Social Icons

Pages

Tuesday, September 19, 2017

လူငယ်နှင့် အချိန်၏ တန်ဖိုး


ဆောင်းပါး ၁၉-၉-၂ဝ၁၇

လူ့လောကကြီးမှာ လူသားတစ်ယောက် ဖြစ်ဖို့ဆိုတာ ခဲယဉ်းလွန်းပါတယ်။ လူဖြစ်ထိုက်တဲ့ ကံအကြောင်းတရားရှိမှသာ လူရယ်လို့မွေးဖွား လာခွင့်ရတာပါ။ လူဖြစ်ပြီဆိုတာနဲ့ ''ဘဝ''ဆိုတာ ဖြစ်တည်လာတာပါပဲ။ ဘဝကိုပိုင်ဆိုင် လာတာနဲ့အမျှ ဘဝအတွက် ရုန်းကန်ရမယ့် ကိစ္စတွေကများလာပြီ။ ပြည့်စုံတဲ့ ဘဝတစ်ခုပိုင်ဆိုင်ဖို့ ဆိုတာလည်း စိတ်ကူးတာတွေ၊ မျှော်လင့်တာတွေကို ပုံဖော်ရလိမ့်မယ်။ ဘာကိုမျှော်လင့်ကြမလဲ။ ဘယ်လိုပန်းတိုင်မျိုးကို ရည်မှန်းကြမလဲ။

ဒါတွေတွေးရတော့မယ်။ ''ကလေး၊ လူငယ်၊ လူရွယ်၊ လူကြီး''ဆိုပြီး ခွဲခြားထားတဲ့အတွက် အရွယ်နဲ့ဆိုင်ရာ ဆိုင်ရာအလုပ်တွေကို လုပ်ဆောင်ရမှာပါ။ ကလေးအရွယ်လွန် မြောက်ပြီးရင် အဆင့်ဆင့်ထားရမယ့် ပန်းတိုင်တွေ ရှိနေတယ်။

လူငယ်အရွယ်မှာ အတန်းပညာကိုဆုံး အောင်သင်ယူရမယ်။ လူလတ်အရွယ်မှာတော့ အောင်မြင်တဲ့စီးပွားရေး သမားဖြစ်အောင် ကြိုးပမ်းရမယ်။ လူကြီးပိုင်းတွေရောက် တဲ့အခါမှာတော့ ဒါန၊ သီလ၊ ဘာဝနာစတဲ့ ဓမ္မရေးမှာ သိနားလည်သူ ဖြစ်နေရမှာပါ။ ဒါမှအရွယ်သုံးပါးအတွက် တာဝန်ကျေလိမ့်မယ်။ လူသားများအနေနဲ့ တာဝန်ကျေဖို့ဆိုရင် လူသားတွေက တန်ဖိုးထားရမယ့် အရာတွေ ရှိပါတယ်။ အဲ့ထဲမှာ''အချိန်''ဟာအရေးကြီး ဆုံးပါပဲ။

''အချိန်''ကို လောကကြီးကနေ အလကားရထားတာပါ။ လူ့သဘာဝအရ အလကားရထားတာကို တန်ဖိုးမထားချင်ကြဘူး။ မြန်မာနိုင်ငံမှာ လူငယ်အတော်များများ အချိန်ဖြုန်းနေကြတာတွေ့ရတယ်။ အချိန်ကို စနစ်တကျမသုံးတော့ အချိန်တွေသာကုန်လွန်သွားတယ်။ အကျိုးရှိတာတစ်ခုမှ ဖြစ်မလာဘူး။ အပါးခိုတာ၊ အချိန်ဆွဲတာ၊ ပျင်းရိတာ၊ ဝီရိယ နည်းတာတွေအားလုံးဟာ တိုးတက်မှုအတွက် အနှောင့်အယှက် တွေချည်းပါပဲ။

