Social Icons

Pages

Thursday, August 9, 2018

သဲ၊ ကျောက်စရစ် ခွင့်ပြုကျင်းအရေအတွက်ထက် ပိုမိုထုတ်ယူပါက လိုင်စင်ပိတ်သိမ်းသည်ထိ အရေးယူဆောင်ရွက်မည်



မကွေး ၉-၈-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ဓာတ်သတ္တုလိုင်စင် ရရှိထားသူများ အနေဖြင့် အုတ်၊ သဲ၊ ကျောက်စရစ်၊ ကျောက်ကြီး ထုတ်လုပ်မှုများကို တရားဝင်ခွင့်ပြု ချထားပေးသည့် ကျင်းအရေအတွက်ထက် ပိုမိုထုတ်ယူသည်ကို စိစစ်တွေ့ရှိခဲ့ပါက Black List ရေးသွင်းကာ လိုင်စင်ပိတ်သိမ်းသည်ထိ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးကပြောပြသည်။

မကွေးတိုင်း ဒေသကြီးအတွင်းဓာတ် သတ္တုထုတ်လုပ်ခွင့်နှင့် ပတ်သက်၍ လိုင်စင်သက်တမ်းကို တစ်နှစ်ထက်ပို၍ ခွင့်ပြုထားခြင်း မရှိကြောင်း၊ လိုင်စင်သက်တမ်း ကုန်ဆုံးပါက ခရိုင်အုပ်ချုပ်ရေးမှူးထံ ပြန်လည်အပ်နှံရကြောင်း၊ လုပ်ကွက်တစ်ကွက်လျှင် ငါးဧက၊ တစ်ဧကလျှင် ကျင်း၂ဝဝနှုန်းဖြင့် ငါးဧကလျှင် ကျင်း ၁ဝဝဝသတ်မှတ် ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိစစ်ထောက်ခံချက်ပေး၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ဖြင့် ခရိုင်အုပ်ချုပ်ရေး မှူးထံမှ လုပ်ငန်းလိုင်စင်ခွင့်ပြုချက် ထုတ်ပေးလျက်ရှိသည်။

မြစ်ကျောက်စရစ် ထုတ်လုပ်ခွင့် ရရှိထားသော လုပ်ငန်းရှင်များကို ထုတ်လုပ်ခွင့်နှင့် ပတ်သက်၍ ညွှန်ကြားချက်များ၊ စည်းမျဉ်း၊ စည်းကမ်းများ ပိုမိုတိကျစွာ လုပ်နာဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီး လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခဲ့ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

''ကျောက်စရစ် ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်ပြီး ကမ်းပြိုမှုတွေ၊ ရေကြောင်းပြောင်းလဲမှု ဖြစ်ပေါ်တာတွေ ကြုံတွေ့နေရတဲ့အပေါ် အလေးထား ဂရုပြုရမှာ ဖြစ်ပါတယ်''ဟုတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက ပြောပြသည်။

၂ဝ၁၅ခုနှစ် မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများဥပဒေနှင့် နည်းဥပဒေအရ သက်ဆိုင်ရာဒေသအလိုက် ဌာနဆိုင်ရာများ၊ ရပ်မိ၊ရပ်ဖများ၊ လုပ်ငန်းရှင်များ ပါဝင်သော စီမံခန့်ခွဲမှုကော်မတီများဖွဲ့စည်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဦးတင်နွယ်ဦးထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...