Social Icons

Pages

Showing posts with label ကုန်စည်သတင်း. Show all posts
Showing posts with label ကုန်စည်သတင်း. Show all posts

Friday, February 22, 2019

ထိုင်းအမှတ်တံဆိပ် ကုန်ပစ္စည်း အမျိုးပေါင်း ၁၂ဝ ကျော် ပါဝင်ပြသသည့် ထိုင်းကုန်စည်ပြပွဲ ကျင်းပ

ထိုင်းအမှတ်တံဆိပ် ကုန်ပစ္စည်း အမျိုးပေါင်း ၁၂ဝ ကျော် ပါဝင်ပြသသည့် ထိုင်းကုန်စည်ပြပွဲ ကျင်းပ
-
ရန်ကုန် ဖေဖော်ဝါရီ ၂၁ 
-
ထိုင်းနိုင်ငံမှ အကြီးဆုံး ကုန်စည်ပြပွဲ ဖြစ်သည့် Top Thai Brands 2019 ကို ယနေ့တွင်ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပရာထိုင်းနိုင်ငံမှ ထိပ်တန်းအမှတ်တံဆိပ်ကုန်ပစ္စည်း အမျိုးပေါင်း ၁၂ဝကျော် ပါဝင်ပြသကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးထံမှ သိရသည်။
-
ကုန်စည်ပြပွဲဖွင့်ပွဲကို UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံမှူး Mrs. Suphatra Srimaitreepitak နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖျော်ဖြေရေး အစီအစဉ်များကိုကြည့်ရှုအားပေးကာ ပြခန်းအတွင်း ခင်းကျင်း ပြသထားမှု များကို လိုက်လံကြည့်ရှု ကြသည်။ ''သူတို့ဒေသ တွင်းမှာ သူတို့ရဲ့ကုန်ပစ္စည်း ဝန်ဆောင်မှုတွေကို Market လုပ်ပေးတာပါ။ သူတို့ရဲ့ ကုန်ပစ္စည်းအသေးစား၊အလတ်စားတွေရဲ့ထုတ်လုပ်တဲ့ ကုန်ပစ္စည်း ဝန်ဆောင် မှုတွေကို မြန်မာနိုင်ငံကတစ်ဆင့် ထိုးဖောက် ဝင်ရောက်ပြီး မြန်မာနိုင်ငံအတွင်းမှာ ကျယ်ပြန့်စွာ ရောင်းချမယ်။ ပြီးတော့ ကုန်သွယ်မှုကတစ်ဆင့်ပူးပေါင်းဆောင်ရွက်ပြီး ထုတ်လုပ်နိုင်တဲ့ အရည်အချင်း၊ အခွင့်အလမ်းတွေ ရရှိပါမယ်။ ဒါ့ပြင် မြန်မာနိုင်ငံက ကုန်ကြမ်းတွေ သူတို့ကို ရောင်းချနိုင်တဲ့ အခွင့်အလမ်းတွေရရှိပြီး သူတို့ရဲ့ ဈေးကွက်နဲ့အတူလက်တွဲပြီးပူးပေါင်း ဆောင်ရွက်လို့လည်း ရပါတယ်''ဟု ဒေါက်တာမောင်မောင်လေးက ပြောသည်။ 
-
ယင်းကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံ၏ ထိပ်တန်းအမှတ်တံဆိပ် စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အိမ်တွင်း အလှဆင်ပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ နေ့စဉ်သုံး အထွေထွေပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ဒစ်ဂျစ်တယ်နှင့် အိုင်တီပစ္စည်းများ အပါအဝင် ကျန်းမာရေးနှင့် အလှအပဆိုင်ရာ ထုတ်ကုန်များ ပါဝင်ပြသရောင်းချ လျက်ရှိသည်။ 
-
ထို့ပြင် ထိုင်းအနုပညာပြပွဲ၊ ထိုင်းရိုးရာ အကအလှဖျော်ဖြေပွဲ၊ ထိုင်းအစားအစာများ ချက်ပြုတ်သည့် အစီအစဉ်၊ မိတ်ကပ်ခြယ်သသည့် အစီအစဉ်တို့ပါဝင်ပြီး Thai Airways၊ Bangkok Airways နှင့် Nok Air လေကြောင်းလိုင်းတို့မှ လေယာဉ်လက်မှတ် ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်များလည်း ပါဝင်သည်။ ယင်းပြပွဲကို ထိုင်းနိုင်ငံ ကုန်သည်ကြီး များအသင်း၊ ထိုင်းနိုင်ငံစက်မှုလက်မှု လုပ်ငန်းရှင် များအသင်း၊ထိုင်းနိုင်ငံ ရေကြောင်းကုန်သွယ်ရေးအသင်း၊ Thai Airways International အများပိုင် ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံရောက် ထိုင်းစီးပွားရေး လုပ်ငနပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။ 
-
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကဏ္ဍများ ပိုမိုတိုးတက်လာစေရန်၊ ထိုင်းနိုင်ငံ၏ အရည်အသွေးမြင့် ထုတ်ကုန် အမှတ်တံဆိပ်များကို မြန်မာနိုင်ငံမှ သုံးစွဲသူများနှင့်ပိုမိုမိတ်ဆက်ပေးနိုင်ရန်နှင့် နှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း လက်တွဲကာ ရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာစေရန် ရည်ရွယ်၍ အဆိုပါ ကုန်စည်ပြပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ 
-
အဆိုပါ ပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၃ဝ ကျော် ပါဝင်ပြသရာ ပြပွဲလာ ရောက်ကြည့်ရှုသူများအနေဖြင့် ထုတ်ကုန်ပစ္စည်းများ ဝယ်ယူနိုင်ပြီး မြန်မာလုပ်ငန်းရှင်များ အနေဖြင့်လည်း ထိုင်းနိုင်ငံ လုပ်ငန်းရှင်များနှင့်စီးပွားရေး မိတ်ဖက်အဖြစ် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရန် ဆွေးနွေးနိုင်မည် ဖြစ်သည်။ ယင်းပြပွဲကို ထိုင်းနိုင်ငံမှ အသင်းအဖွဲ့များ ပူးပေါင်းကာ (၄) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်အထိ နေ့စဉ်နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်လှစ် ရောင်းချ လျက်ရှိကြောင်း သိရသည်။ 
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, December 14, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့ ပဉ္စမ အကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့ ပဉ္စမ အကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ချီးမြှင့်
-
ရန်ကုန် ဒီဇင်ဘာ ၁၃ 
-
အိန္ဒိယသမ္မတနိုင်ငံ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယ-မြန်မာ ကုန်သည်/စက်မှု အသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ ပူးပေါင်း ကျင်းပသည့် ပဉ္စမအကြိမ်မြောက် အိန္ဒိယ ကုန်စည်ပြပွဲ (The 5th Enterprise India Show)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်၁ဝ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့ Lotte Hotel  ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ်ကိုဗင့်ဒ်နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်အားပေး ချီးမြှင့်သည်။ 
-
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ အိန္ဒိယသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး   H.E. Mr. Vikram Misri ၊ အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အခြေစိုက် အိန္ဒိယ-မြန်မာ ကုန်သည်/စက်မှုအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Vikram Misri ကပဉ္စမအကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပေးသော အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်နှင့် ကိုယ်စားလှယ်အဖွဲ့အား ကျေးဇူး အထူးတင်ရှိကြောင်း။ 
-
ယခုပြပွဲကိုစီစဉ် ကျင်းပပေးသည့် ရန်ကုန်မြို့ရှိ အိန္ဒိယသမ္မတနိုင်ငံ သံရုံးနှင့် အိန္ဒိယစက်မှုလုပ်ငန်း အသင်းချုပ်တို့ကိုလည်း ချီးကျူးဂုဏ်ပြုအပ်ကြောင်း။ ယခုအခမ်းအနားက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နက်ရှိုင်းသော နားလည်မှုကို ဖြစ်ထွန်းစေသည့်အပြင် ကုန်သွယ်မှု ဆက်ဆံရေး အရှိန်မြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာရေးနှင့် လုပ်ငန်းအချင်းချင်း ချိတ်ဆက်မှုများကို ပိုမိုဖန်တီးပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြောင်း။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သည် ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ရိုးရာဓလေ့ထုံးစံ တို့တွင် ဆွေမျိုးရင်းချာများကဲ့သို့ မျှဝေခံစားလျက် ရှိကြကြောင်း၊ အဆိုပါ တန်ဖိုးများအပေါ် အခြေခံပြီး ပြည်သူအချင်းချင်းအကြား ခိုင်မာသော ဆက်ဆံရေး ရရှိထားသည့်အပြင် ရေရှည်တည်တံ့ ခိုင်မြဲသော ချစ်ခင်ရင်းနှီးမှုများကို ရရှိနေကြောင်း။ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့သော ၁၉၄၈ ခုနှစ်မှစပြီး မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများသည် ထူးခြားသည့် အောင်မြင်မှုများ ရရှိခဲ့သည့် အပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ စွမ်းအင်၊ နည်းပညာ၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်း စသည့် နယ်ပယ်များနှင့် ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ် (BIMSTEC ) နှင့် တောင်အာရှဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကဲ့သို့သော ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု မျက်နှာစာများတွင်လည်း မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။ 
-
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏအနေဖြင့် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ အထိ အမေရိကန်ဒေါ်လာ ၈ဝဝ ဒသမ ၄၃၁ သန်းရှိခဲ့ကြောင်း၊ အဆိုပါ ကုန်သွယ်မှု ပမာဏတွင် နယ်စပ်ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၄၅ သန်းရှိ ကြောင်း၊ မြန်မာနိုင်ငံက အဓိက ပို့ကုန်များသည် ပဲမျိုးစုံ၊ အထပ်သားနှင့် သစ်ပါးလွှာ၊ သစ်ခွဲသား အမျိုးမျိုး၊ သတ္တု၊ သတ္တုရိုင်းနှင့် ရေချိုရေငန် ငါးမျိုးစုံတို့ဖြစ်ကြပြီး အိန္ဒိယနိုင်ငံမှ သွင်းကုန်များမှာ ဆေးဝါးပစ္စည်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး သံနှင့်သံမဏိပစ္စည်းများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ပစ္စည်းကိရိယာများ၊ တွင်းထွက်စက်သုံးဆီများ၊ စက်နှင့်စက်ပစ္စည်းများ ဖြစ်ကြကြောင်း။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက် ရှိသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် အိန္ဒိယနိုင်ငံသည် အဆင့် ၁၁ ၌ ရပ်တည်လျက်ရှိကြောင်း၊ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလအထိ စီမံကိန်းပေါင်း ၃ဝ တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၆၃ ဒသမ ၅၆၇ သန်းနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်ရန် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ် ဇွန်လကုန်အထိ အိန္ဒိယကုမ္ပဏီ ၂၂၅ ခုသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း။ 
-
