Social Icons

Pages

Showing posts with label အသေးစားစက်မှုလက်မှုလုပ်ငန်း. Show all posts
Showing posts with label အသေးစားစက်မှုလက်မှုလုပ်ငန်း. Show all posts

Wednesday, February 13, 2019

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာများ လိုအပ်နေသေး

မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာများ လိုအပ်နေသေး
-
ရန်ကုန် ဖေဖော်ဝါရီ ၁၂ 
-
မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာများ လိုအပ်နေသေးကြောင်း SME Business Institute (SMEBi) CEO ဦးစိုးဟိန်း ထံမှ သိရသည်။ SMEBi သည်စက်မှုဝန်ကြီးဌာန အကူအညီဖြင့် ပြည်တွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာမြို့များအလိုက် လုပ်ငန်းရှင်များကို ဟောပြောပွဲများ၊ သင်တန်းများ၊ နည်းပညာများ လိုက်လံမျှဝေလျက်ရှိရာ နည်းပညာပိုင်းများ ဖြစ်သည့် နိုင်ငံတကာလုပ်ငန်းရှင်များ၏ စီမံခန့်ခွဲမှုနှင့် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်နေသည့် အချက်များတွင် အားနည်း နေသေးကြောင်း သိရသည်။ 
-
''အဓိကက Human Resources ပိုင်းမှာ ဝန်ထမ်းတွေတော့ ရှိတယ်။ ဒါပေမဲ့ နည်းပညာပိုင်း တတ်ကျွမ်းတဲ့ ဝန်ထမ်းတွေ အားနည်းနေသေးတာ တွေ့ရတယ်။ ကျွန်တော်တို့က Human Resources နဲ့ပတ်သက်တဲ့နည်းပညာကို မျှဝေနိုင်ပေမယ့် ဈေးကွက်ကိုထိုးဖောက်ဖို့ အားနည်းနေပါတယ်။ မြေပြင်မှာပဲသွားနေတဲ့အတွက် ဈေးကွက်ပိုင်း အားနည်းတယ်''ဟု ဦးစိုးဟိန်းက ပြောသည်။ လက်ရှိတွင် ဝန်ကြီးဌာန အနေဖြင့်သင်တန်းများ ပို့ချနိုင်ရန် ခန်းမများ စီစဉ်ပေးခြင်းနှင့် နည်းပညာပိုင်းမျှဝေပေးနိုင်သည့် SME လုပ်ငန်းရှင်များကို ဖိတ်ကြားပေးခြင်း များဖြင့် ပံ့ပိုးကူညီ ပေးလျက်ရှိကြောင်း သိရသည်။ 
-
''ဝန်ကြီးဌာနက တတ်နိုင်သလောက် ပံ့ပိုးတယ်။ အဓိကက သင်တန်းတွေ ပို့ချဖို့ ဆိုတာ ခန်းမတွေ လိုအပ်တယ်။ ဟိုတယ်တွေမှာ ငှားရင် ဈေးကြီးတယ်။ ပံ့ပိုးပေးမယ့် သူတွေမရှိရင် မလုပ်ပေးနိုင်ဘူး''ဟုဦးစိုးဟိန်းက ပြောသည်။ 
-
SMEBi သည် ပြီးခဲ့သည့်နှစ်က ကျောက်ဖြူ၊ ပုဂံ၊ ညောင်ဦး၊ ကလေး စသည့် မြို့တို့ရှိ SME လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ခဲ့ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မော်လမြိုင်၊ စစ်ကိုင်းနှင့် ကလေးမြို့တို့၌ ရုံးခန်းများ ဖွင့်လှစ်ကာ သင်တန်းများ သင်ကြားပို့ချ ပေးလျက် ရှိကြောင်း သိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, August 27, 2018

မကွေးတိုင်း ဒေသကြီးအတွင်း အိမ်သုံးရေသန့်စက်ဖြင့် ထုတ်လုပ်ရောင်းချနေသည့် ရေသန့်လုပ်ငန်းများကို အရေးယူဆောင်ရွက်သွားမည်



မကွေး ၂၇-၈-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း အိမ်သုံးရေ သန့်စက်ဖြင့် ထုတ်လုပ် ရောင်းချနေသည့် ရေသန့်လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ တိုင်းဒေသကြီး တာဝန်ခံဒေါက်တာ ပြည့်ထူးထံမှ သိရသည်။

အိမ်သုံးရေသန့်စက်ဖြင့် ထုတ်လုပ်ပြီး ရေသန့်တံဆိပ် ကပ်နှိပ်ကာ ဈေးကွက်အတွင်း ရောင်းချနေခြင်းကို အရေးယူမည်ဖြစ်ပြီး နေအိမ်များနှင့် စားသောက်ဆိုင်များတွင် ဘူးအတွင်းထည့်သွင်း၍ အခမဲ့ဝန်ဆောင်မှု ပေးခြင်းများကို အရေးယူမည် မဟုတ်ကြောင်း သိရသည်။

"အိမ်သုံးရေသန့် စက်ဆိုတာ ရေကိုစစ်ပေးတာ ပဲရှိပါတယ်။ ပိုးကိုမသတ်နိုင်၊ သတ်နိုင်ဆိုတာ သေချာပြောလို့ တော့မရဘူး။ ရေသန့်မဟုတ်ဘဲနဲ့ ရေသန့်လို့ ပြောရောင်းတယ်ဆိုတဲ့ Issue နဲ့ အရေးယူသွား မှာဖြစ်ပါတယ်။ အဲဒီလို အရေးယူတဲ့အခါ မကွေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့အောက်မှာရှိတဲ့ ထုတ်ကုန်လုပ်ငန်း စိတ်ချရေး ကော်မတီဆိုတာ ရှိတယ်။ အဲဒီအဖွဲ့မှာ ကျန်းမာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ ဦးစီးဌာနတွေ၊ စည်ပင် သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနဲ့ လဲပါတယ်။ အဲဒီပူးပေါင်း အဖွဲ့အစည်းအနေနဲ့ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အစည်းအဝေးမှာ တင်ပြတာကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ခွင့်ပြုလိုက်တာပါ"ဟု မကွေးတိုင်းဒေသကြီး စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့တာဝန်ခံ ဒေါက်တာ ပြည့်ထူးက ပြောပြသည်။

တိုင်းဒေသကြီးအတွင်း ရေသန့်ဈေးကွက်၏ ၃ဝရာခိုင်နှုန်းမှာ အိမ်သုံးရေသန့်စက်ဖြင့် ထုတ်လုပ်သည့် ရေသန့်များဖြစ်ကြောင်း သိရသည်။ "ကျွန်တော့်ဆိုင်မှာတော့ ရေသန့်ကုမ္ပဏီ သုံးခု၊ လေးခုလောက်က ရေသန့်ဘူးတွေ မှာယူပြီး ပြန်လည် ရောင်းချပေးပါတယ်။ ရေသန့်စက်ကြီးနဲ့လား၊ အိမ်သုံးရေသန့်စက် နဲ့လားတော့ မသိဘူး။ ရေကုန်ခါနီးဆို ဆိုင်အရောက်လာချ ပေးနေကြတာပါ။ ကျွန်တော်တို့အနေနဲ့ ရေသန့်အစစ်လား၊ အတုလားမသိတော့ လာချပေးတာကို ရေခဲသေတ္တာထဲထည့်ပြီး ပြန်ရောင်းချပေး နေခဲ့တာပါ။ အစားအသောက်တွေကို အခုလို မကြာခဏစစ်ဆေး ဆောင်ရွက်သင့်ပါတယ်"ဟု မကွေးမြို့မှ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

Thursday, August 9, 2018

သဲ၊ ကျောက်စရစ် ခွင့်ပြုကျင်းအရေအတွက်ထက် ပိုမိုထုတ်ယူပါက လိုင်စင်ပိတ်သိမ်းသည်ထိ အရေးယူဆောင်ရွက်မည်



မကွေး ၉-၈-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ဓာတ်သတ္တုလိုင်စင် ရရှိထားသူများ အနေဖြင့် အုတ်၊ သဲ၊ ကျောက်စရစ်၊ ကျောက်ကြီး ထုတ်လုပ်မှုများကို တရားဝင်ခွင့်ပြု ချထားပေးသည့် ကျင်းအရေအတွက်ထက် ပိုမိုထုတ်ယူသည်ကို စိစစ်တွေ့ရှိခဲ့ပါက Black List ရေးသွင်းကာ လိုင်စင်ပိတ်သိမ်းသည်ထိ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးကပြောပြသည်။

