Social Icons

Pages

Wednesday, August 12, 2015

ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသတွင် ဘုရားတစ်ဆူ ပြိုကျပျက်စီးကာ ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှု နယ်မြေတွင် ရေလွှမ်းမိုးမှု ဖြစ်




ပုဂံ ၊ ၁၂-၈-၂၀၁၅

လွန်ခဲ့သော ရက်ပိုင်းအတွင်း က အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ရေကြီးရေလျှံမှု များဖြစ်ကာ လူနေ အဆောက်အအုံများ ပြိုကျပျက်စီး မှုများ ဖြစ်ပွားခဲ့ရသည်။ ထို့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသတွင် ဘုရားတစ်ဆူ ပြိုကျ ပျက်စီးကာ ရခိုင်ပြည်နယ် မြောက်ဦး ယဉ်ကျေးမှု နယ်မြေတွင် ရေလွှမ်းမိုး မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ပုဂံယဉ်ကျေးမှု အမွေအနှစ် ဒေသတွင် အေဒီ ၁၃ ရာစုခေတ် ပုံသဏ္ဌာန် ဘုရားအမှတ် ၁၇၅၂ သည် ၁၉၇၅ ခုနှစ်က ငလျင်ဒဏ်ကြောင့် ပြိုကျသွား ခဲ့သဖြင့် ၂ဝဝ၃ ခုနှစ်တွင် အဆိုပါ အုတ်ကုန်းကို ပြန်လည် တူးဖော်ခဲ့ပြီး ဂူပုထိုး ပုံစံဖြင့် ရန်ကုန် မြို့တော်ဘဏ် ဒါရိုက်တာ အဖွဲ့နှင့် ဝန်ထမ်း မိသားစုများက အလှူငွေ ကျပ် ၂၅ သိန်းဖြင့် ပြုပြင်ခဲ့သည်။ အောက်ခြေ ပန္နက် (၂ဝx၂ဝ)ပေ၊ ဉာဏ်တော်အမြင့် ပေ ၃ဝ ရှိပြီး၊ ကွမ်းတောင်ပေါက် ဂူဘုရား ပုံသဏ္ဌာန်ဖြင့် ၂ဝဝ၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ပြုပြင် ပြီးစီးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ဇူလိုင်လ အတွင်းက မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ သကဲ့သို့ ပုဂံဒေသ တွင်လည်း ဇူလိုင်၂၅ ရက်မှ ၃ဝ ရက်ထိ မိုးစဉ်ဆက် မပြတ် ခပ်ဖွဲဖွဲ ရွာသွန်း ခဲ့သည်။ သြဂုတ် ၇ ရက်ညတွင် မိုးရေချိန်  ၁ ဒသမ ၈၅ လက်မနှင့် သြဂုတ် ၈ ရက် ညတွင် မိုးရေချိန် ၂ ဒသမ ၄၄ လက်မထိ ရွာသွန်း ခဲ့သည်။

မိုးရွာသွန်း မှုကြောင့် တာဝန်ရှိသူ များသည် ယဉ်ကျေးမှု နယ်မြေတွင် ကွင်းဆင်း စစ်ဆေး ကြည့်ရှုသည့် လုပ်ငန်းများကို နေ့စဉ်ရက်ဆက် လုပ်ကိုင် ဆောင်ရွက် လျက်ရှိရာ သြဂုတ် ၉ ရက် မွန်းလွဲ ၂ နာရီခွဲက အဆိုပါဘုရား အမှတ် ၁၇၅၂ ပြိုကျပျက်စီးမှုကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း ဇူလိုင် ၂၇ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး သြဂုတ် ၁ ရက် ညသန်းခေါင်ထိ မိုးရွာသွန်း နေသည့် အပြင် လေပြင်းများပါ တိုက်ခတ်ခဲ့ရာ မြောက်ဦးမြို့ တောင်ရပ်ကွက် ရှိ မင်းတွက်ဆည် ဘုရားနှစ်ဆူ နှင့် ရွှေမော်ဓော စေတီ၊ စံကားတောင် ပိဋကတ်တိုက် များသည် ရေထက်ဝက်ခန့် မြုပ်နေပြီး၊ ညီတော် စေတီတွင် ရေ ခြောက်လက်မ ခန့် မြုပ်ခဲ့သည်။

နန်းတော်ရာကုန်း တောင်ဘက် နှင့် အရှေ့ဘက် တတိယ တံတိုင်း မှာလည်း ရေမြုပ်ရန် နှစ်ပေခန့် သာ လိုသည်။ မြောက်ဦးရုံး အနီး အနောက်ဘက် ဒုတိယ တံတိုင်းနှင့် တတိယ တံတိုင်းတို့ အကြား ကျုံးဟောင်း နေရာတွင် လည်း ရေများ ချောင်းထဲသို့ ထွက်စရာ မရှိသဖြင့် ကျုံးပြင်သည် ရေများ ပြည့်လျက် ရှိနေကြောင်း သိရသည်။

ထို့ ကြောင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် နှင့် တာဝန်ရှိ သူများသည် ရှေးဟောင်း ဘုရားပုထိုး စေတီများနှင့် ရှေးဟောင်း အဆောက်အအုံ များ ပျက်စီးဆုံးရှုံးမှု အခြေအနေများ စစ်ဆေးရန်နှင့် အမြန်ဆုံး ထိန်းသိမ်း ပြုပြင်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရန် အတွက် သြဂုတ် ၁ဝ ရက်က ပုဂံဒေသသို့ ရောက်ရှိပြီး ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...