Social Icons

Pages

Monday, June 9, 2014

မိတ်အိုင်း ခေါ် မိတ်ကြီး ရောဂါ


မိတ်အိုင်း ခေါ် မိတ်ကြီး ရောဂါ

ကြည်လွင်မြင့်(မုဒြာ)

ယခုရက်ပိုင်း အတွင်း မိုးမရွာဘဲ အပူချိန်များ သဖြင့် လူအချို့တွင် မိတ်ခေါ် အပူကန်ဖုများ ထွက်ကြသည်။ မိတ်ဖုများသည် ခန္ဓာကိုယ် အရေပြားတွင် အနီစက်များ ကဲ့သို့ ထွက်ပေါ်လာပြီး ယားယံခြင်းကို ဖြစ်စေသည်။ မိတ်ဖုသည် အမှန်တကယ် အားဖြင့် အပူကန်သော အပူဖုများ ဖြစ်သည်။ မိတ်ဖုကို အနောက်တိုင်း ဝေါဟာရအားဖြင့် (Prickly Heat) ဟု ခေါ်သည်။ စူးကနဲ အပ်နှင့် ထိုးသကဲ့သို့ ဖြစ်သော အပူဖုများဟု ဆိုလိုသည်။

မိတ်ဖုများသည် အစားမှား၍ အခန့်မသင့် သောအခါ အပူဖုကြီးများ အဖြစ်သို့ ပြောင်းသွားကာ အနာ ဖြစ်စေနိုင်သည်။ ထို အနာဖုများ သည် အခန့်မသင့်လျှင် ရောင်ပြီး ကွမ်းသီးခြမ်းငယ် အရွယ်ထိ ကြီးထွား သွားနိုင်သည်။ ပြည်တည်ပြီး အနာရင်းလျှင် အလွန် နာကျင်သော ဝေဒနာကို ခံစားရပြီး အဖျား ဝင်လာသည် အထိ ဖြစ်နိုင်သည်။ ရေခဲရေ သောက်သူများ၊ အအေးကြိုက် သူများ၊ အစာစားပြီး နောက် အချိုရည် အအေး သောက်သူများ၊ ချွေးထွက်များ သူများ၊ ပြင်းထန်သော နေရောင်ခြည် အောက်တွင် အလုပ်လုပ် ရသူများ၊ ဒူးဆစ် အောက်ပိုင်း ရေစိုသော အလုပ် လုပ်ရသူများ၊ ခြေထောက် မကြာခဏ ရေဆေးသူများ၊ ကောက်ညင်း၊ ရှမ်းဆန်၊ ဆန်စေး စသော
အစာကြေ ခဲသော အစာကို နေ့စဉ် စားသူများ၊ ဝမ်းချုပ် သူများတွင် ပို၍ အဖြစ်များသော ရောဂါ ဖြစ်သည်။ အသက် ငယ်သူရော၊ ကြီးသူပါ ဖြစ်နိုင်သည်။ ကလေးငယ် များမှာ မိခင်နို့မှ အပူ ပါသဖြင့် ဦးခေါင်း၊ လည်ဂုတ် များတွင် ကြီးမားသော မိတ်အိုင်း ဖုကြီးများ ထွက်တတ်သည်။ တစ်ဖုပျောက်လျှင် တစ်ဖု ဆက်၍ထွက်တတ်သည်။

ရေခဲချောင်း ကြိုက်သော ကလေးငယ် တစ်ဦးတွင် မိတ်ဖုကြီးများ ထွက်ရာ ဦးခေါင်းတွင် လောက်စာလုံးခန့် ရှိသည်။ ပြည်တည်ပြီး အဖျားဝင်ကာ ဆေးရုံသို့ ရောက်ရသည်အထိ ဖြစ်သည်။ အနာကို မသန့်ရှင်းသော လက်ဖြင့် ညှစ်ရာမှ အနာရင်းပြီး ပိုးဝင်ကာ မေးခိုင် သည်အထိ ဖြစ်နိုင်သည်ဟု ဆေးရုံမှ ဆရာဝန် များက ပြောပြသည်။ ကလေးငယ်များကို ပူပြင်းသော ရာသီတွင် ရေခဲချောင်း ကျွေးလျှင် မိတ်အိုင်းဖုကြီးများ ထွက်နိုင်သည့် အပြင် အာသီး ရောင်ပြီး အဖျား ရက်ရှည် ခံစား ရတတ်သည်။

