Social Icons

Pages

Monday, December 8, 2014

ပညာမြင့်မှ လူမျိုးတင့်မည်


ပညာမြင့်မှ လူမျိုးတင့်မည်

နိုင်ငံတစ်နိုင်ငံ လူ့အဖွဲ့အစည်း တစ်ခု၏ တန်ဖိုး အရှိဆုံး အရာသည် ပြည်သူ့စွမ်းအား ဖြစ်သည်။ ပြည်သူ့ စွမ်းအားကို တန်ဖိုးဖြတ်၍ မရပါ။ အဘယ်ကြောင့် ဆိုသော် ပြည်သူ့ စွမ်းအားသည် တန်ဖိုး မြှင့်တင် ပေးနိုင်လေ အစွမ်းထက် လာလေဖြစ်ပြီး တန်ဖိုးတက် လာသောကြောင့် ဖြစ်သည်။ လူသားတိုင်း၌ မွေးရာပါ အရည်အသွေး များရှိကြသည်။ ထို အရည်အသွေးကို ဖော်ထုတ် အသုံးပြု နိုင်စွမ်းအားပေါ် မူတည်၍ တန်ဖိုးမြင့်တက် လာခြင်း ဖြစ်သည်။

ထိုပြည်သူ တို့၏ လူ့စွမ်းအား၊ လူ့အရည်အသွေး ကို တောက်ပြောင် လာစေရန် လေ့ကျင့်ပေး သည့် လုပ်ငန်းသည် ပညာရေး ဖြစ်သည်။ ပညာရေး ကောင်းလျှင် ကောင်း သလောက် ထူးချွန်သော လူသား အရင်းအမြစ်များ မွေးထုတ် ပေးနိုင် သောကြောင့် ပညာရေး ကောင်းသည့် နိုင်ငံများ တိုးတက်ပြီး ပညာရေး ညံ့သော နိုင်ငံများ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးသည်ကို တွေ့နိုင်သည်။

ပညာရေးသည် အဖွဲ့အစည်း၊ နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု အတွက် အရေးပါ သောကြောင့် အဖွဲ့အစည်း များနှင့် နိုင်ငံ အသီးသီး တို့သည် ပညာရေး ကောင်းမွန်ရန် အစဉ်တစိုက် ကြိုးစားလျက် ရှိကြသည်။ ဥပမာ အနေဖြင့် ဗြိတိသျှဝ န်ကြီးချုပ် တိုနီဘလဲ သည် ရွေးကောက်ပွဲ ဝင်ရန် မဲဆွယ် စဉ်က ''နှစ်ဆယ်ရာစုကို ကျွန်တော်တို့ နိုင်ငံသားတွေ ကြွားကြွားဝံ့ဝံ့ ဝင်နိုင်ဖို့ဆိုရင် ပညာရေးဟာ ပထမ၊ ပညာရေးဟာ ဒုတိယ၊ ပညာရေးဟာ တတိယပါ ... '' ဟု ပြောဆိုစည်းရုံး မဲဆွယ်ခဲ့သည်။ တိုနီဘလဲ ဝန်ကြီးချုပ် ဖြစ်လာပြီးသည့် အခါတွင်လည်း ပထမ လုပ်ငန်းစဉ် အနေဖြင့် ပညာရေး၊ ဒုတိယ လုပ်ငန်းစဉ် အဖြစ် ပညာရေး၊ တတိယ လုပ်ငန်းစဉ် အဖြစ် ပညာရေး မြှင့်တင်ရေး ကြိုးပမ်းခြင်း တို့ကို မူအဖြစ် ချမှတ်၍ နိုင်ငံ၏ ပညာရေး ပြုပြင် ပြောင်းလဲမှုကို လုပ်ခဲ့သည်။

ယခုအခါ အင်္ဂလန် တက္ကသိုလ် များသည် အမေရိကန် ထိပ်တန်း တက္ကသိုလ် များမှ ထိပ်ဆုံး၌ ရှိသော ပါမောက္ခ များကို ခေါ်ယူ ခန့်ထားပြီး ၄င်းတို့ တက္ကသိုလ်များကို ပညာရေးတွင် ထိပ်တန်း၌ အမြဲရပ်တည် နိုင်ရန် ဆောင်ရွက်လျက် ရှိသည်။

ထို့ကြောင့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ဆယ်ခု စာရင်းတွင် အောက်စဖို့၊ ကိန်းဘရစ် နှင့် လန်ဒန် အင်ပယ်ရီရယ်လ် ကောလိပ်တို့ စာရင်းဝင် နေခြင်း ဖြစ်သည်။ လူသား အရင်းအမြစ် ပြုစု ပျိုးထောင်သော ပညာရေး လုပ်ငန်းမြင့် နေမှသာ စွမ်းအားမြင့် လူသားများ ပေါ်ထွက် လာမည် ဖြစ်သည်။ စွမ်းအားမြင့် ပြည်သူများ ပေါကြွယ်ဝ မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်နိုင်မည် ဖြစ်သည်။

ထိုအချက်ကို ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီး များတွင် နိုင်ငံတော် မူဝါဒအဖြစ် ခံယူ၍ ပညာရေး အဆင့်မြင့် စေရန် အစဉ်တစိုက် ကြိုးပမ်းလျက် ရှိသည်။ မြန်မာနိုင်ငံ၏ ပညာရေး ဆောင်ပုဒ်တစ်ခု ဖြစ်သော ''ပညာမြင့်မှ လူမျိုးတင့်မည်'' ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၏ ပြည်သူများ အနေဖြင့် စွမ်းရည် ထက်မြက်သော လူသား အရင်းအမြစ်များ ပြည့်စုံစေရန် အတွက် ''ပညာမြင့်မှ လူမျိုးတင့်မည်'' ဟူသော ခံယူချက်နှင့် အညီ ပညာရေးသည် ပထမ၊ ပညာရေးသည် ဒုတိယ၊ ပညာရေး မြှင့်တင်ရေး သည် တတိယ ဟူ၍ ကျရာကဏ္ဍမှ ပညာရေး စနစ်ကောင်းများ ဖြစ်ပေါ် လာစေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...