Social Icons

Pages

Monday, April 23, 2018

အခြေခံပညာ ကျောင်းများ၌ သူငယ်တန်းမှ နဝမတန်းအထိ အောင်စာရင်းထုတ်ပြန်


ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ သူငယ်တန်းမှနဝမတန်းအထိ အောင်စာရင်းများကို ကြည့်ရှုနေကြစဉ်။

နေပြည်တော် ၂၃-၄-၂ဝ၁၈

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းများ၌ သူငယ်တန်းမှ နဝမတန်းအထိ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာ ကျောင်းများ၌ ထုတ်ပြန်ကြေညာ လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများလာရောက် ကြည့်ရှုကြကြောင်း သိရသည်။

ထိုသို့ထုတ်ပြန် ကြေညာရာတွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ သူငယ်တန်းမှ နဝမတန်းအထိ စာမေးပွဲ ဖြေဆိုရန်စာရင်း ပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၃၉၆ ဦးထဲမှ ဖြေဆိုသူ ၂၃၉၅ ဦးဖြစ်ကာ အောင်မြင်သူ ၂၃၉၅ ဦးဖြစ်သဖြင့် ရာနှုန်းပြည့် အောင်မြင်ခဲ့ကြောင်းနှင့် ဖြေဆိုရန် ပျက်ကွက်သူ အဋ္ဌမတန်းမှ ကျောင်းသူတစ်ဦးမှာ ကျန်းမာရေး အခြေအနေအရ ဝင်ရောက်ဖြေဆို နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

အလားတူ အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း ဖြေဆိုသူ ၁၁ဝ၈ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ရာနှုန်းပြည့် အောင်မြင်ကြောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း (ကျည်တောင်ကန်) တွင်လည်းဖြေဆိုရန် စာရင်းပေးသွင်းသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၁၃၅ ဦးရှိပြီး ဖြေဆိုသူပေါင်း ၂၁၃၂ ဦးရှိကာ ရာနှုန်းပြည့် အောင်မြင်သည်။

ယခင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်က အခြေခံပညာ ကျောင်းများ၌ အောင်စာရင်းများ ထုတ်ပြန်ရာတွင် အတန်းကူးပြောင်းခွင့် A, B, C အဆင့်သုံးဆင့်ခွဲ၍ ထုတ်ပြန်ခဲ့သော်လည်း ယနေ့ထုတ်ပြန်သည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် အောင်စာရင်း ထုတ်ပြန်ခြင်းဟု ဖော်ပြထားရှိကြောင်းနှင့် A, B, C အဆင့်ခွဲခြား သတ်မှတ်ထားခြင်း မရှိကြောင်း၊ စတုတ္ထတန်း စာမေးပွဲကို သက်ဆိုင်ရာခရိုင် အဆင့်မှ မေးခွန်းထုတ်ပြီး မြို့နယ် အဆင့်တွင် စစ်ဆေးကြောင်း၊ အဋ္ဌမတန်း စာမေးပွဲကို သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့်မှ မေးခွန်းထုတ်ကာ မြို့နယ်အဆင့်တွင် စစ်ဆေးခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ် ဒုတိယပညာရေးမှူး ဦးမျိုးဆန်း၏ ပြောပြချက်အရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...