Social Icons

Pages

Friday, April 11, 2014

ပညာရေးအိပ်မက်


ပညာရေးအိပ်မက်

ယနေ့ခေတ် နိုင်ငံတော် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ကာလအတွင်း အနာဂတ် တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိက အခန်းကဏ္ဍ မှ ပါဝင်သော ပညာရေး ကဏ္ဍကို အစွမ်းကုန် ပြုပြင် ပြောင်းလဲ နိုင်ရန် နိုင်ငံတော်မှ ကြိုးပမ်းလျက် ရှိသည်။ ဘတ်ဂျက် သုံးငွေများ ပိုမို သုံးစွဲခြင်း၊ ဒေသတွင်း နှင့် နိုင်ငံတကာမှ ငွေကြေး အကူအညီနှင့် နည်းပညာ အထောက်အပံ့ များရယူ၍ အခြေခံ ပညာမှအစ တက္ကသိုလ် ပညာရေး အဆုံး အဆင့်မြှင့်တင် ဆောင်ရွက်လျက် ရှိသည်။

အစိုးရကျောင်းများ သာမက ပုဂ္ဂလိက ကျောင်းများ ကိုလည်း လုပ်ထုံး လုပ်နည်းများနှင့် အညီ ဖွင့်လှစ် သင်ကြားခွင့် ပြုလျက် ပညာရေး ကဏ္ဍ ကောင်းကင်သစ် တစ်ခုကို ဖွင့်လှစ်လျက် အနာဂတ် ဒီမိုကရေစီ နိုင်ငံတော် အတွက် သားကောင်း ရတနာများ ပေါ်ထွန်းရေးကို ဆောင်ရွက်လျက် ရှိသည်။

ပုဂ္ဂလိက စာသင်ကျောင်း များနှင့် နိုင်ငံခြားမှ လာရောက် ဖွင့်လှစ်သော ကျောင်း အမျိုးမျိုး ပေါ်ထွန်း လာမှုသည် တိုင်းပြည် အတွက် ပိုမို ကောင်းမွန်သော ပညာရေး စနစ် ပေါ်ထွန်း လာမည့်အပြင် နိုင်ငံတကာ နှင့်လည်း ပညာရေး ကဏ္ဍတွင် ရင်ပေါင်တန်း နိုင်လာမည် ဖြစ်သည်။

ထို့အတူ ရှေး ဘိုးဘွား ဘီဘင် လက်ထက်က ဆိုရိုးပြု ခဲ့သည့် ''ပညာရွှေအိုး လူမခိုး'' ဟူသော ဆိုရိုးစကား၏ အနက် အဓိပ္ပာယ်နှင့် ပြောင်းပြန် ဖြစ်သည့် ''ရွှေအိုးပေးမှ ပညာရ'' ဟူသည့် အခြေအနေ ကိုလည်း မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရင်ဆိုင် ကြုံတွေ့လာရပြီ ဖြစ်သည်။

ဉာဏ်ရည်မတူ၊ သင်ယူ လေ့လာပုံ အမျိုးမျိုး ကွဲပြားသော တပည့်များသည် ပုံမှန် စာသင်ချိန်တွင် သင်ကြား နာယူ မှတ်သားသည့် အခါ စာကို ကောင်းမွန်စွာ သင်ယူ မှတ်သားနိုင်မှု မရှိခြင်းကြောင့် လည်းကောင်း၊ ဉာဏ်ရည် ကောင်းပြီး ကောင်းမွန်စွာ သင်ယူ မှတ်သား ကျက်မှတ် နိုင်သော်လည်း အားလုံးထက် ပိုမို တော်စေလိုသည့် မိဘများ၏ စေတနာ ဆန္ဒကြောင့် လည်းကောင်း စာသင်ခန်း၏ ပြင်ပကျူရှင် ယဉ်ကျေးမှု ပေါ်ထွန်း လာခဲ့ရသည်။

ထို ရှင်သန် ပေါ်ထွန်း လာသည့် ကျူရှင် ယဉ်ကျေးမှု ကြောင့် ပညာရေး အပေါ် ကုန်ကျမှု ပိုမိုလာပြီး အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ ဝတ်ငါးဖြာ ဟူသည့် ဆရာ့ ကျင့်ဝတ် လျော့ပါး လာသည်။ အတ္တနှင့် လောဘ လွန်ကဲသော ဆရာ၊ ဆရာမ များနှင့် ဆရာ၊ ဆရာမများ အပေါ် ယုံကြည် လေးစား အားကိုးမှု လျော့နည်း လာသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပညာရေး စနစ်စာသင်ကျောင်း များ အပေါ်၌ ယုံကြည်စိတ် လျော့နည်း လာသော မိဘများ စသည့် သဘောထား ခံယူချက် နှင့် ပုံသဏ္ဌာန် ပြောင်းလဲ လာမှုများသည် အနာဂတ် တိုင်းပြည်အတွက် အနုတ် လက္ခဏာများ ဖြစ်သည်။

ပညာရေး ပြုပြင် ပြောင်းလဲမှု များသည် အနာဂတ် အတွက် အိပ်မက်များ ဖြစ်သည်။ အိပ်မက် ဟူသည် လူတစ်ဦး၏ အိပ်စက် နေစဉ် ထိုသူ၏ စိတ်အာရုံ၌ ထင်ဟပ် လာသည့် အမှန်တကယ် မဟုတ်သော အကြောင်းအရာ အဖြစ်အပျက်၊ အိပ်နေစဉ် ထွေရာလေးပါး ပြေးကစား နေသော လက်တွေ့ မဟုတ်သည့် အဖြစ်အပျက်ကို ခေါ်ခြင်း ဖြစ်သည်။ မြန်မာတို့၏ အိပ်မက် တိတ္ထုံကျမ်း အလိုအရမူ အိပ်မက် မက်ရာတွင် ညဥ့်ဦးယံ၊ ညဥ့်လယ်ယံ၊ မိုးသောက်ယံ ဟူသည့် ညဥ့်သုံးယံ ရှိရာ နံနက် မိုးသောက်ယံ မက်သော အိပ်မက်သည် အမှန်နှင့် အမြန် ဖြစ်တတ် သည်ဟု ပြဆို ထားသည်။ 

ယနေ့ကာလ ဒီမိုကရေစီ မိုးသောက်ယံ၌ မက်သော ပညာရေး အိပ်မက် များသည် မကြာမီ အမြန် အကောင်အထည် ပေါ်လာ တော့မည် ဖြစ်သည်။ ထို့ကြောင့် ပညာရေး အိပ်မက်သည် သို့လော သို့လော ဝေဝါးနေမှုများ မရှိရန်၊ မကောင်းသည့် ပုံရိပ်များ မပါဝင်စေရန် အတ္တပရ ညီညွတ် မျှတသော အနာဂတ် ပညာရေး ကဏ္ဍကို မိဘ၊ ဆရာ တို့သည် ကျင့်ဝတ်များ နှင့်အညီ ကျင့်သုံး ဖော်ဆောင်ပြီး ကျောင်းသား၊ ကျောင်းသူများ သည်လည်း သားသမီး ကျင့်ဝတ်၊ တပည့် ကျင့်ဝတ်များ နှင့် အညီ လိုက်နာ ကျင့်သုံး ရမည် ဖြစ်ပါကြောင်း မွန်မြတ်သည့် စိတ်စေတနာဖြင့် တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...