မကွေးတိုင်း ဒေသကြီးအတွင်းဓာတ် သတ္တုထုတ်လုပ်ခွင့်နှင့် ပတ်သက်၍ လိုင်စင်သက်တမ်းကို တစ်နှစ်ထက်ပို၍ ခွင့်ပြုထားခြင်း မရှိကြောင်း၊ လိုင်စင်သက်တမ်း ကုန်ဆုံးပါက ခရိုင်အုပ်ချုပ်ရေးမှူးထံ ပြန်လည်အပ်နှံရကြောင်း၊ လုပ်ကွက်တစ်ကွက်လျှင် ငါးဧက၊ တစ်ဧကလျှင် ကျင်း၂ဝဝနှုန်းဖြင့် ငါးဧကလျှင် ကျင်း ၁ဝဝဝသတ်မှတ် ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိစစ်ထောက်ခံချက်ပေး၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေး မှူးထံမှ လုပ်ငန်းလိုင်စင်ခွင့်ပြုချက် ထုတ်ပေးလျက်ရှိသည်။

မြစ်ကျောက်စရစ် ထုတ်လုပ်ခွင့် ရရှိထားသော လုပ်ငန်းရှင်များကို ထုတ်လုပ်ခွင့်နှင့် ပတ်သက်၍ ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများ ပိုမိုတိကျစွာ လုပ်နာဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

''ကျောက်စရစ် ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ပြီး ကမ်းပြိုမှုတွေ၊ ရေကြောင်းပြောင်းလဲမှု ဖြစ်ပေါ်တာတွေ ကြုံတွေ့နေရတဲ့အပေါ် အလေးထား ဂရုပြုရမှာ ဖြစ်ပါတယ်''ဟုတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက ပြောပြသည်။

၂ဝ၁၅ခုနှစ် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများဥပဒေနှင့် နည်းဥပဒေအရ သက်ဆိုင်ရာဒေသအလိုက် ဌာနဆိုင်ရာများ၊ ရပ်မိ၊ရပ်ဖများ၊ လုပ်ငန်းရှင်များ ပါဝင်သော စီမံခန့်ခွဲမှုကော်မတီများဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးတင်နွယ်ဦးထံမှ သိရသည်။

#Themyawadydaily

Monday, July 9, 2018

ပခုက္ကူချည်ထည်များကို ဂျပန်ဈေးကွက်က ကမ်းလှမ်းမှာယူမှုများရှိနေ



ပခုက္ကူ ၉-၇-၂ဝ၁၈

ယခုနှစ် ဇွန်လကုန်က ဂျပန်နိုင်ငံ၌ နှစ်ရက်ကြာ ကျင်းပခဲ့သော မြန်မာပွဲတော်တွင် ပခုက္ကူချည်ထည်များကို ခင်းကျင်းပြသခဲ့ပြီး ပြပွဲလာသူများ၏ နှစ်ခြိုက်တန်ဖိုးထားမှုများ ရရှိခဲ့ကာ ဂျပန်ဈေးကွက်တွင် တစ်ဆင့်ပြန်လည်ရောင်းချလိုသူများက ကမ်းလှမ်းမှာယူ မှုများရှိနေကြောင်း ပခုက္ကူမြို့ ဂဠုန်မင်းညီနောင် ချည်ထည်လုပ်ငန်းမှ သိရသည်။

"ပြခန်းကို စိတ်ဝင်တစား လာကြည့်ကြပါတယ်။ ချည်ထည်တွေလဲ ရောင်းခဲ့ရပါတယ်။ အော်ဒါတွေလဲ အများကြီးလက်ခံ ရရှိခဲ့ပါတယ်။ ဂျပန်လုပ်ငန်းရှင် သုံးယောက်ကအမြဲတမ်း ပို့ပေးဖို့ကမ်းလှမ်းပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကတော်မဒမ် အာခိအဲအာဘေး လာကြည့်ပါတယ်။ တအား ကြိုက်တယ်လို့လဲ ပြောပါတယ်။ သူကိုယ်တိုင်လဲ ဝယ်သွားပါတယ်။ ပြန်ပြီး ရောင်းချလိုသူတွေက မြန်မာနိုင်ငံ ပြန်တဲ့အခါမှာ လေဆိပ်ထိလိုက်ပြီး ကမ်းလှမ်း တာတွေရှိခဲ့ပါတယ်" ဟု ပခုက္ကူမြို့ ဂဠုန်မင်းညီနောင် ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဒေါ်နီလာက ပြောပြသည်။

မြန်မာနိုင်ငံ ဈေးကွက်နှင့် ယှဉ်ကြည့်လျှင် နှစ်ဆခန့် ဈေးပိုရသည့် အခြေအနေရှိနေပြီး လုံချည်ချုပ်ပြီး ပတ်ထဘီများ၊ ကူရှင်ကာဗာ၊ အိတ်နှင့် စားပွဲခင်းအတွက် ချည်ထည် အလွတ်များကို ဂျပန်ဈေးကွက်က ဝယ်ယူကြကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

"SME ရှုထောင့်ကနေ ပြောမယ်ဆိုရင် SME လုပ်ငန်းသမားတွေ ဈေးကွက်ရပြီး ဖွံ့ဖြိုးတိုးတက် လာတဲ့အတွက် Supply Change တစ်လျှောက် ဖွံ့ဖြိုးလာမှာပါ။ ဥပမာ-ချည်ထည်လုပ်ငန်း မှာသူတို့ ဒေသကဝါစိုက်ပျိုးသူတွေ၊ ချည်မျှင်ထုတ်လုပ်တဲ့သူတွေ၊ အလုပ်သမားတွေ အားလုံးပါ"ဟု မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သိန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

Monday, May 14, 2018

မန္တလေး စက်မှုဇုန်ရှိ အသေးစားစက်မှု လုပ်ငန်းအချို့ ချေးငွေမရရှိပါက ပြိုလဲသွားနိုင်ဟုဆို



မန္တလေး ၁၄-၅-၂ဝ၁၈

အသေးစား စက်မှုလက်မှု (SME) လုပ်ငန်းလုပ်ကိုင် နေသူများတွင် အခက်အခဲ အမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်မှုများ တဖြည်းဖြည်း ကျဆင်းလာပြီး ချေးငွေမရရှိပါက ပြိုလဲသွားနိုင်ကြောင်း မန္တလေး စက်မှုဇုန်(၂)ရှိ အသေးစားစက်မှု လုပ်ငန်းရှင်ကိုဝင်းထွန်းက ပြောပြ၍ သိရသည်။

မန္တလေးစိန်ပန်းရပ်မှ အသေးစား စက်မှုလက်မှု လုပ်ငန်းများမှာ ၁၉၉၉ ခုနှစ်ခန့်တွင် စက်မှုဇုန် (၂) သို့ ပြောင်းရွှေ လုပ်ကိုင်ခဲ့ကြောင်း၊ ၂ဝဝ၆ခုနှစ်ခန့်ထိ လုပ်ငန်းများ ကောင်းမွန်လျက်ရှိပြီး ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်းတွင် လုပ်ငန်းလည်ပတ်မှုများ တဖြည်းဖြည်း ကျဆင်းလာကြောင်း၊ လက်ရှိအခြေအနေတွင် ချေးငွေရရှိမည်ဆိုပါက လုပ်ငန်းအခက်အခဲ အချို့ကိုဖြေရှင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

"လုပ်ငန်းက အရင်နဲ့စာရင်ကျလာတော့ အလုပ်သမားခရှင်းဖို့နဲ့ မိသားစုရပ်တည်ဖို့ အခြေအနေ ခက်ခဲနေကြတယ်။ မိရိုးဖလာ လုပ်ငန်းပဲလုပ်ကိုင်တတ်တော့ လက်ငုတ်လက်ရင်းကို ပြုတ်မသွားအောင် မဖြစ်မနေ လုပ်နေရတဲ့ အနေအထားပဲရှိတာ။ တရုတ်နိုင်ငံက ဝင်လာတဲ့ စက်ပစ္စည်းတွေအပေါ် ဈေးကွက်ယှဉ်ပြိုင်နိုင်မှု အားနည်းနေတယ်။ အဓိက က အရင်းအနှီးပဲ။ စိန်ပန်းက ပြောင်းလာတဲ့လုပ်ငန်းရှင်ပေါင်း ၈ဝဝ ကျော်ရှိပါတယ်။အခု လုပ်ငန်းတွေကို လက်ချိုး ရေတွက်လို့ရတယ်။ SME လုပ်ငန်းတွေကို ချေးငွေစိစစ်ရေး ကော်မတီဖွဲ့ပြီး ရသင့်ရထိုက်တဲ့ သူတွေကို ချေးပေးနိုင်မယ်ဆိုရင် အတိုင်းအတာတစ်ခုထိ ပြန်တက်လာနိုင် ဖွယ်ရှိပါတယ်"ဟု ၎င်းက ပြောပြသည်။

နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများကိုဆွဲဆောင်၍ မန္တလေးစက်မှုဇုန်ကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်နိုင်ရန် ပြည်တွင်း၊ ပြည်ပမှ အတတ်ပညာရှင်များနှင့် ပူးပေါင်းကာ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင်၍အရည်အသွေး မြှင့်တင်မှုလုပ်ငန်းများနှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေး အတွက်လိုအပ်သည်မှာ ချေးငွေရရှိမှု အပေါ်မူတည်ကြောင်း သိရသည်။

