Social Icons

Pages

Monday, September 17, 2018

“စည်းလုံးခြင်းသည်အင်အား” ဆိုသည့်အတိုင်း ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်ပါက အင်အားတောင့်တင်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဖြစ်








နေပြည်တော် ၁၇-၉-၂ဝ၁၈

ပြည်တွင်းစည်းလုံးညီညွတ်မှုရှိသောနိုင်ငံများသည် နိုင်ငံကြီး/ငယ်မဟူ အင်အားတောင့်တင်း ခိုင်မာသောနိုင်ငံများအဖြစ် ကမ္ဘာ၌ရပ်တည်နိုင်ကြောင်း၊ “စည်းလုံးခြင်းသည် အင်အား” ဆိုသည့် အတိုင်း မိမိတို့နိုင်ငံ၏ တိုင်းရင်းသားပြည်သူလူထု အားလုံးစည်းလုံး ညီညွတ်ရေးကို ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကလောတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအားယနေ့နံနက်ပိုင်းတွင် တွေ့ဆုံအမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်၊ ကလောတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော် တွင်သက်ဆိုင်ရာ တပ်ဌာနချုပ်များအလိုက် လုပ်ငန်းတာဝန်များနှင့်ရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တစ်ဦးတစ်ယောက်တည်းဆောင်ရွက်၍မရဘဲ အားလုံးကမိမိတို့သက်ဆိုင်ရာ တာဝန်အလိုက်ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့သက်ဆိုင်ရာလုပ်ငန်း တာဝန်များကိုနားလည်မှုရှိရန်လိုအပ်ပြီး ထုတ်ပြန်ထားသည့် တည်မြဲအမိန့်များကို လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းသည် တပ်မတော်၏အဓိက အသက်သွေးကြော ဖြစ်သည့် စစ်စည်းကမ်းကောင်းမွန်စေရန်ဖြစ်ကြောင်း၊ တစ်ဦးချင်းစည်းကမ်းကောင်းမွန်မှုမှ တပ်မတော်ကောင်းဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတော်ကအားထားရသည့် ပြည်သူများကအားကိုးရသည့် တပ်မတော်ဖြစ်လာမည် ဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာသည့် မိမိတို့တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားချိန်တွင် လွတ်လပ်ရေး မဆုံးရှုံး အောင်ဆောင်ရွက်ခဲ့ရကြောင်း၊ ၁၉၅၈ ခုနှစ်တွင် တပ်မတော်မှ နိုင်ငံတော်အားခေတ္တထိန်းသိမ်းပြီး သစ္စာရှိစွာဖြင့်ရွေးကောက်ပွဲပြုလုပ်၍ အစိုးရသို့ အာဏာပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ထိုအချိန်တွင် တိုင်းရင်းသားရေး၊ အယူဝါဒရေးနှင့် အုပ်ချုပ်ရေးအပိုင်းများတွင် တောင်းဆိုမှုများကြောင့် နိုင်ငံမတည်မငြိမ်မှု ဖြစ်ခဲ့ရပြီး ၁၉၆၂ ခုနှစ်တွင်တော်လှန်ရေးကောင်စီမှတာဝန်ယူခဲ့ရကြောင်း၊ ၁၉၈၈ ခုနှစ်တွင် နိုင်ငံအတွင်းမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့ရသဖြင့် တပ်မတော်မှ နိုင်ငံတော်တာဝန်အရပ်ရပ် ကိုယူခဲ့ရပြီး ပြည်သူများမှလိုလားသည့်ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနိုင်ရန် အတွက်ဆောင်ရွက်ခဲ့ရကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများလက်ထက်တွင်လည်း တပ်မတော်သည်နိုင်ငံရေးအရတည်ငြိမ်အောင်၊ လုံခြုံရေးအရတည်ငြိမ်အောင် ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လက်ရှိထာဝရငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ရခြင်းနှင့် ပါတီစုံလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ ဒို့တာဝန်အရေးသုံးပါးကိုမထိခိုက်ရန်၊ အစိုးရ၏အုပ်ချုပ်မှုယန္တရားကိုမထိခိုက်ရန်၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို မထိခိုက်ရန်နှင့် ပြည်သူများ၏အခွင့်အရေးများကို မထိခိုက်ရန်လိုကြောင်း၊ ငြိမ်းချမ်းရေးကိုအကြောင်းပြု၍ အင်အားနှင့်နယ်မြေတိုးချဲ့ တည်ဆောက်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းတိုက်ခိုက်ခြင်းများကြောင့် နယ်မြေ မတည်ငြိမ်မှုများ ဖြစ်ပေါ်ပြီး ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များကို ထိပါးလျက်ရှိသဖြင့် တပ်မတော်မှ ရှင်းလင်းဆောင်ရွက်နေရသည်များရှိကြောင်း ရှင်းလင်းပြောကြား သည်။

ယင်းနောက် အရာရှိ၊ စစ်သည်များအနေဖြင့် တပ်မတော်၏စစ်စည်းကမ်း ကောင်းမွန်မှုနှင့် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန်လိုကြောင်း၊ မိမိတို့၏ အသိဉာဏ်မြင့်မားရေးအတွက် သုတ၊ ရသစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ တပ်မတော်သားများနှင့်မိသားစုဝင်များ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းသည် ၀င်ငွေရရှိရန် ဆောင်ရွက်ခြင်းမဟုတ်ဘဲ တပ်မိသားစုဝင်များ၏သက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး အောင်မြင် ဖြစ်ထွန်းအောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူမိမိတို့ဝင်ငွေနှင့်ထွက်ငွေညီညွတ်မျှတစေရန် အတွက် အသုံးနှင့် အဖြုန်းကိုခွဲခြားနိုင်ရန်လိုပြီး အသောက်အစားအပျော်အပါးများကိုအတတ်နိုင်ဆုံး ရှောင်ကြဉ်ရန်လိုအပ်ကြောင်း၊ ထို့အတူမိမိတို့တပ်မတ်ာသားများနှင့်မိသားစုဝင်များအားလုံးသည် ညီအစ်ကိုမောင်နှမမိသားစုများပင်ဖြစ်ကြောင်း၊ အုပ်ချုပ်သူများအနေဖြင့်လည်း လက်အောက်သို့ ညီညွတ်မျှတစွာအုပ်ချုပ်ရမည်ဖြစ်ကြောင်းဖြင့်မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုများအတွက် စားသောက်ဖွယ်ရာများအားပေးအပ်ရာ တပ်နယ်မှူးမှလက်ခံရယူသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ်ရှိမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တပ်နယ်မှူး၏ဇနီးက လက်ခံရယူသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အတွက်စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် သုတ၊ရသစာအုပ်စာစောင်များအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူ များကလက်ခံရယူကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနား တက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...