Social Icons

Pages

Tuesday, March 7, 2017

MNDAA အကြမ်းဖက်သောင်းကျန်းသူများ သိမ်းပိုက်ထားသည့် ပွိုင့်-၂၁၄၅ တောင်ကုန်းအား တပ်မတော်စစ်ကြောင်း များက သိမ်းပိုက်ရရှိ ၊ လောက်ကိုင်မြို့အား MNDAA အကြမ်းဖက်သောင်းကျန်းသူ များက ၀ိုင်းဝန်းတိုက်ခိုက်






နေပြည်တော် ၊ ၇-၃-၂၀၁၇

ဖုန်ကြားရှင်နှင့် ဖုန်တာရွှင် ဦးဆောင်သည့်  MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၈ ရက် အတွင်း လောက်ကိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့၊ ဒေသခံပြည်သူ များနှင့် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ပြီး လွတ်မြောက်နယ်မြေ ထူထောင်ရန် ကြံရွယ်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်း များနှင့် အစိုးရအဖွဲ့၊ ဒေသခံပြည်သူများ လက်တွဲ ပူးပေါင်း ဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံနယ်စပ် ဒေသများသို့ ဆုတ်ခွာထွက်ပြေး ခဲ့ပြီး လောက်ကိုင်ဒေသအား တည်ငြိမ်အေးချမ်းစွာ ဖြစ်စေရေး ထိန်းချုပ်ထား နိုင်ခဲ့ပြီး ဖြစ်ပါသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် လောက်ကိုင် ဒေသအား ၄င်းတို့၏ လွတ်မြောက်နယ်မြေ ဖြစ်စေရေး အကြံအစည်အား အမြဲမပြတ် ကြံစည်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့ အထိ မုံးကိုးဒေသအား မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖွဲ့စည်း၍ သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ပြီး မုံးကိုးဒေသ ရရှိပါက ၄င်းနေရာအား အခြေခံလျက် လောက်ကိုင်ဒေသ သို့ ထိုးဖောက် ဝင်ရောက်ရန် ကြံစည်လုပ်ဆောင် ခဲ့သော်လည်း တပ်မတော်သား များ၏ မဆုတ်မနစ်သော ရဲစွမ်းသတ္တိ၊ ရင်ကို မြေကတုတ် စိတ်ဓာတ်၊ ရဲ(၃)ရဲနှင့် မြဲ(၃)မြဲတို့ကြောင့် မရှုမလှဖြင့် နှစ်နိုင်ငံနယ်စပ် အနီး ခြေရာဖျောက် ခဲ့ကြရပြန်သည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ တို့၏ ကြံစည်တိုင်း မအောင်မြင်မှုကြောင့် ထပ်မံ၍ သွေးတိုးစမ်းမှု အနေဖြင့် ပွိုင့်-၂၁၄၅ ဒေသ ခန့်မှန်း မြေပုံညွှန်း (MG-717557) တစ်ဝိုက် မြေအသာစီး ရရှိမှုနှင့် နှစ်နိုင်ငံနယ်စပ် အလွန်နီးကပ်မှု အပေါ် အမြတ်ထုတ်လျက် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းမှစ၍ ကွန်ကရစ် ဘန်ကာများ၊ သစ်တုံးဘန်ကာများ အပြင် ဆက်သွယ်ရေး မြောင်းများဖြင့် အခိုင်အမာစခန်း တည်ဆောက် တပ်စွဲလျက် ဆောင်ရွက် လာကြောင်း မြေပြင်/ဝေဟင် သတင်းဖော်ထုတ် ရရှိခဲ့ပါသည်။

အဆိုပါ ပွိုင့်-၂၁၄၅ တောင်ကြော တစ်လျှောက် အခိုင်အမာတပ်စွဲ အခြေပြုလျက် ရှိသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များအား တပ်မတော် စစ်ကြောင်းများမှ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်မှ စတင်၍ အဆင့်ဆင့် ခြေကုပ်ယူချဉ်းကပ် တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တိုက်ပွဲကြီး/ငယ် ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ခန့်မှန်း မြေပုံညွှန်း (MG-717562) တစ်ဝိုက်၌ ရန်သူအား ရင်ဆိုင် ထိန်းချုပ်လျက် လိုအပ်သည့် အထောက်အကူပြု ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား ပြင်ဆင်ခြင်း လုပ်ဆောင်ခဲ့ ရပါသည်။

၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက်နံနက် ၂ နာရီခန့်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် လောက်ကိုင်ဒေသ အား တစ်ကျော့ပြန် အဖြစ် လည်းကောင်း၊ ပွိုင့်-၂၁၄၅ ရှိ မိမိတပ်မတော် စစ်ကြောင်းများအား အာရုံ လွှဲစေရန် အတွက်လည်းကောင်း၊ ရန်လုံကျိုင်း ရဲစခန်း ခန့်မှန်း မြေပုံညွှန်း (MG-813266)၊ ရန်လုံကျိုင်း တပ်စခန်း ခန့်မှန်း မြေပုံညွှန်း (MG-808268) ၊ နယ်စပ်မှတ်တိုင် ဘီပီ(၁၂၅)လမ်းဆုံ ခန့်မှန်းမြေပုံညွှန်း (MG-815221) ၊ ဘီပီ(၁၂၇)လမ်းဆုံ ခန့်မှန်း မြေပုံညွှန်း (MG-799192)၊ ရွှေဆင်အဝိုင်း ခန့်မှန်းမြေပုံညွှန်း (MG-784214)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးဝေဆန်း ၏နေအိမ် ခန့်မှန်းမြေပုံညွှန်း (MG-813778208) နှင့် ဘီပီ(၁၂၇)အနီး ခန့်မှန်းမြေပုံညွှန်း (MG-813197) စုစုပေါင်း ခုနစ်နေရာအား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် ခဲ့သော်လည်း ၄င်းတို့၏ ထင်မှတ်မထားသော တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ခုခံ တိုက်ခိုက်မှုကြောင့် လက်ရှိ ရန်လုံကျိုင်း ခန့်မှန်း မြေပုံညွှန်း (MG-813266) အပါအဝင် ငါးနေရာ၌ ရန်သူနှင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်လျက် ရှိနေဆဲဖြစ်ပြီး ၄င်းတို့၏ လောက်ကိုင်မြို့တွင်း ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ရေး အကြံအစည် မှာလည်း ရပ်တန့်ခဲ့ ပါသည်။

ဖြစ်စဉ်ဖြစ်ချိန်နှင့် တစ်ပြိုင်နက် ပွိုင့်-၂၁၄၅ အနီး ရင်ဆိုင်ထိန်းချုပ် ထားသော တပ်မတော် စစ်ကြောင်းများက ရရှိသည့် အခွင့်အရေးကို လက်လွတ်မခံဘဲ အမြောက်၊ သံချပ်ကာနှင့် ခြေလျင် လက်နက်ကြီး ပစ်ကူများ ရယူ၍ အနီးကပ် တိုက်ပွဲဆင်နွှဲခဲ့ရာ ပွိုင့်-၂၁၄၅ တောင်ကုန်းအား မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် လည်းကောင်း ၊ ခန့်မှန်းမြေပုံညွှန်း (MG-717555) နေရာအား မွန်းလွဲ ၂ နာရီခွဲခန့်တွင် လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း (MG-717533) နေရာအား ညနေ ၄ နာရီခန့်တွင် လည်းကောင်း သိမ်းပိုက်ရရှိ ခဲ့ကြောင်းနှင့် အောင်မြေချဲ့အမြတ်ထုတ် ရှင်းလင်းဆဲ ဖြစ်ကြောင်း ယခုသတင်း ရေးသားချိန်အထိ သတင်းရရှိ ပါသည်။

ယမန်နေ့ မတ် ၆ ရက်နေ့ လောက်ကိုင်ဒေသ ဖြစ်စဉ်၌ ရန်သူ့ထံမှ မီးလောင်ထားသည့် အလောင်း ၂ဝ လောင်း၊ RPG နှစ်လက်အပါအဝင် လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းဆက်စပ် ပစ္စည်းများ၊ ပွိုင့်-၂၁၄၅ တောင်ကြော ဖြစ်စဉ်၌ MNDAA အကြမ်းဖက် သောင်းကျန်းသူများ ထံမှ အလောင်း ခြောက်လောင်း၊ လက်နက်ကြီး/ လက်နက်ငယ် ခြောက်လက် ရရှိခဲ့ပြီး မိမိ အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် သတင်းထုတ်ပြန်ချိန် အထိ အ-မ-က (လောင်အဲချီ)မှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ အများအပြား ရှိနေပြီး ဝင်ရောက် တိုက်ခိုက်ရာတွင် MNDAA လက်နက်ကိုင်အဖွဲ့နှင့် အတူ အခြား ပူးပေါင်းအဖွဲ့များ ပါရှိဖွယ်ရာ ရှိကြောင်း ကနဦး သတင်းများအရ သိရှိရကာ ကိုးကန့် ယာဉ်ထိန်းရဲ ငါးဦး၊ ပြည်သူငါးဦး သေဆုံးကြောင်း နှင့် ကိုးကန့် ယာဉ်ထိန်းရဲ လေးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ယခုဖြစ်စဉ်ဖြစ်ရပ် များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ အဆိုပါ MNDAA ၊ TNLA နှင့် AA အကြမ်းဖက် သောင်းကျန်းသူ များအား လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်သည့် ကြေညာချက် ထုတ်ပြန်ပါက NCA တွင် လက်မှတ် ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သို့ တက်ရောက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ၌ တိုက်ရိုက်ပါဝင် ဆွေးနွေးခွင့် ပြုမည်ဖြစ်ကြောင်း ကမ်းလှမ်းစည်းရုံး ဆောင်ရွက် သော်လည်း အဆိုပါ အဖွဲ့များမှ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအာဏာ ပျက်ပြားစေရေး နှင့် ပြည်သူများ အထိတ်တလန့်နှင့် တည်ငြိမ်မှု ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက် ရှိနေကြောင်း ပေါ်လွင်လျက် ရှိနေသဖြင့် ထာဝရ ငြိမ်းချမ်းရေးမှ တစ်ဆင့် တည်ငြိမ် အေးချမ်းရေး သည်လည်း အလှမ်းဝေး နေဦးမည် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ရာတွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော် အနေဖြင့် စိတ်ရှည် သည်းခံလျက် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်အတိုင်း လက်ကိုင်ထား၍ Nationwide Ceasefire Agreement–NCA မှတစ်ဆင့် ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ NCA တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၊ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများအား လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...