Social Icons

Pages

Showing posts with label ဒေသဖွံ့ဖြိုးရေး. Show all posts
Showing posts with label ဒေသဖွံ့ဖြိုးရေး. Show all posts

Friday, October 26, 2018

နန်းဖဲကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများစစ်ဆေး


ဘောလခဲ အောက်တိုဘာ ၂၅
-
ကယားပြည်နယ် ဘောလခဲခရိုင် ဘောလခဲမြို့ နန်းဖဲကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁ဝ နာရီတွင် ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။
-
အဆိုပါ နန်းဖဲကျေးရွာရှိ မြစိမ်းရောင် စီမံကိန်းငွေဖြင့် ချေးယူဆောင်ရွက်နေသူ ဒေါ်စောကပေါ်ထူးက ဝက်မွေးမြူရေး၊ ကုန်မျိုးစုံရောင်းဝယ်ရေးအပြင် ယခုအချိန်တွင် ဆောင်းသီးနှံဖြစ်သည့် ပြောင်း၊
ပြောင်းကောက်၊ နေကြာများ စိုက်ပျိုးလျက်ရှိကြောင်း ပြောကြားသည်။
-
ဘောလခဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နန်းဖဲကျေးရွာအား စတုတ္ထအကြိမ် မြစိမ်းရောင် ကျေးရွာစီမံကိန်းရင်းနှီးမတည် ချေးငွေကျပ် ၃၈၄ဝဝဝဝဝ ကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ
၁ဝ ရက်က ထုတ်ချေးခဲ့ပြီး ယခုအခါ အရင်း အတိုးရငွေ စုစုပေါင်း ငွေကျပ် ၄၂၆၄၂ဝဝဝ ကို ပေးသွင်းပြီးဖြစ်ကြောင်း သိရသည်။
(၄ဝ၅)

Monday, October 15, 2018

ကော့သောင်းမြို့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်းမြို့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်း  အောက်တိုဘာ  ၁၄
-
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲပိုင်းတွင်  ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။
-
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့   ရန်ပုံငွေ ကျပ်သန်း ၁၃၄၄ဝ အကုန်အကျခံ တည်ဆောက်လျက် ရှိသည့် အရှည်ပေ ၂၄ဝဝ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၅ ဒသမ ၆ ပေအကျယ်ရှိ ပုလုံးတုံးတုံး ကွန်ကရစ်တံတား တည်ဆောက်မှု လုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ အမှတ်(၄) တာဝန်ခံညွှန်ကြားရေးမှူး(မြို့ပြ)  ဦးကျော်မျိုးထွန်းက တံတားဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းပိုင်းများနှင့် ဘဏ္ဍာငွေ ရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
-
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့သောင်းမြို့ ပုလုံးတုံးတုံးကျေးရွာသို့ ရောက်ရှိပြီး မြေပြိုမှုသဘာဝဘေးဒဏ် သင့်ခဲ့ရသည့် မြေနေရာသို့ သွားရောက်ကြည့်ရှု၍ ကျေးရွာနေပြည်သူများ ဆက်လက်နေထိုင်ရန် မသင့်လျော်သဖြင့် အဆိုပါနေရာအား ထပ်မံနေထိုင်ခွင့် မပြုကြရန်နှင့် အားကစားကွင်းအဖြစ် အသုံးပြုနိုင်ရန် တာဝန်ရှိသူများသို့ မှာကြားသည်။ ယင်းနောက် မြေပြိုမှုသဘာဝဘေးဒဏ် သင့်ခဲ့ရသည့် မိသားစုများအတွက် အိမ်ရာပြန်လည် တည်ဆောက်နိုင်ရန် အန္တရာယ်ကင်းရှင်းသည့် ပြန်လည်နေရာချထားပေးမည့် မြေနေရာသို့သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို  တာဝန်ရှိအဖွဲ့အစည်းများသို့ မှာကြားသည်။
-
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာအရေးပေါ် ခိုလှုံရာနေရာနှင့် ဘက်စုံသုံး အဆောက်အအုံ၌   ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေပြိုဘေးဒဏ်သင့် မိသားစုများကို ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 12, 2018

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဝင်္ဂဘော် ဆင်စခန်းနှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့အား လှည့်လည်ကြည့်ရှု

ဒုတိယသမ္မတ ဦးမြင့်ဆွေ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဝင်္ဂဘော် ဆင်စခန်းနှင့် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့အား လှည့်လည်ကြည့်ရှု

ပဲခူး  အောက်တိုဘာ  ၁၁
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ ဝင်္ဂဘော် ဆင်စခန်းနှင့်  မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတို့တွင် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း စောင့်ရှောက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုသည်။
-
ရှေးဦးစွာ ဒုတိယသမ္မတသည် ပဲခူးဒေသ ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွား လုပ်ငန်း ဆောင်ရွက်နေသည့် ဝင်္ဂဘော်ဆင်စခန်းသို့ ရောက်ရှိရာ    တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး စခန်းရှင်းလင်းဆောင်၌ မြန်မာ့သစ်လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက စခန်းဖွင့်လှစ်ခဲ့မှု၊ ဆင်များအား ထိန်းသိမ်းထားမှုနှင့် စခန်းသို့ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
-
တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေက ''ကမ္ဘာတည်သရွေ့ မြန်မာ့ဆင် ရတနာများ တည်ရှိနေရမည်'' ဟူသည့် ဆင်စခန်းများ၏ ဆောင်ပုဒ်အတိုင်း ဒေသတွင်းရှိဆင်ကောင်ရေကို လျော့ကျမသွားအောင်နှင့် တိုးတက်လာအောင် အလေးထားထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ တောရိုင်းဆင်များ ဖမ်းဆီး သတ်ဖြတ်ခံရမှု မရှိစေရေးအတွက် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ   အာဏာပိုင် အဖွဲ့အစည်းများ ပူးပေါင်း၍  ထိထိရောက်ရောက် ဖမ်းဆီး အရေးယူသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
-
ထို့နောက် စခန်းအတွင်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဆင်များနှင့် ခရီးသွားများ အပန်းဖြေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုသည်။
-
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတကာရေဝပ်ဒေသ ထိန်းသိမ်းရေး အဖွဲ့အစည်း (Ramsar Convention)၏ အသိအမှတ်ပြု    မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ ရောက်ရှိကြပြီး မိုးယွန်းကြီးအင်း ရေဝပ်ဒေသပညာပေး ပြခန်း၌ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း တွေ့ရှိရသော ရုပ်လုံးသွင်း ငှက်မျိုးစိတ်များနှင့် ကြာရှည်ခံဆေးရည် စိမ်ထားသည့်  မျိုးစိတ်နမူနာများအား လှည့်လည်ကြည့်ရှုရာ   တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
-
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မိုးယွန်းကြီးအင်းအတွင်းရှိ ဆောင်းခိုငှက်များ လာရောက် ကျက်စားနေထိုင်သည့်  နေရာများကို လှည့်လည်ကြည့်ရှုသည်။
-
ယင်းနောက် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော   ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မိုးယွန်းကြီးအင်း အုပ်ချုပ်ရေးမှူး ဒေါ်သင်းသင်းယုက  ဘေးမဲ့တောအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းထားရှိမှု၊ ဆောင်းခိုငှက်များ လာရောက်ကျက်စားမှုနှင့် မိုးယွန်းကြီးအင်း   ရေရှည်တည်တံ့ရေး အတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
-
ထို့နောက် ရွှေပြည်အေး ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာမျိုးသက် က မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း သဘာဝအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြသည်။
-
တင်ပြချက်များအပေါ် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတကာရေဝပ်ဒေသ ထိန်းသိမ်းရေး အဖွဲ့အစည်း (Ramsar Convention))မှ မြန်မာနိုင်ငံတွင် ပထမဆုံး Ramsar Site အဖြစ် အသိအမှတ်ပြုခံရသည့် ယခုဒေသ၌ ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ အလားတူ မြန်မာနိုင်ငံအတွင်းရှိ အခြားသော ရေဝပ်ဒေသများတွင်လည်း ယခုကဲ့သို့ဖြစ်ပေါ်လာအောင် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် အတွက် မိုးယွန်းကြီးအင်းသည် စံပြဘေးမဲ့တော တစ်ခုဖြစ်အောင် စနစ်တကျ စီမံဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိုးယွန်းကြီးအင်း အတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများကို  ထိန်းသိမ်းစောင့်ရှောက်ရာ၌ အင်းပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ပါဝင်လာနိုင်ရေးအတွက်   အသိပညာပေး လုပ်ငန်းများ၊ Vocational Training များနှင့် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းတို့ကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
-
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ပဲခူးခရိုင် ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းတည်ရှိပြီး ဧရိယာစတုရန်းမိုင် ၄ဝ(၂၅၆ဝဝဝ ဧက)ကျယ်ဝန်း၍ ၁၉၈၈ ခုနှစ် ဧပြီ ၂၂ ရက်တွင် ''မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော'' အဖြစ် စတင် သတ်မှတ်ခဲ့သည်။
-
မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ရေပျော်ငှက်များနှင့် ဆောင်းခိုငှက် များ၏ ကျက်စားနယ်မြေများကို ကာကွယ်ရန်၊ ငှက်မျိုးစိတ်များနှင့် ပတ်သက်သည့် သုတေသန များကိုဆောင်ရွက်ရန်၊ ရေဝပ်ဒေသဂေဟစနစ် ဝန်ဆောင်မှုများကို ရေရှည်တည်တံ့စေရန်နှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။             
-
(သတင်းစဉ်)
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 5, 2018