#Themyawadydaily

Friday, January 5, 2018

အသေးစားနှင့် အလတ်စားလုပ်ငန်းများအနက် စက်မှုလက်မှု လုပ်ငန်းများနှင့် ဆန်စက်လုပ်ငန်းများအား SMID ဘဏ်မှ ချေးငွေအများဆုံး ထုတ်ချေး



ရန်ကုန် ၅-၁-၂ဝ၁၈

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအနက် စက်မှုလက်မှုနှင့် ဆန်စက်လုပ်ငန်းများအား SMID ဘဏ်မှ ချေးငွေအများဆုံး ထုတ်ချေးထားကြောင်း SMID ဘဏ် CEO ဒေါက်တာ ဇေယျာညွန့်ထံမှ သိရသည်။

အဆိုပါဘဏ်မှ စက်မှုလက်မှု လုပ်ငန်းပေါင်း ၁၇ဝ အား ငွေကျပ် ၈၄၉၉ သန်း၊ ဆန်စက်လုပ်ငန်းပေါင်း ၁၃၆ ခုအား ငွေကျပ်သန်း ၄၇ဝဝ ကျော်၊ ဆီစက်လုပ်ငန်းပေါင်း ၃၉ ခုအား ငွေကျပ် သန်း ၁၃ဝဝ ကျော်၊ သစ်စက်လုပ်ငန်း ၃ဝ အား ငွေကျပ် သန်း၉ဝဝ ထုတ်ချေးခဲ့သည်။ ထို့ပြင် ရေသန့်လုပ်ငန်းရှစ်ခုအား ငွေကျပ် ၆၇၅ သန်း၊ အထည်ချုပ် လုပ်ငန်းငါးခုအား ငွေကျပ် ၃၂၅ သန်း၊ ဆေးဝါး လုပ်ငန်းတစ်ခုအား ငွေကျပ်သန်း ၅ဝ၊ လူသုံးကုန်လုပ်ငန်း ၂ဝ အားငွေကျပ် သန်း ၂ဝဝ ကျော်၊ စားသောက်ကုန်လုပ်ငန်း ၃၂ ခုအား ငွေကျပ် သန်း ၁၉ဝဝ ကျော်နှင့် စက်ရက်ကန်းလုပ်ငန်း ၁ဝ ခုအား ငွေကျပ် ၃ဝ၅ သန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ချေးငွေများကို တစ်နှစ်လျှင် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ငါးနှစ်ထုတ်ချေး ပေးခြင်းဖြစ်ပြီး ချေးငွေကို ပထမနှစ်တွင် ၁၅ ရာခိုင်နှုန်း၊ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ၁ဝ ရာခိုင်နှုန်း၊ စတုတ္ထနှစ်တွင် ၂ဝ ရာခိုင်နှုန်း ပြန်လည်ပေးဆပ် ရမည်ဖြစ်သည်။

နောက်ဆုံးနှစ်တွင် ကျန်ငွေများအားလုံးကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ နှစ်လတ်ချေးငွေများကို ချေးငွေ သက်တမ်းအားဖြင့် သုံးနှစ်မှ ငါးနှစ်အထိ သတ်မှတ်ထားပြီး လုပ်ငန်းကဏ္ဍ အားလုံးအတွက် ထုတ်ချေးပေးမည့် စုစုပေါင်းပမာဏမှာ ငွေကျပ် ဘီလီယံ ၇ဝဝ အထိရှိကြောင်း သိရသည်။

ယခင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအား ချေးငွေများ ထုတ်ချေးပေးရာတွင် စက်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ခဲ့သော်လည်း ယခုထုတ်ချေးပေးရာတွင် အသေးစားနှင့် အလတ်စားလုပ်ငန်း များအား ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏မူဝါဒအရ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဦးစားပေးထုတ်ချေး ပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာ့စီးပွားရေး ဘဏ်အနေဖြင့်လည်း တစ်နှစ်အတိုးနှုန်း အနည်းဆုံး ၉ ရာခိုင်နှုန်းနှင့် အများဆုံး ၁၁ ရာခိုင်နှုန်းဖြင့် ပြည်တွင်း လယ်ယာကဏ္ဍ၊ အသေးစားနှင့် အလတ်စားလုပ်ငန်း ကဏ္ဍနှင့် ဆောက်လုပ်ရေး ကဏ္ဍများသို့ စတင်ထုတ်ချေး ပေးမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, December 13, 2017

SME နှင့် MSME ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် နိုင်ငံတော်က အထူးအလေးပေး ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်



ရန်ကုန် ၁၃-၁၂-၂၀၁၇

အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ (SME) နှင့် ဒေသခံရိုးရာလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက်နိုင်ငံတော်က အထူးအလေးပေးပံ့ပိုး ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁ဝ ရက်က ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၏ (၂၆) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး သတင်းများအရ သိရသည်။

လက်ရှိတွင် မြန်မာ့စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်မှု ရှိနေသော်လည်း နည်းပညာနှင့် အရည်အသွေးပိုင်းတွင် အိမ်နီးချင်းနိုင်ငံများ ထက်နိမ့်ကျနေသည်။ ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများက အဆင့်မြင့်ပညာများဖြင့် ထုတ်လုပ်ထားသည့် ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံတွင် ဈေးကွက်နေရာရရှိနေခြင်း ဖြစ်သည်။ အဆိုပါ အခြေအနေများကြောင့် မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများ (SME) နှင့် ဒေသခံရိုးရာလုပ်ငန်းများ (MSME) မှာ ဈေးကွက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် အခက်အခဲဖြစ်နေကြရသည်။ အချို့သောစီးပွားရေး လုပ်ငန်းများမှာ ယိုင်လဲသွားနိုင်သည့် အခြေအနေများ ဖြစ်လာခဲ့ကြောင်းသိရသည်။ အထူးသဖြင့် ဒေသခံ ရိုးရာလုပ်ငန်းများ (MSME) များအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရေး နှင့်စီးပွားရေး တွက်ခြေကိုက်စေရန် ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာပိုင်းတွင် အားနည်းလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံတော်အနေဖြင့် အဆိုပါ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (SME) နှင့် ဒေသခံရိုးရာလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အထူးအလေးပေး ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ပံ့ပိုးကူညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် သွင်းကုန်အစားထိုး ထုတ်လုပ်နေသည့် လုပ်ငန်းများနှင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်မည့် လုပ်ငန်းများအတွက် ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသွားခဲ့ကြောင်း သိရသည်။

#Yadanarpondaily

Tuesday, December 12, 2017

စွန့်ပစ် ထန်းအူများမှ အိမ်သုံး Decorations ထုတ်လုပ်အောင်မြင် ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်သွားမည်



ပခုက္ကူ ၁၂-၁၂-၂၀၁၇

ပခုက္ကူစက်မှုဇုန် သစ်အချောထည် စက်ရုံမှ ထန်းနှင့်ပတ်သက်သည့် ကုန်ကြမ်းများ အလေအလွင့် မဖြစ်စေရေး အဆင့်မြင့် လူသုံးကုန်အဖြစ် တီထွင်ဖန်တီးရန် ပြည်တွင်း၊ ပြည်ပ စီးပွားရေးပညာရှင်များနှင့် ချိတ်ဆက်၍ စမ်းသပ်တီထွင် ဖန်တီးလျက်ရှိရာ ယခုအခါ ပရိဘောဂ အမျိုးအစားပေါင်း ရာဂဏန်းခန့် အောင်မြင်နေပြီဖြစ်ပြီး ၎င်းတို့အနက် မြန်မာနိုင်ငံတစ်ဝန်းတွင် အမှိုက် အဖြစ်စွန့်ပစ်ခြင်း ခံထားရသည့် ထန်းအူများကိုလည်း အိမ်သုံး Decorations တီထွင်ထုတ်လုပ်မှု အောင်မြင် ထားပြီးဖြစ်သဖြင့် ယခုလ စတုတ္ထပတ်တွင် ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပခုက္ကူစက်မှုဇုန် 3 SEASONS FURNITURE သစ်အချောထည် စက်ရုံမှ မန်နေဂျာ ဦးဆန်းဝင်းက ပြောပြသည်။

"ထန်းအူကနေ အိမ်သုံး Decorations တီထွင်ခဲ့တာဟာ ၂ဝ၁၆ခုနှစ် သြဂုတ်လပိုင်းကတည်းက စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ထုတ်လုပ် မှုအောင်မြင်ခဲ့သလို လက်ရာမြင်ဖူးသူ တိုင်းကလဲ နှစ်သက်ကြပါတယ်။ အထူးသဖြင့် ကိုရီးယားနိုင်ငံက သူတို့ဆီက အလှဆင်တန်ဆာနဲ့ ဒီလက်ရာတွေဟာ လိုက်ဖက်ညီတဲ့အတွက် ပိုပြီး နှစ်သက်ကြပါတယ်။ သူတို့ကိုယ်တိုင်လဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ကုန်ပိုင်းလောက်က လာရောက်ပြီး အလှဆင်ပရိဘောဂ ကုန်ချောတွေကို ကြည့်ရှုစစ်ဆေး သွားပါပြီ။