အောင်မြင်မှုအတွက် အချိန်နဲ့ အခွင့်အလမ်းကို အသုံးချနိုင်ရင် ပန်းတိုင်ဆိုတာ မဝေးပါဘူး။ ''အချိန်ရှိခိုက်လုံ့လစိုက်'' အချိန်သည်လူကိုမစောင့်" ဆိုတဲ့စကားရပ်ကို တိတိကျကျလိုက်နာသူ နည်းနေပါသေးတယ်။ မိန်း
ကလေးတွေနဲ့ ယောက်ျားလေးတွေ အချိန်ဖြုန်းတာ အရင်ကတော့မတူဘူး။ အရင်ကတော့ မိန်းကလေးတွေစုပြီး စကားပြောမယ်။ အတင်း၊ အဖျင်း၊ ချစ်သူသတင်း၊ ကိုယ့်ကောင်းကြောင်း၊ သူများမကောင်းကြောင်း
စုပြီးပြောမယ်။ စုပြီးမုန့်လုပ်စားကြမယ်။ ဒါကိုအချိန်ဖြုန်းတယ် လို့သူတို့က မထင်ဘူး။ ယောက်ျားလေးတွေကျတော့ တီဗွီဂိမ်းဆိုင် တွေသွားပြီး အချိန်ပြည့်ဂိမ်းကစားတာ၊ ပိုက်ဆံပွတ်တာ၊ ဖဲကစားတာ၊ အချိန်ပြည့်ဗီဒီယိုကားတွေကြည့်တာ၊ ချဲတွက်၊ နှလုံးထီတွက်တာ ဒါတွေနဲ့အချိန်ကုန် နေရော။ မျက်မှောက်ခေတ်မှာတော့ အားလုံးတူသွားပြီ။ အချိန်ဖြုန်းနည်း တူသွားတာမှ မိသားစုအချင်းချင်းတောင် စကားမပြော အားတော့ဘူး။ 
တစ်ဦးကို အနည်းဆုံးတော့ ဖုန်းတစ်လုံးစီနဲ့ ဖေ့ဘွတ်သုံးနေကြတာပဲ။ လိုင်းပေါ်ရောက်ပြီဆိုရင် ''သတင်းဖတ်တာ'' လို့ ဆင်ခြေပေးပေမယ့် သတင်းဖတ်ပြီးပြန်ချ တာမဟုတ်ဘူးလေ။ အချိန်တွေကုန်မှန်း မသိကုန်နေတာပါပဲ။

''အဲဒီလိုအချိန်ဖြုန်းတာဟာ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး''လို့ ဆင်ခြေပေးတဲ့ လူငယ်အချို့ တွေ့ဖူးပါတယ်။ သူပြောတာမှားတယ်လို့ ပြောရလိမ့်မယ်။ အများကြီးမတွေးဘဲ နည်းနည်းလေး တွေးကြည့်။ သူကကျောင်း သားဆိုရင် စာကျက်ချိန်နည်းမယ်။ သင်္ချာလေ့လာချိန် နည်းမယ်။ ဒီတော့ နစ်နာသူကသူပဲ။ ဒုတိယနစ်နာသူက သူ့မိဘ သို့မဟုတ် ငွေကုန်ကျခံပြီး ကျောင်းထားပေးသူပေါ့။ သူ့အတန်း၊ သူ့ကျောင်း၊ သူ့နိုင်ငံ...စသည်ဖြင့် အဆင့်ဆင့်ပေါ့။ဘာဆိုင်လဲလို့ ထမင်းရည်ပူလာ လျှာလွှဲလုပ် လို့မရပါဘူး။ အကုန်ဆိုင်ပါတယ်။ စဉ်းစားကြည့် တစ်နှစ်တစ်နှစ် ဒီကျောင်းသား အတွက်နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေထဲက ကုန်ကျထားတာ အများကြီး၊ သူက ထိုက်ထိုက်တန်တန်ပြန်မပေးဆပ်နိုင်ရင် တိုင်းပြည်ပါ နစ်နာတယ်လို့ ပြောလို့ရပါတယ်။

အရင်တုန်းကတော့ လူငယ်တွေ လူငယ်သစ္စာ အဓိဋ္ဌာန်ဆိုခဲ့ ကြရတာပဲ။ ''မိမိကိုယ်ကိုကောင်းအောင် ကြိုးစားမည်။ မိမိ အတန်းကိုကောင်း အောင်ကြိုးစားမည်။မိမိကျောင်းကို ကောင်းအောင်ကြိုးစားမည်။ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်။ '' ဒီလိုအဓိဋ္ဌာန်တွေဆိုပြီး လူငယ်တွေကတာဝန် မကျေဘူး။ လူငယ်ဘဝမှာ အချိန်ဖြုန်းနေတယ်ဆိုရင် အကျိုးမရှိဖြစ်မှာပါပဲ။ လူငယ်ဘဝမှာ အချိန်ဖြုန်းတဲ့အတွက် အခွင့်အလမ်း များစွာကိုလက်လွှတ် ရတာတွေရှိတယ်။ အခုလိုအိုင်တီခေတ်ကြီးမှာ ပြောင်းလဲမှု တွေကအများကြီးပါ။ ကောင်းမွန်တိုးတက်တဲ့ ပြောင်းလဲမှုရှိသလို ဆုတ်ယုတ်ညံ့ဖျင်းတဲ့ ပြောင်းလဲမှုတွေလည်း ရှိနေတယ်။ သဘာဝတရားက အလကားပေးထားတဲ့'' အချိန်''ကို ကောင်းတဲ့ဘက်မှာအသုံးချရင် အချိန်ကုန်တာနဲ့အမျှ အကျိုးရှိမှာပါ။