စစ်တွေမြို့ပေါ် ၌ ဆိပ်ကမ်းတံတားတစ်ခုဆောက်လုပ်လျက်ရှိ


စစ်တွေ အောက်တိုဘာ ၎
-
ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက်၌ မြို့ပြဧရိယာ ဖော်ထုတ်ရေး စီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိုရီးယားကုမ္ပဏီ BXT က စီမံကိန်း ဆောင်ရွက် ရာတွင် လက်ခတ်လှေများဖြင့် ကုန်တင်ကုန်ချ လုပ်ငန်းလုပ်ကိုင်ကာ အသက် မွေးဝမ်း ကျောင်း ပြုလုပ်နေသည့် လှေသမားများ ဆိပ်ကမ်းကပ်ရန် နေရာအခက်အခဲ များဖြစ် ပေါ် နေခြင်းကြောင့် ဆိပ်ကမ်း တံတားတစ်ခု ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
-
''လှေအဖွဲ့တွေ ဆိပ်ကမ်းကပ်ဖို့ အဆင်ပြေအောင်လို့ ဆိပ်ကမ်းတံတားကို ဆောက်လုပ်ပေးမှာ ပါ။ အခု စဆောက်နေပါပြီ။ အလျားမီတာ ၃ဝ ရှိတဲ့ လှေ ၂၅ စင်း ကမ်းကပ် နိုင်တဲ့ ဆိပ်ခံ တံတားပုံစံလေး ဆောက်လုပ် ပေးမှာပါ''ဟု BXT ကုမ္ပဏီက ဆောက်လုပ် ရေးမန်နေဂျာ ဦးအောင်မျိုးသန့်က ပြောသည်။
-
အဆိုပါ BXT ကိုရီးယားကုမ္ပဏီသည် စစ်တွေမြို့ မိဇံရပ်ကွက်၌ မြို့ပြဧရိယာ ဖော်ထုတ်ရေး စီမံကိန်းကို အကောင်အထည် ဖော်နေသည့် ကုမ္ပဏီတစ်ခြုဖစ်ပြီး လှေသမားများ အခက်အခဲ ဖြစ်ပေါ်နေသောကြောင့် ဆိပ်ကမ်းတံတားတစ်ခု ဆောက်လုပ်လှူဒါန်း ခြင်းဖြစ် ကြောင်း သိရ သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 2, 2018

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မဏိပူရ်မြစ်ကူးဗားရ်တံတား တည်ဆောက်ရန် လျာထားသည့် နေရာ၊ ဝေဘူလလမ်း၊ ဘုတ်ဗားရ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်နှင့် မဏိပူရ ရေလှောင်တမံတို့အား ကြည့်ရှု စစ်ဆေး


နေပြည်တော် အောက်တိုဘာ ၁
-
ဖလမ်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်ထူး၊ ဦးကျော်လင်း၊  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့  နံနက်ပိုင်းက  ကလေး-ဖလမ်း-ဟားခါးလမ်း  မိုင်တိုင်အမှတ် (၆၈/၅) အနီး မဏိပူရ်မြစ်ကူးဗားရ် တံတားအသစ် တည်ဆောက်ရန် လျာထားသည့်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက တံတားဆောက်လုပ်မည့် နေရာရွေးချယ်ထားမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။
-
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကလေး-နတ်ချောင်း-ဗားရ်-ဖလမ်းကို ဆက်သွယ်ပေးသည့် ဝေဘူလလမ်းပြုပြင်ခြင်း၊ လမ်းသားချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် လမ်း၏ အခြေအနေကို မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။
-
ထို့နောက် ယင်းလမ်းပေါ်ရှိဘုတ်ဗားရ်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိသူများက တံတားဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာငွေရရှိမှုနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
-
ယင်းနောက် ဝေဘူလမြို့သို့ ရောက်ရှိရာ ဒေသခံများက ရိုးရာယဉ်ကျေးမှု အကများဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။ ဆက်လက်၍ မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသို့ ရောက်ရှိကြရာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ရန်ပုံငွေ လိုအပ်ချက်နှင့် နှစ်အလိုက် ရန်ပုံငွေသုံးစွဲမှု၊ စီမံကိန်း အကောင်အထည်ဖော် ပြီးစီးမှု၊ B.O.T  စနစ်ဖြင့် လွှဲပြောင်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ထားမှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဒေါက်တာမြင့်နိုင်နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ်  ဆလိုင်းလျန်လွယ်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြ သည်။
-
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက မဏိပူရရေလှောင်တမံ စီမံကိန်းသည် စိုက်ပျိုးရေအတွက်သာမက လျှပ်စစ်ဓာတ်အားပါ ထုတ်လုပ်နိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း၊ တမံတည်ဆောက်ခြင်းအားဖြင့် မဏိပူရ်မြစ် ရေလမ်းကြောင်း ကောင်းမွန်လာမည်ဖြစ်ပြီး ကုန်စည်သယ်ဆောင်မှုနှင့် ခရီးသွားလာမှု လုပ်ငန်းများကိုပါ များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးကို တိုက်ရိုက်အကျိုးပြုနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားပြီး ရှုရပ်မှနေ၍ မဏိပူရရေလှောင်တမံ စီမံကိန်း ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
-
မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း၌ ရှိပြီး မြစ်သာမြစ်၏ အကြီးဆုံး မြစ်လက်တက် ဖြစ်သော မဏိပူရ်မြစ်ပေါ်တွင် တည်ရှိသည်။ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်း လယ်မြေဧရိယာဧက ၈ဝဝဝဝ ခန့် စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း၊မူလဒီဇိုင်းအတိုင်း တည်ဆောက်နိုင်မည်ဆိုပါက ရေအားလျှပ်စစ် ၃၈ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြစ်သာမြစ်ဝှမ်းရှိ ကလေးလွင်ပြင်ဒေသ  ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာ စေမည်ဖြစ်ကြောင်း သိရသည်။
-
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကလေးမြို့မှ မြန်မာအမျိုးသား လေကြောင်းဖြင့် ပြန်လည်ထွက်ခွာရာ  မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
-
(သတင်းစဉ်)

Monday, July 9, 2018

ထန်းပင်များတွင် ပျားကောင်များ အုံဝဲနေမှုကြောင့် ရေစကြိုမြို့နယ် ထန်းတောင်သူများ လုပ်ငန်းခွင်နှောင့်နှေးကာ ထန်းလျက်အထွက်နှုန်းလျော့ကျ



ရေစကြို ၉-၇-၂ဝ၁၈

ရေစကြိုမြို့နယ်အတွင်း မိရိုးဖလာလုပ်ငန်း တစ်ခုဖြစ်သော ထန်းလုပ်ငန်းကို ယနေ့အချိန်ထိ ထန်းတောင်သူအနည်းစု လုပ်ကိုင်လျက်ရှိရာ ယခုအခါ အဆိုပါ တောင်သူများသည် ထန်းပင်များတွင် ပျားကောင်များ အုံဝဲနေမှုကြောင့် လုပ်ငန်းခွင်နှောင့်နှေးကာ ထန်းလျက် အထွက်နှုန်းများ လျော့ကျနေကြောင်း ရေစကြိုမြို့နယ် ထန်းတောင်သူများထံမှ သိရသည်။

ယခုအခါ ထန်းမရာသီ အချိန်ရောက်နေပြီး ဖြစ်သည့်အတွက် ထန်းတောင်သူများသည် ထန်းလျက် အထွက်နှုန်းများ တိုးတက်ရရှိအောင် စနစ်တကျလုပ်ကိုင် လျက်ရှိသော်လည်း ထန်းပင်မှ ထန်းမခိုင်များတွင် ပျားကောင်များ ရှိနေသဖြင့် ထန်းသမားများမှာ ထန်းတက်ရာတွင် လုပ်ငန်းနှောင့်နှေးမှု များဖြစ်ကာ ထန်းလျက်အထွက်နှုန်းများလည်း လျော့ကျလာကြောင်း သိရသည်။

