ကသာ ၊ ၁၆-၁-၂၀၁၅
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့၊ အမှတ်(၆) ရပ်ကွက်၊ နိဗ္ဗာန်လမ်း၊ မြို့ပြလူနေ ရပ်ကွက်များ အတွင်း စက်သုံးဆီများ သယ်ယူ ပို့ဆောင်လျက် ရှိသော ယာဉ်ကြီးများသည် စက်သုံးဆီများ တင်ဆောင်၍ နေ့ရောညပါ ဝင်ထွက် ရပ်နားလျက် ရှိပြီး ၄င်း ဆီသယ်ယာဉ် အများစုမှာ ဆီပီပါများမှ ဆီများ ယိုစိမ့်၍ လမ်းမကြီးများ ပေါ်တွင် စီးကျသောကြောင့် မီးဘေး အန္တရာယ်များ ဖြစ်ပေါ် လာမည်ကို ဒေသခံ ပြည်သူများက စိုးရိမ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ကသာမြို့ရှိ မြို့မ စည်ပင်သာယာ ဈေးကြီးသည် လွန်ခဲ့သော နှစ်အနည်းခန့်က ဈေးလုံးကျွတ် မီးလောင်ခဲ့ရပြီး ဆုံးရှုံးမှု အများအပြား ရှိခဲ့သည့် အတွက် ဒေသခံ ပြည်သူအများစု မှာ အလားတူ မီးဘေး အန္တရာယ်များ ဖြစ်ပေါ် လာမည်ကို စိုးရိမ် နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် ကသာခရိုင် စီမံခန့်ခွဲရေး ကော်မတီအဖွဲ့က ကသာမြို့ကြီး အတွင်း စက်သုံးဆီ သယ်ယာဉ်များ ဖြတ်သန်း မောင်းနှင်ခြင်း၊ ရပ်နားထားခြင်း လုံးဝ မပြုလုပ်ရန် တားမြစ် ကန့်သတ် ထားခဲ့သည်။ စက်သုံးဆီ သယ်ယာဉ်ကြီးများ စုဝေး ရပ်နားရန် ဆီခြံ ယာဉ်ရပ်နား စခန်းနေရာများ ကို ခရိုင် စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့က သတ်မှတ်ပေးထား ခဲ့သော်လည်း စက်သုံးဆီ သယ်ယာဉ် အချို့မှာ ဆီသယ်ယာဉ်များ ရပ်နားရန် သတ်မှတ် နေရာ၌ ရပ်နားခြင်း မရှိဘဲ မြို့ပြ လူနေရပ်ကွက်များ အတွင်းသို့ စည်ကမ်းမဲ့ ဝင်ရောက်၍ ဆီအတင်အချ ပြုလုပ်ခြင်း ယာဉ်ရပ် နားခြင်းများ ပြုလုပ် နေကြောင်း သိရသည်။
ကသာမြို့သည် ရွှေဘို - မြစ်ကြီးနား သွားရာ မဟာဗျူဟာ လမ်းမကြီး ပေါ်တွင် တည်ရှိပြီး နေ့စဉ် မုံရွာ၊ မန္တလေးမှစ က်သုံးဆီများကို မြစ်ကြီးနား ဒေသရှိ ကျောက်စိမ်း တူးဖော် ထုတ်လုပ်ရေး နှင့် ရွှေတူးဖော် ထုတ်လုပ်ရေး လုပ်ငန်းခွင် ကုမ္ပဏီများထံ စက်သုံးဆီ သယ်ယာဉ် ကြီးများက တင်ပို့လျက် ရှိရာ ကသာ မြို့သည် ဆီသယ်ယာဉ်များ စုဝေး ရပ်နားရာ ကြားစခန်း တစ်ခု ဖြစ်နေကြောင်း သိရသည်။ (၁၅၄)
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment