Social Icons

Pages

Friday, January 3, 2014

ဘယ်သောအခါမှ မမေ့သင့်သော လွတ်လပ်ရေးနေ့


ဘယ်သောအခါမှ မမေ့သင့်သော လွတ်လပ်ရေးနေ့

သစ်ပင်တစ်ပင် တွင် ရေသောက်မြစ် သည်သာ အဓိက မဏ္ဍိုင်ကြီး ဖြစ်သည်။ ရေသောက်မြစ် မခိုင်လျှင် ပင်စည် ယိမ်းယိုင်ရမည် သာဖြစ်သည်။ မည်မျှပင် ကြီးကျယ် ခမ်းနားသော တိုက်တာ အဆောက်အအုံ ကြီးဖြစ်ပါစေ အုတ်မြစ် ခိုင်ခိုင် မချလျှင် မုချပြိုလဲ ရမည် ဖြစ်သည်။ ထို့အတူ နိုင်ငံ တစ်နိုင်ငံ တွင်လည်း လွတ်လပ်ရေး သည်သာ အဓိက အသက် သွေးကြော ဖြစ်သည်။ လွတ်လပ်ရေး သည် ရေနှင့် တူသည်။ ရေမရှိလျှင် လူသည် အသက်မရှင် နိုင်ပေ။ ထို့အတူ လွတ်လပ်ရေး ဆုံးရှုံး ရပါကလည်း သေသည်နှင့် မခြားပေ။ လွတ်လပ်ရေး ဟူသော တောင်ထိပ်တွင် မြစ်ဖျားခံမှသာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတည်း ဟူသော မြစ်မသည် တသွင်သွင် စီးဆင်း နိုင်ပေသည်။

လွတ်လပ်ရေး ဟူသည် အချုပ်အခြာ အာဏာပိုင်မှု ဖြစ်သည်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိမှုဖြစ်သည်။ ကိုယ့်စွမ်းအားပေါ် အပြည့်အဝ ရပ်တည်မှု ဖြစ်သည်။ မိမိတို့ ကြီးပွား တိုးတက်မှုသည် မိမိတို့နှင့် တိုက်ရိုက် သက်ဆိုင်ပြီး မိမိတို့ဘာသာ ရရှိခံစား နိုင်ကြ ပေသည်။ ဤသည်မှာ လွတ်လပ်ရေး၏ အရသာ ဖြစ်ပေသည်။ လွတ်လပ်ရေးကို ကာကွယ်ရန်မှာ နိုင်ငံသားတိုင်း ၏ မွေးရာပါ တာဝန် ဖြစ်ပေသည်။

စာရေးသူတို့ မြန်မာနိုင်ငံ သည် ကိုယ့်ထီး ၊ ကိုယ့်နန်း ၊ ကိုယ့်ကြငှန်း နှင့် လွတ်လပ်သော နိုင်ငံအဖြစ် မင်းအဆက်ဆက် ရပ်တည်ခဲ့ပြီး မိမိမြေပေါ်တွင် မိမိလူမျိုး ၊ မိမိသွေးချင်း များ အေးအတူ ပူအမျှ နေထိုင် ခဲ့ကြကာ သူတစ်ပါး နယ်မြေကို ကျူးကျော်ရန် လားလားမျှ စိတ်မကူးကြဘဲ ဘိုးဘွား စဉ်ဆက် အမွေအနှစ်များ နှင့်သာ တင်းတိမ် ရောင့်ရဲခဲ့ ကြသည်။ မြန်မာ့ သယံဇာတ အမွေအနှစ် များကို မျက်စိကျ သရေယို ကြသော နယ်ချဲ့များ၏ လက်ချက်ကြောင့် အမျိုးဂုဏ် မှေးမှိန်ကာ သူ့ကျွန်ဘဝသို့ ရောက်ခဲ့ ရသည်။ နယ်ချဲ့ တို့သည် ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲပြီး မြန်မာနိုင်ငံ ကို သိမ်းပိုက်ကာ မြန်မာ့ အမွေအနှစ် စည်းစိမ် မှန်သမျှ ကို ရယူခဲ့သည်။

ထိုကဲ့သို့ လွတ်လပ်ရေး ဆုံးရှုံးရချိန်တွင် ဆီးပန်းနီ ဆရာတော်က '' ထီးသုဉ်း နန်းသုဉ်း မြို့သုဉ်း သုည ၊ သုဉ်းသုံးဝဖြင့် သုဉ်းရ ပြန်လှစ် ၊ သုညခေတ်ဝယ် ၊ လူဖြစ်ရလေ ၊ တို့တစ်တွေသည် ၊ သေသော်မှတည့် သြော် ကောင်း၏ ''ဟု ရေးသားခဲ့ လေသည်။

လွတ်လပ်ရေး ဆုံးရှုံးပြီး နယ်ချဲ့ ကိုလိုနီတို့ အုပ်ချုပ်ခံ ဘဝရောက် ရှိသွားချိန်တွင် မြန်မာတို့သည် အညံ့ခံ နေရတာထက် သေရတာ မြတ်သေးသည် ဟူသော အသိစိတ်ဖြင့် ရရာ လက်နက် စွဲကိုင်ကာ အညံ့မခံ ၊ အလံမလှဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင် ခဲ့ကြသည်။