"ထန်းလျက် အထွက်နှုန်း နည်းတယ်ဆိုတာ ထန်းရည်ချိုကို ပျားကောင်တွေက စုပ်ယူလို့မဟုတ်ပါဘူး။ ပျားကောင်တွေ အုံဝဲနေလို့ လုပ်ကိုင်နေရတဲ့ ထန်းသမားတွေက ပျားအန္တရာယ် ကြုံတွေ့နေရပြီး ထန်းမခိုင်ကို စနစ်တကျ မလှီးနိုင်တာကြောင့် ထန်းရည်ချို အထွက်နည်းပြီး ထန်းလျက်အထွက်နှုန်းလဲ လျော့နည်းရတာ ဖြစ်ပါတယ်"ဟု ရေစကြိုမြို့နယ် လက်ပန်ပင်ကျေးရွာမှ ထန်းတောင်သူ ဦးသန့်စင်က ပြောပြသည်။

ရေစကြိုမြို့နယ်ရှိ ထန်းတောင်သူများ အနေဖြင့် လယ်ယာလုပ်ငန်းနှင့် အခြား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေသည့်အတွက် ထန်းတောင်သူများ လျော့နည်းလျက် ရှိကြောင်း၊ ယခုအခါ ရေစကြိုမြို့နယ်အတွင်း ရေဝင်ပိုင်းဒေသရှိ ထန်းပင်များ ပျားကောင်များ၊ ပျားအုံများ စွဲကပ်နေပြီး ထန်းတောင်သူများ ပျားအန္တရာယ်နှင့် ကြုံတွေ့ကာ အသက်အန္တရာယ် ထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ထန်းသမားများမှာထန်းကို စနစ်တကျလှီး၍မရသဖြင့် ထန်းလျက် အထွက်နှုန်းလည်း လျော့ကျနေရကြောင်း သိရသည်။

#Themyawadydaily

Friday, July 6, 2018

ကုမ္ပဏီများနှင့်ချိတ်ဆက်မှု ပြတ်တောက်နေသဖြင့် ဒေသထွက် ကြိမ်ပစ္စည်း အရောင်းအဝယ်နည်းပါးလာ



ပခုက္ကူ ၆-၇-၂ဝ၁၈

မြန်မာ့လက်မှု ပညာရပ်တစ်ခု ဖြစ်သော ပခုက္ကူမြို့နယ်ဒေသထွက် ကြိမ်ထည်လုပ်ငန်းများမှာ ကုမ္ပဏီများနှင့် အရောင်းအဝယ် ချိတ်ဆက်မှု ပြတ်တောက်နေသဖြင့် ကြိမ်ပစ္စည်း အရောင်းအဝယ် နည်းပါးလာကြောင်း ပခုက္ကူမြို့နယ် ကြိမ်ထည်လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

နှစ်ပေါင်းရာချီ၍ လုပ်ကိုင်ခဲ့ကြသော ပခုက္ကူဒေသထွက် ကြိမ်အချောထည် လုပ်ငန်းသည် ယခုအခါ ကုန်ကြမ်းထုတ်လုပ် ပေးသော ကုမ္ပဏီ၊ ကုန်ချောဝယ်ယူကြသော ကုမ္ပဏီများနှင့် ချိတ်ဆက်မှုပြတ်တောက် သွားသည့်အတွက် အရောင်းအဝယ် နည်းပါးပြီး လက်ရှိအချိန်တွင် ဝင်ငွေရရှိမှုနည်းပါး လာကြောင်း သိရသည်။

"လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကုမ္ပဏီတွေက ပခုက္ကူဒေသတစ်ဝိုက် ကြိမ်ထည်လက်မှု လုပ်ငန်းရှင်တွေနဲ့ ကိုယ်တိုင်ကွင်းဆင်းပြီး ကုန်ကြမ်းလဲထုတ်ပေးတယ်။ ကုန်ချောလဲ ဝယ်ယူကြတယ်။ ဈေးကွက် အနေအထားကိုလဲ ခိုင်မာအောင် ချိတ်ဆက်ပေးပါတယ်။ ကုန်ချော ပို့ဆောင်ရာမှာလဲ လမ်းပန်း ဆက်သွယ်ရေးလဲ အဆင်ပြေ ချောမွေ့ပါတယ်။ အခုဆိုရင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြတဲ့ ကြိမ်ထည်အချော လုပ်ကိုင်သူတွေဆိုရင် ကုန်ကြမ်းရရှိဖို့ အခက်အခဲ တွေ့နေပါပြီ။ ဒါကြောင့် ကုန်ချော ထုတ်လုပ်မှုမှာလဲ လျော့နည်းလာပါတယ်။ ဝင်ငွေရရှိမှုလဲ နည်းလာပါတယ်" ဟု ပခုက္ကူမြို့နယ် မြစ်ခြေကျေးရွာမှ နှစ်နှစ်ဆယ်ကျော် လုပ်ကိုင်ခဲ့သူ ဦးအောင်ကျော်မွန်က ပြောပြသည်။

ယခုအခါ ပခုက္ကူမြို့နယ်တွင် ကြိမ်ထည်လုပ်ငန်း၌ ကုန်ကြမ်း ဈေးနှုန်းများမှာ ကြိမ်နန်းပင် ၁ဝ ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝဝမှ ၂၂ဝဝဝဝထိ ဈေးနှုန်းပေးဝယ်ရကြောင်း၊ ကြိမ်ထည်ကုန်ချောများမှာ အောက်ထစ်ဆုံးဈေးနှုန်း ငွေကျပ် ၁၅ဝ မှ အမြင့်ဆုံး ၅ဝဝဝဝထိ ရောင်းချရကြောင်း၊ လက်ရှိအချိန်တွင် မြစ်ခြေ၊ တဇင်၊ ထန်းတောချောက်၊ မကျည်းစုဒေသကြိမ်ထည် လုပ်ငန်းရှင်များမှာ ကုမ္ပဏီများနှင့် ချိတ်ဆက်မှု ပြတ်တောက်နေသဖြင့်လုပ်ငန်းရှင်များမှာ အရောင်းအဝယ်ပါးနေကြောင်း သိရသည်။

#Themyawadydaily

Friday, June 29, 2018

ပခုက္ကူ ခရိုင်၌ စိုက်ပျိုးရေပေးဝေမှုတွင် ရေတင်ခများ ပိုမိုတောင်းခံပါက တိုင်ကြားနိုင်



ပခုက္ကူ ၂၉-၆-၂ဝ၁၈

ပခုက္ကူခရိုင်အတွင်းရှိ မြစ်ရေတင်ကြီးများမှ စိုက်ပျိုးရေပေးဝေမှုတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် စိုက်ပျိုးရေတင်ခကောက်ခံမှု နှုန်းထားထက် ပိုမိုကောက်ခံပါက စိုက်ပျိုးတောင်သူများ အနေဖြင့် လာရောက်တိုင်ကြား နိုင်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါမြစ်ရေတင် ကြီးများမှာ စိုက်ပျိုးရေပေးဝေနိုင်မှုမှ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မိုးသီးနှံ လျာထားဧက ၅၅၆ဝ လျာထားခဲ့သော်လည်း အမှန်စိုက်ပျိုးနိုင်မှုမှာ ၇၃၂၂ဧကကို စိုက်ပျိုးရေပေးဝေနိုင်ခဲ့ကာ စိုက်ပျိုးရေတင်ခကောက်ခံမှု နှုန်းထားများမှာ လည်းနိုင်ငံတော်က သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း နွေစပါးငွေကျပ် ၉ဝဝဝ၊ မိုးစပါးငွေကျပ် ၆ဝဝဝ၊ အခြားသီးနှံငွေကျပ် ၃ဝဝဝဖြစ်ပြီး သက်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံပါက လာရောက်တိုင်ကြား နိုင်ကြောင်း၊ အလားတူ စိုက်ပျိုးတောင်သူများ ဘက်က ရေတင်ခကောက်ခံမှုကို တိတိကျကျ ပေးဆောင်စေလိုကြောင်း၊ လျှပ်စစ်မြစ်ရေတင်များ ဖြစ်ခြင်းကြောင့် တစ်ခါတစ်ရံ လျှပ်စစ်မီးအခက်အခဲရှိသည်ကိုလည်း စိုက်ပျိုးတောင်သူ များအနေဖြင့် နားလည်စေချင်ကြောင်း၊ ပခုက္ကူခရိုင်အတွင်းမှာ စိုက်ပျိုးမြေယာ စီမံကိန်းဧက ၃၈ဝ၇ဝ ရှိသော်လည်း စိုက်ပျိုးနိုင်သည့် စိစစ်ဧကသည် ဧက ၂၁၂၆ဝသာရှိကြောင်း၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် စပါးအပါအဝင် မိုးသီးနှံလျာထားဧက ၁ဝဝ၂၇ဧကကို လျာထားစိုက်ပျိုးရေ ပေးဝေနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

တောင်သူများမှာ ယခင်ကာလများက မိုးကိုမျှော်ပြီး မိုးသီးနှံတစ်မျိုးတည်းသာ စိုက်ပျိုးကြရပြီး ယခုအခါ မြစ်ရေတင်ကြီးများမှ ရေတင်စနစ်ဖြင့် နွေစပါး၊ မိုးစပါး၊ အခြားသီးနှံများကို ရာသီမရွေး စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်လာကြပြီ ဖြစ်ပြီး မြစ်ရေတင်ကြီး ၁၄ ခုသည် ပင်မရေတင်စခန်း အမြင့်ပေမှတစ်ဆင့် သတ်မှတ်ထားသည့် ရေတင်ကန်များ အရောက်ကို (ဒေသအခေါ်) ရေခေါ်မြောင်းမကြီးမှ တစ်ဆင့် စိုက်ပျိုးတောင်သူများကိုရေတင်စနစ်ဖြင့် စိုက်ပျိုးရေ ပေးနေကြောင်း သိရသည်။

#Themyawadydaily

Wednesday, August 2, 2017

အပူပိုင်းဇုန်အတွင်း ကျရောက်သောဒေသများ ရေရရှိရေး နည်းလမ်းငါးသွယ် ဖြင့်လုပ်ဆောင်



မုံရွာ ၂-၈-၂၀၁၇

အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ ခရိုင်လေးခရိုင်ရှိ မြို့နယ် ၁၇ မြို့နယ်တွင် ကျေးလက်ဒေသများ ရေရရှိရေးကို နည်းလမ်းငါးသွယ်ဖြင့် ဘဏ္ဍာနှစ်အလိုက် လုပ်ဆောင်ပေးနေကြောင်း တိုင်းဒေသကြီးစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ သိရသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် လုပ်ဆောင်ပေးနေသော နည်းလမ်းငါးသွယ်မှာ အပူပိုင်းဇုန်အတွင်း ထပ်မံစိုက်ပျိုးသည့် အပင်ငယ်များ အတွက်စိုက်ပျိုး ရေနှင့်တိရစ္ဆာန်များ သောက်သုံးနိုင်ရန်အတွက် ရေကန်ငယ်များ တူးဖော်ပေးခြင်း၊ သဘာဝတောကျန် များအတွက် မြေဆီမြေနှစ်များ မပျက်စီးစေရေးအတွက် နုန်းတားဆည်ငယ်လေးများ တည်ဆောက်ပေးခြင်း၊ ကျေးလက်ဒေသနေ ပြည်သူများ သောက်သုံးရေလုံလောက်မှု ရှိစေရေးအတွက် မြေအောက်ရေ တူးဖော်ပေးခြင်း၊ မိုးရေစုကန်များ တည်ဆောက်ခြင်းနှင့် အသုံးပြုလာသည်မှာ ကြာမြင့်ပြီဖြစ်သည့် သက်တမ်းရင့် ရေကန်များကို ပြန်လည်တူးဖော် ပေးခြင်းလုပ်ငန်း တို့ဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး အတွက် အကောင်အထည်ဖော် လုပ်ဆောင်ပေးမည့် ရေရရှိရေးလုပ်ငန်းများတွင် မိုးရေစုကန်များ တူးဖော်ပေးခြင်း လုပ်ငန်းကို ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ မုံရွာခရိုင် အတွင်းရှိ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်၊ ယင်းမာပင် ခရိုင်အတွင်းရှိ ယင်းမာပင်မြို့ နယ်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့နယ်တို့တွင် တူးဖော်ပေးနေပြီး နုန်းတားဆည် ငယ်များ တည်ဆောက်ခြင်းလုပ်ငန်းကို ရွှေဘို ခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ယင်းမာပင်ခရိုင် အတွင်းရှိ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်တို့တွင် တည်ဆောက် ပေးနေကြောင်း သိရသည်။

ထို့ပြင် မြေအောက်ရေ တူးဖော်ခြင်း လုပ်ငန်းကို ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် တူးဖော်ပေးနေပြီး မိုးရေစုကန် တည်ဆောက်ခြင်း လုပ်ငန်းကို စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့နယ်တွင် တည်ဆောက်ပေးနေကာ တိမ်ကောရေကန်တူးဖြော်ခင်း လုပ်ငန်းကို မုံရွာခရိုင်အတွင်းရှိ အရာတော်မြို့နယ်တွင် အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးနေကြောင်း သိရသည်။

#Yadanarpondaily

Wednesday, March 29, 2017

အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ်တစ်ခုကို ယခုနှစ်မေလတွင် စတင်အကောင်အထည် ဖော်မည်



ရန်ကုန် ၊ ၂၉-၃-၂၀၁၇

အင်းလေးကန်မှ ဟဲယားကျေးရွာ ရေပေါ်ဈေးသည် ကုန်းမြေဈေးအဖြစ် တဖြည်းဖြည်း ပြောင်းလဲ  လာသဖြင့် အင်းလေးကန် အတွင်း ရေပေါ်ဈေးသစ် တစ်ခုကို ယခုနှစ် မေလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းသတင်း များအရ သိရသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံ၏ အထင်ကရ နေရာဒေသ တစ်ခုဖြစ်နေ သကဲ့သို့ အင်းလေးကန်၏ ကျွန်းမျောများနှင့် အင်းသားများ၏ ဓလေ့စရိုက် များကြောင့် နိုင်ငံတကာမှ စိတ်ဝင်စားခြင်း ခံနေရသည့် နေရာဒေသတစ်ခုဖြစ်သည်။

ထို့ကြောင့် အင်းလေးကန်ဒေသ သာယာဖွံ့ဖြိုး တိုးတက် လာစေရန်နှင့် အင်းလေးကန် ရေရှည် တည်တံ့နေစေရေး အတွက် သက်ဆိုင်ရာ များက ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်မှု များအရ အင်းလေးကန်တွင် ရေပေါ်ဈေးသစ် တစ်ခုဖွင့်လှစ် ပေးနိုင်ရန် စီမံဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေပေါ်ဈေးသစ်ကို အင်းလေးကန် အတွင်း ရေပေါ်တွင် ရှိနေသေးသည့် ကျေးရွာများမှ ရွေးချယ်ကာ ယခုနှစ် မေလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။

လက်ရှိတွင် အင်းလေးကန် အတွင်း ရေပေါ်တွင် တည်ရှိနေ သေးသည့်ကျေးရွာ ၂ဝ ရှိနေရာ အဆိုပါ ကျေးရွာများထဲမှ ရေပေါ်အိမ်ခြေ ၇ဝ ရာခိုင်နှုန်း ရှိသေးသည့် အင်းပေါခုံရွာနှင့် ရေပေါ်အိမ်ခြေ ၈ဝ ရာခိုင်နှုန်း ရှိနေသေးသည့် နန်းပန်ပေါက်ပါး ရွာတို့ကို ရေပေါ်ဈေးသစ် အဖြစ် ဆောင်ရွက်ရန် ရွေးချယ်ထားသည်။ အင်းလေးဒေသသို့ လာရောက်လေ့လာ လည်ပတ်ကြမည့် ပြည်တွင်း၊ပြည်ပ ခရီးသွားများအား ဒေသထွက် ချည်ထည်၊ ငွေထည်ပစ္စည်း များနှင့် ဒေသထွက်ကုန်များ ရောင်းချဆွဲဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Friday, March 24, 2017

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ မှော်ယောကြီးဆင်စခန်းသို့ လာရောက်လည်ပတ်သူ များပြား