ကိုရီးယားနိုင်ငံကို ရောင်းချနိုင်ဖို့လဲ ကြိုးစားဆောင်ရွက် သွားမှာပါ။ ဒါကြောင့် အခုလကုန်ပိုင်းလောက်မှာ စီးပွားရေး ပညာရှင်တွေ၊ နည်းပညာရှင်တွေနဲ့ ချိတ်ဆက်သွားမှာပါ" ဟု ၎င်းကဆက်လက် ပြောပြသည်။

အဆိုပါ အလှဆင်ကုန်ချောထည်သည် ပြည်တွင်း၌ လူသိနည်းသော်လည်း အမှန်တကယ် သဘာဝစစ်စစ် အရည်အသွေးကောင်းပြီး လှပခိုင်ခန့်မှုကို ကြိုက်နှစ်သက်သူများက ဟိုတယ်၊ တည်းခိုခန်း၊ အိမ်၊ရုံးခန်းများတွင် အလှဆင်လိုကြောင်း၊ ၎င်းကုန်ချောများစွာအနက် ကိုရီးယားနိုင်ငံသို့ ပန်းအိုး၊ ပန်းခက်၊ ဧည့်ခန်းနောက်ခံ အလှဆင်ပန်းခက်များကို အဓိကထား တင်ပို့ရန်စီစဉ်ထားကြောင်း သိရသည်။

#Themyawadydaily

Thursday, April 6, 2017

ဘဏ်များမှ SME လုပ်ငန်းများကို ငွေထုတ်ချေးရာတွင် အာမခံအဖြစ်လုပ်ငန်းများ ထားရှိခြင်းနှင့် တခြား ကန့်သတ်ချက်များကြောင့် ဘဏ်ချေးငွေရရှိရန် ခက်ခဲနေ



ရန်ကုန် ၊ ၆-၄-၂၀၁၇

မြန်မာနိုင်ငံအတွင်း လုပ်ထုံးလုပ်နည်း စနစ် များအရ ဘဏ်များမှ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် ချေးငွေများ ထုတ်ချေးရာတွင် အာမခံအဖြစ် လုပ်ငန်းများ ထားရှိစေခြင်းနှင့် တခြား ကန့်သတ်ချက် များကြောင့် SME လုပ်ငန်းအများစု ဘဏ်ချေးငွေရရှိရန် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် ထံမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ၏ ဖွံ့ဖြိုးတိုးတက် မှုသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်လျက်ရသည်။ ထို့ကြောင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဘဏ်လုပ်ငန်းကဏ္ဍ အရင်းအနှီးများ ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်လျက် ရှိသည်။ ပုဂ္ဂလိကကဏ္ဍမှ အဓိကအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျက် ရှိရာ လက်ရှိ လုပ်ထုံးလုပ်နည်း စနစ်အရ ကန့်သတ်ချက် များကြောင့် ချေးငွေရရှိရန် ခက်ခဲနေခြင်း ဖြစ်သည်။ နိုင်ငံတော်ကလည်း ချေးငွေများ ထုတ်ချေးပေး နေသည့်အပြင် ပုဂ္ဂလိကဘဏ် များမှလည်း တွင်ကျယ်စွာ ချေးပေးနိုင်ရန် လိုအပ်လျက်ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ချေးငွေလွယ်ကူစွာ ရယူနိုင်ရေး အစီအမံအဖြစ် ဘဏ်လုပ်ငန်း ကဏ္ဍမှ ချေးငွေရယူနိုင်မှု အခွင့်အလမ်းပိုမို မြင့်မားလာစေရန်၊ အာမခံနှင့်သာ ငွေချေးယူနိုင်မှု အခြေအနေများမှ အပ ငွေချေးယူ သူ၏ ကြွေးမြီပြန်လည် ပေးဆပ်နိုင်သည့် အခြေအနေကို အခြေခံသည့် ချေးငွေရယူ နိုင်ရန်တို့ ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များအတွက် ချေးငွေ လျင်မြန်လွယ်ကူစွာ ရရှိလာစေရေး အတွက် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေး ကဏ္ဍ အခြေခံ အဆောက်အအုံ (Financial Infrastructure) တွင် ရှိရမည့် ချေးငွေ သတင်းအချက်အလက် ဌာနကို တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအတွက် ချေးငွေသတင်း အချက်အလက် အစီရင်ခံခြင်းဆိုင်ရာ စည်းမျဉ်းမူကြမ်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် SME နှင့်ပူးပေါင်း၍ နိုင်ငံတကာစံနှုန်း များနှင့်အညီ ပြုစုရေးဆွဲ ထုတ်ပြန်နိုင်ရေး အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး နှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Tuesday, March 7, 2017

မြန်မာ-ဂျပန် နှစ်နိုင်ငံကြား အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ တိုးတက်မြင့်မား လာရေး ဆောင်ရွက်မည်



ရန်ကုန် ၊ ၇-၃-၂၀၁၇

မြန်မာ - ဂျပန် နှစ်နိုင်ငံကြား အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းများ တိုးတက်မြင့်မား လာစေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသော မြန်မာ- ဂျပန် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ တွေ့ဆုံ ဆွေးနွေးပွဲ မှ သိရသည်။

အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲတွင် ဂျပန်နိုင်ငံရှိ Japan-Myanmar Economy & Investment Center ( JMEIC ) မှ ဥက္ကဋ္ဌ Mr. Noriyuki Yonemura ဦးဆောင်သော ဂျပန်စီးပွားရေး လုပ်ငန်းရှင် ၂ဝ ဦးတို့က ပူးပေါင်း လုပ်ဆောင်လိုသည့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံချိတ်ဆက် နိုင်ရန် ဆွေးနွေးကြကြောင်း သိရသည်။

ယင်းဂျပန် ကိုယ်စားလှယ် အဖွဲ့တွင် လျှပ်စစ်ပစ္စည်း ထုတ်လုပ်သော လုပ်ငန်း၊ အိမ်သုတ်ဆေး လုပ်ငန်း ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ စက်မှုလုပ်ငန်း ဆိုင်ရာ ပစ္စည်း ထုတ်လုပ်သော လုပ်ငန်း၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းနှင့် အိမ်တွင်းအလှဆင် (ကျွန်းသစ် ဆက်စပ် ပရိဘောဂ) လုပ်ငန်းတို့မှ လုပ်ငန်းရှင်များ ပါဝင်သည်။

''မြန်မာနိုင်ငံမှာ ရှိတဲ့ SME လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေ အနေနဲ့ အခွင့်အလမ်း ကောင်းရရှိစေဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အခုလို လုပ်ဆောင်ရာမှာ လုပ်ငန်း အမျိုးအစားပေါ် မူတည်ပြီး ဂျပန်စီးပွားရေး လုပ်ငန်းရှင် ၂ဝ ဦး လာရောက်ခဲ့ ပါတယ်။ လိုက်ပါလာတဲ့ အဖွဲ့တွေ၊ လုပ်ငန်းရှင်တွေရဲ့ တွေ့ဆုံဆွေးနွေးမှု ရလဒ်တွေပေါ် မူတည်ပြီး လုပ်ငန်းတွေကို ချိတ်ဆက် လုပ်ကိုင်သွား မှာပါ'' ဟု Japan - Myanmar Economy & Investment Center ဥက္ကဋ္ဌ Mr. Noriyuki Yonemura ကပြောသည်။

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ SME ၌ အစိုးရ၏ SME လုပ်ငန်းများအပေါ် လုပ်ဆောင်ပေးသည့် ဆုံးဖြတ်ချက်များ အတိုင်း အခြေပြု၍ ဂျပန်နိုင်ငံဘက်မှ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

''ဂျပန်နိုင်ငံအနေနဲ့ အခုလို လာရောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဖို့ စီစဉ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း တွေမှာ အခွင့်အလမ်း ကောင်းတွေ ရရှိလာမှာပါ။ အခုလို နှစ်နိုင်ငံကြား ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းတွေ ပူးပေါင်းဖို့ ဆွေးနွေးခဲ့လို့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ ပိုတိုးတက် လာနိုင်ပါတယ်'' ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဦးမျိုးသက် ကပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Monday, December 12, 2016

စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရန် နိုင်ငံတော်၏ပံ့ပိုးမှုများ လိုအပ်လျက်ရှိ



ရန်ကုန် ၊ ၁၂-၁၂-၂၀၁၆

လာမည့်နှစ်တွင် AEC (ASEAN Economic Community ) ဝင်ရောက်လာ ပါက ပြည်ပ လုပ်ငန်းများအား ယှဉ်ပြိုင်နိုင်မှု စွမ်းရည်မြင့်မား နိုင်ရေးအတွက် စားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာစေရန် နိုင်ငံတော်၏ ပံ့ပိုးမှုများ လိုအပ်လျက် ရှိကြောင်း မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း (MFPEA) အထွေထွေ အတွင်းရေးမှူး ဦးအေးဝင်း ထံမှ သိရသည်။