စီးပွားရေးအခွင့်အလမ်းများအား ဖော်ထုတ်နိုင်ရန်အတွက် အိန္ဒိယကုမ္ပဏီများက ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စိတ်အားတက်ကြွစွာ ပါဝင်ပြသမှုကိုလည်း တန်ဖိုးထား အသိအမှတ်ပြုကြောင်း၊ (၅)ကြိမ်မြောက် Enterprise India Show  တွင် စိုက်ပျိုးရေးနှင့် လယ်ယာသုံး ကိရိယာ၊ မော်တော်ယာဉ်များ၊ မော်တော်ယာဉ် အစိတ်အပိုင်းများနှင့် သယ်ယူ ပို့ဆောင်ရေး၊ လေပူလေအေးပေးစနစ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ စက်ကိရိယာများ စွမ်းရည်မြှင့်တင်ရေး၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့၊ ပညာရေး၊ စွမ်းအင်၊ လျှပ်စစ်နှင့် ဝန်ဆောင်မှု စသည့် လုပ်ငန်းများအား ပြသထားပြီး ပြခန်းပေါင်း ၅ဝ ကျော် ပါဝင်ပြသလျက်ရှိသည်ကို သိရှိရကြောင်း။ လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေး ဆက်ဆံမှုများ တိုးတက်လျက် ရှိသည်ကို သိရှိရသည့်အတွက် ကျေနပ်အားရမိကြောင်း၊ အိန္ဒိယနိုင်ငံမှ ကုမ္ပဏီများနှင့် ကျွမ်းကျင်သူများသည် ရေနံနှင့်သဘာဝဓာတ်ငွေ့၊ အခြေခံ အဆောက်အဦ စီမံကိန်းများ၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ပညာရေး၊ ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး စသည့်နယ်ပယ်ပေါင်းစုံတွင် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း၊ အကျိုးဆက်အားဖြင့် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ပဉ္စမမြောက်အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း။ 
-
မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများကို ချိတ်ဆက်ပေးသည့် ကုလားတန်မြစ် ဘက်စုံသုံး နယ်စပ်ဖြတ်သန်း ပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်း သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦ စီမံကိန်းများသည် နှစ်နိုင်ငံအကြားတွင်သာမက တောင်နှင့် အရှေ့တောင်အာရှ ဒေသနှစ်ခု အကြားတွင်ပါ ချိတ်ဆက်မှုလမ်းကြောင်း အဖြစ် ဆောင်ရွက် ပေးသွားနိုင်မည်ဟုလည်း ယုံကြည်ကြောင်း။ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအားပေး ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် သဘာဝသယံဇာတများ ရေရှည် တည်မြဲရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား မျှတစွာခွဲဝေနိုင်ရေးကို ထောက်ပံ့ပေးနိုင်ရန်နှင့် အားလုံးပါဝင်သည့် ပြည်သူဗဟိုပြု ချဉ်းကပ်မှုမှတစ်ဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်မည့် စီးပွားရေး မူဘောင်များကို ချမှတ်ထားရှိပြီး ဖြစ်ကြောင်း။ 
-
မြန်မာနိုင်ငံတွင် ဆွဲဆောင်မှုရှိပြီး ရင်းနှီးမြှုပ်နှံသူများနှင့် အကျွမ်းဝင်သည့် ဝန်းကျင်ကောင်းတစ်ရပ် ဖန်တီးနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ခဲ့ကြောင်း၊ အထင်ရှားဆုံးမှာ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ကုမ္ပဏီမှတ်ပုံတင်မှု လွယ်ကူစေရေးနှင့် စည်းမျဉ်းဥပဒေများနှင့်အညီ လက်တွေ့လိုက်နာမှုများ တိုးတက်လာစေရေးတို့ကို ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း။ အဆိုပါဥပဒေသစ်အရ ၂ဝ၁၈ ခုနှစ် သြဂုတ်၁ ရက်မှစပြီး အီလက်ထရွန်နစ် မှတ်ပုံတင်ခြင်းစနစ်ကို မိတ်ဆက်ပေးနိုင်ခဲ့ကြောင်း၊ ယခုအခါ ကုမ္ပဏီများ အနေဖြင့် Myanmar Companies Online(MyCo) ကို အသုံးပြုပြီး အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်ခြင်းနှင့် ပြန်လည် မှတ်ပုံတင်ခြင်းများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း။ 
-
အရေးကြီးဆုံးအနေဖြင့် ၂ဝ၃ဝ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်နှင့် အညီ ပြီးပြည့်စုံသော စီးပွားရေး၊ ပတ်ဝန်းကျင်နှင့် လူမှုရေးပြုပြင် ပြောင်းလဲမှု အစီအစဉ်  တစ်ရပ်ဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ကို ရေးဆွဲနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှု မျှော်မှန်းချက်အတွက် လမ်းပြမြေပုံတစ်ရပ်အဖြစ် ဆောင်ရွက် ပေးသွားနိုင်မည်ဟု  ယုံကြည်ကြောင်း။ အဆိုပါ MSDP စီမံကိန်း၏ ပန်းတိုင်တစ်ရပ်စီတွင်  သက်ဆိုင်ရာ မျှော်မှန်းချက်နှင့် လုပ်ငန်း စဉ်များပါရှိကြောင်း၊ ပထမပန်းတိုင် အနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးကိုအလေးပေးပြီး ဒုတိယ ပန်းတိုင်အနေဖြင့် စီးပွားရေး စီမံခန့်ခွဲမှုအပေါ်  ရည်မှန်းထားရှိ ကြောင်း၊ တတိယပန်းတိုင် အနေဖြင့် အလုပ်အကိုင်ဖန်တီးပေးရေး၊ စတုတ္ထပန်းတိုင် အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်နှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်ရေး၊ ပဉ္စမပန်းတိုင်အနေဖြင့် သဘာဝ သယံဇာတ စီမံခန့်ခွဲရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့ ဖြစ်ကြောင်း၊ အဆိုပါ ပန်းတိုင်များသည် တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုလျက်ရှိကြကြောင်း။ 
-
အိန္ဒိယနိုင်ငံမှ စီးပွားရေး အသိုက်အဝန်းအား မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံရန် မိမိတို့အနေဖြင့်  နွေးထွေးစွာ ကြိုဆိုကြောင်း၊ ပြည်သူများ၏ အခြေခံ လိုအပ်ချက်များဖြစ်သည့် ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ခေတ်မီစံပြမြို့တော်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဖြင့် ပညာရေးစနစ် တိုးတက်လာစေရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိတို့အစိုးရ အနေဖြင့် အဓိကအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း။ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချဉ်းကပ်မှု အစိတ်အပိုင်းတစ်ရပ်အဖြစ် လုပ်ငန်းခွင် အခြေအနေများ မျှတကောင်းမွန်စေရေးကို ဖန်တီးပေးခြင်းမှ တစ်ဆင့် အလုပ်သမားများနှင့် တကွ ဆက်စပ်ပါဝင်သူများ၏ အခွင့်အရေးများကို ဦးစားပေး ဆောင်ရွက်ရန်လည်း အရေးကြီးကြောင်း၊  မိမိတို့၏  ရေရှည်ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုဖြင့် အိန္ဒိယနိုင်ငံနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှု များသည် မြန်မာနိုင်ငံတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရန်  ထိထိ ရောက်ရောက် အကျိုးပြုမည်ဖြစ်ကြောင်း။ အချုပ်အားဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေနိုင်ရန်နှင့် မြန်မာနိုင်ငံ၏  ဖွံ့ဖြိုး တိုးတက်မှုများအပေါ် ပိုမိုနားလည်လာစေရန် အဆွေတော်တို့အား တိုက်တွန်းအပ်ကြောင်း၊ နှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအတွက်   မိမိတို့ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားရန်     မျှော်လင့်ကြောင်း။ အဆွေတော်တို့၏   အနာဂတ်ကြိုးပမ်း ဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရရှိစေရန် ဆုမွန်ကောင်းတောင်းအပ်ကြောင်း ပြောကြားသည်။ 
-
ယင်းနောက်  အိန္ဒိယသမ္မတနိုင်ငံသမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်က ယခု ရန်ကုန်မြို့တွင် ကျင်းပသည့်   ပဉ္စမအကြိမ်မြောက် အိန္ဒိယကုန်စည်ပြပွဲကို တက်ရောက် ဖွင့်လှစ်ပေးရသည့် အတွက် အထူးပင်ဝမ်းမြောက်ကြောင်း၊ ယနေ့ အခမ်းအနားတွင် မိမိနှင့်အတူ အိန္ဒိယနိုင်ငံမှ အဆင့်မြင့်စီးပွားရေး ကိုယ်စားလှယ်များ တက်ရောက်လာခြင်းသည် မိမိတို့နိုင်ငံနှင့် မြန်မာနိုင်ငံအကြား  စီးပွားရေးဆိုင်ရာ ဆက်ဆံမှုကို အလေးထားသည်ကို ဖော်ပြခြင်းဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင်     မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့်အိန္ဒိယနိုင်ငံမှ ကမ္ဘာတစ်ဝန်း နာမည်ကျော်ပြီး  ထုတ်လုပ်ရေး ကဏ္ဍတွင် အဓိကလုပ်ငန်းများမှစပြီး အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများထိ ကုမ္ပဏီပေါင်း ၅ဝ ကျော် ပါဝင်တက်ရောက်ကြကြောင်း။ 
-
မြန်မာနှင့် အိန္ဒိယနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးမှုရှိသည့် အိမ်နီးချင်း နိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမှာ လက်ရှိအချိန်တွင် အသင့်အတင့်သာ ရှိသော်လည်း တိုးတက်လာစေရန် ဆောင်ရွက်လျက် ရှိကြောင်း။ ယနေ့ကုန်စည်ပြပွဲတွင် အိန္ဒိယမှ အကောင်းဆုံး ထုတ်ကုန်များနှင့် ဆန်းသစ်တီထွင်မှုများကို မြန်မာနိုင်ငံသို့   ရောက်ရှိစေနိုင်သည်ကို ဝမ်းမြောက်မိကြောင်း၊ နှစ်နိုင်ငံ နားလည်မှုများ၊ သဘောတူညီမှုများမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့်    ခရီးသွား ကဏ္ဍကိုလည်း တိုးမြှင့်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိ၏ ခရီးစဉ်တွင် မြန်မာနိုင်ငံ အစိုးရအနေဖြင့် အိန္ဒိယ နိုင်ငံမှ ခရီးသည်များအား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ပေးရန်  ဆုံးဖြတ်လိုက်ခြင်းသည်   နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ဆက်ဆံရေးနှင့် စီးပွားရေး လုပ်ငန်းများကို   ပိုမိုတိုးတက်လာစေမည်ဖြစ်ကြောင်း။ 
-
မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် မူဝါဒများ ပြုပြင်ပြောင်းလဲနေသည်ကို   သိရှိရသဖြင့် ဝမ်းမြောက်မိကြောင်း။ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အသစ်တစ်ခုကို ထပ်မံဖွဲ့စည်းခြင်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို   ပိုမိုဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း၊   အိန္ဒိယနိုင်ငံ အနေဖြင့် Capacity Building နှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အတွေ့အကြုံများကို မြန်မာနိုင်ငံအား မျှဝေပေးလိုကြောင်း၊ အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံကို အဓိကစားသုံးသည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့  ပဲမျိုးစုံ တင်ပို့ရာတွင် အခက်အခဲများ  တွေ့ကြုံခဲ့ရသည့်အပေါ်  နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိစေမည့် ဖြေရှင်းနည်း တစ်ရပ်ရရှိစေရန်အတွက် မြန်မာနိုင်ငံအစိုးရနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း။ 
-
မိမိတို့ အိန္ဒိယနိုင်ငံ၏ ''  NeighbourhoodFirst ''  နှင့်  '' Act East ''   မူဝါဒများကို ဆောင်ရွက်ရာတွင်  မြန်မာနိုင်ငံအနေဖြင့် ထူးခြားသော နေရာဒေသတစ်ခုအဖြစ် တည်ရှိကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကို အကျိုးရှိစေမည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်ပြီး အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။  ထို့နောက်   CII National MSME Council ဥက္ကဋ္ဌ Mr. Shreekant Somany က ကျေးဇူးတင်စကား ပြောကြားသည်။  ဆက်လက်၍ ပဉ္စမအကြိမ်မြောက် အိန္ဒိယ ကုန်စည်ပြပွဲကို ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက်  ဒုတိယသမ္မတ  ဦးမြင့်ဆွေနှင့် အိန္ဒိယ သမ္မတနိုင်ငံသမ္မတ   ရှရီရမ်နက်သ် ကိုဗင့်ဒ်တို့သည် ပဉ္စမအကြိမ်မြောက် အိန္ဒိယ ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ  

(၁၇)ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ (၂ဝ၁၈ )ဖွင့်ပွဲကျင်းပ

(၁၇)ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲ (၂ဝ၁၈ )ဖွင့်ပွဲကျင်းပ
-
နေပြည်တော်  ဒီဇင်ဘာ  ၁၃
-
(၁၇)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ  (၂ဝ၁၈)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မူဆယ်ဗဟို စီးပွားရေးဇုန်၌ ကျင်းပသည်။ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အမှာစကား ပြောကြားရာ၌ မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှု စာချုပ်အရ နယ်စပ်ကုန်စည် ပြပွဲများကို တစ်လှည့်စီ ကျင်းပခဲ့ကြောင်း၊ ထိုသို့ကျင်းပခြင်းအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထင်ဟပ်စေသည့်အပြင် နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးအတွက် အရေးပါကြောင်း။ နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြှင့်ရေး အတွက် နိုင်ငံအကြီးအကဲများ၏ One Belt One Road ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးတက်လာရေး၊ နှစ်နိုင်ငံပြည်သူ အချင်းချင်း ဆက်သွယ် ဆောင်ရွက်နိုင်ရေးတို့ အတွက်များစွာအထောက်အပံ့ ဖြစ်စေမည်ဖြစ်ကြောင်း။
-
အထူးသဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ်တို့သည် နယ်နိမိတ်ချင်း ကပ်လျက် တည်ရှိသဖြင့်  နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုသည် နှစ်စဉ် တိုးတက်လျက် ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် ခေတ်စနစ်နှင့်အညီ ကုန်သွယ်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှု ဖြေလျှော့ပေးရေး၊ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာ ပညာပေးရေး၊ စားသုံးသူ အကာ အကွယ်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ပိုမိုတိုးမြှင့်ရေးအတွက် အရည်အသွေး သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများ၊ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများ၊ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများကို   အပြန်အလှန် အသိပေးခြင်း၊ သတင်းအချက်အလက် ဖလှယ်ခြင်းများကို ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။
-
ဆက်လက်၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ကြီးကြပ် စစ်ဆေးရေးမှူး (ညွှန်ကြားရေးမှူးချုပ် အဆင့်ဖြစ်သူ) မစ္စဟွမ်ရှမ်းက အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က အမှာစကား ပြောကြားသည်။
-
အဆိုပါ ကုန်စည်ပြပွဲသို့ နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ၊ နှစ်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၊ ပြပွဲတွင်ပါဝင်ပြသသူများ၊ ဒေသခံ ပြည်သူ လူထု ၄ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။ ထို့နောက် New Star Light Information Centre ၌ ဒုတိယဝန်ကြီး ဦးအောင်ထူးအား တယ်ဟုန်းပြည်သူ့ အစိုးရ၊ တက်ဟုန်းခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ ဝေကမ်းနှင့် အဖွဲ့က လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ဒုတိယဝန်ကြီး   ဦးအောင်ထူးနှင့် အဖွဲ့သည် နေ့လယ်ပိုင်းတွင် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆင်ဖြူ၊ မန်းဝိန်းနှင့်  နန်းတော်ဂိတ်များကို   ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၅ဝဝ)
-


#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 21, 2018

လားရှိုးမြို့နယ်တွင် ရှမ်းရိုးရာ ထုတ်ကုန်များကို ပြသသည့် ကုန်စည်ပြပွဲကျင်းပ



လားရှိုး ၂၁-၂-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ မန်ကောင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် စီးပွားရေး အခွင့်အလမ်းများအတွက် ရှမ်းရိုးရာ ကုန်စည်ပြပွဲနှင့် စာပေဟောပြောပွဲကို ယနေ့မှ ၂၂ ရက်ထိ ကျင်းပလျက်ရှိကြောင်း သိရသည်။

ရှမ်းရိုးရာ ထုတ်ကုန်များကို အခြေခံကာ စီးပွားရေးအခွင့်လမ်းများ တည်ဆောက်ရန်နှင့် စီးပွားရေး အဖွဲ့စုများ ပေါ်ပေါက်လာစေရန် အတွက် ကုန်စည်ပြပွဲ ကျင်းပရခြင်း ဖြစ်သည်။

"ဒီပွဲပြုလုပ်ရတာကတော့ ခေတ်နဲ့အညီ စီးပွားရေး အခွင့်လမ်းတွေ၊ ရှမ်းပြည်နယ်မှာ အဓိကဖြစ်နေတဲ့ ပြဿနာက ဘာလဲဆိုတော့ ဒီကတိုင်းရင်းသားတွေက ထိုင်း၊ တရုတ်တို့ကိုသွားပြီး အလုပ်သွားလုပ်ကြတဲ့ လူဦးရေပိုများ လာတဲ့အတွက်ကြောင့် ဒီနိုင်ငံမှာ တော်တော်လေးကို ဆုံးရှုံးနစ်နာတယ်လို့ ယူဆပါတယ်။ သူတို့တွေရဲ့ အကြောင်းပြချက်က မြန်မာနိုင်ငံမှာ သူတို့အတွက် အလုပ်မရှိလို့သွားကြတယ်။ နောက်တစ်ခု ကျွန်တော်တို့မြင်တာက ဒေသထွက် ကုန်ပစ္စည်းတွေ၊ ယဉ်ကျေးမှုတွေနဲ့ အစားအသောက်တွေ အားလုံးကို တန်ဖိုးမြှင့်တင်တဲ့ နည်းလမ်းတွေ သိရှိလာမယ်ဆိုရင် သူတို့ရဲ့အသိပညာ၊ အတတ်ပညာတွေကို စီးပွားဖြစ် လုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ဒီလုပ်ငန်းတွေ လုပ်နိုင်ဖို့ အခုလို ရှမ်းရိုးရာကုန်စည်ပြပွဲနဲ့ စာပေဟောပြောပွဲပြုလုပ်ရ တာဖြစ်ပါတယ်"ဟု ကုန်စည်ပြပွဲစီစဉ်သူ ကော်တိုင်း (ရှမ်းအဖွဲ့)မှ ဒါရိုက်တာဦးစိုင်းဖုန်းခေါင်က ပြောပြသည်။

ကုန်စည်ပြပွဲတွင် ပညာရှင်များ၏ စာပေဟောပြောပွဲများ၊ ရှမ်းတိုင်းရင်းသား အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ၊ ရှေးခေတ်ရိုး ရာပုံစံပစ္စည်းများ၊ တိုးနယားအက ဖျော်ဖြေရေးများဖြင့် စည်ကားစွာကျင်းပ လျက်ရှိကြောင်း သိရသည်။

"ဒီပွဲကိုလာရတာ ရှေးခေတ်ကို ရောက်သွားသလို ခံစားရပါတယ်။ ရှမ်းရိုးရာ အသုံးအဆောင်ပစ္စည်းတွေ အစုံနီးပါးတွေ့ရပါတယ်။ ရှမ်းအစားအသောက်တွေ လဲရှိတယ်။ လုပ်ပေးတဲ့သူတွေ စိတ်ကူးကောင်းတယ်လို့ ပြောချင် ပါတယ်"ဟုပွဲသို့ လာရောက်သူတစ်ဦးက ပြောပြသည်။

ရှမ်းရိုးရာ ကုန်စည်ပြပွဲသို့ အနယ်နယ်အရပ်ရပ်မှ ရှမ်းတိုင်းရင်းသားများ လားရှိုးမြို့မှ ရှမ်းတိုင်းရင်းသားများက လာရောက်အားပေး ကြပြီး အဆိုပါပွဲတွင် ရှမ်းရိုးရာ အစားသောက်များ၊ ရှမ်းတိုင်းရင်းသားကြီးများ ကိုယ်တိုင် လုပ်ထားသော ရိုးရာပစ္စည်းမျိုးစုံ လာရောက် ပြသပေးထားကြောင်း သိရသည်။

#Yadanarpondaily

Friday, January 12, 2018

ကြက်သွန်နီဈေးနှုန်းများ လာမည့်တစ်ပတ်အထိ ဆက်လက်ကျဆင်းနိုင်



ရန်ကုန် ၁၂-၁-၂ဝ၁၈

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီ လက်ကားဈေးကွက်အတွင်း ကြက်သွန်နီ ဈေးနှုန်းများ အနည်းငယ်ပြန်ကျလာပြီး လာမည့်တစ်ပတ်အထိ ဆက်လက်ကျဆင်း နိုင်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချ သူများအသင်း ဥက္ကဋ္ဌဦးခင်ဟန်ထံမှ သိရသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်၌ ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၂ဝဝ မှ ၂၇ဝဝ အထိဈေးနှုန်းရှိပြီး မြစ်သားကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ် ၂၈ဝဝ မှ ၃၅ဝဝ အထိ ဈေးနှုန်းရှိကြောင်း၊ လတ်တလောတွင် နယ်အသီးသီးမှ ကြက်သွန်နီအသစ်များ အနည်းငယ်စီ ဝင်ရောက်လျက်ရှိကာ နောက်ပိုင်းတွင် ကြက်သွန်နီအဝင်များလာပါက ဈေးနှုန်းများ ဆက်လက် ကျဆင်းနိုင်ကြောင်း သိရသည်။