လွတ်လပ်ရေး အတွက် လူမျိုးပေါင်းစုံ ၊ အလွှာပေါင်းစုံ မှ တိုက်ပွဲဝင် ကြပြီး ကချင်ပြည်နယ် မှ ဖုံကန်ဒူဝါ နှင့် ဗိုလ်ဖိုးစော ၊ ကယားပြည်နယ်မှ ကြွမ်ဘိ နှင့် ရွှေချိုးဖြူ မင်းသား ၊ ရှမ်းပြည်နယ် မှ ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ် ၊ ဗိုလ်မင်းရောင် အစရှိ သူတို့ကလည်း ဦးလည်မသုန် ဒူးမတုန်သော စိတ်ဓာတ်ဖြင့် တော်လှန် ခဲ့ကြသည်။ သခင် ကိုယ်တော်မှိုင်း ၊ အချုပ်တန်း ဆရာဖေ စသည့် မျိုးချစ် စာဆိုတော်ကြီး များကလည်း ကလောင် ထမ်းကာ တိုက်ပွဲဝင် ခဲ့ကြသည်။ ၁၉၂ဝ ပြည့်နှစ် ပထမ ကျောင်းသား သပိတ်မှ စတင်ကာ အမျိုးသားရေး စိတ်ဓာတ် နိုးကြားလာကာ သူ့ကျွန်ဘဝမှလွတ်မြောက်ရေး ကို စဉ်ဆက်မပြတ် ကြိုးစားလာ ခဲ့ရာ ၁၉၃ဝ ပြည့်နှစ်တွင် ဆရာစံ ခေါင်းဆောင်သော တောင်သူ လယ်သမား အရေးတော်ပုံကြီး ကြောင့် နယ်ချဲ့တို့ တုန်လှုပ် သွားသည်။

၁၃ဝဝ ပြည့် အရေးတော်ပုံမှ တစ်ဆင့် BIA, BDA ဟူသော မြန်မာ့ တပ်မတော် ပေါ်ပေါက်လာကာ နယ်ချဲ့တို့အား မြန်မာ့ မြေပေါ်မှ မောင်းထုတ် နိုင်ခဲ့ကြသည်။ နယ်ချဲ့ လက်အောက်မှ လွတ်မြောက်ခဲ့ပြီး နောက် ဖက်ဆစ်ကျွန် တစ်ဖန် ဖြစ်ရပြန်သည်။ ဖက်ဆစ် တို့သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ပညာရေး တို့တွင် အဘက်ဘက်မှ နာလန်မထူ နိုင်အောင် ဖိနှိပ် ခဲ့ကြသည်။ ဖက်ဆစ် ယန္တရားဝယ် တိုင်းရင်းသား တို့ ခေါင်းမဖော် နိုင်အောင် အလူးအလဲ ခံခဲ့ရပြီး လောကငရဲ ဒုက္ခမှ လွတ်မြောက်ရေး အတွက် မြန်မာ တိုင်းရင်းသား တို့သည် အသက်စွန့်ပြီး ကြိုးပမ်း ရပြန်သည်။ တစ်ဗိုလ်လဲ ၊ တစ်ဗိုလ်တက် ၊ တစ်တပ်ပျက် ၊ တစ်တပ်စုကာ သတ္တိဗျတ္တိ နှင့် အံ့ဖွယ်မခန်း တိုက်ပွဲဝင် ကြသည်။

ဖက်ဆစ် တို့သည် တိုင်းရင်းသား တို့ကို နည်းမျိုးစုံဖြင့် ရက်စက်စွာ အမျိုးမျိုး နှိမ်နင်း ခဲ့သော်လည်း မြန်မာ့ ဇာတိသွေး ဇာတိမာန်ကို ဖက်ဆစ်တို့ မကျော်လွှား နိုင်ပေ။ မြန်မာ့ ဝံသာနု စိတ်ဓာတ်ကို ဖျက်ရုံနှင့် ပျက်မသွားပေ။ တောင်ယံ လိုမောက် ၊ သံမဏိလို မာသော မြန်မာတို့၏ မျိုးချစ်စိတ်ကား ဖြို၍မပြို ၊ ဖျက်၍မပျက် ၊ ဂဟေစွဲ သကဲ့သို့ မြဲလှသော ကြောင့် နောက်ဆုံးတွင် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ ညီညွတ်မှု ၊ မျိုးချစ်စိတ် ရှိမှုတို့ကြောင့် လွတ်လပ်ရေး ပန်းတိုင်သို့ အရောက်လှမ်း နိုင်ခဲ့သည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီ ၁၂ ရက်တွင် ပင်လုံ ညီလာခံ ကိုကျင်းပပြီး တောင်ပေါ် မြေပြန့် စည်းလုံး ညီညွတ်မှု ကိုပြလျက် အောင်ဆန်း - အက်တလီ စာချုပ်ကို ချုပ်ဆိုပြီး လုံးဝ လွတ်လပ်ရေး ကို တောင်းဆို ခဲ့သည်။ နယ်ချဲ့တို့၏ သွေးထိုး လုပ်ကြံ မှုကြောင့် ဗိုလ်ချုပ် အောင်ဆန်း နှင့် မြန်မာ့ အာဇာနည် ခေါင်းဆောင်များ လွတ်လပ်ရေး မရမီ ကျဆုံး ခဲ့သော်လည်း နု - အက်တလီ စာချုပ်ကို ချုပ်ဆိုပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်သော နိုင်ငံအဖြစ် ကမ္ဘာသို့ ကြေညာ၍ လုံးဝ လွတ်လပ်ရေး ကို ရယူခဲ့ ကြသည်။