နိုင်ငံတစ်နိုင်ငံ၌ စီးပွားရေးကဏ္ဍ မျိုးစုံရှိရာ စီးပွားရေး လုပ်ငန်းများစင်တာ ပေါင်းစုံအား ဖွံ့ဖြိုး တိုးတက်စေရေး ပံ့ပိုးပေးရန် မလွယ်ကူသည့် အတွက် အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော စီးပွားရေး နယ်ပယ်တချို့ကို ဦးစားပေး အနေဖြင့် အစိုးရမှ သတ်မှတ်ပံ့ပိုး ပေးရန် လိုအပ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုပိုင်း နှင့် ဈေးကွက်ပိုင်းကို ချိတ်ဆက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။

''နံပါတ် (၁) ကတော့ ထုတ်လုပ်မှုပိုင်းပါ။ ဒီထက်ပိုကောင်းတဲ့ ထုတ်လုပ်မှုတွေကို အသင်းသူ၊ အသင်းသားတွေ လုပ်ကိုင်နိုင်ဖို့ အသင်းဘက်ကနေ နည်းပညာဆိုင်ရာ ပံ့ပိုးမှုတွေ၊ ထုတ်လုပ်မှု စက်ကိရိယာပိုင်း တွေနဲ့ သတင်း အချက်အလက် တွေရရှိနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ဦးအေးဝင်း ကပြောသည်။

ထို့ပြင် အရေးကြီးသည့် ဘဏ္ဍာရေးပိုင်း ဆိုင်ရာများနှင့် တခြားသော ထုတ်လုပ်မှု ဆိုင်ရာများအတွက် ပံ့ပိုးမှုများ ရရှိနိုင်ရန် လိုအပ်ကြောင်း၊ ပြည်တွင်း၌ သာမက ပြည်ပ၌ပါ ဈေးကွက်များ ထိုးဖောက်နိုင်ရန် လိုအပ်သည့် သတင်း အချက်အလက်များ၊ ထုတ်ကုန် ပြပွဲများနှင့် Road Show စသည့်အချက်များကို ပေါင်းစပ်ညှိနှိုင်း၍ လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ASEAN International pepft& Bar Code များ မြန်မာနိုင်ငံ၌ ကျင့်သုံးရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများ အသင်းတို့ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Wednesday, December 7, 2016

အစားထိုးပစ္စည်းများ ၀င်ရောက်လာမှုကြောင့် ကျောက္ကာယွန်းထည် လုပ်ငန်းများ လုပ်ကိုင်သူနည်းလာ



မုံရွာ ၊ ၇-၁၂-၂၀၁၆

မုံရွာမြို့၏ အထင်ကရ မိရိုးဖလာ ထုတ်ကုန်တစ်မျိုး ဖြစ်သောကျောက္ကာ ယွန်းထည် လုပ်ငန်းသည် ယခုအခါတွင် နိုင်ငံခြားမှ ပလတ်စတစ်၊ ဖိုက်ဘာ အစားထိုး ပစ္စည်းများ ဝင်ရောက်လာခြင်း၊ ကုန်ကြမ်း ပစ္စည်းများ ဈေးမြင့်မား လာခြင်း နှင့် လုပ်သားရှားပါး မှုကြောင့် လုပ်ကိုင်သူများ နည်းပါး လာကြောင်း ကျောက္ကာ မြောက်ရွာရှိ ယွန်းထည်အချော လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ကျောက္ကာ ယွန်းထည်လုပ်ငန်း ကို မုံရွာမြို့နှင့် ၁ဝ မိုင်ခန့် အကွာရှိ ကျောက္ကာတောင် ကျေးရွာမှ ယွန်းထည် အကြမ်းများကို လုပ်ကိုင်ကြပြီး ကျောက္ကာ မြောက်ရွာတွင် အချောထည် လုပ်ငန်းများကို လုပ်ကိုင်ကြကာ မြန်မာနိုင်ငံ အရပ်ရပ်သို့ တင်ပို့ရောင်းချသည့် အပြင် နိုင်ငံတကာမှ ယွန်းထည်ကို စိတ်ဝင်စားသည့် ခရီးသွားဧည့်သည် များပင် လာရောက်လေ့လာ ကြသည်ထိ အောင်မြင်ခဲ့သည့် လုပ်ငန်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။

''အရင်က ယွန်းထည်ဆွမ်းအုပ် ၁၂ လက်မတစ်ခုကို ငွေကျပ် ၃ဝဝဝ ရှိပြီး အခုအချိန်မှာ ငွေကျပ် ၁၅ဝဝဝ ဈေးရှိပါတယ်။ ဆွမ်းကပ်တဲ့ ကလပ် ၁၂ လက်မတစ်ခုကို အရင်က ငွေကျပ် ၃ဝဝ ရှိပြီး အခု ၂၅ဝဝ ရှိပါတယ်''ဟု ကျောက္ကာ မြောက်ရွာမှ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

ယခင်က ယွန်းထည် အချောထည် လုပ်ငန်းကို အိမ်ခြေ ၇ဝဝ ကျော်ရှိကျောက္ကာ မြောက်ရွာတွင် အိမ်ခြေ ၂ဝဝ ကျော် လုပ်ကိုင်ခဲ့ သော်လည်း ယခုအခါတွင် ယွန်းအချောထည် လုပ်ကိုင်သူ ၁ဝ ဦးခန့်သာရှိ တော့ကြောင်း၊ ထွက်ရှိသော ကျောက္ကာ ယွန်းထည်များကို ရန်ကုန်၊ မန္တလေး၊ လားရှိုးမြို့ တို့သို့ အများဆုံးတင်ပို့ ရောင်းချလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Monday, October 24, 2016

နိုင်ငံခြားသားများ အထူးစိတ်ဝင်စားသည့် ဆေးတံနှင့် ကျောက်သင်ပုန်း နိုင်ငံတကာဈေးကွက်သို့ ရောက်ရှိရန် ကြိုးပမ်းမည်



ရန်ကုန် ၊ ၂၄-၁၀-၂၀၁၆

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ လုပ်ကိုင်လျက် ရှိသော ဆေးတံနှင့် ကျောက်သင်ပုန်း များကို နိုင်ငံခြားသားများ အထူး စိတ်ဝင်စားကြ သောကြောင့် နိုင်ငံတကာ ဈေးကွက်သို့ ဖြန့်ချိနိုင်ရန် လုပ်ငန်းပိုင်း ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''အသေးစား လက်မှုလုပ်ငန်း တွေကို ဈေးကွက် ပိုရလာအောင် အကူအညီ ပေးပြီး နည်းပညာ တွေလည်း ဖြန့်ဝေပေးမယ်။ ဒီလုပ်ငန်းက ထုတ်ကုန်တွေကို အရည်အသွေး ပြည့်မီလာအောင် နည်းပညာ တွေနဲ့ သင်တန်းတွေ ပေးပြီး လုပ်ဆောင် သွားမှာပါ။ ကျောက်သင်ပုန်းနဲ့ ဆေးတံလုပ်ငန်း တွေအပြင် တခြား အသေးစား စက်မှုလက်မှု လုပ်ငန်းတွေက ထွက်ရှိလာတဲ့ ပစ္စည်းတွေ ကိုလည်း ဈေးကွက်မှာ ပိုမိုကျယ်ပြန့် လာဖို့ ဆောင်ရွက် သွားမှာပါ။ ဒီလို ဆောင်ရွက်ဖို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နဲ့ အာရှ ဖွံ့ဖြိုးရေးဘဏ် တို့က ကူညီပေး တာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

ဆေးတံနှင့် ကျောက်သင်ပုန်း လုပ်ငန်း များသည် ပြည်တွင်း၌ တိမ်ကော ပပျောက်လု နီးပါးဖြစ်နေပြီး မိရိုးဖလာ လုပ်ကိုင် သူများသာ ဆက်လက် လုပ်ကိုင်လျက် ရှိသည်။

ယင်း လုပ်ငန်းများကို အမျိုးသမီး များက ပိုမိုလုပ်ကိုင် ကြပြီး အသေးစား လက်မှု လုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း များ ပိုမိုရရှိစေရန် ရည်ရွယ်၍ လက်မှု လုပ်ငန်းများကို ပြည်တွင်းပြည်ပ ဈေးကွက် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Saturday, July 23, 2016

စက်သပိတ်များ ဈေးကွက်ဝင်လာခြင်းကြောင့် လက်ရိုက်သံသပိတ် ပြုလုပ်သူ ရှားပါးလာ



တံတားဦး ၊ ၂၃-၇-၂၀၁၆

လက်ရှိတွင် သင်္ကန်းပရိက္ခရာ ရောင်းချသည့် ဈေးကွက်၌ စက်ဖြင့် ပုံစံသွင်း ပြုလုပ်ထားသော သပိတ်များ ဝင်ရောက်လာ ခြင်းကြောင့် လက်ရိုက် သံသပိတ် ပြုလုပ်သူများ တဖြည်းဖြည်းရှားပါး လာကြောင်း သိရသည်။

