Social Icons

Pages

Thursday, April 12, 2018

ထိုင်းနိုင်ငံ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်းစက်ရုံများတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားဦးရေ ၁၄ဝဝဝဝ ကျော်ထိ ရှိနေ



နေပြည်တော် ၁၂-၄-၂ဝ၁၈

ထိုင်းနိုင်ငံ ရေလုပ်ငန်း၊ ရေထွက်ပစ္စည်း စက်ရုံများတွင် သွားရောက်လုပ်ကိုင် နေကြသည့် မြန်မာရေလုပ်သား ဦးရေ ၁၄ဝဝဝဝ ကျော်ထိ ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခုအခါမြန်မာ နိုင်ငံမှအလုပ်သမား အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှု တိုးတက်များပြား လျက်ရှိသည်။ မြန်မာလုပ်သားများ အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရာတွင် အာဆီယံဒေသ တွင်းနိုင်ငံများနှင့် အာရှဒေသ နိုင်ငံများသို့ အများဆုံး သွားရောက်လုပ်ကိုင် နေကြခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် သွားလာမှု လွယ်ကူသည့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ အများဆုံးသွားရောက် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင် ကြရာတွင် စက်ရုံ၊ အလုပ်ရုံများနှင့် လုပ်ငန်းအသီးသီးတွင် လုပ်ကိုင်နေကြသကဲ့သို့ ရေလုပ်ငန်းများ၊ ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ရေထွက်ပစ္စည်း စက်ရုံများတွင် သွားရောက်လုပ်ကိုင်မှုများလည်း ရှိနေသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ ရေလုပ်ငန်းများ၌ လုပ်ကိုင်ဆောင်ရွက် နေကြသည့် မြန်မာရေလုပ်သား ဦးရေလေးသောင်း တစ်ထောင်ကျော် ရှိပြီး ရေလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း များတွင် လုပ်ကိုင်ဆောင်ရွက် နေကြသည့် မြန်မာလုပ်သား ဦးရေ လေးသောင်းကျော်နှင့် ရေထွက်ပစ္စည်း စက်ရုံများတွင် လုပ်ကိုင်ဆောင်ရွက် နေကြသည့် မြန်မာလုပ်သားဦးရေ ခြောက်သောင်းခန့် စုစုပေါင်းထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင် နေကြသည့် မြန်မာရေလုပ်သားဦးရေ တစ်သိန်းလေးသောင်းကျော် ထိရှိနေကြောင်း သိရသည်။

ထို့ကြောင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ ရေလုပ်သားများ စေလွှတ်နိုင်ရန် နှစ်နိုင်ငံမူအားဖြင့် သဘောတူထားပြီး ဖြစ်၍ ရေလုပ်သားများ ထပ်မံစေလွှတ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...