ပြည်တွင်း၌ မိုးကြက်သွန်နီကို ဇူလိုင်နှင့် သြဂုတ်လတို့တွင် စိုက်ပျိုးကာ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် ရောင်းချကြပြီး ကုန်းမြင့်ဒေသများမှာ ဇူလိုင်လတွင် စိုက်ပျိုးပြီး နိုဝင်ဘာလတွင် ရောင်းချ လေ့ရှိကြောင်း၊ ဆောင်း ကြက်သွန်နီများကို နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး မတ်လနှင့်ဧပြီလတို့တွင် ရောင်းချလေ့ရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, September 21, 2017

သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ကုန်ပစ္စည်းတင်သွင်းမှုများပြား



ရန်ကုန် ၂၁-၉-၂၀၁၇

ယခုဘဏ္ဍာနှစ်၏ ကုန်သွယ်မှုတွင် သွင်းကုန်ပမာဏ ပိုမိုများပြားနေသော်လည်း ယခုနှစ်အတွင်း သွင်းကုန်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် ကုန်ပစ္စည်းတင်သွင်းမှု အမေရိကန်ဒေါ်လာ ၉၃ သန်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၈ဝဝ နီးပါးနှင့် လူသုံးကုန်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၃၉ဝ ခန့် ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ထံမှ သိရသည်။

ယခုဘဏ္ဍာနှစ်စမှ လက်ရှိအချိန်ထိပို့ကုန် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆၉၄ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၇ ဒသမ ၉၉၈ ဘီလီယံ နှစ်ရပ်ပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၉၂ ဘီလီယံရှိနေပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ဝ၄ ဘီလီယံရှိနေကြောင်း၊ ယင်းပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလအထိ ကုန်သွယ်မှုပမာဏထက် ပို့ကုန်တန်ဖိုးအမေရိကန် ဒေါ်လာ ၅၅၄ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈၂ ဘီလီယံ စုစုပေါင်း ၁ ဒသမ ၈၃၆ ဘီလီယံများပြား လာခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလိုငွေလျှော့ချရန် သွင်းကုန်ပမာဏ များပြားလာပါက ပြည်တွင်းထုတ်လုပ်သူများ မထိခိုက်စေမည့် သွင်းကုန်ပမာဏ မြင့်တက်ခြင်းအပေါ် အကာအကွယ် ပေးရေး ဥပဒေရေးဆွဲပြီးဖြစ်သလို တခြားတစ်ဖက်တွင် ပို့ကုန်ကဏ္ဍတိုးမြှင့်ရန် ဈေးကွက်သစ်များရှာဖွေ၍ ကုန်ချောအဆင့်ထိ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Monday, July 24, 2017

မန္တလေးမြို့တွင် ကြက်သွန်နီဈေးနှုန်း အမြင့်ပိုင်းရောက်ရှိနေပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကြက်သွန်နီတင်ပို့လျက်ရှိ



မန္တလေး ၂၄-၇-၂၀၁၇

မန္တလေး ကြက်သွန်ဈေးကွက်တွင် လက်ရှိ ကြက်သွန်နီဈေးနှုန်းမှာ အမြင့်ပိုင်းတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံတွင် ကြက်သွန်နီဈေး မြင့်တက် နေသည့်အတွက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကြက်သွန်နီများ ပြန်လည်တင်ပို့ လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဆောင်းသီးနှံစိုက်ပျိုး ထုတ်လုပ်ရောင်းချ သူများအသင်းမှ သိရသည်။

လက်ရှိမန္တလေး ကြက်သွန်ဈေး ကွက်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ထိပ်စငွေကျပ် ၁၄ဝဝ၊ အောက်စငွေကျပ် ၁၁ဝဝ ထိရောက်ရှိနေပြီး တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တစ်ရက်လျှင် ကြက်သွန်နီပိဿာချိန် ငါးသောင်းခန့် နေ့စဉ်ပြန်လည် တင်ပို့လျက်ရှိကြောင်း အဆိုပါ အသင်းအတွင်းရေးမှူး ဦးဝင်းမြင့် က ပြောပြသည်။

'' ကြက်သွန်နီဈေးက နည်းနည်းထပ်တက် နိုင်သေးတယ်။ ဈေးတက်ပေမယ့် အရောင်းအဝယ် မကောင်းဘူး။ စားသုံးသူတွေအနေနဲ့ ဈေးကြီးတဲ့ဒဏ်ခံရလဲ နောက်နှစ်လ၊ သုံးလပါပဲ။ နောက်ပိုင်း ပြန်ကျ သွားနိုင်ပါတယ်။ဒီနှစ်ကြက်သွန်နီ ဈေးကောင်းတော့ တောင်သူတွေ စိုက်အားပိုများနေတယ်''ဟု ၎င်းက ပြောပြသည်။

လာမည့် နိုဝင်ဘာလခန့်တွင် မြစ်သား၊ ကျောက်ဆည်နှင့် နွားထိုးကြီး ကြက်သွန်နီများ ပေါ်မည်ဖြစ်ပြီး လက်ရှိကြက်သွန်ဈေး မြင့်ရခြင်းမှာ ပြီးခဲ့သည့် ဧပြီလအတွင်းက ရာသီဥတု ဆိုးရွားမှုကြောင့် ကြက်သွန်ခင်းများ ပျက်စီးထိခိုက်ခဲ့ကာ ကြက်သွန်နီ လက်ကျန်အား နည်းပါးသွားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

''အခုပြည်တွင်း ကြက်သွန်ဈေး မြင့်တော့တရုတ်နိုင်ငံက ပြန်သွင်းနေတဲ့အပြင် အိန္ဒိယနိုင်ငံကလဲ သွင်းလာနိုင်တယ်။ ဈေးမြင့်ပြီး အထက်ပိုင်းမှာလဲ မိုးရွာရေကြီးနေတော့ အရောင်းအဝယ် မကောင်းဘူး''ဟု မန္တလေးမြို့ ရွှေမန်းလှ ကြက်သွန် ပွဲရုံပိုင်ရှင်က ပြောပြသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ ကြက်သွန်နီများကို ဖေဖော်ဝါရီလမှ သြဂုတ်လထိ ဝယ်ယူလေ့ရှိပြီး မြန်မာနိုင်ငံတွင် ကြက်သွန်နီဈေး မြင့်တက်ချိန်များ၌ မြန်မာနိုင်ငံသို့ ကြက်သွန်နီ ပြန်သွင်းလေ့ရှိကာ လက်ရှိ
တွင် တရုတ်ကြက်သွန်နီ တစ်ပိဿာလျှင် ငွေကျပ်၇ဝဝမှ ၁ဝဝဝထိ ဈေးရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

#yadanarpondaily

Thursday, July 13, 2017

ပြည်တွင်းသကြားဈေး ကျဆင်းနေပြီး လာမည့် ပြည်တွင်းသကြားစက်များ စတင်လည်ပတ်ချိန်တွင် ကြံစိုက်တောင်သူများ အခက်အခဲဖြစ်နိုင်



မန္တလေး ၁၃-၇-၂၀၁၇

လက်ရှိတွင် ပြည်တွင်းသကြား ဈေးကျဆင်းနေပြီး လာမည့် ပြည်တွင်းသကြားစက်များ စတင်လည်ပတ်ချိန်၌ ကြံဈေးနှုန်းများ လည်းကျဆင်းနေသည့် အတွက် ကြံစိုက်တောင်သူများ အခက်အခဲဖြစ် ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင် များအသင်း (မန္တလေး)ထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ သကြားကုန်သည်များကို အဖမ်းအဆီးများနေသည့် အတွက်အရောင်း အဝယ်မဖြစ်ဘဲ ပြည်တွင်းသကြား ဈေးနှုန်းပါ ကျဆင်းလျက်ရှိပြီး လာမည့်နိုဝင်ဘာလတွင် ပြည်တွင်း သကြားစက်များ စတင်လည်ပတ်ချိန်၌ လက်ရှိပြည်တွင်း၌ စုပုံနေသည့် သကြားလက်ကျန်ရှိနေပါက ကြံဈေးနှုန်းပါ ကျဆင်းနိုင်ကြောင်း အဆိုပါအသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောပြသည်။

၂ဝ၁၆-၂ဝ၁၇ ကြံစိုက်ရာသီတွင် ကြံစိုက်ဧကစုစုပေါင်း ၃၆၃၂၅၁ ဧက စိုက်ပျိုးခဲ့၍ ကြံစိုက်ဧကလျော့နည်းခြဲ့ပီး ၂ဝ၁၅-၂ဝ၁၆ခုနှစ် နှင့်ယှဉ်လျှင် ၃၅၁၄၄ဧကလျော့ နည်း၍ စိုက်ပျိုးခဲ့ကာ ယခု ၂ဝ၁၇- ၂ဝ၁၈ ကြံစိုက်ရာသီတွင် ကြံဈေး ကောင်းရရှိခဲ့သည့် အတွက် ပြီးခဲ့သည့်နှစ်ထက် ၃၅ရာခိုင်နှုန်းခန့် ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

လက်ရှိပြည်တွင်းသကြားဈေး နှုန်းမှာတစ်ပိဿာလျှင် ငွေကျပ် ၁၁၅ဝ၊ ၁၁၆၅ ဈေးရှိပြီးမူဆယ်တွင် သကြားတစ်အိတ်လျှင် တရုတ်ယွမ် ၁၉၅ယွမ် ပေါက်ဈေးရှိကြောင်း၊ မြန်မာနိုင်ငံသို့ ပြည်မှRe- Export သကြားတင်သွင်းမှုမှာ တစ်လလျှင်တန်ချိန် တစ်သိန်းခွဲမှ နှစ်သိန်းခန့်ရှိပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံသို့ သကြားတင်သွင်းမှုမှာ စုစုပေါင်း သကြားတန်ချိန်ပေါင်း ၁ ဒသမ၆ သန်းကျော်တင်သွင်းခဲ့ပြီး ၂ဝ၁၆- ၂ဝ၁၇ဘဏ္ဍာနှစ်က တန်ချိန်ပေါင်း ၁ ဒသမ ၈ သန်းကျော် တင်သွင်းခဲ့၍ တန်ချိန် ၂ သိန်းကျော် ပိုမိုရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ပြည်တွင်းသကြား ထုတ်လုပ်မှုမှာ ပြီးခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ် က တန်ချိန် ၂၄၅၉ဝဝ ရှိကြောင်း
သိရသည်။