လူငယ်ဘဝမှာ အချိန်ဖြုန်းတာ အဆိုးဆုံးပါ။ ကုန်သွားတဲ့အချိန်ကို ပြန်မရနိုင်ဘူးဆိုတော့ ဆုံးရှုံးမှုက မရေတွက်နိုင် အောင်ပါပဲ။ ပညာရေးမှာလည်း နှောင့်နှေးမယ်။ စီးပွားရေးမှာလည်း သူများနဲ့တန်းတူ မဖြစ်နိုင်ဘူး၊ ကုသိုလ်ရေး မှာလည်း ဝေးစွပါပဲ။ အရွယ်လွန်သွားတဲ့အခါမှ နောင်တရပူပန်နေတာမျိုးတွေ့ဖူးပါတယ်။ ဒီလိုလူမျိုးကို ''လူမိုက်'' လို့ခေါ်နိုင်ပါတယ်။ ဆိုးသွမ်းတိုက်ခိုက်ပြီး ဒုစရိုက်မှုကျူးလွန်နေမှ လူဆိုးမဟုတ်ဘူး။ အချိန်ကိုအကျိုးမဲ့ ကုန်လွန်စေတာလည်း လူမိုက်ပါပဲ။

''အချိန်ကိုဖြုန်း၊ လူ့သစ်တုံး၊ နောက်ဆုံး ရောက်လိမ့်မည်။ အချိန်ကိုသုံး၊ လူ့ရွှေတုံး၊ ရှေ့ဆုံးရောက်လိမ့်မည်''တဲ့။ အဲ့ဒါ မင်းလှမြို့ ပထမဝေဠုဝန် ဆရာတော်ကရေးခဲ့တာပါ။ လူငယ်တွေဘယ်လို ရွေးချယ်မလဲ။ လူ့သစ်တုံး အဖြစ်ခံမလား၊ လူ့ရွှေတုံးဖြစ်ချင်လား၊ ကိုယ်ပိုင်အသိနဲ့ဆုံး ဖြတ်ရမှာပါ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ရှိဖို့၊ ဆင်ခြင်တုံတရားရှိဖို့ဆိုရင် လူငယ်တိုင်းစာဖတ်ဖို့လိုတယ်။ စာဖတ်တော့ အချိန်မဖြုန်းတဲ့အတွက် ဘယ်လိုအကျိုးရှိမလဲ ဆိုတာသိလာပြီ။

အချိန်မတိကျတဲ့လူ၊ အချိန်မမှန်တဲ့လူ အတော်များများကို လူ့အသိုင်းအဝိုင်းကရှုတ်ချ ပြစ်တင်လေ့ရှိတယ်။ အချိန်ကိုကြည့်ပြီး အလုပ်လုပ်ကြသူတိုင်း အောင်မြင်တာချည်းပါပဲ။ လူအပြင် တိရစ္ဆာန်တွေမှာတောင် အချိန်ရှိခိုက်လုံ့လ စိုက်ဆိုတာကို နားလည်တယ်။ ပုရွက်ဆိတ်လေးတွေနဲ့ နှံကောင်တွေ ပုံပြင်ကိုကြည့်ရင် အပျော်ကြူးတဲ့နှံကောင်က ဒုက္ခရောက်တာဖတ်ဖူးကြမှာပါ။ ဝီရိယစိုက်တဲ့ ပုရွက်ဆိတ်က စားစရာတွေအချိန်မီ သိုလှောင်နိုင်လို့ ဘဝအတွက် လုံခြုံစိတ်ချရ တဲ့သာဓကပါပဲ။

