Social Icons

Pages

Wednesday, January 10, 2018

သီလနှင့် ပညာ



ဆောင်းပါး (မြတ်ထေရ်ကျော်) ၁ဝ-၁-၂ဝ၁၈

သီလပညာဏဉ္စ ပန လောကသ္မိံ အဂ္ဂမက္ခာယတိ။

သီလနှင့်ပညာကိုသာလျှင် လောက၌ အမြတ်ဆုံးဟူ၍ ငါဘုရားဟောတော်မူ၏။

(သီလက္ခန္ဓဝဂ္ဂပါဠိတော် သောဏဒဏ္ဍသုတ်)

လောကမှာ လူတို့သည်လှပသော အသုံးအဆောင်၊ အရသာရှိသော အစားအစာ၊ ကောင်းမြတ်သော အဝတ်အထည် စသည်တို့ကို သုံးလေ့၊ စားလေ့၊ ဝတ်ဆင်လေ့ ရှိကြသည်။

ယနေ့ခေတ်တွင် ကြိုက်နှစ်သက်စရာ၊ မက်မောစရာများက အများသားပါ။ ပန်းသီးတံဆိပ် iPhone ကိုလည်း ကိုင်ချင်ကြပေသည်။ အိမ်ကောင်း၊ တိုက်ကောင်းနှင့်လည်း နေထိုင်ချင်ကြသည်မှာ လူတို့၏ သဘာဝသာဖြစ်ပေသည်။

ကားများ၊ ဆိုင်ကယ်များ၊ ဖုန်းများ မည်မျှကောင်းသော်လည်း သတ်မှတ်ထားသောနှစ် (အာမခံနှစ်) ကျော်သည်နှင့် ဖြစ်၊ ပျက်သဘောကို ပြသလေ့ရှိသည်။

ခေတ်များ၊ နှစ်များ၊ ပစ္စည်းများ ဟောင်းသော်လည်း သစ်မြဲသစ်နေသော သုံး၍လည်း မကုန်နိုင်၊ လောကီသုခအမျိုးမျိုးနှင့် လောကုတ္တရာသုခတို့ကို ပေးစွမ်းနိုင်သော တရားနှစ်ပါးရှိ၏။ ထိုတရားနှစ်ပါးမှာ သီလနှင့်ပညာဖြစ်ပါ၏။

မြတ်စွာဘုရားရှင်က လောကမှာ သီလနှင့်ပညာသာ အမြတ်ဆုံးဟု လူနတ်ဗြဟ္မာတို့အား မဟာကရုဏာတော်နှင့် ဟောပြောညွှန်ပြတော် မူခဲ့သည်။ 

ကျေးဇူးတော်ရှင် ရွှေကျင်နိကာ ယဓမ္မသေနာပတိ မဟာဝိသုဒ္ဓါရုံ ဆရာတော်ကြီးက သီလ၏ အနက်အဓိပ္ပာယ်တို့ကို ဝါတွတ္ထသင်္ဂဟ ပါဌ်နိဿယမှာ များစွာဖွင့်ဆိုထားပါသည်။ မှတ်သားစရာ အလွန်ကောင်းသည်။ ပြုကျင့်ဖွယ် လိုက်နာဖွယ်လည်း ကောင်း၏။ ချမ်းသာသုခကို အလိုရှိသူတို့သည် ဖြည့်ကျင့်ကြပါကုန်၊ သီလ၏အနက်အဓိပ္ပာယ်တို့ကို တင်ပြပေးပါမည်။

ယနေ့ခေတ်တွင် မြန်မာဗုဒ္ဓဘာသာပီပီ-သီလ၏ အနက်ဆိုသည်မှာ ဘာလဲမေးလာလျှင် သိအောင်၊ ဖြေတတ်အောင်ပြုမှသာ လူပီသ၊ မြန်မာပီသ၊ ဗုဒ္ဓဘာသာပီသမည် ဖြစ်ပေသည်။

''သီလအဖွင့်''

၁။ ကာယကံစသည်တို့၏ တည်ကြည်ငြိမ်သက် မလောက်လက်ခြင်းသည် သီလမည်၏။

၂။ ကာယကံစသည်တို့ကို ငြိမ်သက်စွာထားခြင်းသည် သီလမည်၏။

၃။ ကာယကံစသည်တို့၏ ကောင်းသော အလေ့၏ အစွမ်းဖြင့် မပျံ့လွင့်သည်၏ အဖြစ်ကြောင့် သီလမည်၏။