''အခုချိန်မှာ ခေတ်က ပြောင်းလဲလာတော့ ဈေးကွက် လိုအပ်ချက်အရ လက်ရိုက် သံသပိတ်တွေ အစား စက်နဲ့ပြုလုပ်တဲ့ သပိတ်တွေကို တွင်ကျယ်စွာ ထုတ်လုပ် ရောင်းချလာကြ ပါတယ်။ ဒါကြောင့် လက်ရိုက်သံသပိတ် တွေကို လုပ်တဲ့သူတွေ နည်းလာတာပါ။ လက်ရိုက် သံသပိတ်က တစ်နေ့ကို လေးလုံးလောက်ပဲ လုပ်နိုင်ပြီး စက်သပိတ်က တစ်နေ့ကို အလုံး ၇ဝ လောက် ပြီးပါတယ်။ အရေအတွက် များများပြီးတဲ့ စက်သပိတ် လုပ်ငန်း လုပ်ကိုင်သူ များတာကြောင့် လက်ရိုက်သံသပိတ် လုပ်တဲ့သူတွေ ပျောက်ကွယ်လု နီးပါး ဖြစ်လာတာပါ'' ဟု တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း ပန်းပဲတန်းရပ်မှ သံသပိတ် လုပ်ငန်း လုပ်ကိုင်သူ ဦးဝင်းရွှေ က ပြောသည်။

အင်းဝမြို့ဟောင်းမှ ထွက်ရှိသည့် သံသပိတ်များကို နိုင်ငံတစ်ဝန်းသို့ တင်ပို့ ရောင်းချလျက် ရှိပြီး ဈေးကွက်အတွင်း၌ သံသပိတ် တစ်လုံးလျှင် ငွေကျပ် ၃၅ဝဝ နှုန်းဖြင့် ရောင်းချကြကာ မတ်လနှင့် ဧပြီလတို့တွင် ရောင်းအား အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အင်းဝမြို့ဟောင်း၌ သံသပိတ် လုပ်ငန်း လုပ်ကိုင်သူ ၁ဝ ဦးခန့်သာ ရှိတော့ကြောင်း သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, June 30, 2016

နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်းစက်ရုံ များအား ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲလုပ်ကိုင် တော့မည်



ရန်ကုန် ၊ ၃၀-၆-၂၀၁၆

မြန်မာနိုင်ငံ အတွင်း နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်း စက်ရုံများအား ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲလုပ်ကိုင် တော့မည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ နိုင်ငံပိုင် ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လျက် ရှိသည့် စက်ရုံများသည် ခေတ်နှင့်အညီ တိုးတက်ခြင်း မရှိသည့် အတွက် ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲ အကောင် အထည်ဖော် ရခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကုန်ပစ္စည်း အမျိုးအစား အများအပြား ရောင်းဝယ် သည်ထက် ကုန်ပစ္စည်း အရည် အသွေးပိုင်း ကိုသာ အဓိကထား ရမည်ဖြစ် သော်လည်း အရည်အသွေး ပိုင်းတွင် တိုးတက်မှု မရှိကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိက ပိုင်အဖြစ် ပြောင်းလဲမည် ဖြစ်ပြီး ပုဂ္ဂလိကပိုင် အဖြစ် ပြောင်းလဲမည့် စက်ရုံများတွင် မည်သည့် စက်ရုံများ ပါဝင်လာမည်ကို ထုတ်ပြန် နိုင်ခြင်း မရှိသေးကြောင်း၊ ပါဝင်မည့် စက်ရုံများကို စစ်ဆေးပြီး မကြာမီ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ -၂ဝ၂၁ ဘဏ္ဍာနှစ် အတွင်း စက်မှုကဏ္ဍ များတွင် ပုဂ္ဂလိကမှ ဦးဆောင်သည့် စက်မှုဖွံ့ဖြိုး တိုးတက်မှု ဖြစ်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းထဲတွင် တန်ဖိုးမြင့် ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး အတွက် ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံပိုင် စက်မှု လုပ်ငန်းများ အသွင် ပြောင်းရေး၊ စက်မှုလုပ်ငန်း မူဝါဒများ ချမှတ် အကောင်အထည် ဖော်နိုင်ရေး၊ စက်မှုဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ လေ့ကျင့် သင်ကြားပေး နိုင်ရေး၊ နည်းပညာနှင့် စံချိန်စံညွှန်းများ ဖွံ့ဖြိုးတိုး တက်မှု ရှိလာစေရေး၊ စွမ်းအင်ကို အကျိုးရှိ စွာ အသုံးပြုခြင်းဖြင့် ကုန်ထုတ်လုပ်မှု စရိတ် လျော့ကျစေပြီး ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ရေး တို့ကို ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပုဂ္ဂလိက စက်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး၊ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများ ခိုင်မာ အားကောင်းရေး၊ စက်မှုဇုန်များ ဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံပိုင် စက်ရုံများအား ပုဂ္ဂလိက နှင့် ပူးပေါင်း ဆောင်ရွက်ရေး နှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်း များ၏ စာရင်းအင်း အချက်အလက် များရရှိရေး တို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် လိုအပ်သည့် နည်းပညာ များကို နိုင်ငံတကာမှ ရယူဆောင်ရွက် နေကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, June 24, 2016

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် CGI စနစ်ဖြင့် ချေးငွေများ ထုတ်ချေးမည်



ရန်ကုန် ၊ ၂၄-၆-၂၀၁၆

ပြည်တွင်း၌ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုးတိုး တက်ရန် ရည်ရွယ်၍ လိုအပ်သည့် ငွေကြေး အထောက်အပံ့ ရှိစေရန် Credit Guaranttee Insurance (CGI) စနစ်ဖြင့် ချေးငွေများ ထုတ်ချေးခြင်းကို မြန်မာ့အာမခံ လုပ်ငန်း ၊ Sumitomo Mitsui Banking Coporation (SMBC) နှင့် သမဝါယမဘဏ် CB Bank တို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ်ဖြင့် ငွေချေး လိုပါက မြန်မာ နိုင်ငံသားပိုင် SMEs လုပ်ငန်း ဖြစ်ရမည့် အပြင် လုပ်ငန်းသက်တမ်း သုံးနှစ် ရှိရမည် ဖြစ်ကာ အပေါင်ပစ္စည်း မပါဘဲနှင့်လည်း ငွေချေးယူ နိုင်မည် ဖြစ်ကြောင်း အပေါင်ပစ္စည်းမဲ့ ချေးငွေအဖြစ် ငွေကျပ် သိန်း ၂ဝဝ အထိ ထုတ်ချေးပေးမည် ဖြစ်ပြီး လုပ်ငန်း တိုးတက်မှု အပေါ်မူတည်ကာ ပိုမို ထုတ်ချေးနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အပေါင်ပစ္စည်း နှင့် ငွေချေးပါက အမျိုးအစားနှင့် တန်ဖိုးပေါ် မူတည်ပြီး ချေးယူနိုင်မည် ဖြစ်ကာ CB Bank က ချေးငွေအပေါ် ၁၃ ရာခိုင်နှုန်း အတိုးယူမည် ဖြစ်ကြောင်း၊ ချေးငွေများကို တစ်နှစ်အတွင်း ပြန်ဆပ်ရမည် ဖြစ်၍ နှစ်စဉ် အာမခံသို့ ပေးဆောင်ရမည့် ပရီမီယံကြေး ကိုလည်း ငွေချေးယူသူ လုပ်ငန်းရှင်က ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ CGI စနစ်ဖြင့် ချေးငွေရယူလို သူများသည် မြန်မာ့အာမခံ လုပ်ငန်းနှင့် CB Bank သို့ ချိတ်ဆက်ကာ SMEs လုပ်ငန်း ဖြစ်ကြောင်း၊ အသိအမှတ်ပြု လက်မှတ် လုပ်ငန်း ဘဏ္ဍာရေး ရှင်းတမ်းများ နှင့်အတူ အသေးစားနှင့် အလတ်စား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဌာနကို လျှောက်ထား ရမည်ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၅)

Monday, June 13, 2016

တရုတ်နိုင်ငံမှ တင်သွင်းသည့်ပစ္စည်း ဈေးကွက်ကို မထိုးဖောက်နိုင်၍ မန္တလေးစက်မှုဇုန်မှ စက်မှုလုပ်ငန်းအချို့ ပိတ်သိမ်းရပ်နားထားရ



မန္တလေး ၊ ၁၃-၆-၂၀၁၆

မန္တလေး စက်မှုဇုန်မှ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း အချို့ တရုတ်နိုင်ငံမှ တင်သွင်းသည့် ပစ္စည်း ဈေးကွက်ကို ထိုးထောက်နိုင်ခြင်း မရှိသောကြောင့် စက်ရုံအချို့ ပိတ်သိမ်း ရပ်နားသည့် အခြေအနေထိ ဖြစ်နေကြောင်း မန္တလေးစက်မှုဇုန် ကြီးကြပ်ရေး ကော်မတီမှ သိရသည်။