''ပျား''လေးတွေအကြောင်း ဖတ်ဖူးသူဆိုရင် ပျားရဲ့ တစ်စတစ်စပန်း ဝတ်ရည်စုဆောင်း ပုံကိုသိမှာပါ။ ဘယ်လောက်ဝေးဝေး၊ ပျားအုပ်စု ဘယ်လောက်များများ ပန်းပွင့်တွေ့ပြီ ဆိုရင်ဝိုင်းစုပြီး ဝတ်ရည်လုစုပ်ယူ ကြတယ်။ပျားနဲ့ပတ်သက်တဲ့ သီချင်းကိုရွတ်ဆိုကြည့်။ ''ပန်းရည်ဘဏ်တိုက်''သီချင်းထဲက စာသားလေး။ ''မိုးလေသာခိုက်x x x သယ်ယူလိုက်ပါ့x x x ပန်းရည်ဘဏ်တိုက်x x x ဆောက်ကြပါလေကုန်x x x'' အဲဒီစာသားလေးလိုပေါ့။မိုးလေသာခိုက်မှာ ပန်းဝတ်ရည်စုပ်ပြီး ပျားလပို့ထဲစုဆောင်း သိုမှီးကြတာပါ။ မြန်မာစကားပုံထဲက ''မိုးရွာတုန်းရေခံ'' ''လသာတုန်းဗိုင်းငင်'' ဆိုတဲ့စကားနဲ့အတူတူပါပဲ။ တန်ဖိုးရှိတဲ့လူငယ်တစ်ယောက်ဖြစ်ဖို့ဆိုရင် အချိန်ရဲ့တန်ဖိုး ကိုသိရပါမယ်။

အချိန်ကိုတန်ဖိုး ထားတဲ့လူတွေ အောင်မြင်မှုရတဲ့ သာဓကကိုပြရရင် အများကြီးပါပဲ။ မပျင်းမရိ၊ ဝီရိယရှိရှိ အလုပ်လုပ်တဲ့သူတိုင်း အချိန်ကို တန်ဖိုးထားကြပါတယ်။ တော်တဲ့လူတွေအချိန်ကို တန်ဖိုးမထားဘူးဆိုရင် အဲဒီတော်ထားသမျှတွေ အလဟဿဖြစ်မှာပါပဲ။

အင်္ဂလိပ်လက်ထက် လွန်ခဲ့တဲ့နှစ်ပေါင်း ၁ဝဝ လောက်က မွန်ဘုရားဒါယကာကြီး ဦးနာအောက်ဆိုတာ ရှိခဲ့တယ်။ သူက ''ဥာဏ်နဲ့ဝီရိယဆိုတာ ကံတရားရဲ့အခြေခံအုတ်မြစ်ပဲ''လို့သူခံယူထားတယ်။ အင်္ဂလိပ်ပိုင်ဧရာဝတီသင်္ဘောကုမ္ပဏီနဲ့အပြိုင် သင်္ဘောတွေပြေး ဆွဲခဲ့တာပါ။ သူ့အလုပ်သမားတွေကို အမြဲမှာ တဲ့စကားတစ်ခွန်းရှိတယ်။ သူကိုယ်တိုင်လည်း လိုက်နာကျင့်သုံးတယ်။ အဲဒီစကားကတော့...''ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်ပြော၊ စောစောထ၊ လှလှနေ''တဲ့။

လူငယ်တွေအချိန်ကို တန်ဖိုးထားရုံမက ရိုးသားဖို့၊ သပ်သပ်ရပ်ရပ်နေဖို့၊ မလိမ်မညာဖို့၊ ကောင်းမွန်မြင့်မြတ်တဲ့ အကြံအစည်တွေနဲ့ တွေးဆကြံစည်ဖို့ တိုက်တွန်းတဲ့စကားပါပဲ။ နားစွဲပြီး နှလုံးသားထဲ သိမ်းဆည်းထား သင့်တဲ့စကား တစ်ခွန်းဖြစ်လို့ လူငယ်တွေ မှတ်သားစေချင်ပါတယ်။

တန်ဖိုးသိမှအကျိုးရှိရှိ သုံးနိုင်မယ်။ အချိန်ဆိုတာကို လူငယ်တိုင်း တန်ဖိုးထားတတ်ပါစေလို့ ဆန္ဒပြုရင်း ''အချိန်နှင့် ဒီရေသည်လူကိုမစောင့်''ကြောင်းအသိ သတိယှဉ်၍ သိမြင်နိုင်ပါစေ။ ။

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...