Social Icons

Pages

Showing posts with label နေပြည်တော်သတင်း. Show all posts
Showing posts with label နေပြည်တော်သတင်း. Show all posts

Monday, September 17, 2018

ရေအားလျှပ်စစ်ထုတ်လုပ်နေသည့် ရေလှောင်တမံခြောက်ခုကို ကြံ့ခိုင်မှုစောင့်ကြည့်စစ်ဆေး လျက်ရှိ



နေပြည်တော် ၁၇-၉-၂၀၁၈

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်ထည် ဖော်ရေးဦးစီးဌာနက တာဝန်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ် ထုတ်လုပ်နေသော ရေလှောင်တမံ ခြောက်ခု ကြံ့ခိုင်မှုအတွက် စောင့်ကြည့်စစ်ဆေး မှုများကို နေ့၊ ည တာဝန်များချထား ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနအောက်ရှိ ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိသည့် ရေလှောင်တမံ ခြောက်ခုကို တမံတစ်ခုချင်းစီအတွက် နှစ်စဉ် မိုးရာသီရေဘေး ကာကွယ်ရေး စီမံချက်များရေးဆွဲ၍ စီမံချက်ပါအတိုင်း အနီးကပ်စောင့်ကြပ်စစ်ဆေးခြင်း၊ ကျောက်ကြီး၊ သဲအိတ်၊ မျော စသည့်ရေဘေး ကာကွယ်ရေးပစ္စည်းများ ကြိုတင်စုဆောင်းထားခြင်း၊ မိုးရေချိန်နှင့် တမံအတွင်း ရေဝင်ရောက်မှု အခြေအနေ ပုံမှန်တိုင်းတာခြင်း၊ တမံရေမှတ်တိုင်း တာခြင်းများကို နေ့စဉ်ခြောက်နာရီခြား တိုင်းတာစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

"ကွန်ကရစ်တမံ RCC (Roller Complete Concrete) ဖြစ်တဲ့ရဲရွာနဲ့ အထက်ပေါင်းလောင်း တမံတွေမှာ စောင့်ကြည့်ကိရိယာ (Dam Monitoring Instrument) တွေနဲ့ တမံကိုယ်ထည် တိမ်းစောင်းမှုတွေ၊ တမံအုတ်မြစ်မှာရှိတဲ့ကျောက်သား တည်ငြိမ်မှုတွေ၊ တမံအတွင်း ဆွဲအားခံနိုင်မှု သိရှိနိုင်ဖို့တွေ၊ တမံကိုယ်ထည်အတွင်း ရေစိမ့်ပမာဏ သိရှိနိုင်ဖို့၊ တမံအတွင်း ဖိအားခံနိုင်မှု၊ ရွေ့လျားမှု အစရှိတဲ့ အခြေအနေတွေကို နေ့စဉ်၊အပတ်စဉ်၊ လစဉ်တိုင်း တာစောင့် ကြည့်နေပါတယ်"ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ စီမံကိန်းနှင့်လုပ်ငန်း ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြသူရက ပြောပြသည်။

အဆိုပါ ရေအားလျှပ်စစ် ထုတ်လုပ်နေသည့် ရေလှောင်တ မံခြောက်ခုမှာ မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် ခရိုင်အတွင်းရှိ ရဲရွာရေလှောင်တမံ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ အထက်ပေါင်းလောင်း ရေလှောင်တမံ၊ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ရှိ ကွန်းချောင်းရေ လှောင်တမံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲရေလှောင်တမံ၊ ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်ရှိရွှေကျင် ရေလှောင်တမံနှင့်ပဲ ခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဇောင်းတူ ရေလှောင်တမံတို့ ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, July 17, 2018

Mini Budget ကာလတွင် ကုန်သွယ်မှုပမာဏ လျာထားချက်ထက် ကျော်လွန်



နေပြည်တော် ၁၇-၇-၂ဝ၁၈

ယခုနှစ် Mini Budget ကာလ၏ ပထမသုံးလ တာကာလအတွင်း ကုန်သွယ်မှု ပမာဏလျာထားချက် ထက်ပြည့်မီကျော် လွန်အောင်ဆောင်ရွက် နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် စီးပွားရေးမူဝါဒ ၁၂ ရပ်ကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံ စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးအတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍတို့ကိုချိန်ခွင် လျှာညီမျှသည့် စီးပွားရေးပုံစံများဖြင့် ဖော်ထုတ်ဆောင်ရွက် လျက်ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် လည်းအဆိုပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ခံစားရရှိနိုင်မည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေး အတွက် ကဏ္ဍအလိုက်ထိရောက် ကောင်းမွန်သည့် စီမံကိန်းများရေး ဆွဲအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်မှုများအရ မြန်မာ့ကုန်သွယ်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂ဘီလီယံကျော်ဆောင် ရွက်နိုင်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၃၂ ဘီလီယံကျော်ထိ စံချိန်တင် တိုးတက်ဆောင်ရွက် နိုင်ခဲ့သည်။ ယခုနှစ် Mini Budget ကာလ၏ဧပြီ၊ မေနှင့် ဇွန်လ၊ ပထမသုံးလတာကာလအတွင်း ကုန်သွယ်မှု ပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံထိ ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှု ပမာဏလျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် Mini Budget ကာလအတွင်း ကုန်သွယ်မှု ပမာဏတန်ဖိုးကို အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံသတ်မှတ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့ သတ်မှတ်ဆောင်ရွက်ရာတွင် ပထမသုံးလတာ ကာလဖြစ်သော ဧပြီ၊ မေ၊ ဇွန်လတို့တွင် ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရရှိရန် လျာထားဆောင်ရွက်ခဲ့ရာ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Friday, June 29, 2018

(၃၂) ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ပထမနေ့ကျင်းပ


မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Lt. Gen. Vijak Siribunsop တို့ အစည်းအဝေးတက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၂၉-၆-၂ဝ၁၈

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် (၃၂) ကြိမ်မြောက်မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြား ကော်မတီ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ Strand Hotel ၌ကျင်းပရာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen.Vijak Siribunsop နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ထိုင်းကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Lt. Gen.Vijak Siribunsop တို့က အမှာစကား အသီးသီး ပြောကြားပြီး နှစ်နိုင်ငံ အဖွဲ့ဝင်များက အပြန်အ လှန်မိတ်ဆက် ကြသည်။

ထို့နောက် နှစ်နိုင်ငံ အဖွဲ့ခေါင်းဆောင်များသည် တက်ရောက်လာကြ သူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယင်းနောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ် ခြားကော်မတီ အတွင်းရေးမှူး အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပ ရာမြန်မာကိုယ်စား လှယ်အဖွဲ့အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးချုပ် ခိုင်လင်း၊ ထိုင်းကိုယ်စားလှယ် အဖွဲ့အတွင်း ရေးမှူး Maj. Gen. Songtham Sittipong နှင့် မြန်မာ-ထိုင်း နယ်ခြားကော်မတီ အဖွဲ့ဝင်များက (၃၁) ကြိမ်မြောက် မြန်မာထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး မှတ်တမ်းအား ပြန်လည် သုံးသပ်ခြင်း၊ ယုံကြည်မှု တည်ဆောက်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအား ပူးပေါင်းနှိမ်နင်းခြင်း ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ် ဆိုင်ရာကိစ္စရပ်များနှင့် အခြားကိစ္စရပ်များအား ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ညနေပိုင်းတွင် အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, June 18, 2018

ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်သက်တမ်းတိုးရန် ပျက်ကွက်သော ရေယာဉ်များကို ရေယာဉ်စာရင်းမှ ပယ်ဖျက်မည်



နေပြည်တော် ၁၈-၆-၂ဝ၁၈

ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်သက်တမ်းတိုးရန် တစ်နှစ်နှင့် အထက်ပျက်ကွက်သည့် ရေယာဉ်များကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရေယာဉ်စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီး ဌာနအနေဖြင့် ပြည်တွင်းသွား ရေယာဉ်များ အန္တရာယ်ကင်းရှင်း စေရေးအတွက် လိုအပ်သည့် စစ်ဆေးမှု ဆောင်ရွက်ကာသတ်မှတ် စည်းကမ်း၊ စည်းမျဉ်းများနှင့် ပြည့်စုံကိုက်ညီသည့် ရေယာဉ်များကို ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်များ ထုတ်ပေးလျက်ရှိရာ အဆိုပါ လက်မှတ်များကို သတ်မှတ်သက်တမ်း ကုန်ဆုံးပါကထပ်မံ၍ သက်တမ်းတိုးလျှောက်ထားကြရမည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းသွား ရေယာဉ်များ အနေဖြင့် ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်း လက်မှတ်များ ရရှိပြီးပါက လက်မှတ်သက်တမ်း မကျော်လွန်မီ သတ်မှတ်ကာလအတွင်း အချိန်မီသက်တမ်းတိုး ဆောင်ရွက်ကြရမည် ဖြစ်သော်လည်း အချို့သော ရေယာဉ်ပိုင်ရှင်များက ဆောင်ရွက်ခြင်း မပြုကြသောကြောင့် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စစ် ဆေးခံရေယာဉ် စာရင်းမှပယ် ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရေယာဉ်များကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏ စစ်ဆေးခံရေယာဉ်စာရင်းမှ ပယ်ဖျက်ပြီးပါက ရေယာဉ် မှတ်ပုံတင် စာရင်းမှလည်း တစ်ပါတည်း ပယ်ဖျက်ပြီး ဖြစ်သောကြောင့် ရေယာဉ်ပိုင်ရှင်များ အနေဖြင့် မိမိတို့၏ ရေယာဉ်အတွက် ရေယာဉ် အန္တရာယ်ကင်းရှင်းကြောင်း လက်မှတ်သက်တမ်း မကျော်လွန်မီ သတ်မှတ်ကာလအတွင်း အချိန်မီသက်တမ်း တိုးဆောင်ရွက်ကြရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, June 6, 2018

အင်းဝဘဏ် လီမိတက် နေပြည်တော် (ဥတ္တရသီရိ) ဘဏ်ခွဲ ဖွင့်လှစ်




နေပြည်တော် ၆-၆-၂ဝ၁၈

အင်းဝဘဏ် လီမိတက် နေပြည်တော် (ဥတ္တရသီရိ) ဘဏ်ခွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဘဏ်ခွဲတွင် ပြုလုပ်ရာ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်ဆွေ၊ အင်းဝဘဏ်လီမိတက် အုပ်ချုပ်မှု ဒါရိုက်တာ ဦးအောင်ငွေဦးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူး၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြားရေး မှူးနှင့်အင်းဝဘဏ် လီမိတက်အုပ်ချုပ်မှု ဒါရိုက်တာတို့က ဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ စစ်ထောက်ချုပ်က အင်းဝဘဏ်လီမိတက် နေပြည်တော် (ဥတ္တရသီရိ) ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာကြသူ များနှင့်အတူ ဘဏ်အတွင်းသို့ လှည့်လည်ကြည့်ရှု ကြသည်။

ယနေ့ဖွင့်လှစ်သော အင်းဝဘဏ် လီမိတက် နေပြည်တော် (ဥတ္တရသီရိ) ဘဏ်ခွဲသည် အင်းဝဘဏ် လီမိတက်၏ ဘဏ်ခွဲ ၅ဝ မြောက် ဘဏ်ခွဲဖြစ်ပြီး ဥတ္တရသီရိမြို့ အကွက်အမှတ် (၃) ဇဝနသိဒ္ဓိရပ်ကွက် ကျိုင်းတုံလမ်းနှင့် ပဲခူးလမ်းထောင့်တွင်တည်ရှိကာ အပ်ငွေများ လက်ခံခြင်း၊ ငွေစုဘဏ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများ ထုတ်ချေးပေးခြင်း၊ ငွေပေးအမိန့်လွှာ (Payment Order) များထုတ်ပေးခြင်း၊ ဘဏ်အာမခံ (Bank Guarantee) အမျိုးမျိုး ထုတ်ပေးခြင်း၊ Debit Card များ ထုတ်ပေးခြင်းစသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံတစ်ဝန်းရှိ ပြည်သူများအကြားငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အဆင်ပြေလွယ်ကူ ချောမွေ့စွာ လည်ပတ်နိုင်ရန် ဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အင်းဝဘဏ် လီမိတက်အနေဖြင့် ပြည်တွင်း ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများအပြင် ငွေစုဘဏ်အပ်ငွေအပေါ် အတိုးနှုန်း ကိုးရာခိုင်နှုန်းနှင့် စာရင်းသေ အပ်ငွေအပေါ် ငွေစုဆောင်းသူတို့၏ သဘောဆန္ဒ အလျောက်စုဆောင်းသည့် အချိန်ကာလ အပိုင်းအခြား အပေါ်မူတည်၍ ၁ဝ ရာခိုင်နှုန်းထိ အတိုးနှုန်း ပေးအပ်လျက်ရှိပြီး စီးပွားရေးလုပ်ငန်း မတည်ရင်းနှီးလုပ်ကိုင် လိုသူများအတွက်လည်း ငွေအရင်းအနှီးများ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်း ရရှိသည်။

#Themyawadydaily

Tuesday, June 5, 2018

ပြည်တွင်းဆေးဝါး စက်ရုံများမှ ဆေးဝါးများကို ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချ ပေးနေ



နေပြည်တော် ၅-၆-၂ဝ၁၈

ပြည်တွင်းဆေးဝါး စက်ရုံများမှကို ပြည်တွင်းဆေးဝါး လိုအပ်ချက်၏ ၂ဝ ရာခိုင်နှုန်းထိ ဖြည့်ဆည်း ထုတ်လုပ် လာနိုင်သည့်အပြင် ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချ ပေးနေပြီဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးစက်ရုံများ ဖြစ်သည့် ဆေးဝါးစက်ရုံ (အင်းစိန်)၊ ဆေးဝါးစက်ရုံ (အင်ရောင်း)နှင့် ဆေးဝါးစက်ရုံခွဲ (ရွာသာကြီး) ဆေးဝါးစက်ရုံတို့မှ ဘီပီအိုင်ဆေးဝါး ထုတ်လုပ်နိုင်မှုမှာ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ်ဘီလီယံ ၅ဝ တန်ဖိုးထိ တိုးတက်ထုတ်လုပ် နိုင်ခဲ့၍ ပြည်တွင်း ဆေးဝါးလိုအပ်ချက်၏ ၁၅ရာခိုင်နှုန်းထိ တိုးတက်ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။

စက်မှုဝန်ကြီး ဌာနအနေဖြင့် အများပြည်သူ၏ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေးအတွက် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO)က သတ်မှတ်ထားသည့် GMP Guide Line များနှင့်အညီ ထုတ်လုပ် ဖြန့်ဖြူးပေး နေခြင်းဖြစ်ပြီး အဆိုပါ ထုတ်လုပ်သည့် ဆေးဝါးများကို သိုလှောင် သိမ်းဆည်းရာတွင် အရည်အသွေးထိခိုက်မှု မရှိစေရေးအတွက် ခေတ်မီဆေးဝါး သိုလှောင်ရုံ (Automated Storage and Retrieval System Warehouse) များတည်ဆောက်ကာ သိုလှောင်သိမ်းဆည်း ဖြန့်ဖြူးရောင်းချ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဆေးဝါး စက်ရုံများမှ ထုတ်လုပ်နေသည့် ဆေးဝါးများမှ မြွေဆိပ်ဖြေဆေးများကို တစ်လုံးလျှင် အမေရိကန် ဒေါ်လာ ၂၂ ဈေးနှုန်းဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ မြွေပွေး အဆိပ်ဖြေဆေး (အေးခဲခြောက်)(Freezedried) အလုံး ၃ဝဝနှင့် လာအိုနိုင်ငံသို့ အလုံး ၂ဝဝ တင်ပို့ ရောင်းချခဲ့ပြီး ဖြစ်သည်။ ယခုအခါ မြန်မာ့ဆေးဝါး စက်ရုံမှ ထုတ်လုပ်နေသည့် ဘီပီအိုင် ဆေးဝါးများကို အယ်လ်ဂျီးရီးယား နိုင်ငံသို့ တင်ပို့ရောင်းချ ပေးရန် စီစဉ်ဆောင်ရွက် နေကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

Friday, June 1, 2018

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



နေပြည်တော် ၁-၆-၂ဝ၁၈

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ် ကြီး H.E.Mr. Hong Liang အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ တာဝန်ရှိသူတို့ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့်အတူ စစ်သံမှူး Senior Colonel Xiong Shaowei နှင့်တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး နှင့် ဘက်စုံမဟာဗျူဟာမိတ်ဖက် ဆက်ဆံရေး အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်လိုက်ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန် လည်ပတ် ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ ထွက်ပြေး တိမ်းရှောင်ဘင်္ဂါလီများ ပြန်လည်လက်ခံရေး ဆိုင်ရာအခြေအနေ၊ ရခိုင်ပြည်နယ်လူမှုစီးပွားပြန်လည်ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စရပ်တို့တွင် တရုတ်နိုင်ငံက ကူညီထောက်ပံ့ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ စီးပွားရေးစင်္ကြံစီမံကိန်း ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား မဟာဗျူဟာဆွေးနွေးပွဲ ဆက်လက်ကျင်းပရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန တို့ပူးပေါင်း၍ 2 Plus 2 အစည်းအဝေးကျင်းပရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ဆေးပညာရပ် ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးနှင့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များ အပြန်အလှန်စေလွှတ်၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စစ်ဘက်ဆိုင်ရာ သင်တန်းသားကိစ္စရပ်များနှင့် စစ်ဘက်ဆိုင်ရာ စက်မှုလက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်စေရေးအတွက် ယဉ်ကျေးမှုအနုပညာအဖွဲ့များ အပြန်အလှန် စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနှင့် အကြမ်း ဖက်နှိမ်နင်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang အားလက်ခံတွေ့ဆုံစဉ်။

#Themyawadydaily

Wednesday, May 30, 2018

ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း တစ်သိန်းခန့်ထိ ဖန်တီးပေးနိုင်မည့် ကိုရီးယားဖက်စပ် စက်မှုဇုန်စီမံကိန်း ငါးနှစ်အတွင်း အပြီးတည်ဆောက် သွားမည်



နေပြည်တော် ၃ဝ-၅-၂ဝ၁၈

ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်း ငါးသောင်းမှ တစ်သိန်းခန့်ထိ ဖန်တီးပေးနိုင်မည့် ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သည့် Korea Myanmar Industrial Complex (KMIC) စက်မှုဇုန် စီမံကိန်းကို ငါးနှစ်အတွင်း တည်ဆောက်ရေး လုပ်ငန်းများအပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါစက်မှုဇုန် စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၅မိုင် ၆ဖာလုံ၏ အနောက်ဘက် ညောင်နှစ်ပင်ရွာ အနီးတွင် စီမံကိန်း မြေဧရိယာ ၅၅၅ဧကခန့်ပေါ်၌ အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး ယခု ၂ဝ၁၈ ခုနှစ်မှစတင်၍ ၂ဝ၂၃ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ အပြီးဆောင်ရွက်သွားမည် ဖြစ်သည်။

၎င်းစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ ကိုယ်စား အစိုးရလက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Corean Land and Housing Cooperation (LH) နှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်၍  Corean Land and Housing Cooperation (LH) ဘက်မှ ၆ဝ ရာခိုင်နှုန်း၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၄ဝ ရာခိုင်နှုန်းဖြင့် အချိုးကျပါဝင် ရင်းနှီးမြှုပ်နှံကာ ဆောင်ရွက် မည့်စီမံကိန်း ဖြစ်သည်။

"ပြည်တွင်းအပြင် ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူ တွေကိုပါ ဖိတ်ခေါ်သွားမှာပါ။ ဒါပေမဲ့ ကိုရီးယားနဲ့ နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းဆောင်ရွက်တဲ့ စီမံကိန်းဖြစ်တော့ ကိုရီးယားကုမ္ပဏီ တွေကတော့ အဓိကရင်းနှီး မြှုပ်နှံမှာပါ။ဒီစက်မှုဇုန် စီမံကိန်းက ရင်းနှီးမြှုပ်နှံမှု တန်ဖိုးအနေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၁၁ဝ လောက် ကုန်ကျမယ်လို့ တွက်ချက် ထားပါတယ်"ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်ဦးက ပြောပြသည်။

စီမံကိန်း၏ မြေအသုံးချမှုပုံစံတွင် အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှု လုပ်ငန်းများသာမက One Stop Service အလုပ်သမား သင်တန်းကျောင်းနှင့် ဝန်ထမ်းအိမ်ရာ၊ ပန်းခြံနှင့်ရေဆိုး သန့်စင်စက်ရုံ၊ စီမံခန့်ခွဲရေးရုံးနှင့် အခြားသော စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုဇုန်များ ပါဝင်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို ၂ဝ၁၅ ခုနှစ်၌ နားလည်မှု စာချွန်လွှာ သြ့ချုပ်ဆိုခဲ့ပြီး ၂ဝ၁၇ခုနှစ်တွင် သဘောတူစာချုပ် MoU ချုပ်ဆိုခဲ့ကာ တည်ဆောက်ရေး ကာလကို ၂ဝ၁၈ ခုနှစ်မှ  ၂ဝ၂၃ ခုနှစ်ထိ ငါးနှစ်တာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

#Themyawadydaily

Friday, May 18, 2018

ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းစေတီပုထိုးများမှ ၃၀၈ဆူ ပြုပြင်ပြီးစီး ကျန်ရှိစေတီများကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးပြုပြင်ဆောင်ရွက်မည်



နေပြည်တော် ၁၈-၅-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းစေတီ ပုထိုးများမှ စေတီဘုရား ၃ဝ၈ဆူ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးသွားခဲ့ ပြီဖြစ်ပြီး ဆောင်ရွက်ဆဲ ၂၆ဆူနှင့် ဆောင်ရွက်ရန် ၅၅ ဆူကျန်ရှိသဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

၂ဝ၁၆ခုနှစ် သြဂုတ် ၂၄ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေဒေသရှိ ရှေးဟောင်း အဆောက်အအုံ ၃၈၉ဆူ ထိခိုက်ပျက်စီး သွားခဲ့သည်။ အဆိုပါ ထိခိုက်ပျက်စီးသွားခဲ့သည့် စေတီပုထိုးများကိုရှေးမူမပျက် ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရေး အတွက် ဦးစားပေးအဆင့်များ ခွဲခြားသတ်မှတ်ကာ ပြန်လည်ပြုပြင် ခဲ့သည်။

ထို့သို့ ဦးစားပေး အဆင့်သတ်မှတ် ပြုပြင်ဆောင်ရွက် ရာတွင် ပထမဦးစားပေး ၃၆ ဆူ၊ ဒုတိယ ဦးစားပေး ၅၃ ဆူနှင့် တတိယဦးစားပေး အဆူ ၃ဝဝ မှ ၇၆ဆူကို ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တတိယဦးစားပေး အဆူ ၃ဝဝမှ၂၂၄ဆူကို တစ်ဦးချင်း အလှူရှင်များ ဖိတ်ခေါ်ပြုပြင် ဆောင်ရွက်ခဲ့သည်။

အဆိုပါငလျင်ဒဏ်သင့် စေတီပုထိုးများကို ဦးစားပေးအဆင့်အလိုက် ပြန်လည်ပြင်ဆင် ဆောင်ရွက်ရာတွင် သာသာနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ မေ ၁ဝ ရက်ထုတ်ပြန် ချက်များအရ ပထမဦးစားပေး ၃၆ ဆူမှ ၁၆ ဆူ ပြန်လည်ပြုပြင်ပြီး ဆောင်ရွက်ဆဲ ၁၃ ဖြစ်သဖြင့် ဆောင်ရွက်ရန် ခုနစ်ဆူ ကျန်ရှိနေကြောင်း သိရသည်။

#Themyawadydaily

Monday, May 14, 2018

သဘာဝဓာတ်ငွေ့ ခိုအောင်းနေမှုများ ကမ်းလွန်လုပ်ကွက်AD-7 တွင်တွေ့ရှိရ၍ ထပ်မံတူးဖော်မှုများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိ



နေပြည်တော် ၁၄-၅-၂ဝ၁၈

သဘာဝဓာတ်ငွေ့ ခိုအောင်းတည်ရှိ နေမှုများကို ကမ်းလွန်လုပ်ကွက် AD-7 တွင် တွေ့ရှိရ၍ ထပ်မံတူးဖော်မှုများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန သတင်းများအရ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုန်းတွင်းနှင့် ကမ်းလွန်တူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်နှင့်၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း လုပ်ကွက်သစ် ခြောက်ခုနှင့် ဖွံ့ဖြိုးရေးတွင်း ၅၁ တွင်းကို ဖော်ထုတ်နိုင်ခဲ့သည်။

အဆိုပါ ဖော်ထုတ်ဆောင်ရွက် နိုင်မှုများအရ ကုန်းတွင်းနှင့်ကမ်းလွန် လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုများမှာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကုဗပေ ၆၅၂၈ဝ၇ သန်းနှင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကုဗပေ ၆၄၄၇၆၁ သန်းထုတ်လုပ် နိုင်ခဲ့သည်။

ထို့ပြင် လက်ရှိဆောင်ရွက်နေသည့် ရတနာစီမံကိန်းသည် ၂ဝ၂၁ ခုနှစ်တွင် ပြီးဆုံးမည်ဖြစ်ကာ သဘာဝဓာတ်ငွေ့ ထုတ်ယူရရှိမှု များမှာလည်း လျော့နည်းလာတော့မည် ဖြစ်သည်။ ထို့ကြောင့် ကမ်းလွန်လုပ်ကွက် A-6 မှ သဘာဝ ဓာတ်ငွေ့များကို ငါးနှစ်အတွင်း အမြန်ဆုံး ထုတ်ယူအသုံးပြု နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်း ရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက် ရှိသည်။

ကမ်းလွန်လုပ်ကွက်များ အနေဖြင့် ၂ဝ၁၆ခုနှစ်က ရွှေရည်ထွန်း-၁၊ ၂ဝ၁၇ခုနှစ်က ပြည်သစ်-၁နှင့် ပြည်သာယာ-၁ လုပ်ကွက်များကို တူးဖော်နိုင်ခဲ့ပြီး အဆိုပါလုပ်ကွက်များမှ ၂ဝ၂၃ ခုနှစ်တွင် ထုတ်လုပ် အသုံးပြုနိုင်ရန် လျာထား ဆောင်ရွက် လျက်ရှိသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းအနေဖြင့် ကမ်းလွန်လုပ်ကွက် AD-7 ကို စီးပွားရေး လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ၂ဝ၁၆ခုနှစ် ဇန်နဝါရီလတွင် သလင်း-၁(က)၊၂ဝ၁၇ခုနှစ် ဖေဖော်ဝါရီလကသလင်း-၁(ခ)၊မေလတွင်သလင်း-၂ နှင့် သြဂုတ်လတွင် ခရမ်းစွဲတွင်းများကို တူးဖော်နိုင်ခဲ့သည်။ ဆက်လက်၍ သဘာဝဓာတ်ငွေ့ ခိုအောင်းတည်ရှိနေမှု များကိုတွေ့ရှိရသဖြင့် ထပ်မံတူးဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, May 7, 2018

ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြစ်အတွင်း လေ့လာ


ရေကြောင်းလူငယ် သင်တန်းသား၊သင်တန်းသူများ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်အတွင်း လေ့လာရေးခရီး သွားရောက်စဉ်။

နေပြည်တော် ၇-၅-၂ဝ၁၈

ရန်ကုန်မြို့၌ ဖွင့်လှစ်သင်ကြား လျက်ရှိသော ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) တို့မှ သင်တန်းသား၊ သင်တန်းသူဦးရေ ၈ဝ သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ရေ)မှ စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်အတွင်း လေ့လာရေးခရီးသွား ရောက်ကြသည်။

လေ့လာရေးခရီးစဉ်တွင် သင်တန်းသား၊ သင်တန်းသူများသည် စစ်ရေယာဉ်ရှိ လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာ စနစ်များနှင့် ရေယာဉ်လက်တွေ့ ခုတ်မောင်းနေမှုများကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းလင်း ပြသကြသည်။

အလားတူ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ ထားဝယ်မြို့နှင့် ဟိန်းဇဲဒေသတို့ ရှိရေကြောင်း လူငယ်စခန်းများ တွင်လည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကာ အခြေခံ စစ်ရေးပြဘာသာရပ်၊ ရေတပ်သားဆိုင်ရာ သင်ခန်းစာများ လက်တွေ့သင်ကြားခြင်း၊ ရေယာဉ်ပေါ်တွင် လက်တွေ့ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် လေ့လာရေး ခရီးသွားရောက်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, April 30, 2018

နိုင်ငံ့ဝန်ထမ်းများအား တိုးမြှင့်သတ်မှတ်ပေးသည့် လစာနှုန်းထားများကို ၂ဝ၁၈ ခုနှစ် ဧပြီလမှ စတင်ကာ ခံစားခွင့်ရှိမည်



နေပြည်တော် ၃ဝ-၄-၂ဝ၁၈

နိုင်ငံ့ဝန်ထမ်း လစာနှုန်းထားများကို တိုးမြှင့်သတ်မှတ်ပေးရန် ၂ဝ၁၈ ခုနှစ် ဧပြီ ၂၅ ရက်တွင် ကျင်းပသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့အစည်း အဝေးအမှတ်စဉ် (၇/၂ဝ၁၈) ၌ အတည်ပြု ဆုံးဖြတ်ခဲ့ပြီး တိုးမြှင့် သတ်မှတ်ပေးသည့် လစာနှုန်းထားများကို ၂ဝ၁၈ ခုနှစ် ဧပြီလမှ စတင်ကာခံစားခွင့် ရှိမည်ဖြစ်ကြောင်း ယနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာ စာအမှတ် (၃ဝ/၂ဝ၁၈) ဖြင့် ထုတ်ပြန်သည်။

နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အလေးထား ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော် တည်ဆောက်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် လျက်ရှိသော တပ်မတော် (ကြည်း၊
ရေ၊ လေ) ဝန်ထမ်းများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ရန်၊ ဝန်ထမ်းများ၏ စားဝတ်နေရေးနှင့် လူနေမှု အဆင့်အတန်းကို အထိုက်အလျောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ တိုးမြှင့်သတ်မှတ် ပေးခြင်းဖြစ်ကြောင်း အဆိုပါ အမိန့်ကြော်ငြာစာတွင် ပါရှိသည်။

လက်ရှိလစာနှုန်းမှ တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲသွားသည့်အခါ နှစ်တိုးများကို လက်ရှိလစာနှုန်းအရ နှစ်တိုးကာလများ အတိုင်းဆက်လက် ခံစားခွင့်ပြုမည် ဖြစ်ပြီး တိုးမြှင့်လစာနှုန်းသို့ ပြောင်းလဲမှုကြောင့် နှစ်တိုးကျရောက်သည့် နေ့များပြောင်းလဲ သွားခြင်းမရှိကြောင်း သိရသည်။

အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာ၊ ဌာနအဖွဲ့အစည်းများတွင် ခန့်ထားသည့် ဝန်ထမ်းများ၏ ပုံသေလစာ၊ နေ့စားလုပ်ခ၊ ကျွမ်းကျင်သူများ၏ လစဉ်ထောက်ပံ့ငွေ၊ ပညာရှင်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်သတ်မှတ်ခြင်း တို့နှင့် ပတ်သက်၍ သုံးသပ်တွက်ချက်ကာ သီးခြားထုတ်ပြန်သွားမည် ဖြစ်ပြီး ဒေသစရိတ် ခံစားခွင့်နှင့် ပတ်သက်၍လည်း တိုးမြှင့်သည့် လစာနှုန်းထားနှင့်အညီ ခံစားခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအတွက် သတ်မှတ်ထားသော လစာ၊ စရိတ်နှုန်းထားများနှင့် ခွင့်ပြုပေးနိုင်မည့် အငြိမ်းစားလစာနှင့် ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို ကာကွယ်ရေး ဝန်ကြီးဌာန ကာကွယ်ရေး ကောင်စီသို့တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားတွင် တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားရေး ဝန်ထမ်းများနှင့် အခြားအလားတူ ဝန်ထမ်းများသည် ပြည်ပတွင် တာဝန်ထမ်း ဆောင်နေစဉ်အတွင်း လက်ရှိခံစားနေသော လစာနှုန်းများအတိုင်းသာ နိုင်ငံခြားသုံးငွေဖြင့် ထုတ်ယူခံစားရန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည့်အခါ ရာထူးအဆင့်နှင့် လျော်ညီစွာ သတ်မှတ်ထားသော လစာနှုန်းသစ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင် နေကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို အောက်ပါ အတိုင်းတိုးမြှင့်သတ်မှတ် ထားကြောင်း သိရသည်။

#Themyawadydaily

Friday, April 27, 2018

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးကို ပုံစံသစ်ဖြင့် ရောင်းချမည်



နေပြည်တော် ၂၇-၄-၂ဝ၁၈

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါးများကို ၁၉၉၁ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သည်။ စံချိန်မီရွှေဒင်္ဂါးများတွင် တစ်ကျပ်သား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါး၏ မျက်နှာပိုင်းဗဟိုတွင် လယ်ထွန်သောပုံ၊ တစ်မတ်သား ရွေဒင်္ဂါး၏ မျက်နှာပိုင်း ဗဟိုတွင် သစ်ဆွဲနေသောဆင်ပုံများ သွန်းလောင်းထားသည်။

ယခုအခါ ပြည်သူများ ဝယ်ယူမှုများပြားသော တစ်မတ်သားရွှေဒင်္ဂါးမှာ လက်ကျန်မရှိတော့သဖြင့် အသစ်သွန်းလောင်းထုတ်ဝေမည် ဖြစ်သည်။ အသစ်သွန်းလောင်းသည့် တစ်မတ် သားရွှေဒင်္ဂါး၏ အချင်းမှာ ၁၈ ဒသမ ဝ မီလီ မီတာ၊ အထူမှာ ၁ ဒသမ ဝ မီလီမီတာရှိသည်။ ဒင်္ဂါး၏မျက်နှာပိုင်းဗဟိုတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ပုံ၏အောက်တွင် Aung San အမည်ပါရှိသည်။

ဒင်္ဂါး၏ အနားပတ်လည်တွင် "Central Bank of Myanmar" ၊ "4.082 gm 999.9 Fine Gold" ဟု အင်္ဂလိပ်စာလုံးဖြင့် ဖော်ပြထားပြီး တခြားတစ်ဖက်မျက်နှာပြင်တွင် ''မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂ဝ၁၈၊ တစ်မတ်သား၊ ၉၉၉.၉ သန့်စင်ရွှေ'' ဟု မြန်မာစာလုံးဖြင့် ဖော်ပြထားသည်။

တစ်မတ်သားရွှေဒင်္ဂါး ဝယ်ယူသည့်အခါ ရွှေဒင်္ဂါးပြားနှင့်အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် သွန်းလောင်းသည့် ဌာနအကြီးအကဲတို့၏ မှန်ကန်ကြောင်း ထောက်ခံချက်များ တစ်ပေါင်း တည်း ပါရှိမည်ဖြစ်သည်။ တစ်မတ်သား ရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်း ဆိုင်များ (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး)တွင် နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နှင့် ကုန်ကျစရိတ် ငွေကျပ် ၁၂၅ဝဝ- ထပ်ပေါင်းသည့် ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်း ရရှိသည်။

#Themyawadydaily

Thursday, April 26, 2018

ရခိုင်ပြည်နယ်အတွင်းမှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့သူများကို ပြန်လည်လက်ခံဆောင်ရွက် ပေးနေမှုများ ဆွေးနွေး



နေပြည်တော် ၂၆-၄-၂ဝ၁၈

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး H.E. Mr. Paul R.Seger ကို ယနေ့ နံနက် ၁၁ နာရီတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု၊  Swiss Agency for Development and Cooperation(SDC) အဖွဲ့မှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းစဉ် များတွင် ပူးပေါင်းဆောင်ရွက် ခဲ့သည့်အခြေအနေများ၊ ရခိုင်ပြည်နယ် အတွင်းမှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာပြောင်းရွှေ့သူများကို ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေမှု၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီဆောင်ရွက် ပေးနေသည့် အခြေအနေများ၊ ဆွစ်ဇာလန်နိုင်ငံက မြန်မာနိုင်ငံအတွက် ၂ဝ၁၉-၂ဝ၂၃ခုနှစ် ငါးနှစ်တာကာလအတွက်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာစီမံကိန်း တစ်ရပ်ကို ရေးဆွဲနေသည့် အခြေအနေများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန နှင့် SDC တို့ပူးပေါင်း၍ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ပညာရေး၊ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး H.E. Mr. Paul R.Seger ကို လက်ခံတွေ့ဆုံစဉ်။

#Themyawadydaily 

Monday, April 23, 2018

အခြေခံပညာ ကျောင်းများ၌ သူငယ်တန်းမှ နဝမတန်းအထိ အောင်စာရင်းထုတ်ပြန်


ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ သူငယ်တန်းမှနဝမတန်းအထိ အောင်စာရင်းများကို ကြည့်ရှုနေကြစဉ်။

နေပြည်တော် ၂၃-၄-၂ဝ၁၈

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းများ၌ သူငယ်တန်းမှ နဝမတန်းအထိ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ ကျောင်းများ၌ ထုတ်ပြန်ကြေညာ လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများလာရောက် ကြည့်ရှုကြကြောင်း သိရသည်။

ထိုသို့ထုတ်ပြန် ကြေညာရာတွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲ ဖြေဆိုရန်စာရင်း ပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၃၉၆ ဦးထဲမှ ဖြေဆိုသူ ၂၃၉၅ ဦးဖြစ်ကာ အောင်မြင်သူ ၂၃၉၅ ဦးဖြစ်သဖြင့် ရာနှုန်းပြည့် အောင်မြင်ခဲ့ကြောင်းနှင့် ဖြေဆိုရန် ပျက်ကွက်သူ အဋ္ဌမတန်းမှ ကျောင်းသူတစ်ဦးမှာ ကျန်းမာရေး အခြေအနေအရ ဝင်ရောက်ဖြေဆို နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အလားတူ အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ဖြေဆိုသူ ၁၁ဝ၈ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ရာနှုန်းပြည့် အောင်မြင်ကြောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း (ကျည်တောင်ကန်) တွင်လည်းဖြေဆိုရန် စာရင်းပေးသွင်းသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၁၃၅ ဦးရှိပြီး ဖြေဆိုသူပေါင်း ၂၁၃၂ ဦးရှိကာ ရာနှုန်းပြည့် အောင်မြင်သည်။

ယခင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်က အခြေခံပညာ ကျောင်းများ၌ အောင်စာရင်းများ ထုတ်ပြန်ရာတွင် အတန်းကူးပြောင်းခွင့် A, B, C အဆင့်သုံးဆင့်ခွဲ၍ ထုတ်ပြန်ခဲ့သော်လည်း ယနေ့ထုတ်ပြန်သည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် အောင်စာရင်း ထုတ်ပြန်ခြင်းဟု ဖော်ပြထားရှိကြောင်းနှင့် A, B, C အဆင့်ခွဲခြား သတ်မှတ်ထားခြင်း မရှိကြောင်း၊ စတုတ္ထတန်း စာမေးပွဲကို သက်ဆိုင်ရာခရိုင် အဆင့်မှ မေးခွန်းထုတ်ပြီး မြို့နယ် အဆင့်တွင် စစ်ဆေးကြောင်း၊ အဋ္ဌမတန်း စာမေးပွဲကို သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်မှ မေးခွန်းထုတ်ကာ မြို့နယ်အဆင့်တွင် စစ်ဆေးခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ် ဒုတိယပညာရေးမှူး ဦးမျိုးဆန်း၏ ပြောပြချက်အရ သိရသည်။

#Themyawadydaily

Thursday, April 12, 2018

ထိုင်းနိုင်ငံ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းစက်ရုံများတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားဦးရေ ၁၄ဝဝဝဝ ကျော်ထိ ရှိနေ



နေပြည်တော် ၁၂-၄-၂ဝ၁၈

ထိုင်းနိုင်ငံ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်း စက်ရုံများတွင် သွားရောက်လုပ်ကိုင် နေကြသည့် မြန်မာရေလုပ်သား ဦးရေ ၁၄ဝဝဝဝ ကျော်ထိ ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခုအခါမြန်မာ နိုင်ငံမှအလုပ်သမား အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှု တိုးတက်များပြား လျက်ရှိသည်။ မြန်မာလုပ်သားများ အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရာတွင် အာဆီယံဒေသ တွင်းနိုင်ငံများနှင့် အာရှဒေသ နိုင်ငံများသို့ အများဆုံး သွားရောက်လုပ်ကိုင် နေကြခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် သွားလာမှု လွယ်ကူသည့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အများဆုံးသွားရောက် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင် ကြရာတွင် စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းအသီးသီးတွင် လုပ်ကိုင်နေကြသကဲ့သို့ ရေလုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ရေထွက်ပစ္စည်း စက်ရုံများတွင် သွားရောက်လုပ်ကိုင်မှုများလည်း ရှိနေသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ရေလုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက် နေကြသည့် မြန်မာရေလုပ်သား ဦးရေလေးသောင်း တစ်ထောင်ကျော် ရှိပြီး ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း များတွင် လုပ်ကိုင်ဆောင်ရွက် နေကြသည့် မြန်မာလုပ်သား ဦးရေ လေးသောင်းကျော်နှင့် ရေထွက်ပစ္စည်း စက်ရုံများတွင် လုပ်ကိုင်ဆောင်ရွက် နေကြသည့် မြန်မာလုပ်သားဦးရေ ခြောက်သောင်းခန့် စုစုပေါင်းထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင် နေကြသည့် မြန်မာရေလုပ်သားဦးရေ တစ်သိန်းလေးသောင်းကျော် ထိရှိနေကြောင်း သိရသည်။

ထို့ကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ ရေလုပ်သားများ စေလွှတ်နိုင်ရန် နှစ်နိုင်ငံမူအားဖြင့် သဘောတူထားပြီး ဖြစ်၍ ရေလုပ်သားများ ထပ်မံစေလွှတ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, April 10, 2018

အိမ်ရှင်နိုင်ငံအဖြစ် မန္တလေးမြို့၌ ကျင်းပခဲ့သည့် 2018 World Wood Day ပန်းပုပြိုင်ပွဲတွင် ဒါးပိန်မြို့နယ် ဒါးပိန်တိုက်နယ် ကျေးရွာမှ ပထမဆုရရှိ



နေပြည်တော် ၁၀-၄-၂ဝ၁၈

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် 2018 World Wood Day အခမ်းအနားတွင် ပြုလုပ်ခဲ့သည့် ပန်းပုပြိုင်ပွဲ၌ ပဲခူးတိုင်းဒေသကြီး ဒါးပိန်မြို့နယ် ဒါးပိန်တိုက်နယ် ကျေးရွာမှ ပန်းပုပညာရှင် ကိုကျော်စွာက ပထမဆုရရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အဆိုပါ ပန်းပုပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ သစ်ထိန်းသိမ်းရေး အဖွဲ့အစည်း (IWCS) နှင့် ကမ္ဘာ့သစ်များနေ့ ဖောင်ဒေးရှင်း (WWDF) အဖွဲ့က စီစဉ်ပေးခြင်းဖြစ်ပြီး မန္တလေးမြို့ခံ ပန်းပုပညာ ရှင်များအပြင် မိတ္ထီလာ၊ မြစ်ကြီးနား၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းမှ ပန်းပုပညာရှင် ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။

"ပြိုင်ပွဲပြုလုပ် ပေးတာက ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းကို ထုတ်ဖော်ပြသ ပေးနိုင်ဖို့နဲ့ မြန်မာ့လက်ရာတွေကို ကမ္ဘာမှာချပြ နိုင်တဲ့အထိ ရည်ရွယ်ပါတယ်။ ဆုရသူတွေကို နိုင်ငံတကာမှာ နှစ်စဉ်ကျင်းပ နေကျဖြစ်တဲ့ World Wood Dayt အခမ်းအနားတွေမှာ ပြုလုပ်တဲ့ ပန်းပုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် နိုင်အောင် လုပ်ဆောင် ပေးသွားပါမယ်။ နောက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယဉ်ကျေးမှုတွေ၊ လက်မှု ပညာရပ်တွေကို ဖလှယ်တဲ့ သဘောလဲ ပါပါတယ်။ အခုလိုလုပ်ဆောင် ပေးတာကြောင့် အရည်အသွေးနဲ့ အရည်အချင်းတွေမြင့် တက်လာမယ်လို့ မျှော်လင့်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရဲမင်းသူက ပြောပြသည်။

World Wood Day အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ဧပြီ ၆ ရက်မှ ၈ရက်အထိ မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး သစ်သည် ဂေဟစနစ်အရ အကျိုးပြုသော Renewable Biomaterial ဖြစ်ကြောင်း မီးမောင်းထိုးပြရန်နှင့် အနာဂတ်ကာလတိုင် ထာဝစဉ် တည်မြဲမှုတွင် အရေးပါကြောင်းကို အသိပညာပေးရန် လူမှုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။

World Wood Day ပန်းပုပြိုင်ပွဲတွင် ပြည်တွင်းမှ ပန်းပုပညာရှင် ၂၆ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ပဲခူးတိုင်းဒေသကြီး ဒါးပိန်မြို့နယ်မှ ကိုကျော်စွာ၊ ဒုတိယဆုကို မန္တလေးမြို့မှ ကိုသန်းနိုင်ထွန်း၊ တတိယဆုကို မန္တလေးမြို့မှ ကိုဇော်ဝင်းအောင်တို့က ရရှိခဲ့ပြီး နှစ်သိမ့်ဆုအဖြစ် ကိုဝေဖြိုး၊ ကိုဇော်လတ်၊ ကိုပြည့်စုံအောင်နှင့် ကိုနေဝင်းအောင်တို့က ရရှိခဲ့ကြသည်။

"အခုပြိုင်ပွဲမှာ ဆုရတဲ့သူတွေကို ပြည်ပပြိုင်ပွဲတွေနဲ့ ခရီးစဉ်တွေကိုပါ ခေါ်သွားပါမယ်။ ပထမဆုရတဲ့ သူကိုတော့ ဥရောပအထိ ခေါ်သွားမှာ ဖြစ်ပါတယ်။ လာမယ့်နှစ် ဥရောပမှာ ကျင်းပမယ့် World Wood Day မှာတက်ရောက်ဖို့ Sponsor ပေးပြီး ဖိတ်ခေါ်သွားပါမယ်။ နောက်ပြီး ဒုတိယနဲ့ တတိယဆုရရှိတဲ့ သူတွေကိုလဲ အနာဂတ်မှာ ပြုလုပ်မယ့် နိုင်ငံခြားပွဲတွေကို ခေါ်သွားမှာပါ"ဟု ဦးရဲမင်းသူက ဆက်လက် ပြောပြသည်။

World Wood Day ကို တန်ဇန်းနီးယားနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂ဝ၁၄ခုနှစ်တွင် တရုတ်နိုင်ငံ၊ ၂ဝ၁၅ခုနှစ်တွင် တူရကီနိုင်ငံ၊ ၂ဝ၁၆ခုနှစ်တွင် နီပေါနိုင်ငံနှင့်  ၂ဝ၁၇ခုနှစ်တွင် အမေရိကန်နိုင်ငံတို့၌ ကျင်းပခဲ့ပြီး ယခုနှစ်အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပန်းပုပညာရှင်များ အပါအဝင် တရုတ်၊ ဂျပန်၊ အမေရိကန်၊ ကမ္ဘောဒီးယား၊ လာအို၊ နီပေါနိုင်ငံတို့မှ ပန်းပုပညာရှင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပန်းပုထုခြင်း၊ ပွတ်လုံးဖော်ခြင်း၊ ပရိဘောဂပြုလုပ်ခြင်းစသည့် သစ်သားဆိုင်ရာ လက်မှုပညာများကို လက်တွေ့ပြုလုပ်ခြင်း၊ သစ်သားဒီဇိုင်းနှင့် Architecture Program များ၊ ရိုးရာလက်မှု ပညာလုပ်ငန်းများ၊ ကလေးငယ်များနှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များ၊ သစ်နှင့်ပြုလုပ်ထားသော အနုပညာ ပစ္စည်းပြပွဲများနှင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်နှင့်ပြုလုပ်သော တူရိယာပစ္စည်းများဖြင့် ဖျော်ဖြေတင်ဆက် မှုများကို မြန်မာ၊ မက္ကဆီကို၊ အိုင်ဗရီကို့စ်နိုင်ငံတို့မှ ဂီတအနုပညာရှင်များ၏ ဖျော်ဖြေမှုများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

World Wood Day ပန်းပုပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆုငွေကျပ် ၁ဝသိန်း၊ ဒုတိယဆုငွေကျပ် ငါးသိန်း၊ တတိယဆုငွေကျပ် သုံးသိန်း ချီးမြှင့်ပေးခဲ့ပြီး နှစ်သိမ့်ဆုရရှိသူများကို အပြည်ပြည်ဆိုင်ရာ သစ်ပင်ထိန်းသိမ်းရေး အဖွဲ့အစည်း (IWCS) မှ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Monday, April 9, 2018

ယခုနှစ် သင်္ကြန်ကာလအတွင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ပြေးဆွဲနေသော ရေယာဉ်ခရီးစဉ်အချို့ ယာယီရပ်နားမည်



နေပြည်တော် ၉-၄-၂ဝ၁၈

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက ပြေးဆွဲပေးနေသော ရေယာဉ် ခရီးစဉ်အချို့ကို ယခုနှစ် မဟာသင်္ကြန် ကာလအတွင်း ယာယီရပ်နား ထားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ သတင်းများအရ သိရသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အနေဖြင့် ယခုနှစ် မဟာသင်္ကြန် ကာလအတွင်းသယ်ယူ ပို့ဆောင်ရေး ဌာနခွဲများမှ ခရီးစဉ်အချို့ကို ယာယီရပ်နားရာတွင် မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ရန်ကုန်-ကျုံမငေးခရီးစဉ်တွင် ဧပြီ ၁၄ရက် ရန်ကုန်မှ ထွက်ခွာမည့် ရန်ကုန်-ကျုံမငေး ခရီးစဉ်သည် သင်္ကြန်အကျနေ့ဖြစ်၍ ပြေးဆွဲခြင်းမပြုဘဲ ယာယီရပ်နားထားမည် ဖြစ်ကြောင်း၊ ရန်ကုန်လပွတ္တာ (အပြင်လမ်း) ခရီးစဉ်မှာ ဧပြီ ၁၃ရက် ရန်ကုန်မှထွက်ခွာမည့် ရက်သည် သင်္ကြန် အကြိုနေ့ဖြစ်၍ ခရီးစဉ်ပြေးဆွဲ ခြင်းမပြုဘဲ ယာယီရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ရန်ကုန်-ဘိုကလေး ခရီးစဉ်တွင် ဧပြီ ၁၄ ရက် ရန်ကုန်မှ ထွက်ခွာမည့် ရက်သည် သင်္ကြန်အကျနေ့ ဖြစ်၍ ခရီးစဉ်ပြေးဆွဲခြင်း မပြုဘဲယာယီ ရပ်နားမည်ဖြစ်ပြီး ရန်ကုန်-လပွတ္တာ (အတွင်းလမ်း) ခရီးစဉ်တွင် ဧပြီ ၁ဝ ရက်နေ့ထွက် ခွာမည့် ခရီးစဉ်သည် ခရီးဆုံးဖြစ်သော လပွတ္တာတွင် ရပ်နားထားပြီး ဧပြီ ၁၈မှ ရန်ကုန်သို့ ပြန်လည် ထွက်ခွာမည်ဖြစ်၍ ဧပြီ ၁၇ရက်နေ့ထွက် ခရီးစဉ်ကို ယာယီရပ်နား ထားရမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီဌာနခွဲ၏ ခရီးစဉ် တစ်ခုဖြစ်သည့် မန္တလေး-ဗန်းမော် (ထူးမြန်) ခရီးစဉ် တွင်မန္တလေးမှဧပြီ ၁၂ ရက်နေ့ ထွက်ခွာမည့် ပြဒါးရှင် ရေယာဉ်သည် ဗန်းမော်မြို့တွင် သင်္ကြန်ကာလအတွင်း ရပ်နားမည် ဖြစ်သည်။ ရခိုင်ဌာနခွဲမှ စစ်တွေဘူး သီးတောင်ခရီးစဉ်ကို ဧပြီ ၁၄ ရက်မှ ၁၇ ရက်ထိရပ်နားထားပြီး စစ်တွေ-ကျောက်ဖြူ ခရီးစဉ်များကို ဧပြီ ၁၃ရက်မှ ၁၇ရက်ထိ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Thursday, April 5, 2018

လေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီး ခဲ့သော သမိုင်းဝင်နေရောင်ပြ အင်းစေတီ၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို အသစ်တင်လှူ ပူဇော်မည်



နေပြည်တော် ၅-၄-၂ဝ၁၈

နေပြည်တော် ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ လေပြင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော သမိုင်းဝင် နေရောင်ပြ အင်းစေတီ၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို အသစ်တင်လှူ ပူဇော်သွားမည် ဖြစ်ကြောင်း နေရောင်ပြ အင်းစေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် မတ် ၃၁ ည ၆နာရီ မိနစ် ၃ဝ ခန့်က တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ စေတီပုထိုးအချို့ ပြိုကျပျက်စီးခြင်းများ၊ ထီးတော်၊ စိန်ဖူးတော်မြေခခြင်းများ ဖြစ်ပေါ်ခဲ့ရာ သမိုင်းဝင် နေရောင်ပြ အင်းစေတီ၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့မှာ မြေခကြွေကျ ခဲ့ရခြင်းဖြစ်ကာ လက်ရှိတွင် ထီးတော်အသစ်ကို သုံးလအတွင်း ပြန်လည်တင်လှူနိုင်ရန် ယခင် ထီးတော် တင်လှူခဲ့သည့် အလှူရှင်များဖြင့် တိုင်ပင်ညှိနှိုင်း လျက်ရှိသည်ဟု နေရောင်ပြအင်း စေတီတော်ဂေါပက အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးလှဝင်းက ပြောပြသည်။

"ထီးတော်တင်ထားတာ လပိုင်းပဲရှိပါသေးတယ်။ သုံးလလောက်ပါ။ မတ် ၃၁ ရက် ညနေပိုင်းက လေရော၊ မိုးရောကျတဲ့အချိန် ထီးတော်ကပြတ်ထွက်ပြီး လေထဲလွင့်သွားတော့ အဲဒီမှာလှူထားတဲ့ ရတနာပစ္စည်းတွေလဲ အကုန်တကွဲတပြား လွင့်စဉ်ကုန်ပါတယ်။ စိန်ဖူးလဲ ကြေမွနေပြီ။ ထီးတော်သစ် ပြန်တင်ဖို့ အလှူရှင်တွေနဲ့ အခုတိုင်ပင်နေကြပါတယ်။ သုံးလအတွင်း ပြန်တင်ဖို့တော့ စီစဉ်ထားပါတယ်"ဟု နေရောင်ပြအင်း စေတီတော်ဂေါပကအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးလှဝင်းက ပြောပြသည်။

ထိုသို့ ထီးတော်တင်လှူ ပြီးသုံးလအတွင်း လေပြင်းကြောင့် ယခုကဲ့သို့ ထီးတော်နှင့် စိန်ဖူးတော် မြေခခဲ့ရခြင်းမှာ ထီးတော်ပြုလုပ်ရာတွင် ခိုင်ခံ့မှုမရှိခြင်း ကြောင့်ဖြစ်သည်ဟု ယူဆထားကြောင်း နေရောင်ပြအင်း စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

#Yadanarpondaily

မီးရထားစက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်)မှ ယခုနှစ် ဇွန်လကုန်တွင် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်မည်



နေပြည်တော် ၅-၄-၂ဝ၁၈

မြန်မာ့မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) တွင် စက်ခေါင်း တပ်ဆင်မှု လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီး ယခုနှစ် ဇွန်လကုန်တွင် စက်ခေါင်းသစ် တစ်ခေါင်းတပ်ဆင် ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊မြန်မာ့မီးရထား၏ သတင်းများအရ သိရသည်။

မြန်မာ့မီးရထားမှ နေပြည်တော်တွင် စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံစီမံကိန်းကို မြေဧရိယာ ၁၈ ဧကတွင် ၂ဝ၁၅ခုနှစ်ဇွန် ၁ရက်က စတင်အကောင်အထည် ဖော်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းလုပ်ငန်းတွင် ပင်မစက်ရုံနှင့် အထောက်အကူပြု အဆောက်အအုံ ၁၄ လုံး ပါဝင်သည်။

ယခုအခါ အဆိုပါ စက်ရုံတည်ဆောက်ရေး လုပ်ငန်းများမှာ ၉၃ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေ ပြီဖြစ်ပြီး ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလ ကုန်ခန့်တွင် စက်ရုံတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးစီး မည်ဖြစ်သည်။

လက်ရှိတွင် စက်ခေါင်းသစ်များ တပ်ဆင်ထုတ်လုပ်ရန် စက်ခေါင်း ၁ဝ ခေါင်းအတွက် လိုအပ်သည့် ပစ္စည်းများ ရောက်ရှိနေပြီဖြစ်ရာ ပြီးခဲ့သည့် မတ် ၂၆ရက်မှ စတင်ကာ စက်ခေါင်းတပ်ဆင် တည်ဆောက်မှု လုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လကုန်တွင် စက်ခေါင်းသစ် တစ်ခေါင်းတပ် ဆင်ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံစီမံကိန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက တစ်နှစ်လျှင် မီးရထားစက်ခေါင်းသစ် ၂ဝ တပ်ဆင်ထုတ်လုပ် သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြန်မာ့မီးရထား အနေဖြင့် မီးရထားကဏ္ဍ အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...