၎။ နီးနီးကပ်ကပ် ဆောင်ထားခြင်းသည် သီလမည်၏။အာရုံငါးပါးကို အဝေးသို့ မပျံ့လွင့်စေဘဲ ကိုယ်နှင့်နှုတ်တို့၏အနီးမှာ ကပ်ရှုနေခြင်း၊ ပြုကျင့်နေခြင်း ဖြစ်သည်။ စူးစူးစိုက်စိုက်နှင့် ဓမ္မအာရုံတွင် ထားခြင်း၊ အလုပ်တွင် စိတ်ဝင်စားခြင်း ဖြစ်သည်။

၅။ ကုသိုလ်တရားတို့၏ တည်ရာသည် သီလမည်၏။

၆။ ကုသိုလ်ဖြစ်ကြောင်း၊ ရကြောင်းတရားသည် သီလမည်၏။

လူတို့မှာ ငါးပါးသီလ၊ ကိုရင်သာမဏေတို့မှာ ဆယ်ပါးသီလနှင့် ရဟန်းတော်များမှာ သိက္ခာပုဒ် ၂၂၇ သွယ်တို့သည် သီလတော်၊ သီလဓမ္မများ ဖြစ်ကြပေသည်။

လူတို့သည် ငါးပါးသီလစောင့်ထိန်းလျှင် ကောင်း၏။ လေးပါးသီလစောင့်ထိန်းလျှင် ကောင်း၏။ သုံးပါး သီလကျင့်သုံးလည်း ကုသိုလ်ရ၏။ နှစ်ပါးသီလ ကျင့်သုံးလျှင်လည်း သီလကုသိုလ်ရ၏။ တစ်ပါးသီလလည်း စောင့်ထိန်း ကောင်းပါ၏။

မင်းကွန်းတိပိဋက ဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ ဆရာတော်ပြုစုသော မဟာဗုဒ္ဓဝင်တွင် သီလ၏အနက် နှစ်မျိုးကို တွေ့ရှိမှတ်သား ရပါသည်။

၁။ ကာယကံမှု၊ဝစီကံမှုတို့ကို ရုန့်ရင်းကြမ်းတမ်းစွာ ဖြစ်ခွင့်မပေးဘဲ သိမ်မွေ့နူးညံ့အောင် ကောင်းစွာ ထားတတ်သောကြောင့် သီလဟုခေါ်ဆို၏။

၂။ ကာမကုသိုလ်၊ ရူပကုသိုလ်၊ အရူပကုသိုလ်၊ လောကုတ္တရာကုသိုလ် တည်းဟူသော ကုသိုလ်လေးမျိုးတို့ အဆင့်ဆင့်ဖြစ်ပွားအောင် အခြေခံအကြောင်းရင်း အဖြစ်ဖြင့် ကောင်းစွာရွက်ဆောင် တတ်သောကြောင့် သီလဟု ခေါ်ဆို၏။

ငါးပါးသီလတို့တွင် သီလတစ်ပါးစောင့်ထိန်းသူ၊ တစ်ပါးသီလကို ဖြည့်ကျင့်သူလည်း ကုသိုလ်များစွာ ရရှိပါသည်။

ငါးပါးသီလတို့တွင် နံပါတ်ငါးသီလတော်၊ သိက္ခာပုဒ်တော်မှာ အရက်သောက်ခြင်းမှ ရှောင်ကြဉ်သော သိက္ခာသီလတော် ဖြစ်သည်။ ယနေ့ခေတ်တွင် ဘီယာတို့၊ ဝိုင်တို့သည်လည်း အရက်များပင် ဖြစ်ကြသည်။ မြန်မာတို့သည် မြန်မာလူငယ်တို့ကို မဖျက်ဆီးကြရန် အရေးကြီး၏။ 

သားတစ်ဦးအရက်သောက်သည့် သတင်းကို မိခင်က ကြားရသောအခါ "သား အရက်သောက်တယ်လို့ ပြောနေကြတယ်။ ဟုတ်လားသား" ဟု မိခင်ကသား၏ မျက်နှာကို ကရုဏာဖြင့် ကြည့်ကာ ပြောဆိုနေ၏။
သားက "အမေရာ သား အရက်သောက်တာ မဟုတ်ပါဘူး။ ဘီယာသောက်တာပါ" ဟု ပြုံးစိစိနှင့် မိခင်ကြီးကို ပြောဆို၏။