ပြည်ပမှပြီးခဲ့သည့် မတ်လနှင့် ဧပြီလ နှစ်လအတွင်း မြန်မာနိုင်ငံသို့ တင်သွင်းထားသည့် Re- Export သကြားမှာ တန်ချိန် ၃သိန်းခန့်ရှိပြီး သင်္ကြန်ကာလမတိုင်မီ ပြည်ပမှသကြားများကို ဒေါ်လာဈေး မြင့်တက်ချိန်နှင့် ကမ္ဘာ့သကြား ဈေးမြင့်နေချိန်တွင် ဝယ်ယူတင် သွင်းထားမိခြင်း မူဆယ်ဈေးကွက်တွင် သကြားကို တရုတ်နိုင်ငံမှ ဖမ်းဆီးမှု များနေသည့်အတွက် ပြည်တွင်း၌သကြားများ ပိတ်မိနေခဲ့၍ သကြားတစ်တန်လျှင် ငွေကျပ်
တစ်သိန်းခန့် (စုစုပေါင်း ငွေကျပ် ၁ဝဘီလီယံခန့်) အရှုံးပေါ်ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Wednesday, July 5, 2017

၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ဧက နှစ်သိန်းထိစိုက်ပျိုး၍ အရည်အသွေးကောင်း ကော်ဖီတန်ချိန် ခြောက်သောင်းခန့် ထုတ်လုပ်နိုင်ရန်ရည်မှန်းနေ



နေပြည်တော် ၅-၇-၂၀၁၇

၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ကော်ဖီစိုက်ဧက နှစ်သိန်းထိ စိုက်ပျိုး၍ ဘေးအန္တရာယ်ကင်းရှင်း ပြီးသောက်သုံးမှု အရည်အသွေးကောင်း ကော်ဖီတန်ချိန် ခြောက်သောင်းခန့် ထုတ်လုပ်နိုင်ရန် ရည်မှန်း ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနသတင်းများအရ သိရသည်။

နိုင်ငံတကာကုန်စည်ဈေးကွက် များတွင်ကော်ဖီသည် ရေနံပြီးလျှင် ဒုတိယအဆင့် အရေးပါသည့် ကုန်စည်တစ်ခု ဖြစ်နေသည်။ ပြင်ဦးလွင်နှင့်ရှမ်းပြည်နယ် ရွာငံဒေသမှကော်ဖီများသည် နိုင်ငံတကာအဆင့်မီ (Special Coffee) အဆင့်တွင်ရှိနေသည်။ ဈေးနှုန်းမှာလည်း သင့်တင့်သည့် ဈေးနှုန်းရရှိနေသည်။

လက်ရှိတွင် မြန်မာ့ကော်ဖီကို တောင်ကိုရီးယား၊ ဂျပန်၊ တိုင်ပေ၊ အမေရိကန်၊ဆွစ်ဇာလန်နှင့် ဂျာမနီနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရောင်းချ ပေးနေရသည်ထိ ဈေးကွက်ကျယ်ပြန့်လာခဲ့ပြီး တစ်နှစ်လျှင်
ကော်ဖီတန်ချိန် ၇ဝဝဝ ခန့်ထုတ်လုပ်နေပြီး ပြည်ပသို့ ၅ဝရာခိုင်နှုန်းထိ တင်ပို့ရောင်းချ လျက်ရှိသည်။

နိုင်ငံတကာဈေးကွက်များတွင် အလယ်အလတ်အဆင့်မြန်မာ့ ကော်ဖီတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၈ဝဝခန့်နှင့် တန်းမြင့် ကော်ဖီတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၇ဝဝဝ ထိ ပေါက်ဈေး ရရှိနေသည်။ လက်ရှိတွင် မြန်မာ့ ကော်ဖီဈေးကွက် ပိုမိုဖွံ့ဖြိုးတက်လာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများက ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိသည်။

မြန်မာ့ကော်ဖီများမှာ နိုင်ငံတကာဖောက်သည် ဈေးကွက်များ ရရှိနေပြီးသင့်တင့်သော ပေါက်ဈေး နှုန်းများလည်း ရရှိနေပြီဖြစ်၍ မြန်မာ့ကော်ဖီကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာပါက နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေများ ပိုမိုတိုးတက်ရရှိလာမည် ဖြစ်ပြီးကော်ဖီ စိုက်ပျိုးသူတောင်သူများ အနေဖြင့်လည်း ပိုမိုအကျိုးဖြစ်ထွန်းလာကာ အလုပ်အကိုင်အခွင့် အလမ်းများလည်း ပိုမိုဖြစ်ထွန်းလာမည် ဖြစ်ကြောင်း သိရသည်။

#yadanarpondaily

ပြည်ပနိုင်ငံများသို့ တစ်ပတ်တာကာလအတွင်း ပင်လယ်ရေကြောင်းမှ ဆန်ကွဲတန်ချိန် တစ်သောင်းတင်ပို့



ရန်ကုန် ၅-၇-၂၀၁၇

ပြည်တွင်းမှထွက်ရှိသော ဆန်ကွဲကို ဈေးကွက်သစ်ဖြစ်သည့် ဆီနီဂေါနိုင်ငံအပြင် ပြည်ပနိုင်ငံများသို့ တစ်ပတ်တာကာလ အတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၆၅ သန်းတန်ဖိုးရှိ တန်ချိန်တစ်သောင်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

ထိုသို့ ဆန်ကွဲတင်ပို့ရာတွင် ဇွန် ၁၇ ရက်မှ ၂၃ ရက်အထိ တစ်ပတ်တာကာလ အတွင်း ဆီနီဂေါနိုင်ငံသို့ တန်ချိန် ၅ဝဝ၊ မက်ဒါဂါစကားနိုင်ငံသို့ တန်ချိန် ၁၅ဝ၊ အင်ဒိုရာနိုင်ငံသို့ တန်ချိန် ၄၅ဝ၊ အင်ဒို နီးရှားနိုင်ငံသို့ တန်ချိန် ၃၈ဝဝ၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၅ဝ နှင့် ဥရောပသမဂ္ဂနိုင်ငံ များသို့ တန်ချိန် ၅ဝ၅ဝ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ဆန်ကွဲတန်ချိန် ၁၃၉၄၄ တန်တင်ပို့ခဲ့သည့်အတွက် ယခုတစ်ပတ်တွင် ၃၉၄၄ တန် လျော့ကျခဲ့ကြောင်း သိရသည်။

ထို့ပြင် လွယ်ဂျယ်နှင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၉ သန်းတန်ဖိုးရှိ ဆန်ကွဲ ၁၅၈၂ တန်ကျော် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်ကထက် ၂၉၁၆ တန် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Monday, June 19, 2017

နိုင်ငံတကာစံချိန်စံညွှန်းမီစေရန် ဆန်စပါးချိန်တွယ်မှု ပြောင်းလဲအသုံးပြုရန်လိုအပ်



ရန်ကုန် ၁၉-၆-၂၀၁၇

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်စပါးများ ရောင်းချရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းမီစေရန် ဆန်စပါးချိန်တွယ်မှုကို ပြောင်းလဲအသုံးပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

ယင်းဆန်စပါး ချိန်တွယ်မှုကို ပြောင်းလဲ ကျင့်သုံးနိုင်ရန် သက်ဆိုင်ရာအစိုးရ အဖွဲ့ထံတင်ပြထားပြီး ချိန်တွယ်နည်းများတွင် ပေါင်အသုံးပြုမည်ဆိုပါက အများအားဖြင့် ၄၆ ပေါင်ယူသော်လည်း တချို့သည် ပေါင် ၅ဝ ကျော်ယူကြောင်း၊ ပေါင် ၅ဝ တွင် ၁ဝ၈ ကီလိုဂရမ်ရှိကြောင်း၊ ယင်းအတွက် နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်မည် ဆိုပါက ကီလိုဂရမ်အသုံးပြုခြင်းသည် ချိန်တွယ်ရာတွင် ပိုမိုလွယ်ကူစေမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ချိန်တွယ်ရာတွင် ကတ္တားတစ်ခု နှင့်တစ်ခု ဒသမအစွန်းကွာဟ မှုများလည်းရှိနေပြီး ယင်းတို့ကို ထိန်းချုပ်ကြီးကြပ် သွားရန်လိုအပ်မည် ဖြစ်သည်။ လက်ရှိတွင် ကီလိုဂရမ် အသုံးပြုမည်ဆိုပါက ပြည်ပသို့ ရောင်းချခြင်းနှင့် တွက်ချက်မှုများတွင် အဆင်ပြေစေမည်ဖြစ်ပြီး တခြားသောချိန်တွယ်နည်း များသည် နေရာဒေသချင်း မတူညီသောကြောင့် အငြင်းပွားမှုများ ရှိစေသည်။

တောင်သူလယ်သမားများ အနေဖြင့် ဆန်စပါးရောင်းချရာတွင် အတိအကျ သတ်မှတ်ချက်များ ပါလာမည်ဖြစ်သည့် အတွက်အဆင်ပြေစေမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ချိန်တွယ်နည်း ပြောင်းလဲရန် တောင်သူ လယ်သမား များအား အသိပညာပေးခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, April 6, 2017

မြန်မာ့ပုံးရည်ကြီး ကို ပြည်တွင်းဟင်းလျာအဆင့်မှ ကမ္ဘာ့ဟင်းလျာအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်



မန္တလေး ၊ ၆-၄-၂၀၁၇

မြန်မာနိုင်ငံတွင် ပုဂံဒေသက အများဆုံးထွက်ရှိ နေသော မြန်မာ့ပုံးရည်ကြီးကို ယခုအခါ မြန်မာ့ဟင်းလျာ အဆင့်မှ ကမ္ဘာ့ဟင်းလျာ အဖြစ် ထုတ်လုပ်တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း ထံမှ သိရသည်။

အဆိုပါ ပုံးရည်ကြီးကို ပြည်ပပို့ကုန်အဖြစ် ဆောင်ရွက်မည် ဆိုပါက ပထမဦးစွာ ပြည်တွင်း စားသောက်မှု လုံလောက်စွာ ထုတ်လုပ်နိုင်ရန် အဓိကကုန်ကြမ်း ဖြစ်သည့် ပဲပိစပ်ကို တိုးမြှင့်စိုက်ပျိုး ရမည့်အပြင် မြန်မာ့ရိုးရာ ထုတ်လုပ်မှု နည်းစနစ်အစား ခေတ်မီစက်ကိရိယာ များအသုံးပြု၍ တိုးချဲ့ထုတ်လုပ်ရန် လိုအပ်ကြောင်း သိရသည်။

''ဒီလိုအဆင့်မြှင့် ထုတ်လုပ်ဖို့ကို လုပ်ငန်းရှင်တွေ ဘက်က စိတ်ဝင်စားမယ် ဆိုရင် ကျွန်မတို့က ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေတွေရယူ ပေးသွားမယ်။ စိုက်ပျိုးရေး ထုတ်ကုန်အတွက် စိုက်ပျိုးရေးကဏ္ဍနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

လက်ရှိတွင် ပုံးရည်ကြီးကို မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပုဂံ၊ ညောင်ဦးဒေသ မှ အဓိက ထုတ်လုပ်သည့် အပြင် ငါ့သရောက်၊ မြင်းခြံနှင့် ချောက်မြို့နယ် တို့မှထွက်ရှိ သော်လည်း လူသိနည်းပါး ကြောင်း သိရသည်။