ကျောက်တံခါး ၊ ၂၄-၃-၂၀၁၇

ရန်ကုန်မြို့နှင့် မိုင် ၁ဝဝ ၊ နေပြည်တော် နှင့် မိုင် ၁ဝဝ သာ ကွာဝေး၍ နေ့ချင်းပြန် သွားရောက် နိုင်သော ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မှော်ယောကြီး ကျေးရွာအနီး အမှတ်(၁၃) ကြိုးဝိုင်း အိုင်တုံကွင်း အတွင်း ဧက ၁၆ဝဝ အကျယ်ရှိ မှော်ယောကြီး တောတွင်း အပန်းဖြေ ဆင်စခန်းသို့ ယခုအခါ ပြည်တွင်းပြည်ပ ခရီးသွား အများအပြား လာရောက် လည်ပတ်လျက် ရှိကြောင်း သိရသည်။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁ဝ၅/၄)မှ အနောက်ဘက်သို့ မြေသားလမ်း အတိုင်း ၁ မိုင်ကျော်သာ ကွာဝေးပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်များဖြင့် အလွယ်တကူ ဝင်ရောက်နိုင်သည့် အတွက်
ခရီးသွားများ ပိုမိုလာရောက် ကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပဲခူးရိုးမ သစ်တောကြီးအား ၁ဝ နှစ်ကြာ သစ်ထုတ်လုပ်မှုများ ရပ်နားထားသည့် နောက်ပိုင်း သစ်ဆွဲဆင် အများအပြားကို ဗန်းမော်မြို့နှင့် ကသာမြို့တို့သို့ ပို့ဆောင်ခဲ့ပြီး ဝန်တင်ဆင်နှင့် ဆင်အို၊ သားပေါက်ဆင်များကို ပဲခူးရိုးမ တောအတွင်း အုတ်တွင်းမြို့ အနောက်ရှိ ဆင်ဆေးရုံ၊ အခြားသော ဆင်ဝိုင်းများအပြင် ယခုကဲ့သို့ အပန်းဖြေ ဆင်စခန်းများသို့ ပို့ဆောင်၍ သရုပ်ပြဆင်အဖြစ် သင်ကြားကာ ခရီးသွားဧည့်သည် များအတွက် ဆင်စီးခြင်း၊ ဆင်ရေချိုးခြင်း နှင့်ဆင်အစာကျွေးခြင်း တို့အပြင် ဆင်များအား အနီးကပ် ထိတွေ့ခွင့်များ ရရှိနိုင်မည် ဖြစ်သည်။

ဆင်များကို နေ့စဉ်ထိန်းကျောင်း ပေးကြရသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ များအတွက် ရရှိသည့် ဝင်ငွေဖြင့် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုနိုင်ပြီး လက်ရှိ မှော်ယောကြီး ဆင်စခန်း၌ ဆင် ၂၃ ကောင်ဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

ဆင်စခန်းဝင်ကြေး အနေဖြင့် နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် နှစ်သောင်း၊ ဆင်စီးခြင်း ငွေကျပ် နှစ်သောင်း၊ ပြည်တွင်း ဧည့်သည်များ အနေဖြင့် ဝင်ကြေးငွေကျပ် ၁ဝဝဝ၊ ဆင်စီး လျှင် ငွေကျပ် ၅ဝဝဝ နှုန်း၊ နေ့လယ်စာ စားသုံးလိုပါက ထမင်းတစ်နပ်လျှင် ငွေကျပ် ၄ဝဝဝ ကျသင့်မည် ဖြစ်သည်။ ဆင်စခန်းအား အပတ်စဉ် ဗုဒ္ဓဟူးနေ့ကို နားရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Wednesday, March 22, 2017

ကျိုက်သလဲ CBT ကျေးရွာ၌ ရိုးရာလက်မှုလုပ်ငန်းများ လေ့လာရင်း ၀င်ရောက်စမ်းသပ် လုပ်ကိုင်နိုင်



တွံတေး ၊ ၂၂-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျိုက်သလဲ ကျေးရွာရှိ ရပ်ရွာလူထု အခြေပြု ခရီးသွားရွာ (CBT) ၌ ရိုးရာ လက်မှုလုပ်ငန်းများ လေ့လာရင်း ဝင်ရောက် စမ်းသပ်လုပ်ကိုင် နိုင်ကြောင်း CBT တည်ထောင်သူ ဦးခင်ဇော် ထံမှ သိရသည်။

ကျေးလက်နေ ပြည်သူများ ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်စေရန် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မြန်မာ တစ်နိုင်ငံလုံး၌ တရားဝင် အသိအမှတ် ပြုထားသည့် CBT ကျေးရွာပေါင်း ကိုးရွာခန့် ရှိလာကြောင်းနှင့် ကျိုက်သလဲ ကျေးရွာ CBT သည် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပထမဆုံး ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

'' နိုင်ငံခြားခရီးသွား ဧည့်သည်တွေ အနေ နဲ့ ကျေးရွာတွေရဲ့ သဘာဝနဲ့ ဓလေ့တွေကို သိရှိလာဖို့ ရည်ရွယ်ပါတယ်။ ခရီးသွားတွေ လာရောက်နေထိုင် ကြတဲ့အတွက် အဲဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ရလာပြီး ဝင်ငွေလည်း ရလာမှာ ဖြစ်ပါတယ်'' ဟု ဦးခင်ဇော် ကပြောသည်။

ထို့ပြင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် တိုင်းရင်းသား လူမျိုး အသီးသီး၏ ရိုးရာ အစားအသောက် များကို ချက်ပြုတ် ပေးနိုင်ရန်စီစဉ် ထားကြောင်းနှင့် ဒေသခံ ကလေးငယ်များ၏ တေးသရုပ်ဖော် ကပြ သီဆိုမှုများ ကိုလည်း ကြည့်ရှုအားပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Friday, March 17, 2017

သိန္နီမြို့နယ်အတွင်းရှိ စော်ဘွားကြီးနှင့် ဆွေမျိုးများ၏ အုတ်ဂူများကို ရှေးမူမပျက်ထိန်းသိမ်း သွားမည်



သိန္နီ ၊ ၁၇-၃-၂၀၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်အတွင်းရှိ စော်ဘွားကြီးများနှင့် ပတ်သက်သော အဆောက်အဦးများ၊ စော်ဘွားကြီးနှင့် ဆွေမျိုးတော်စပ်သူ တို့အား မြုပ်နှံထားသော အုတ်ဂူများကို ရှေးမူမပျက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

“ဒါတွေကို ဒီအတိုင်း ရှေးမူမပျက် ထိန်းသိမ်းသွားမှာပါ။ နိုင်ငံခြားခရီးသွားတွေ လာပြီး လည်ပတ်ရင် သိန္နီမြို့က ရှမ်းရိုးရာတွေကို လေ့လာလို့ရမယ်။ ရိုးရာ အစားအသောက်တွေ စားရမယ်။ သီပေါထက်စာရင် သိန္နီမြို့မှာက လေ့လာစရာနေရာ အများကြီးရှိပါတယ်။ သဘာဝ ရေတံခွန်လည်း ရှိပါတယ်။ စော်ဘွားတွေ နေခဲ့တဲ့ ဟော်နန်း လည်းရှိပါတယ်။” ဟု သိန္နီမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က ပြောသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ရှမ်းမြောက်ဇုန်) မှ ကြီးမှူးကာ ဒေသတွင်း ခရီးသွားလုပ် ငန်းဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့မှ ဒေသတွင်းဖွံ့ဖြိုးမှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေရာမှ သိန္နီမြို့နယ်တွင် ရှိသော စော်ဘွားကြီးများနှင့် ပတ်သက်သည့် အဆောက်အဦးများ၊ စော်ဘွားကြီးနှင့် ဆွေမျိုးတော်စပ်သူ တို့အား မြုပ်နံထားသော အုတ်ဂူများကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

သိန္နီစော်ဘွားကြီး နေထိုင်ခဲ့သော ဟော်နန်းကို တည်ဆောက်ထားသည့် သံပေါင်များမှာ ဂုဏ်ထိပ်တံတားအား တည်ဆောက်ထားသည့် သံပေါင်များနှင့် တူညီနေပြီး ဂုတ်ထိပ်တံတားမှာ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ နေပြီဖြစ်ကြောင်း သိရသည်။

သိန္နီစော်ဘွားကြီး သတိုးမဟာသရေစည်သူ စဝ်ဟုံဖ မှာ ၁၃၂၀ ပြည့်နှစ်၊ နှောင်းတန်ခူးလဆန်း ၅ ရက်တွင် နတ်ရွာ စံကာ အနိစ္စရောက်သည် ဟူသော စာတမ်းရှိသည့် ဂူနှင့် ဆွေမျိုးများ၏ ဂူများကို တွေ့ရှိခဲ့ရပြီး စော်ဘွားကြီးဂူကို အုတ်တံတိုင်းဖြင့် ကာရံထားကာ အတွင်း အုတ်နံရံများကို ရှေးဟောင်းလက်ရာ များဖြင့် ရုပ်ထွင်းထားသည့် အစောင့်ပုံမျိုးစုံ ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့က ကိုယ့်မြို့နယ် အတွင်းမှာ ဒါတွေရှိနေတာ တွေကို လိုက်ရှာပြီးတော့ ဖွံ့ဖြိုးအောင် လုပ်ဆောင် နေတာပါ။ လားရှိုးမြို့ ဝန်းကျင်မှာလည်း ရှာတွေ့ခဲ့တယ်။ ပြီးတော့ သိန္နီမြို့မှာ ဆိုရင်လည်း လေ့လာစရာတွေ အများကြီး ရှိပါတယ်။’’ ဟု ဒေသတွင်း ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့ဝင် ကိုသိန်းမင်းထွန်း က ပြောသည်။

သိန္နီမြို့၌ စော်ဘွားကြီး စဝ်ဟုံဖ ကိုးကွယ်ရန် ဆောက်လုပ်ထားသော နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ စဝ်မိန်ခေါက် ဘုရားကျောင်းဆောင် နေရာကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က ရှင်းလင်းခဲ့ခြင်း ကြောင့် လက်ရှိတွင် သွားရောက် လည်ပတ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဘုံ(၅)ဆင့် (ရှမ်းဘာသာဖြင့်-ကျောင်းဟရွက်) ဟုခေါ်သည့် ရှေးဟောင်း အဆောက်အအုံကိုလည်း တွေ့ ရှိခဲ့ကာ အဆိုပါ ဘုံ(၅)ဆင့် ကျောင်းဆောင် အတွင်းရှိသည့် အမြင့်၊ အကျယ်(၂)ပေခွဲ ဝန်းကျင်ရှိကန်မှာ ရေခမ်းသွားခြင်း မရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, March 15, 2017

ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြိတ်ကျွန်းစုကျွန်းများ ရှိရာသို့ ပြည်ပခရီးသွား စက်တပ်လှေခရီးစဉ် ၁၆၀ ကျော်ဝင်ရောက်



မြိတ် ၊ ၁၅-၃-၂၀၁၇

ယခုနှစ် ဖေဖော်ဝါရီလကုန် အထိ မြိတ်ကျွန်းစု ကျွန်းများရှိရာသို့ လာရောက် လည်ပတ်သော ပြည်ပခရီးသွား စက်တပ်ရွက်လှေ ခရီးစဉ် ၁၆ဝ ကျော် ဝင်ရောက် ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါမြိတ်ကျွန်းစု အတွင်းသို့ ၂ဝ၁၆ ခုနှစ်အတွင်းက စက်တပ် ရွက်လှေဖြင့် လာရောက် လည်ပတ်သည့် ခရီးစဉ် ၄၇ဝ ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွင်းက စက်တပ်ရွက်လှေ ခရီးစဉ် ၃၉၆ ခု ဝင်ရောက်ခဲ့သည်။ ယင်း ခရီးစဉ်များတွင် လိုက်ပါလာသော နိုင်ငံခြား ခရီးသွားဧည့်သည် ဦးရေမှာ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ အထိ ၁၃၉၇ ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ၃၉၆၁ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၃၂၇ဝ ဦး လာရောက် လည်ပတ် ခဲ့ကြောင်း၊ မြိတ်ကျွန်းစုများ အတွင်း စက်တပ်ရွက်လှေဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှုကို ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်အတွင်း ဝင်ရောက်မှု ပိုမိုများပြားကြောင်း သိရသည်။

နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက် လည်ပတ်မှု အများဆုံးသော နေရာမှာ ကော့သောင်းခရိုင် အတွင်းရှိ ကျွန်းစုများသို့ ဖြစ်ပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ အကြား စိတ်ဝင်စားမှု မြင့်တက်နေသော မြိတ်ကျွန်းစု များစွာရှိကြောင်း၊ ကျွန်းစုပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသော မြိတ်ကျွန်းစုတွင် အမြဲစိမ်းတော အမျိုးအစား ၁၉၅ မျိုး၊ ဒီရေတောနှင့် သဲခုံတော သဘာဝပေါက် အပင် အမျိုးအစား ၆၃ မျိုး၊ နို့တိုက်သတ္တဝါ အမျိုးအစား ၁၉ မျိုးရှိကြောင်း၊ ယင်းနေရာများသို့ လာရောက် လေ့လာကြပြီး သဘာဝအတိုင်း လှပနေသည့် ယင်းမြိတ်ကျွန်းစု များမှာ ၂ဝ၁၆ ခုနှစ်မှစတင်၍ နိုင်ငံခြားခရီးသွား ဧည့်သည်များ အကြား လူသိများထင်ရှား လာခြင်းဖြစ်သည်။  မြိတ်ကျွန်းစုများ အတွင်းသို့ နိုင်ငံခြား ခရီးသွားဧည့်သည် များအနေဖြင့် ကုန်းလမ်း၊ ရေလမ်းကြောင်းနှင့် လေကြောင်းခရီးစဉ် များဖြင့် လာရောက် လည်ပတ်ကြကြောင်း သိရသည်။

ယခုနှစ် ဖေဖော်ဝါရီလအတွင်း ခရီးစဉ် ၇၉ ခုအထိရှိပြီး နိုင်ငံခြား ခရီးသွားဧည့်သည် ၆ဝ၄ ဦး လိုက်ပါသည့် ထိုင်းနိုင်ငံသားပိုင် စက်တပ် ရွက်လှေပေါင်း ၃၅ စင်းနှင့် မြန်မာ နိုင်ငံသားပိုင် စက်တပ်ရွက်လှေ သုံးစင်းတို့ဖြင့် လာရောက် လည်ပတ်ခဲ့သည်။ ယခုနောက်ပိုင်းတွင် မြိတ်ကျွန်းစု အတွင်း လာရောက် လည်ပတ်မှု များပြားလာ သောကြောင့် သဘာဝခရီးသွား လုပ်ငန်းများကို ဖော်ဆောင်နေပြီး တိုးတက်မှု အရှိန် မြင့်မားလာဖွယ် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

ရွှေပြည်အပန်းဖြေစခန်းရှိ ပန်းပုရွာကို ကမ္ဘာပေါ်တွင် သစ်သားပန်းပုရုပ်တု အများဆုံးနေရာ ဒေသအဖြစ် ဖော်ဆောင်မည်



ပဲခူး ၁၅-၃-၂၀၁၇

ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့ ၁ဝ မိုင်ကုန်း အနီး ရွှေပြည် အပန်းဖြေ စခန်း၌ ဖွင့်လှစ် ထားသော ပန်းပုရွာကို ကမ္ဘာပေါ် တွင် သစ်သား ပန်းပု ရုပ်တုများ တစုတစည်း တည်းနှင့် အများဆုံး ပြသ ထားသော နေရာ တစ်ခုအဖြစ် ဖော်ဆောင် နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ပန်းပု ရုပ်တု အများ အပြားကို စုစည်း ပြသထား ခြင်းဖြင့် ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည့်သည် များ၏ စိတ်ဝင်စား မှုကို ရရှိလာ စေရန် မျှော်မှန်း ထားကြောင်း၊ လက်ရှိတွင် ပန်းပုရွာ တစ်ခုအဖြစ် လူသိများ လာပြီး ကမ္ဘာပေါ်တွင် သစ်သား ပန်းပု ရုပ်တုများ  အများဆုံး ပြသ ထားသော နေရာ တစ်ခု အဖြစ်လည်း အသိအမှတ် ပြုခံရ စေရန် ပန်းပုရုပ် တုများ ထပ်မံ စုဆောင်းခြင်း၊ ပန်းပုရုပ်တု ထားရှိရန် အဆောင်သစ် ဆောက်လုပ် ခြင်းများ စီစဉ် ဆောင်ရွက် လျက်ရှိကြောင်း ပန်းပုရွာမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

အဆိုပါ ရွှေပြည် အပန်းဖြေ စခန်းရှိ ပန်းပုရွာ၌ စုစည်း ပြသထားသော ပန်းပု ရုပ်တု များကို ဒဂုံ (မြောက်ပိုင်း) မြို့နယ်၊ မင်္ဂလာဒုံ မြို့နယ်နှင့် ဒဂုံ(ဆိပ်ကမ်း) မြို့နယ် စသည့် နေရာတို့ ၌ ထုလုပ် ခဲ့သည့် အပြင် ရန်ကုန်မြို့ ဆရာစံ ပလာဇာမှ ပန်းပု ရုပ်တု များကိုလည်း ယူဆောင် လာကာ ရွှေပြည် အပန်း ဖြေစခန်း တွင် ပန်းပုရွာ အဖြစ်တည် ထောင်ထားခြင်း ဖြစ်ကြောင်း၊ ရာနှင့် ချီရှိသော ပန်းပု ရုပ်တု ပေါင်းများစွာ ကို အမျိုးအစား အလိုက် အဆောင်များ ခွဲခြားကာ ပြသထား ခြင်းဖြစ်ပြီး နောက်ထပ် အဆောင် သစ်များ ကိုလည်း ထပ်မံ တိုးချဲ့ ဆောက်လုပ် သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။ 

လက်ရှိ ပြသထားသော ပန်းပု ရုပ်တုများ ထုလုပ်ရန် လိုအပ်သော သစ်သား တုံးများကို ပြည်တွင်း၌ မုန်တိုင်းများ တိုက်ခတ် စဉ်က လဲကျ ခဲ့သော သစ်ပင်များ နှင့် ဆောက်လုပ်ရေး လုပ်ငန်း ခွင်များတွင် လမ်း၊ တံတား များ၊ အဆောက် အအုံများ ဆောက်လုပ်ရန် မလွတ်ကင်း သဖြင့် ခုတ်လှဲ ခဲ့ရသော သစ်ပင် များကို သက်ဆိုင်ရာမှ တရားဝင် ဝယ်ယူခဲ့ ခြင်း ဖြစ်ကြောင်း၊ အဆိုပါ သစ်ပင် များကို အသုံးပြုပြီး ထုလုပ် ထားသော ပန်းပုရုပ်တု များထဲတွင် အရွယ်အစား မျိုးစုံ၊ ပုံသဏ္ဌာန် မျိုးစုံ ပါဝင်သည့် အပြင် ပေ ၂ဝ ကျော် အထိ အရှည် ရှိသော ပန်းပု ရုပ်တုများ ကိုလည်း ပုံဖော် ထုလုပ်ကာ ပြသ ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Friday, March 10, 2017

မြတ်မော်တင်စွန်းဘုရားပွဲတော် သို့ လာရောက်သူများ လေ့လာနိုင်ရန် ဆင်စခန်းဖွင့်လှစ်ထား



ငပုတော ၊ ၁၀-၃-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်အနီးရှိ ဆံတော်ရှင် မြတ်မော်တင်စွန်း ဘုရားပွဲတော်သို့ ကုန်းလမ်းခရီးဖြင့် လာရောက်သည့် ဘုရားဖူးများ ဝင်ရောက် လေ့လာနိုင်ရန် ပုသိမ်-မော်တင် ကားလမ်း ၅၁ မိုင် ၂ ဖာလုံရှိ တင်းချောင်းကျေးရွာ အနီး ထန်းတပင် ဆင်ဝိုင်း၌ စွယ်စုံ ဆင်နှစ်ကောင်၊ ဆင်မတစ်ကောင် ထားရှိပြီး ထန်းတပင်ရွာ အတွင်းနှင့် ငရုတ်ကောင်းတောင် ပတ်ဝန်းကျင်သို့ ဆင်စီးနိုင်ခြင်း၊ ဆင်အစာကျွေးခြင်း၊ ဆင်နှင့်အတူ ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း ထန်းတပင် ဆင်ဝိုင်း တာဝန်ရှိသူများထံမှ သိရသည်။

''မြတ်မော်တင်စွန်း ဘုရားပွဲရက်ကို ယာယီစီစဉ်ထား တာပါ။ အများပြည်သူ လည်း ကြည့်လို့ရအောင်၊ ထန်းတပင်ရွာထဲနဲ့ တင်းချောင်းကျေးရွာ ပတ်ဝန်းကျင်မှာ ပတ်ပြီးစီးလို့ရအောင် စီစဉ်ထားပါတယ်။ ဆင်တွေကို အစာကျွေးတာနဲ့ ဆင်နဲ့တွဲပြီး ဓာတ်ပုံရိုက်တာက အခကြေးငွေ ပေးစရာ မလိုပါဘူး''ဟု ငပုတောမြို့နယ် တင်းချောင်း ကျေးရွာအုပ်စု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း ကပြောသည်။

အဆိုပါဆင်များကို ပုသိမ်-မော်တင် ကားလမ်း ၂၁ မိုင်ရှိ သစ်ကတိုးအိုင် ဆင်အလှပြ စခန်းမှ ခေါ်ဆောင်ထားခြင်း ဖြစ်ပြီး မြတ်မော်တင် စွန်းဘုရားပွဲတော် ပြီးပါက ငရုတ်ကောင်းမြို့ အနီးရှိ ဂေါ်ရန်ဂျီကျွန်း ၌ အလှပြ ခရီးသွားလုပ်ငန်း အကောင်အထည် ဖော်ရန် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြတ်မော်တင်စွန်း ဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၁၄ ရက်မှ မတ် ၁၂ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ သောင်းနှင့် ချီ၍ ကုန်းလမ်း၊ ရေလမ်းခရီးများမှ လာရောက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

ဟားခါးမြို့ အလှအပရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် ရှုခင်းသာ မျှော်စင်တည်ဆောက်မည်



ဟားခါး ၊ ၁၀-၃-၂၀၁၇

ချင်းပြည်နယ် ဟားခါးမြို့၏ အလှအပ ရှုခင်းများကို ခရီးသွား ဧည့်သည်များ အပေါ်စီးမှ ကြည့်ရှုနိုင်ရန် ရှုခင်းသာမျှော်စင် တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း ချင်းပြည်နယ် ဟားခါးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇိုဘွဲ ထံမှ သိရသည်။

အဆိုပါ ရှုခင်းသာမျှော်စင် ၌ လာရောက် ကြည့်ရှုသူများ လေ့လာနိုင်ရန် ချင်းလူမျိုးတို့၏ ရိုးရာ တူရိယာများ၊ ရိုးရာ ဝတ်စုံများ၊ အပန်းဖြေ အနားယူနိုင်မည့် ထိုင်ခုံများနှင့် အားကစားပစ္စည်း များကိုပါ ထားရှိပေးသွားမည် ဖြစ်သည်။ ထို့ပြင် ဟားခါးမြို့အလှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သားရဲ တိရစ္ဆာန် ထိန်းသိမ်းရေး နှင့် ခရီးသွားဧည့်သည် များအား ဆွဲဆောင်နိုင်မည့် ကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်း များနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ဟားခါးမြို့သည် သဘာဝ အလှအပ အခြေခံကောင်းများ ရှိနေပြီး လက်ရှိတွင် ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု များပြားလျက်ရှိသည်။ ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်ရာတွင် အဆင်ပြေစွာ တည်းခိုနေထိုင် နိုင်ရေးအတွက် ဟိုတယ်များ တည်ဆောက်လျက် ရှိသည်။

လက်ရှိတွင် ရှုခင်းသာမျှော်စင် တည်ဆောက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်နေပြီး ခရီးသွား လုပ်ငန်းများ တိုးတက်လာရေး အတွက် အစီအစဉ်များ လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, February 27, 2017

ငါန်းဇွန်ဒေသထွက် မြေဖြူများကို ဒေသအကျိုးရှိစေရန် အတွက် တိုင်းဒေသကြီး အစိုးရထံ တင်ပြထား



ငါန်းဇွန် ၊ ၂၇-၂-၂၀၁၇

မန္တလေးတိုင်း ဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် အနောက်တော ကျေးရွာအနီးမှ ထွက်ရှိသော မြေဖြူများကို ဒေသအကျိုး ရှိစေရန် အတွက် တိုင်းဒေသကြီး အစိုးရထံ တင်ပြထား ကြောင်း ငါန်းဇွန် မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တိုင်းဒေသကြီး သဘာဝနှင့် သယံဇာတ ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်စိုးနိုင် ၏ ပြောပြချက် အရသိရသည်။ 

အဆိုပါ မြေဖြူများကို ကြွေပန်းကန်၊ ကြွေပန်းကန်ပြားနှင့် အလှဆင် ကြွေပြားများ ထုတ်လုပ်ရာတွင် အသုံးပြုပြီး ကုမ္ပဏီကြီး နှစ်ခုမှ ရသလောက် ထုတ်ယူနေ ကြောင်းသိရသည်။ 

''ကျွန်တော်တို့ ဒေသမှာက မြေဖြူပဲ  အဓိက သယံဇာတ အဖြစ်ထွက်တာပါ။ အခြား ထွက်တဲ့ ပစ္စည်းတွေက နည်းပါတယ်။ အဲဒါကို ဒေသအတွက် အကျိုးမရှိ ဖြစ်မှာစိုးလို့ပါ။ ဒေသအတွက် အထိမ်းအမှတ် တစ်ခုဖြစ်ဖို့လို သလို ဒေသအတွက် လဲ အကျိုးရှိဖို့ လိုအပ် ပါတယ်''ဟု မန္တလေးတိုင်း ဒေသကြီး သဘာဝ နှင့်သယံဇာတ ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးကျော်စိုးနိုင် ထံမှသိရသည်။ 