မန္တလေး စက်မှုဇုန်တွင် ယခုလက်ရှိ လုပ်ငန်း အုပ်စုများ ဖြစ်သည့် အကြီးစား စက်မှုလုပ်ငန်း အုပ်စုတွင် လုပ်ငန်းပေါင်း ၃၈၇ ခု၊ အလတ်စား စက်မှုလုပ်ငန်း ပေါင်း ၃၁၃ ခု၊ အသေးစား စက်မှုလုပ်ငန်း ပေါင်း ၅၇၂ ခု စုစုပေါင်း လုပ်ငန်း အရေအတွက် ၁၂၇၂ ခုဖြင့် လည်ပတ်လျက် ရှိသည်။ အသေးစား နှင့် အလတ်စား စက်မှုလုပ်ငန်း အချို့မှာ တရုတ်နိုင်ငံမှ တင်သွင်း လာသည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုပစ္စည်း များ၏ ဈေးကွက်ကို ယှဉ်ပြိုင် ထိုးဖောက်နိုင်ခြင်း မရှိသောကြောင့် တစ်နှစ်ထက် တစ်နှစ် အသေးစား စက်မှုလုပ်ငန်း စက်ရုံအချို့မှာ ပိတ်သိမ်း ရပ်နားရသည့် အခြေအနေ ထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

မန္တလေး စက်မှုဇုန်အတွင်း ၂ဝ၁၃ ခုနှစ်က အကြီးစား စက်မှု လုပ်ငန်းပေါင်း ၄ဝ၉ ခု၊ အလတ်စား စက်မှု လုပ်ငန်းပေါင်း ၃၁၃ ခု ၊ အသေးစား စက်မှုလုပ်ငန်း ပေါင်း ၆၄၆ ခု လုပ်ငန်းအုပ်စု ပေါင်း ၁၃၆၈ ခု၊ ၂ဝ၁၄ ခုနှစ်က အကြီးစားစက်မှု လုပ်ငန်းပေါင်း ၃၈၉ ခု၊ အလတ်စား စက်မှုလုပ်ငန်း ပေါင်း ၂၈၇ ခု၊ အသေးစား စက်မှု လုပ်ငန်းပေါင်း ၆၁၁ ခု လုပ်ငန်း အုပ်စုပေါင်း ၁၂၈၇ ခု၊ ၂ဝ၁၅ ခုနှစ်က အကြီးစား စက်မှုလုပ်ငန်း ပေါင်း ၃၉၂ ခု၊  အလတ်စား စက်မှု လုပ်ငန်းပေါင်း ၃၁၂ ခု၊ အသေးစား စက်မှု လုပ်ငန်းပေါင်း ၅၇၆ ခု စက်မှုလုပ်ငန်း အုပ်စုပေါင်း ၁၂၈ဝ တို့ဖြင့် လည်ပတ်ခဲ့သည်။

အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း အချို့မှာ တရုတ်နိုင်ငံမှ တရားဝင် ခွင့်ပြုချက်ဖြင့် လည်းကောင်း၊ တရားမဝင် ဝင်ရောက် လာသည့် ဈေးကွက်ဖြင့် လည်းကောင်း ဝင်ရောက် လာသည့် စားသောက်ကုန် ပစ္စည်းများ၊ အဝတ်အထည် များနှင့် စက်ပစ္စည်းများ၏ ဈေးကွက်ကို ယှဉ်ပြိုင် ထိုးဖောက်နိုင်ခြင်း မရှိသောကြောင့် တစ်နှစ် ပြီးတစ်နှစ် စက်ရုံအချို့ တို့မှာ ပိတ်သိမ်း ရပ်နားရသည် ထိ ဖြစ်ပေါ် နေရခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ စက်မှုဇုန်ထဲ က အသေးစား စက်ရုံတချို့ တွေက ဈေးကွက် မယှဉ်ပြိုင်နိုင်တဲ့ အနေအထား တွေကြောင့် စက်ရုံပိတ်ရတဲ့ အခြေအနေထိ ဖြစ်ပေါ်ရတာပါ။ အဓိကကတော့ တရုတ်နိုင်ငံ က တင်သွင်းတဲ့ ပစ္စည်း ဈေးကွက်ကို မယှဉ်နိုင်တာပါ။ တရုတ်နိုင်ငံ က ပစ္စည်းအစုံ ဝင်နေပြီး ဈေးလဲချိုတယ်။ ဝယ်ယူသူတွေ အနေနဲ့ကလဲ တရုတ်ပစ္စည်း တွေကို အဓိကထား ဝယ်ယူနေကြတော့ ပြည်တွင်းက အသေးစား အလတ်စား စက်မှု လုပ်ငန်းတွေ အနေနဲ့ တရုတ်နိုင်ငံက တင်သွင်းတဲ့ ပစ္စည်း ဈေးကွက်ကို ဘယ်လိုမှ ထိုးမဖောက် နိုင်ဘဲ နောက်ပိုင်းမှာ အရှုံးနဲ့ပဲ ရင်ဆိုင် နေကြရတာပါ'' ဟု မန္တလေး စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။ (၁၈၃)

ရတနာပုံနေ့စဉ် ၊ စာ(၅)

Thursday, March 3, 2016

SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စက်မှုဝန်ကြီးဌာန ကို တာဝန်ခံဝန်ကြီးဌာန အဖြစ်သတ်မှတ်


ရန်ကုန် ၊ ၃-၃-၂၀၁၆

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အကောင်အထည် ဖော်ရန် အဓိကတာဝန်ယူ ဆောင်ရွက်ရာတွင် စက်မှုဝန်ကြီး ဌာနကို တာဝန်ခံဝန်ကြီး ဌာနအဖြစ် တရားဝင် သတ်မှတ် ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂ဝ၁၅ ခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဥပဒေတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက် ရမည့် ဝန်ကြီးဌာနကို ဖော်ပြနိုင်ခြင်း မရှိခဲ့ဘဲ ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ပေး အပ်သည့် ဝန်ကြီးဌာန ဟူ၍သာ ရေးဆွဲ နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာနသည် စက်မှု ဝန်ကြီးဌာန စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန လက်အောက်တွင် ရှိမည် ဖြစ်ကြောင်း သိရသည်။

''စက်မှုဝန်ကြီး ဌာနကို တရားဝင် မသတ်မှတ် ရသေးတော့ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာနအတွက် နိုင်ငံတော်က ဘတ်ဂျက်မပေး နိုင်ပါဘူး။ နိုင်ငံတော်က ဝန်ထမ်းတွေရဲ့ လစာပဲ ပေးနိုင်တယ်။ အခု တရားဝင် သတ်မှတ်ပြီးသွားပြီ ဆိုတော့ နိုင်ငံတော် ကနေ ဘတ်ဂျက်ရမယ်။ ဌာနရဲ့ လုပ်ငန်းတွေက လည်း တရားဝင် ဖြစ်တဲ့အတွက် အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပိုပြီးလုပ်နိုင် တာပေါ့'' ဟု စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနကို ၂ဝ၁၄ ခုနှစ် ဧပြီလမှစပြီး အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဌာနအဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ အနှံ့၌ ရုံးခွဲပေါင်း ၅ဝ အထိရှိကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Monday, February 1, 2016

မန္တလေးတိုင်းဒေသကြီး အတွင်း စက်သုံးဆီဆိုင်ငယ်များ၊ ဂါလန်၅ဝဆံ့ ဆီဘောက်ဆာငယ် များဖြင့် စက်သုံးဆီရောင်းချနေမှုကို အရေးယူသွားမည်



မန္တလေး ၊ ၁-၂-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ကျေးလက်သွား လမ်းများပေါ်တွင် ယခုအခါ စက်သုံးဆီ ဆိုင်ငယ်လေးများ၊ မော်တော်ယာဉ်များ ပေါ်တွင် ဂါလန် ၅ဝ ဆံ့ ဆီဘောက်ဆာငယ်  များဖြင့် စက်သုံးဆီရောင်းချနေမှု များကို အများအပြား တွေ့မြင် လာရသည်။ ထိုသို့ ရောင်းချနေမှု များသည် ခရီးသွား ယာဉ်မောင်းနှင် သူများ အတွက်များစွာ အဆင်ပြေမှု ရှိသော်လည်း အနီးဝန်းကျင်တွင် လူနေအိမ်များ နီးကပ်နေမှုသည် မီးဘေးအန္တရာယ် အတွက် စိုးရိမ်ရသည့် အနေအထား တစ်ခုဖြစ်ကြောင်း ၎င်း စက်သုံးဆီဆိုင် များနှင့်နီးသော ရပ်ကွက်နေ ပြည်သူများက ပြောပြသည်။