''ပုံးရည်ကြီး ကတော့ မြန်မာနိုင်ငံမှာ လူတိုင်း ကြိုက်နှစ်သက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်ကြီး တွေမှာတောင် အစားအသောက် မှာယူတဲ့ စာရင်းမှာ ထည့်သွင်း လာကြတဲ့အပြင် ပုံးရည်ကြီးနဲ့ တွဲဖက်ပြီး ဝက်သားပုံးရည်ကြီး၊ ပုံးရည်ကြီး ခေါက်ဆွဲနဲ့ ပုံးရည်ကြီး ထမင်းသုပ်တွေအထိ တီထွင်ပြီးစားသောက် လာနေကြပါပြီ။ ကိုရီးယားနိုင်ငံမှာ ကင်ချီ နာမည်ကြီးသလို မြန်မာနိုင်ငံမှာ ပုံးရည်ကြီးက နာမည်ကြီး အစားအစာ တစ်ခုဖြစ်လာ နေပါပြီ''ဟု ၄င်းက ပြောပြသည်။

ပုံးရည်ကြီးတွင် အဓိကလိုအပ်သော ကုန်ကြမ်းဖြစ်သည့် ပဲပိစပ်ကို နေပြည်တော် ၊ ပျဉ်းမနားနှင့် သာဝတ္ထိတို့မှ အဓိကထွက်ရှိပြီး ပခုက္ကူ၊ ညောင်ဦးနှင့် မြင်းခြံမြို့တို့မှ အနည်းငယ်သာ ထွက်ရှိကြောင်း သိရသည်။

''လက်ရှိမှာ ပဲပိစပ်ကို နေပြည်တော်အထိ သွားရောက်ဝယ်ယူ ရတဲ့အတွက် ဈေးကွက် အခြေအနေနဲ့ သယ်ယူစရိတ် တွေက အခက်အခဲ ရှိပါတယ်။ ကျွန်တော်တို့ ညောင်ဦးနယ်ထဲ မှာပဲ လုံလုံလောက်လောက် ထွက်ရှိမယ်ဆိုရင် အဆင်ပြေ နိုင်ပါတယ်။ မိရိုးဖလာ ထုတ်လုပ်နည်းကနေ ခေတ်မီစက်ကိရိယာ အကူအညီနဲ့ တိုးချဲ့ထုတ်လုပ် ချင်ပေမယ့် ငွေကြေး အခက်အခဲတွေ ရှိနေပါတယ်'' ဟု ငွေနဂါး ပုံးရည်ကြီး လုပ်ငန်းရှင် ဦးအောင်ကိုကို က ပြောပြသည်။

ပုံးရည်ကြီး လုပ်ငန်းကို တစ်နှစ်ပတ်လုံး ထုတ်လုပ်ရောင်းချလျက် ရှိသော်လည်း အဓိကအားဖြင့် ခရီးသွားရာသီလ များတွင် ပိုမိုရောင်းချရပြီး မြန်မာနိုင်ငံ အနှံ့အပြားသို့လည်း တင်ပို့ရောင်းချမှုများ ရှိကြောင်းနှင့် လက်ရှိတွင် ပုံးရည်ကြီး လုပ်ငန်းများအနက် မြင်းပျံပုံးရည်ကြီး လုပ်ငန်းတစ်ခုတည်းသာ ခေတ်မီ စက်ကိရိယာများဖြင့် တိုးချဲ့ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Thursday, March 23, 2017

ကောက်ရိုးမှိုများကို စည်သွတ်ဘူးပုံစံ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရန် ကမ်းလှမ်း



ရန်ကုန် ၊ ၂၃-၃-၂၀၁၇

ပြည်တွင်းဈေးကွက် အတွင်း စိုက်ပျိုး ရောင်းချသော ကောက်ရိုးမှို များကို စည်သွတ်ဘူးပုံစံဖြင့် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့ရန် ကမ်းလှမ်းမှုများ ရှိကြောင်း သိရသည်။

လက်ရှိတွင် မှိုကို ပြည်တွင်း၌သာ စားသုံးရန်စိုက်ပျိုးခြင်း ပုံစံဖြစ်သော်လည်း ကောက်ရိုးမှိုကို စည်သွတ်ဘူးပုံစံဖြင့် ထုတ်လုပ်၍ တင်ပို့ရန် တရုတ် (တိုင်ပေ) ကုမ္ပဏီက တစ်ဆင့် အမေရိကန်နိုင်ငံမှ ကမ်းလှမ်းမှုများ ရှိကြောင်း မြန်မာနိုင်ငံ မှိုမွေးမြူစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချ သူများ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးနေဝင်း ထံမှ သိရသည်။

ယခင်က ပြည်တွင်းစားသုံးသူ များအနေဖြင့် သဘာဝအတိုင်း ပေါက်သော ကောက်ရိုးမှို၊ သစ်တောအတွင်း ရရှိသည့် ဖက်ဆွတ်မှို နှင့် တောင်ပို့မှိုများ ကိုသာ စားသုံးခဲ့ သော်လည်း ယခု နောက်ပိုင်းတွင် ကောက်ရိုးမှို၊ ငွေနှင်းမှို၊ ငွေပိုးမှိုနှင့် ကြွက်နားရွက်မှို များကို စိုက်ပျိုးထုတ်လုပ် စားသုံးလာ ကြသည်။

လက်ရှိဈေးကွက် အတွင်းတွင် ကောက်ရိုးမှို တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝဝ မှ ၁ဝဝဝဝ ဝန်းကျင်ရှိပြီး ငွေပိုးမှို၊ ငွေနှင်းမှိုနှင့် ကြွက်နားရွက်မှို များသည် တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ ဝန်းကျင်ရှိသည်။

မှိုစိုက်ပျိုးကြသော တောင်သူများနှင့် မှိုစတင်စိုက်ပျိုးလိုသူ များအနေဖြင့် မှိုစိုက် နည်းပညာကို သိရှိလိုပါက မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း မှတစ်ဆင့် မှိုအစုအဖွဲ့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Monday, March 20, 2017

ကုလားပဲဖြူကြီး (V7) ကို တရုတ်နှင့် အိန္ဒိယတို့က အပြိုင်ဝယ်ယူနေ



မန္တလေး ၊ ၂၀-၃-၂၀၁၇

ကုလားပဲဖြူကြီး (V7)ကို တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံက အပြိုင်ဝယ်ယူ နေကြောင်း မန္တလေးမြို့ စိုးဝင်းမြင့် ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောပြ၍ သိရသည်။

ကုလားပဲဖြူကြီး (V2) နှင့် ကုလားပဲဖြူကြီး (V7)သည် ပြီးခဲ့သည့်နှစ် ယခုလိုအချိန်က သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၈၅ဝဝဝ ရှိပြီး ယခုအခါတွင် ကုလားပဲဖြူကြီး (V2) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၁ဝဝဝ ရှိပြီး ကုလားပဲဖြူကြီး (V7) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၁၂၈ဝဝဝ ရှိကြောင်း ဦးစိုးဝင်းမြင့် က ပြောပြသည်။

''ကုလားပဲမျိုးစေ့ ဖြစ်တဲ့ (V2)၊ (V7)ဆို မနေ့က (V2) သုံးတင်းဝင် တစ်အိတ်ကိုငွေကျပ် ၁၁၅ဝဝဝ ဒီနေ့ဆို ငွေကျပ် ၆ဝဝဝ ဈေးတက်လာတယ်။ (V7) ကလဲ ငွေကျပ် ၈ဝဝဝ လောက် ဈေးတက်လာတယ်။ (V7) ကို အိန္ဒိယကလဲ ဝယ်တယ်။ တရုတ်နိုင်ငံကလဲ ရသလောက် ဝယ်ယူနေတာ။ (V2)ကို အိန္ဒိယကပဲ ဝယ်တယ်။ လောက်ကိုင် အခြေအနေ မဖြစ်ပေါ်ခင်က ဈေးထက် အခုဆို သာတောင်သာ နေပါတယ်။ တိုက်ပွဲတွေဖြစ်ပြီး လမ်းတွေပိတ်ရင် ခါတိုင်းနှစ်တွေဆို မန္တလေးဈေးကွက် ကျဆင်းသွားတယ်။အခု ဒီလိုမဟုတ်ဘူး။ ဝယ်ယူအားက သူတို့အနေနဲ့ ကိုက လိုလိုချင်ချင်နဲ့ ရရာပေါက်ဈေးနဲ့ အလုအယက် ဝယ်ယူနေကြတယ်'' ဟု ၄င်းက ပြောပြသည်။ မန္တလေးမြို့ ကုန်စည်ဒိုင်သည် တရုတ်ကုန်သည် များကို အားကိုး နေရကြောင်း၊ ယခုအခါတွင် ပြည်တွင်း တရုတ်ကုန်သည် များက ပြည်ပ တရုတ်ကုန်သည် များနှင့် ပူးပေါင်း၍ ယခင်ကထက် သီးနှံများကို ပိုမိုဝယ်ယူ နေကြောင်း မန္တလေးကုန်စည်ဒိုင် နာယက ဦးကြည်မောင် က ပြောပြသည်။

''နေ့စဉ် တရုတ်ဝယ်လက် ၁၅ ယောက် အမြဲလာတယ်။ ၁၅ ယောက်ရဲ့ ဝယ်လိုအားကလဲ ကြီးပါတယ်။ အရင်တုန်းကကျဒီမှာရှိတဲ့ ပြည်တွင်းတရုတ် ကုန်သည်လောက်ပဲ ဝယ်တာ။ အခုကျ ပြည်ပ တရုတ်ကုန်သည် တွေက ပြည်တွင်းတရုတ် တွေနဲ့ ပေါင်းတယ်။ အရင်တုန်းက ပြည်တွင်း တရုတ်ကုန်သည် တွေက ခပ်စိပ်စိပ်ပဲ ဝယ်တာ။ အခုကျ ပြည်ပက တရုတ်ကုန်သည် တွေနဲ့ပေါင်းပြီး အများကြီးဝယ် လာတယ်''ဟု ၄င်းက ပြောပြသည်။လက်ရှိတွင် တရုတ်ကုန်သည် နှင့် အိန္ဒိယကုန်သည် များက ကုလားပဲဖြူကြီး (V2)၊ ကုလားပဲဖြူကြီး (V7) ၊မြေပဲဆန်အဖြူ၊ မြေပဲဆန်အနီ၊ မြေထောက်ပဲ၊ ပဲကျား၊ပဲစာဥ၊ မတ်ပဲ၊ ပဲတီစိမ်း စသည်တို့ကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ကုန်သေတ္တာစီးဝင်မှု ၂၀၂၅ ခုနှစ်တွင် လေးသန်းခန့်ထိ တိုးတက်လာမည်ဟု ခန့်မှန်း