အဆိုပါ ထုတ်ယူနေမှု၏ ထုတ်လုပ်ခွင့် ပမာဏနှင့် နိုင်ငံတော်သို့ ပေးသွင်းထားသော အခွန်အခများကို ဒေသခံ အုပ်ချုပ်ရေး  အာဏာပိုင်များက မသိရှိဘဲ ရသလောက် တူးဖော် နေခြင်းဖြစ်ပြီး တူးဖော် ရာတွင်လဲ စည်းကမ်း သတ်မှတ်ချက် များမရှိဘဲ တူးဖော် နေသောကြောင့် အဆိုပါ မြေဖြူကျင်းများ အတွင်းသို့ ဒေသခံများ၊ ကျွဲ၊နွားတိရစ္ဆာ န် များပြုတ်ကျ သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

မြေဖြူ ထွက်သော မြေဧရိယာသည် ငါန်းဇွန်မြို့၏ အနောက်တောင်ဘက် ရှစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး အကျယ်အဝန်း ဧက ၃ဝကျော်နှင့် အနက်ပေ ၅ဝကျော်အထိ မြေဖြူများသာ တူးဖော်ရရှိ ကြောင်း သိရသည်။ 
မြေဖြူထုတ်ယူ မှုပြုလုပ် ရာတွင် သတ်မှတ်ဧရိယာ အတိုင်းအတာ အမှတ်အသား တိုင်များ စိုက်ထူထား မှုမရှိခြင်း သတ်မှတ်ချက် စည်းကမ်းများ အတိုင်း တူးဖော်မှု မရှိခြင်း ပြန်လည် မြေဖို့ထားမှုများ မရှိခြင်း တို့ကြောင့် အဆိုပါကုမ္ပဏီ များ၏ ကုန်ကျစရိတ် ဖြင့် စည်းကမ်းချက် များအတိုင်း ဧရိယာတိုင်များ စိုက်ထူရန်၊ စည်းကမ်းများ အတိုင်း တူးဖော်ရန်နှင့် ပြန်လည်မြေဖို့ ရန်တို့ကို မန္တလေးတိုင်း ဒေသကြီး သတ္တုတွင်း ဦးစီးဌာနရုံးခွဲက ကုမ္ပဏီများသို့ အကြောင်းကြား ထားကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီများ အနေဖြင့် ဖေဖော်ဝါရီ ၁၈ရက်က သက်တမ်း ကုန်ဆုံးသွားပြီ  ဖြစ်သောကြောင့် ဆက်လက် သက်တမ်းတိုး ဆောင်ရွက်မည် ဆိုပါက ရေရှည်တွင် ဒေသခံ များနှင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွား စေရေးဒေသခံများ အတွက် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် နှင့်လစဉ် ထုတ်လုပ် မှုရောင်းချမှု နှင့်အခွန်အခ ပေးသွင်းပြီးကြောင်း အစီရင်ခံစာများ ကိုပေးပို့ အကြောင်း ကြားရန် မန္တလေးတိုင်း ဒေသကြီး သတ္တုတွင်း ဦးစီးဌာန ရုံးခွဲက ကုမ္ပဏီများသို့ အကြောင်းကြား ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, February 24, 2017

သိန်းနီမြို့မှ စော်ဘွားဟော်နန်းနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ထိန်းသိမ်း



သိန်းနီ ၊ ၂၄-၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန်းနီမြို့သို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု မြင့်တက်လာစေရေး နှစ်ပေါင်း တစ်ရာကျော် သက်တမ်းရှိ စော်ဘွားဟော်နန်း နှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ထိန်းသိမ်းလျှက် ရှိကြောင်း သိရှိရသည်။

“ဒီခရီးသွားလုပ်ငန်း ဖြစ်လာရင် နိုင်ငံခြားသားတွေ လာမယ်။ သူတို့တွေလာရင် ကျွန်မတို့ဒေသမှာ အခွန်တွေ ရလာမယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ အဆင်ပြေမယ်။ ကျွန်မတို့ရဲ့ ရိုးရာ အစားသောက်တွေ၊ ရိုးရာလက်မှု လုပ်ကိုင်သူ တွေလည်း အလုပ်ဖြစ်လာမယ် ဆိုရင် ကျွန်မတို့မြို့တိုးတက်လာမယ်။ မြို့ကို တိုးတက်စေချင်လို့ ရည်ရွယ်ပြီး လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။’’ ဟု သိန်းနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ ကပြောသည်။

အဆိုပါ ရှေးဟောင်း အမွေအနှစ်များအား ဖော်ဆောင်ကာ ရှေးမူလက်ရာများ အတိုင်းသာ ထားရှိ ထိန်းသိမ်းသွား မည်ဖြစ်ပြီး သိန်းနီမြို့ တွင်လည်း နိုင်ငံခြားသားများ လာရောက်လေ့လာ နိုင်သော နေရာများစွာ ရှိကြောင်း ဒေါ်နန်းခင်ထားရီ က ပြောသည်။ 

“ဒီနေရာရှိနေတာ သိတော့သိတယ်။ ဘာလဲဆိုတာ မသိရဘူး။ အခုလို ဖော်ဆောင်လိုက်မှ ရှေးဟောင်း အမွေအနှစ်တွေ၊ ယဉ်ကျေးမှုတွေ သိန်းနီမြို့မှာ ရှိတယ်ဆိုတာ သိရတော့ သိန်းနီမြို့သူ တစ်ယောက်အနေနဲ့ ဂုဏ်ယူမိ ပါတယ်။ လာရောက် လေ့လာကြည့်ပါလို့ ပြောချင်ပါတယ် ’’ဟု သိန်းနီမြို့နေသူ မနန်းယဉ်ကျော့ က ပြောသည်။ 

သိန္နီမြို့တွင် စော်ဘွားများ ကိုးကွယ်ခဲ့သော ဘုရားကျောင်းဆောင် (ရှမ်းဘာသာဖြင့် စဝ်မိုင်း ခေါက်ကျောင်း)၊ ဘုံငါးဆင့်ကျောင်း (ရှမ်းဘာသာဖြင့် ကျောင်းဟရွက်)၊ ဘုံငါးဆင့် ကျောင်းအတွင်း၌ ထူးဆန်းစွာ တစ်နှစ်ပတ်လုံး ရေမခမ်းသော ရေကန်ငယ် တစ်ခု တည်ရှိကြောင်း သိရသည်။ ထို့အပြင် ရေတံခွန် တိုင်းကုန်း (ကံကော်ကုန်း)၊ စော်ဘွားများ၏ အုတ်ဂူများ၊ ရှေးမူလက်ရာ ဟော်နန်းနှင့် သိန္နီမြို့ ၏ ရိုးရာ အစားအသောက် များစွာ ရှိနေကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Thursday, February 23, 2017

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ နယ်ရှိ ပန်ခေါ်ရေတံခွန် သို့ နိုင်ငံ ခြားသားခရီးသွားများ လာရောက် လည်ပတ်မှုများပြား



လားရှိုး ၊ ၂၃-၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် အတွင်းရှိ ပန်ခေါ် ရေတံခွန်(ဒေသအခေါ်)ခြောက် ထပ် ရေတံခွန်သို့ နိုင်ငံခြား သားခရီး သွားများ လာရောက် လည်ပတ်မှု များပြား နေကြောင်း ဒေသတွင်း ခရီးသွား လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့မှ သိရသည်။

၂ဝ၁၆ခုနှစ် နှစ်ကုန်ပိုင်းမှ စတင် ဖော်ဆောင် ခဲ့သည့် ခြောက်ထပ် ရေတံခွန်သို့ နိုင်ငံခြားသား ခရီး သွားများအပြင် ဒေသတွင်းမှ ဧည့် သည်များ လာရောက် လည်ပတ်မှု များလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်ခေါ်ရေတံခွန် (ဒေသ အခေါ်) ခြောက်ထပ် ရေတံခွန် သည် လားရှိုး မြို့နှင့်ကိုး မိုင်သာဝေးပြီး ကုန်းညောင် မှတစ်ဆင့် ပန်ဟုမ်း ရွာ၊ ပန်ခေါ်ရွာသို့ ရောက်ရှိပါက ရေတံခွန်သို့ ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

ဒေသတွင်း ခရီးသွား လုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့အနေဖြင့် ခြောက်ထပ် ရေတံခွန်သို့ နိုင်ငံခြား သားခရီးသွား ဧည့်သည်များ လာ ရောက်လည်ပတ် နိုင်ရန်နှင့် ကျေး လက်ဒေသ ဖွင့်ဖြိုးရေး အတွက်ဖော် ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၇)
Related Posts Plugin for WordPress, Blogger...