''လမ်းဘေးမှာ စက်သုံးဆီ ဆိုင်ငယ်တွေ ရောင်းချနေမှုကို တရားဝင် ဖွင့်လှစ်ရောင်းချခွင့် ရှိပါသလား ဆိုတဲ့ မေးခွန်းကို တိုင်းဒေသကြီး လွှတ်တော်မှာလဲ မေးမြန်းဖူးတဲ့ အတွက် လမ်းဘေး စက်သုံးဆီ ဆိုင်ငယ် ဂါလန် ၅ဝ ဆံ့ဆိုင်တွေ ဖွင့်လှစ်ရောင်းချမှုကို တရားဝင် ဖွင့်လှစ်ခွင့်ပြု ပေးလို့ မရပါဘူးလို့ ဖြေကြားခဲ့ ပါတယ်။ အဲဒီလို ရောင်းချနေမှုကို တိုင်ကြား လာရင်ပဲ ဖြစ်ဖြစ်၊ ရှောင်တခင် စစ်ဆေးတွေ့ရှိ ရင်ပဲဖြစ်ဖြစ် စက်သုံးဆီ ရောင်းချမှု ဆိုင်ရာ ဥပဒေနဲ့ အရေးယူ ဆောင်ရွက်တာ ခံရနိုင်ပါတယ်။ ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှု တွေကိုလဲ ပြုလုပ်သွားမှာပါ။ ဒါပေမဲ့ မြို့ပေါ်ဆိုင်ကြီး တွေလို မဖွင့်လှစ်နိုင် တဲ့ ကျေးလက်က စက်သုံးဆီ အရောင်းဆိုင်လေး တွေအတွက် ဆိုင်ကယ် သီးသန့် အရောင်းဆိုင်၊ မော်တော်ကား သီးသန့် အရောင်းဆိုင်လေး တွေကိုတော့ ဥပဒေဘောင် အတွင်းကနေ တရားဝင် ဖွင့်လှစ်ခွင့်ပြု ပေးထားပါတယ်။ အခုဆိုရင် စက်သုံးဆီဆိုင် တွေကို တာဝန်ရှိ သူတွေက စစ်ဆေးပေး နေပါတယ်။ ဒီလို စစ်ဆေးကြရာမှာ သတ်မှတ်ချက် တွေနဲ့ ကိုက်ညီမှု မရှိတဲ့  မန္တလေးခရိုင် အတွင်းက စက်သုံးဆီ အရောင်းဆိုင်ကြီး သုံးဆိုင်ကို အရေးယူ ဆောင်ရွက်မှု ပြုလုပ်ပြီး ယာယီပိတ်သိမ်း ခိုင်းထားတယ်။ သတ်မှတ်ချက်တွေ ပြည့်စုံအောင် ဆောင်ရွက်ပြီး ရင်တော့ ပြန်လည် ရောင်းချ ခွင့်ပြု ပေးမှာပါ'' ဟု မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်မြင့် က ပြောပြသည်။

စက်သုံးဆီ ဆိုင်ကြီးများ ဖွင့်လှစ်ရောင်းချ နိုင်ခြင်းမရှိသူများ အတွက် ဆိုင်ကယ် သီးသန့် စက်သုံးဆီ အရောင်းဆိုင် ဖွင့်လှစ်ရန် အခန်းဖွင့် ပေ(၄ဝx အနောက်ဘက် အကျယ်ပေ ၅ဝ) (စတုရန်းပေ ၂ဝဝဝ) အကျယ်အဝန်း မြေနေရာ နှင့်အတူ သတ်မှတ် စည်းကမ်းများ ပြည့်စုံလျှင် ဖွင့်လှစ်နိုင်ေ ကြာင်း၊ မော်တော်ယာဉ် သီးသန့် အရောင်းဆိုင်ကို အခန်းဖွင့်ပေ ၅ဝ၊အနောက်ပေ ၂ဝဝ (စတုရန်းပေ ၁ဝဝဝဝ) အကျယ်အဝန်း မြေနေရာနှင့် သတ်မှတ် စည်းကမ်းများ  ပြည့်စုံလျှင် တရားဝင် ဖွင့်လှစ်ခွင့်ပြု ပေးသည်ဟု လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာနမှ သိရသည်။

ရတနာပုံနေ့စဉ်

Wednesday, January 20, 2016

အုန်းသီးအခွံဖြင့် ပြုလုပ်ထားသော လက်မှု အသုံးအဆောင် ပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချနိုင်ရန်စီစဉ်နေ


အုန်းသီးအခွံဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများ

ရန်ကုန် ၊ ၂၀-၁-၂၀၁၆

အုန်းသီးအခွံဖြင့် ပြုလုပ်ထားသော လက်မှုထုတ်ကုန် အသုံးအဆောင် ပစ္စည်းများကို ဈေးကွက်အတွင်းသို့ တင်သွင်း ရောင်းချနိုင်ရန် စီစဉ်နေကြောင်း အုန်းသီးအခွံဖြင့် လက်မှုပစ္စည်း ထုတ်လုပ်သူများ နှင့် ရောင်း ချသူများက ပြောသည်။

''အုန်းသီးအခွံနဲ့ လုပ်လို့ရတဲ့ လူ့အသုံးအဆောင် ပစ္စည်းတွေက အများကြီးပါပဲ။ မြန်မာနိုင်ငံမှာ အခုမှ ဈေးကွက်ထဲမှာ ရောင်းချပေမယ့် ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံ တွေမှာတော့ စီးပွားဖြစ် ပြု လုပ်ရောင်းချ နေတာ ကြာပါပြီ။

ဒါ့အပြင် အစ်မတို့က အုန်းသီးအခွံ တွေနဲ့ ကြယ်သီး အလှလေးတွေလည်း ပြုလုပ်ပြီး ဈေးကွက်ကို တင်ပို့ပါမယ်။ လုပ်ရတာ လက်ဝင်ပေမယ့် အဆင်ပြေပါတယ်။ တခြား အုန်းသီးအခွံနဲ့ ပြုလုပ်တဲ့ လူ့ အသုံးအဆောင် က တစ်ခုပြီးဖို့ အချိန်အတော်ပေး နေရပါတယ်'' ဟု ငွေဆောင်ရှိ အုန်းသီးအခွံ များဖြင့် လူ့ အသုံးအဆောင် ပစ္စည်းများ ပြုလုပ်နေသည့် လက်မှု လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အုန်းသီးအခွံများကို အသုံးအဆောင် ပစ္စည်းအမျိုးမျိုး ပြုလုပ်ထားပြီး အသုံးအဆောင် ပစ္စည်းပေါင်း ၁ဝဝ ကျော်ကို တီထွင်၍ ပြုလုပ်ထား သော်လည်း ဈေးကွက် အတွင်းသို့ ရောင်းချထားခြင်း မရှိသေးကြောင်း သိရသည်။

၎င်းပစ္စည်းများမှာ လက်မှုပစ္စည်းများ ဖြစ်သည့်အတွက် ဈေးနှုန်း သတ်မှတ်ရန် ခက်ခဲနေပြီး ဈေးနှုန်းများ ကိုလည်း အချိုသာ ဆုံးဖြစ်အောင် ရောင်းချပေး သွားမည် ဖြစ်ကြောင်း၊ စွန့်ပစ် အုန်းသီးအခွံ များဖြင့် စားပွဲတင်မီးအိမ်၊ မျက်နှာကြက် မီးအိမ်၊ ဝိုင်သောက်သည့် ခွက်များ၊ ရေနွေးခွက်များ၊ ပိုက်ဆံအိတ်များ၊ ရေခွက်များ၊ ကြယ်သီးများနှင့် စုဘူးများ ပြုလုပ်ပြီး ပိုမိုလှပခိုင်ခံ့မှု ရှိစေရန် အပြင်ဘက် မျက်နှာပြင်များကို ဆေးသုတ်လိမ်း ထားကြောင်း၊ ပစ္စည်းတစ်မျိုးကို ပြုလုပ်ရာတွင် အနည်းဆုံး ၁ဝ ရက်မှ နှစ်လအထိ ကြာမြင့်ကြောင်း သိရသည်။

ထို့ပြင် စွန့်ပစ် အုန်းသီးအခွံ များနှင့်ပြုလုပ် ထားသည့် ကြယ်သီးများကို အထည်ချုပ် လုပ်ငန်းများသို့ ဖြန့်ဖြူးရောင်းချသွား မည်ဖြစ်ပြီး ပြည်တွင်း ဈေးကွက်၌လည်း ရောင်းချမှု ပြုလုပ် သွားမည် ဖြစ် သည့် အပြင် ပြည်ပ သို့လည်း ထိုးဖောက်၍ တင်ပို့သွားမည် ဖြစ်သည်။ ယင်း အုန်းသီးအခွံ များကို ဆေးခြယ်မှု ပြုလုပ်ရာတွင် မြန်မာ့ရိုးရာ ပုံသဏ္ဌာန်များနှင့် မြန်မာနိုင်ငံ၏ ရှုခင်းပုံတို့ကို ရေး ဆွဲပြီး ဈေးကွက် သို့ တင်ပို့မှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ ၊ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၁၁)
Related Posts Plugin for WordPress, Blogger...