ထိုနေ့သည်ကား မြန်မာနိုင်ငံ တွင် ပီတိမိုး ရွာသွန်းဖြိုးကာ အပြုံးပန်း တလှိုင်လှိုင် လွှမ်းနေပြီး နယ်ချဲ့တို့၏ အလံမြေသို့ ခပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အလံ တိုင်ပေါ် တက်ခဲ့သည်။ အပြာရောင် ကောင်းကင်ဝယ် လေထုနှင့် အတူ တလူလူလွင့် နေသော ပြည်ထောင်စု အလံကား ကျက်သရေ အပေါင်းနှင့် ပြည့်စုံ နေသည်။

လွတ်လပ်ရေးနေ့ ကား မြန်မာနိုင်ငံသူ ၊ နိုင်ငံသားများ ၏ သမိုင်းဝင် နေ့ထူးနေ့မြတ် ကြီးဖြစ်ပြီး ထိုနေ့ ရောက်တိုင်း တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး ၏ ရိုးတွင်းခြင်ဆီ ထဲ စွဲထင် ကျန်ရစ်နေသော လွတ်လပ်ရေး ကြိုးပမ်းမှုကြီး ကို ပြန်လည် မြင်ယောင် လာစမြဲပင်။ အသက်ပေါင်း များစွာ စတေးပြီး ရယူခဲ့သော လွတ်လပ်ရေး ၏ တန်ဖိုးကို မြန်မာတို့ ကောင်းစွာ သဘောပေါက် ပေသည်။

အချုပ်အားဖြင့် ဆိုရသော် ဆေးကောင်း ဝါးကောင်းသည် လူနာကို ရောဂါ ပျောက်ကင်းစေပြီး သစ်ရိပ်ဝါးရိပ် သည်လည်း အေးငြိမ်းချမ်းသာ ကို ဖြစ်ထွန်း စေသလို လွတ်လပ်ရေး သည်လည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ကို ပေးစွမ်းနိုင် ပေသည်။ ဆားမပါသော ဟင်းသည် အရသာ မရှိသလို ကိုယ်ပိုင် လွတ်လပ်ရေး မရှိသော နိုင်ငံသည်လည်း အနှစ်သာရ မရှိပေ။

သို့ဖြစ်ပါ သောကြောင့် နှစ်စဉ် လွတ်လပ်ရေးနေ့ ရောက်တိုင်း မြန်မာ တိုင်းရင်းသား တစ်ရပ်လုံး တစ်စိတ် တစ်ဝမ်းတည်း စည်းလုံးညီညွတ် စွာဖြင့် အသက်ပေါင်း များစွာစတေးပြီး တိုက်ပွဲဝင် အရယူခဲ့သော လွတ်လပ်ရေးကြီး မဆုံးရှုံး ရလေအောင် (၆၆) နှစ်မြောက် လွတ်လပ်ရေး ဦးတည်ချက်များ ဖြစ်သော ပြည်ထောင်စု တိုင်းရင်းသား အားလုံး ပြည်ထောင်စုကြီး အတွင်း၌ ဥမကွဲ သိုက်မပျက် အတူတကွ ရာသက်ပန် ပူးပေါင်း နေထိုင်ရေး ၊ ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး နှင့် အချုပ်အခြာ တည်တံ့ ခိုင်မြဲရေး တို့ကို တိုင်းရင်းသား အားလုံး မျက်ခြည်မပြတ် ထိန်းသိမ်း ကာကွယ်ရေး ၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည် တည်တံ့သည့် စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်ရာတွင် တိုင်းရင်းသား လူမျိုးများ အားလုံးမှ ပူးပေါင်း ပါဝင် ဆောင်ရွက်ရေး ၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် ကို ပြည်သူ့ စွမ်းအားဖြင့် ကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ရေး စသော အချက်များကို လိုက်နာ ဆောင်ရွက်၍ မျိုးချစ်စိတ် အရင်းတည်ကာ ထိန်းသိမ်း ကာကွယ် သွားကြရမှာ ဖြစ်ပြီး မြန်မာတို့၏ နှလုံးအိမ်ဝယ် ဘယ်သော အခါမှ မမေ့သင့်သော လွတ်လပ်ရေးနေ့ကြီး ဖြစ်ကြောင်း ရေးသား တင်ပြလိုက် ရပါသည်။ ။

ကိုတင်မောင်ဦး (အလုံ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...