနိုင်ငံတစ်ဝန်းမှ ထွက်ရှိသော သနပ်ခါးများကို အဆင့်အတန်း မြင့်မားရန်နှင့် ပြည်ပဈေးကွက် အခိုင်အမာရရှိ ရောင်းချနိုင်ရန် ပြည်ပပညာရှင်များ ငှားရမ်း၍ သနပ်ခါးအဆင့်မြင့် ထုတ်လုပ်မှု နည်းပညာများ သင်ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း (မုံရွာ)မှ သိရသည်။

သနပ်ခါးစိုက် တောင်သူများ လူနေမှုဘဝ မြင့်မားစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် စသောရည်ရွယ်ချက် များကို အခြေခံ၍ မြန်မာ့သနပ်ခါး အဆင့်မြင့်ကုန်ချော ထုတ်လုပ်နိုင်ရန်နှင့် နိုင်ငံတကာဈေးကွက်သို့ အခိုင်အမာရောင်းချ နိုင်ရန်အတွက် ပြည်ပပညာရှင်များကို ငှားရမ်းပြီး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"သနပ်ခါး အဆင့်မြင့်ကုန်ချော ထုတ်လုပ်နိုင်ဖို့ ဂျာမနီနိုင်ငံက ပညာရှင်ကို ခေါ်ယူပြီး နည်းပညာတွေ သင်ယူမှာပါ။ သင်ယူရတဲ့ ဥာဏ်ပူဇော်ကြေး ကတော့ငွေကျပ်သိန်း ၆ဝ ပေးရမှာပါ။ ဒီငွေကိုတော့ NGO အဖွဲ့၊ သနပ်ခါး အလှကုန်ကုမ္ပဏီတွေ၊ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်ရောင်းချ သူများအသင်းတွေက ပူးပေါင်းကျခံသွားမှာပါ။ ဒီလုပ်ငန်းကို ယခုနှစ် ဇူလိုင်လအတွင်း အပြီးဆောင်ရွက်သွားမှာပါ" ဟု အဆိုပါအသင်းဥက္ကဋ္ဌ ဦးအေးခိုင်က ပြောပြသည်။

နည်းပညာသင်ယူရာတွင် သနပ်ခါးအဆင့်မြင့် ထုတ်လုပ်နည်း၊ ဓာတ်ခွဲနည်း၊ ဓာတုကင်းအောင် ဆောင်ရွက်နည်း၊ နိုင်ငံတကာဈေးကွက် ချိတ်ဆက်နည်း စသောပညာရပ်များ ပါဝင်မည်ဖြစ်ကြောင်း၊ ၎င်းနည်းပညာများ သင်ယူ ပြီးပါက သနပ်ခါးနှင့် ဆက်စပ်သော ပညာများကို နိုင်ငံတစ်ဝန်း သနပ်ခါးစိုက် တောင်သူများနှင့် သနပ်ခါးအလှကုန် ကုမ္ပဏီပိုင်ရှင်များကို ဆင့်ပွားပို့ချမည် ဖြစ်ကြောင်း၊ သနပ်ခါးစိုက် တောင်သူများ အနေဖြင့်လည်း အနာဂတ် အတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားရရှိလာမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...