"အေး ...ဘီယာဆိုလဲ ပြီးရော၊ အရက်မသောက်ပြီးတာပဲ" ဟု ပြောဆို၏။ အရက်လည်းဘီယာ၊ ဘီယာလည်း အရက်၊ မကွဲပြားကြောင်း မသိရှာသော မိခင်သည် သားဖြစ်သူကို အပြစ်မဆို ချစ်အားပိုပုံတို့မှာ လူတို့၏ဝန်းကျင်တွင် တွေ့မြင်ကြား သိရှိနေကြသည်။

ယနေ့ခေတ်တွင် လူငယ်တို့သည် အရက်၊ ဘီယာတို့ကို သောက်သုံးမှုမှ ရှောင်ကြဉ်လိုက်ပါက တစ်ပါးသီလ ကုသိုလ်လည်းရ၏။ အရက်၊ ဘီယာဖိုးအတွက် လက်ထဲမှာ ငွေလည်းရှိနိုင်၊ ပိုနိုင်ပါသည်။ ရောဂါကပ် ဘေးမှလည်း ကင်းဝေးနိုင်သည်။

လူငယ်တို့သည် အရက်သောက်ခြင်းကို ရှောင်ကြဉ်လျှင်၊ အရက်ကို မဝယ်၊ မသောက်လျှင် တစ်ပါးသီလ ကုသိုလ်နှင့်အတူ ပညာလည်း ရှိလာနိုင်၏။

သုတမယ၊ စိန္တာမယ၊ ဘာဝနာမယ ဟုခေါ်သည့် ပညာများသည် အရက်ရှောင်သူ၊ အရက်မမှီဝဲသူများမှာ အလိုလို ဖြစ်ပေါ်လာနိုင်ပါ၏။ အမှား၊ အမှန်တို့ကို ခွဲခြားသိမြင်လာနိုင်၏။ သီလဝိသုဒ္ဓိဖြစ်၏။ သီလရှိသူမှာပညာရှိ၏။ ပညာရှိသူမှာ သီလရှိ၏။ သီလဖြင့် ပညာကိုရနိုင်၏။ ပညာဖြင့် သီလကို ဖြည့်ကျင့်နိုင်၏ဟု မြတ်စွာ ဘုရားရှင်က သီလက္ခန္ဓဝဂ္ဂပါဠိတော် သောဏဒဏ္ဍသုတ်မှာ ဟောထားပါ၏။ လူငယ်တို့မှာ အရက်မသောက်သော တစ်ပါးသီလကုသိုလ်ဖြင့် ပညာရှိနိုင်ကြပေသည်။

လူငယ်တို့သည် အနာဂတ်နိုင်ငံတော်၏ ခေါင်းဆောင်များ အညွန့်နှင့်လူ၊ အတက်နှင့်လူများ ဖြစ်ကြပေသည်။

ယနေ့လူငယ်တို့သည် အရက်ဘီယာတို့ကို မြည်း၍လည်း မသောက်ပါနှင့်၊ စမ်း၍လည်းမသောက်နှင့် လျှောက်သောလမ်းတွင် ဘေးတွေ့တတ်ပါ၏။ အရက်၊ ဘီယာသောက်သုံးမှုမှ ရှောင်ကြဉ်ပါ၏ဟူ၍ ဘုရား
မှာ အဓိဋ္ဌာန်ပါက တစ်ပါးသီလကုသိုလ်များ ထိုသူမှာ ရရှိလာ၏။ ပညာလည်းရှိလာ၏။ ရန်ကင်း၏။ အသက်ရှည်၏။ ကျန်းမာ၏။

သီလဟူသော အလေ့အကျင့်ကောင်းသူ၊ ကိုယ်နှင့်နှုတ်တို့ကို ကောင်းစွာ ထားတတ်သူ၊ ကောင်းစွာ ဆောင်ရွက်တတ်သူတို့မှာ သီလတန်ဖိုးလည်းတိုး၏။ ပညာတန်ခိုးလည်း ရရှိနိုင်၏။

သီလနှင့်ပညာတို့ဖြင့် ဘဝသံသရာမှာ ချမ်းသာသုခများစွာ ရရှိခံစားနိုင်ကြပါစေ။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၂၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...