ရန်ကုန် ၊ ၂၀-၃-၂၀၁၇

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ၂ဝ၁၅ ခုနှစ်က ကုန်သေတ္တာပေါင်း ရှစ်သိန်းကိုးသောင်း ဆိပ်ကမ်းသို့ စီးဝင်ခဲ့ရာ၊ ၂ဝ၂ဝ ပြည့်နှစ်တွင် နှစ်သန်းခန့်နှင့် ၂ဝ၂၅ ခုနှစ်တွင် လေးသန်းခန့်ထိ တိုးတက် လာမည်ဟု တွက်ချက် ခန့်မှန်းထားကြောင်း၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ သတင်းများ အရ သိရသည်။

အဆိုပါ ခန့်မှန်း တွက်ချက်မှု များအရ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်းများသို့ ကုန်သေတ္တာ စီးဝင်မှု သိသိသာသာ တိုးတက်များပြား လာမည်ဖြစ် သဖြင့် ကြီးထွားဖြစ်ပေါ် လာမည့် အခက်အခဲများကို ဖြေရှင်း ဆောင်ရွက်နိုင် ရန်အတွက် ရေကြောင်းမှ တိုက်ရိုက် ကုန်စည်သယ်ယူ ပို့ဆောင်မှု စနစ်ကို နိုင်ငံတော် အစိုးရထံသို့ တင်ပြ ထားသည်။

ထို့ပြင် ဆန်၊ ပဲ၊ ပြောင်းအများဆုံး ထွက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ကုန်သေတ္တာ သိုလှောင်ရုံများ ဆောက်လုပ်ကာ ကုန်စည်များကို သင်္ဘော နောက်တွဲဖြင့် သယ်ဆောင်လာပြီး နိုင်ငံခြားသို့ ပို့ဆောင်မည့် ကုန်တင်သင်္ဘော ပေါ်သို့ ရေကြောင်းမှ တိုက်ရိုက် တင်ဆောင်မည့် စနစ်ကို JICA ၏ အကူအညီဖြင့် မန္တလေးတွင် စမ်းသပ်ဆောင်ရွက် နေပြီဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင် က ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, March 15, 2017

မြန်မာနိုင်ငံက ထွက်ရှိသည့်ဆန်ကို တရုတ်နိုင်ငံသို့တန်ချိန် တစ်သိန်းတင်ပို့နိုင်ရန် စာချုပ် ချုပ်ဆိုမည်



ရန်ကုန် ၁၅-၃-၂၀၁၇

မြန်မာ နိုင်ငံက ထွက်ရှိသည့် ဆန်ကို တရုတ် နိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်း တင်ပို့ နိုင်ရန် ဧပြီလ (သို့မဟုတ်) မေလ အတွင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် နှင့် သဘောတူ စာချုပ် ချုပ်ဆို သွားမည် ဖြစ်ကြောင်း မြန်မာ နိုင်ငံဆန် စပါးအသင်း ချုပ်မှ သိရသည်။ 

တရုတ်နိုင်ငံ နှင့်ချုပ်ဆိုမည့် သဘောတူ စာချုပ်တွင် တရုတ် နိုင်ငံက လိုချင်သည့် ဆန်အမျိုးအစား ၊မြန်မာ နိုင်ငံက ဆောင်ရွက်ပေး ရမည့် အရည် အသွေးပိုင်း လိုအပ် ချက်များ၊ ငွေကြေး ပေးချေမှု ဆိုင်ရာ ကိစ္စများကို မူဘောင် အားဖြင့် သဘောတူ ထားကြောင်း သိရသည်။

''ဒါက ညှိနေတုန်းပါပဲ။ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် အတွက် လက်မှတ်ထိုးမှာဖြစ်တာကြောင့် ဧပြီလထဲမှာ လက်မှတ်ထိုးနိုင်အောင် ပြင်ဆင်နေပါတယ်။ တကယ်လို့ ဧပြီလထဲမှာ မထိုးနိုင်ရင် မေလထဲမှာ လက်မှတ်ထိုးမယ်။ အခု ကျွန်တော်တို့မျှော်မှန်းထားတာက တကယ်တင်ပို့မယ့် အချိန်ကာလကလဲ အခုနှစ်ကုန်ပိုင်းလောက်မှာဖြစ် တဲ့အတွက် အချိန်ရှိပါသေးတယ်''ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပြသည်။

မြန်မာ နိုင်ငံ၏ ဆန် အရည် အသွေးပိုင်း နှင့် ပတ်သက်၍ စစ်ဆေး မှုများ ပြုလုပ် နိုင်ရန် တရုတ် နိုင်ငံရှိ ဆန် အရည် အသွေး စစ်ဆေးရေး အဖွဲ့ဖြစ်သည့် AQSIQ ကိုလည်း ဖိတ်ခေါ် ထားကာ AQSIQ ၏ အသိ အမှတ်ပြု လက်မှတ် ရရှိသည့် ဆန်စက်များ၊ ဂိုဒေါင်များ၊ ကုမ္ပဏီများ မှ ဆန်တင် ပို့ခွင့်ရရှိ မည်ဖြစ်သည်။

လက်ရှိ မြန်မာ နိုင်ငံတွင် လာရောက် ဖွင့်လှစ် ထားသည့် တရုတ်နိုင်ငံ ဆန်စစ်ဆေး ရေးအဖွဲ့(CCIC)မှ ဆန်စက်များ၊ သိုလှောင်ရေး အပိုင်းများ နှင့် ကြိတ်ခွဲရေး အပိုင်း များကို ကနဦး စစ်ဆေး မှုများ ပြုလုပ် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

''တရုတ်နိုင်ငံ မှာဆန် အရည် အသွေး စစ်ဆေးရေး အဖွဲ့ AQSIQ ဆိုတာ ရှိတယ်။ အဲ့ဒီ AQSIQ က ပင်လယ် ရေကြောင်းက  ဆန်တင်ပို့ နေတာ ဆိုရင် ပြီးခဲ့တဲ့ နှစ်က ဆန်တန်ချိန် တစ်သိန်း စာချုပ် ချုပ်တယ်။ အခု နောက်ထပ် တစ်သိန်းချုပ် ဖို့အတွက် MRF ကလုပ် နေတယ်။ အဲဒီဟာ တွေက AQSIQ ရဲ့ System အရ ဆိုရင် သူတို့နိုင်ငံ မှာရှိတဲ့ အရည်အသွေး နဲ့ပတ်သက်တဲ့ ကန့်သတ် ချက်တွေ မီမမီဆိုတာ ဘယ်မှာ လိုက်ကြည့် လဲဆိုတော့ စက်ရုံတွေ၊ ဂိုဒေါင် တွေကို လိုက်စစ် ဆေးတယ်''ဟု စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့် က ပြောပြသည်။

မြန်မာ နိုင်ငံမှ ထွက်ရှိသည့် ဆန်များကို နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တစ်ဆင့် တရုတ် နိုင်ငံသို့ အဓိက တင်ပို့ နေပြီး ယခင်က နယ်စပ် ကုန်သွယ် ရေးလမ်း ကြောင်းမှ ၈ဝ ရာခိုင်နှုန်း၊ ပင်လယ်ရေ  ကြောင်းမှ ၂ဝ ရာခိုင် နှုန်း ကုန်သွယ်မှု ပြုလုပ် နိုင်ပြီး လက်ရှိ အချိန်၌ ပင်လယ် ရေကြောင်း မှ ၄ဝ ရာခိုင်နှုန်း၊ နယ်စပ် ကုန်သွယ် ရေးလမ်း ကြောင်းမှ ၆ဝ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ် ခဲ့ကြောင်း သိရသည်။

မြန်မာ့ ဆန်များကို ဝယ်ယူရန် ပြည်ပ နိုင်ငံ အချို့ နှင့်အစိုးရ အချင်းချင်း နှစ်နိုင်ငံ သဘောတူ စာချုပ် ချုပ်ဆို နိုင်ရန် ကိုလည်း ဆွေးနွေး မှုများ ပြုလုပ် နေပြီး ကင်ညာ နိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊ သိရီလင်္ကာ နိုင်ငံနှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ဆန်များ တင်ပို့ နေကြောင်း သိရသည်။

မြန်မာ နိုင်ငံမှ ပြည်ပ နိုင်ငံများသို့ ၂ဝ၁၄ -၂ဝ၁၅ ဘဏ္ဍာနှစ်၌ ဆန်တန်ချိန် ၁ ဒသမ ၈သန်း တင်ပို့ ခဲ့ကာ ၂ဝ၁၅ -၂ဝ၁၆ ဘဏ္ဍာနှစ်၌ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ နိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ် မတ်လ ပထမ ပတ်အထိ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ထား ကြောင်း စီးပွား ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Tuesday, March 14, 2017

လာမည့်နှစ်တွင် ပြည်တွင်းမှ ထုတ်လုပ်သော အ၀တ်အထည်များကို ဥရောပဈေးကွက်ကိုသာ အဓိကတင်ပို့မည်



ရန်ကုန် ၊ ၁၄-၃-၂၀၁၇

ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ လက်ရှိအချိန်ထိ ပြည်တွင်းမှ ထုတ်လုပ်သော အဝတ်အထည်များကို ဥရောပ ဈေးကွက်သို့ တင်ပို့ ရောင်းချရာတွင် ယခင်နှစ်များထက် ဝယ်လိုအားသုံးဆခန့် မြင့်တက် လာခြင်းကြောင့်
လာမည့်နှစ်တွင် ပြည်တွင်းမှ ထုတ်လုပ်သော အဝတ်အထည်များကို ဥရောပဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်တွင်းမှ ထုတ်လုပ်သော အဝတ်အထည် များကို ဂျပန်နိုင်ငံသို့သာ အဓိကဈေးကွက် အနေဖြင့် တင်ပို့ရောင်းချ ခဲ့သော်လည်း လာမည့်နှစ်တွင် ဝယ်လိုအား အခြေအနေကြောင့် ဥရောပ ဈေးကွက်သို့ ပြောင်းလဲ တင်ပို့ခြင်း ဖြစ်သည်။ ဥရောပ ဈေးကွက်သို့ အဓိကဈေးကွက် အနေဖြင့် ပြောင်းလဲတင်ပို့ ရာတွင် ဂျာမနီ၊ ဆွီဒင်နှင့် ပြင်သစ် စသောနိုင်ငံများ အပါအဝင် နိုင်ငံကြီးတချို့ကို တင်ပို့ရောင်းချ သွားမည်ဖြစ်သည်။