မိတ်ထွက် ရခြင်းမှာ ခန္ဓာကိုယ် အတွင်း ငုပ်လျိုး သွားသော ဥဏှာ တေဇောဓာတ်ကို ကိုယ်တွင်းရှိ ဝါယောဓာတ် က တွန်းကန် သဖြင့် အပြင်သို့ အပူဖုဖြစ်ကာ ထွက်လာ ရခြင်းဖြစ်သည်။ ဝါယောဓာတ်၊ တွန်းအား ပေးသော ဓာတ်စာပေး၍ ရှေးက ဆရာကြီးများ ကုသလေ့ရှိသည်။ ဝါယောဓာတ် တွန်းအားကောင်း စေသော အစာများမှာ ပုစွန်စာ ရွက်ကြော်၊ မြင်းခွာရွက် ကြော်၊ ကန်စွန်းရွက် ကြော်၊ ပိုးစာရွက်ကြော် နှင့် ကြက်တက် ရွက်သုပ်၊ ရှောက်သီးသုပ်၊ ကြာဆန် ဟင်းခါး စသည့်အစာများမှာ ဝါယောဓာတ် တွန်းအား ကောင်းသဖြင့် မိတ်မငုပ် စေဘဲ ချွေးစို့ကာ ယားယံမှုကို သက်သာ စေသည်။ တမာရွက် များကို မြေအိုးတွင်ထည့်၊ ဆားအနည်းငယ် ထည့်ပြုတ်ပြီး ပြုတ်ရည် ကို ရေချိုး ပေးခြင်းဖြင့်လည်း သက်သာ စေနိုင်သည်။

မိတ်ဖုများ၊ ယားယံခြင်း အတွက် အခြားသော ကုသနည်းမှာ အပူငြိမ်း စေသော ဓာတ်စာ ဆေးဝါးပေး၍ ကုသသော နည်းလမ်း ရှိသည်။ အအေးစာ ဆိုသည်မှာ ချိုသော အရသာရှိသော အစာမျိုး ဖြစ်သည်။ ဓာတ်စာ ဆရာကြီး တစ်ဦးက မိတ်များ စွာထွက်သော လူနာကို မင်းကွတ်သီး စားခိုင်းသည်ကို တွေ့ရဖူးသည်။ မင်းကွတ်သီး အခွံကို အခြောက်ခံပြီး ကျောက်ပျဉ်တွင် သွေးလိမ်း လျှင်လည်း မိတ်အိုင်းဖု ကြီးများ အနာချပ်ကာ ပြည်ပေါက် စေနိုင်သည်ဟု ဆိုသည်။ တိုင်းရင်းဆေးဝါး အပူငြိမ်း သွေးဆေးကိုလည်း တစ်နေ့နှစ်ကြိမ် သောက်သုံးနိုင် သည်။ ရေကျက်အေးဖြင့် သောက်လျှင် အကောင်းဆုံး ဖြစ်သည်။

အပူငြိမ်းဆေး များတွင် ကံ့ကော်ဝတ်ဆံ ပါဝင်သည့် ကံ့ကော်ပွင့်မှ ဝတ်ဆံဝါဝါ လေးများကို သိမ်းဆည်း ထားပြီး ဆေးအဖြစ် သောက်သုံး နိုင်သလို မြန်မာ့ရိုးရာ သနပ်ခါးဖြင့် ရောသွေးကာ လိမ်းပေးခြင်းဖြင့် လည်း မိတ်ကိုက်သည်ဟု ဆိုသော မိတ်ကြောင့် ယားယံခြင်း၊ စူးခြင်း၊ အနာ ဖြစ်ခြင်းများမှ ကာကွယ် နိုင်ကြောင်း တင်ပြလိုက်ရ ပေသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...