''ဥရောပဈေးကွက်က ဝယ်ယူမှုနှုန်း အားကောင်းပြီး ပစ္စည်းတွေကို ဈေးကောင်းပေး ဝယ်ယူတာကြောင့် လာမယ့်နှစ်မှာ ဥရောပ ဈေးကွက်ကို အဓိကအနေနဲ့ ပြောင်းလဲ ရောင်းချဖို့ စီစဉ်လိုက်တာပါ။ လာမယ့်နှစ်မှာ တင်ပို့ရောင်းချတဲ့ အခါ ဈေးကွက်မှာရှိတဲ့ နိုင်ငံတွေနဲ့ ယုံကြည်မှု ကောင်းတွေ တည်ဆောက်မှာပါ။ နောက်ပိုင်းမှာလည်း ခိုင်မာတဲ့ဈေးကွက် အနေနဲ့ တင်ပို့ရောင်းချ နိုင်အောင် ဆောင်ရွက်သွား မှာပါ'' ဟု လာမည့်နှစ်တွင် ဥရောပ ဈေးကွက်သို့ အထည်များ တင်ပို့ရောင်းချမည့် အထည်ချုပ် လုပ်ငန်းရှင် ဦးစိုးအောင် ကပြောသည်။

ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချ ရာတွင် ၄င်းတို့အဓိက ဝယ်ယူသည့် အနွေးထည်များ ကိုသာ တင်ပို့ရောင်းချမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း လက်အောက်တွင် စက်ရုံပေါင်း ၄ဝဝ ကျော်ရှိပြီး အလုပ်သမား အရေအတွက် လေးသိန်းကျော် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Friday, March 10, 2017

လာမည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံ မက်ထရစ်တန် ၁ ဒသမ ၂ သန်းမှ ၁ဒသမ ၄ သန်းထိ တင်ပို့ရန် မျှော်မှန်းထား



နေပြည်တော် -၁၀-၃-၂၀၁၇

လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ နှစ် ပြည်ပသို့ ပဲမျိုးစုံ မက်ထရစ် တန်ချိန် ၁ ဒသမ ၂ သန်းမှ ၁ ဒသမ ၄ သန်းထိ တင်ပို့ရန် မျှော်မှန်းထားပြီး နိုင်ငံခြား ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ၂ ဘီလီယံ ခန့်ထိ ရရှိရန် မျှော်မှန်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ယခု ဘဏ္ဍာနှစ် တွင် မတ်ပဲကို နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ တင်ပို့ ရောင်းချ ပေးခဲ့ရပြီး အထူးသဖြင့် အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူနှင့် အာရပ်နိုင်ငံ တို့သို့တင်ပို့ ရောင်းချ ပေးခဲ့ပြီး ပဲတီစိမ်း ကိုနိုင်ငံ ပေါင်း ၅ဝ သို့တင်ပို့ကာ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊  စင်ကာပူ နိုင်ငံတို့သို့ တင်ပို့ ရောင်းချ ပေးခဲ့ရသည်။ 

ယခု ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိ မြန်မာနိုင်ငံ၏ ပို့ကုန် ကဏ္ဍတွင် ကုန်ပစ္စည်း အမျိုးအမည် အလိုက် စက်မှု ကုန်ချော ပစ္စည်း တင်ပို့မှု ကဏ္ဍတွင် အမေရိကန်  ဒေါ်လာ ၄၇၈၉ သန်းတင်ပို့ နိုင်ခဲ့ပြီး ပို့ကုန် အများဆုံး တင်ပို့နိုင် ခဲ့သည့် ကဏ္ဍတစ်ရပ် အဖြစ် ရပ်တည် ခဲ့သည်။ မြန်မာနိုင်ငံ၏ အဓိက အားထား ရသည့် လယ်ယာ ထွက်ကုန် တင်ပို့ နိုင်မှု မှာလည်း အမေရိကန်  ဒေါ်လာ၂၅ဝ၃ သန်း ရရှိ နေသဖြင့် ပို့ကုန် အုပ်စု အလိုက် တင်ပို့မှုတွင် ဒုတိယ နေရာတွင် ရပ်တည် နေခဲ့သည်။

လယ်ယာ ထွက်ကုန် ပစ္စည်း ကဏ္ဍမှ ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိ ပြည်ပသို့ ပဲအမျိုးမျိုး တင်ပို့ရာတွင် မတ်ပဲ တင်ပို့မှု တွင် အမေရိကန် ဒေါ်လာ ၆၃၅ သန်းကျော် တန်ဖိုးရှိ မတ်ပဲ တန်ချိန် ငါးသိန်းကျော် တင်ပို့ နိုင်ခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၄၂၅ သန်းကျော် တန်ဖိုးရှိ မတ်ပဲ တန်ချိန် လေးသိန်းကျော် တင်ပို့ နိုင်ခဲ့ သဖြင့် ယခု ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာသန်း၂၁ဝ ကျော် တန်ဖိုးရှိ မတ်ပဲ တန်ချိန် ကိုးသောင်းကျော် ပိုမို တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂) 

Thursday, March 9, 2017

သဘာဝဓာတ်ငွေ့ တင်ပို့မှု ကဏ္ဍ လျော့လျသွားခဲ့သော်လည်း ကျန်သည့် ပို့ကုန်ကဏ္ဍများတွင် တိုးမြှင့်တင်ပို့နိုင်ခဲ့



နေပြည်တော် ၊ ၉-၃-၂၀၁၇

ယခု၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် ၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိ သဘာဝ ဓာတ်ငွေ့ တင်ပို့မှု ကဏ္ဍမှာ လျော့ကျ သွားခဲ့ သော်လည်း ကျန်သည့် ပို့ကုန် ကဏ္ဍများ တွင် တိုးမြှင့် တင်ပို့ နိုင်ခဲ့ သဖြင့် မြန်မာ့ ပြည်ပ ပို့ကုန် ကဏ္ဍ တိုးတက် လာခဲ့ ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန သတင်း များအရ သိရသည်။ 

စီးပွားရေး နှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ် ရေးဦး စီးဌာန အနေဖြင့် ပို့ကုန် သုံးဆ တိုးမြှင့် တင်ပို့ နိုင်ရေးကို  အဓိက ဦးတည်ချက် အဖြစ် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည်။ 

ထိုသို့ ပို့ကုန် ကဏ္ဍ တိုးမြှင့် နိုင်မှ သာလျှင် နိုင်ငံတော် ၏စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။ ထို့ကြောင့် ပို့ကုန်  တိုးမြှင့် တင်ပို့ နိုင်ရေး အတွက် ဆောင်ရွက် ခဲ့ရာ ယခု ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထိ ပို့ကုန်  ကဏ္ဍတွင် ပင်လယ် ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်း များမှ အမေရိကန် ဒေါ်လာ သန်း ၆ဝဝဝ ကျော်ဖိုး နှင့် နယ်စပ် ကုန်သွယ် ရေးလမ်းကြောင်း များမှ အမေရိကန် ဒေါ်လာ သန်း ၄ဝဝဝ ကျော်ဖိုး တင်ပို့ နိုင်ခဲ့သည်။  

အဆိုပါ တင်ပို့ မှုမှာ ယခင် ဘဏ္ဍာနှစ်ကထက် သဘာဝ ဓာတ်ငွေ့ တင်ပို့ မှုမှ အမေရိကန် ဒေါ်လာ ၁ဒသမ ၂ ဘလီယံဖိုး ခန့် လျော့နည်း တင်ပို့ ခဲ့ရ သော်လည်း အခြားသော ပြည်ပ ပို့ကုန်များမှ ပို့ကုန် ရငွေမှာ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ခန့် ပိုမို ရရှိလာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

မြန့်မာ့ကော်ဖီကို ကမ္ဘာက ကြိုက်နှသ်သက် လျက်ရှိပြီး နှစ်စဉ် တန်ထောင်ချီ တင်ပို့နေရ



ပြင်ဦးလွင် ၊ ၉-၃-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန ကော်ဖီရာသီ ဌာနခွဲ ကော်ဖီ နည်းပညာ ဖွံ့ဖြိုးရေး ခြံ ပြင်ဦးလွင်မြို့ ပွေးတောင်ရွာ တွင် ကော်ဖီ ကိုင်းဖြတ် ပြုပြင်ခြင်း နှင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့ အကျင့်များ (GAP) တောင်သူ ပညာပေး ကွင်းလက်တွေ့ သရုပ်ပြ ပွဲကို ယနေ့ နံနက်က ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။

လက်တွေ့ကွင်း သရုပ်ပြပွဲ သို့ ပြင်ဦးလွင်မြို့ နယ် အတွင်းရှိ ကော်ဖီစိုက် တောင်သူများ ဖြစ်ကြသော ညောင်နီ၊ ကန်တော်ကြီး၊ ရေချမ်းအိုး၊ အနီးစခန်း၊ ပွေးတောင်၊ လက်ပံကုန်း၊ သရက်ပင်၊ နမ့် ကပ်ရွာတို့ မှ ကျေးရွာသူ၊ ကျေးရွာသား ဦးရေ ၁၅ဝ ခန့် တက်ရောက် ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း နှင့် ပြင်ဦးလွင် ခရိုင် စိုက်ပျိုးရေး ဦးစီး ဌာန ဦးစီးမှူး တို့ တက်ရောက် အမှာစကား ပြောကြား ခဲ့ကြကြောင်း သိရသည်။ 

အခမ်း အနားတွင် ပွေးတောင် ကော်ဖီခြံ တာဝန်ခံနှင့် ဝန်ထမ်းများက ကော်ဖီပင် ကိုင်းဖြတ် ပြုပြင်ခြင်း နှင့် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) အကြောင်း ဆွေးနွေး ပြောကြား ကြ ပြီး စိုက်ပျိုးရေး ဦးစီး ဌာနမှ ဝန်ထမ်း များက မြေသြဇာ ဥပဒေ၊ ပိုးသတ်ဆေး ဥပဒေ၊ မျိုးစေ့ ဥပဒေများ အကြောင်းကို ရှင်းလင်း ပြောကြား ကြကာ တောင်သူ ပညာပေး လက်တွေ့ ကွင်း သရုပ် ပြသခဲ့သည်။ 

မြန်မာ နိုင်ငံတွင် ကော်ဖီကို ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ ၊သံတောင်၊ လိပ်သို၊ မိုးကုတ်၊ ချင်းပြည်နယ် အစ ရှိသည့် ဒေသ တို့တွင် စိုက်ပျိုးလျက် ရှိပြီး မြန်မာ့ ကော်ဖီကို ကမ္ဘာက  ကြိုက်နှစ်သက် လျက် နှစ်စဉ် တန် ထောင်ချီ၍ တင်ပို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ်က အမေ ရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် ကော်ဖီပြပွဲ သို့လည်း ကော်ဖီစိုက် ပျိုးထုတ် လုပ်သည့် ကမ္ဘာ့ နိုင်ငံများ နှင့်ရင်ပေါင် တန်းလျက် မြန်မာနိုင်ငံမှ ဝင်ရောက် ပြသခဲ့ရာ ကမ္ဘာ့ အမှတ်ပေး ဇယား အဆင့်တွင် မြန်မာ့ကော်ဖီက အမှတ်(၈ဝ)အထက်တွင် ရပ်တည် ခဲ့ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)
Related Posts Plugin for WordPress, Blogger...