နယူးယောက်မြို့ရှိ Asia Society and Museum
ရန်ကုန် ၊ ၁၆-၁-၂၀၁၅
မြန်မာနိုင်ငံမှ ရှေးဟောင်း ဗုဒ္ဓဝင် အနုပညာ လက်ရာများကို အမေရိကန်နိုင်ငံ အပါအဝင် အခြား နိုင်ငံများမှ နိုင်ငံခြားသားများ ကြည့်ရှု လေ့လာနိုင်ရန် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ Asia Society and Museum ဖေဖောဝ်ါရီ ၁ဝ ရက်မှ မေ ၁ဝ ရက်အထိ ပြပွဲတစ်ရပ် အနေဖြင့် သွားရောက် ပြသရန် စီစဉ်ထားကြောင်း သိရသည်။
အဆိုပါပြပွဲတွင် အေဒီ ၅ ရာစုမှ ၁၉ ရာစု အတွင်း ထင်ရှားခဲ့သော ကမ္ဘာကျော် အနုပညာရှင် များနှင့် ခေတ်ပြိုင် ပေါ်ထွန်း ခဲ့သည့် မြန်မာနိုင်ငံမှ အနုပညာရှင်များ ပြုလုပ် ဖန်တီးထား ခဲ့ကြသော ဗုဒ္ဓဝင် ဖွားတော်မူခန်း၊ တောထွက်ခန်း၊ တရားကျင့် တော်မူခန်း၊ ဓမ္မစကြာတရား ဟောကြားခန်း၊ ပရိနိဗ္ဗာန် စံတော်မူခန်း စသည့် အခန်းကဏ္ဍ များနှင့် သက်ဆိုင်သည့် အနုပညာ လက်ရာများ အပါအဝင် ရှေးဟောင်း ဗုဒ္ဓဝင် အနုပညာ လက်ရာ ဖန်တီးမှု ၇ဝ ကျော်ကို ပြသသွားမည် ဖြစ်သည်။
အဆိုပါ အနုပညာ လက်ရာများကို ရန်ကုန် အမျိုးသား ပြတိုက်၊ နေပြည်တော် အမျိုးသားပြတိုက်၊ ကမ္ဘာအေး ဘုရားရှိ ဗုဒ္ဓဝင် သမိုင်းပြတိုက်၊ ကျောက်တော်ကြီး ဘုရားရှိ မဟာမုနိ ပြတိုက်နှင့် သရေခေတ္တရာ ရှေးဟောင်း သုတေသန ပြတိုက် အစရှိသော နေရာများမှ ငှားရမ်းပြသ သွားရန် စီစဉ်ထားကြောင်း၊ ခေတ် အဆက်ဆက်မှ အနုပညာရှင်များ ဖန်တီးခဲ့ကြသော သစ်သား ပန်းပုများ၊ ကြေးဆင်းတု တော်များ၊ ကျောက်သား ဆင်းတု တော်များ၊ ပန်းချီကား များနှင့် ယွန်းထည် လက်ရာများ စသည်တို့ကို ယူဆောင်သွားကာ ပြသသွားမည် ဖြစ်သည်။
ပြပွဲ ဖြစ်မြောက်ရေး အတွက် Asia Society and Museum မှ ကူညီ ဆောင်ရွက်ပေးလျက် ရှိပြီး မြန်မာနိုင်ငံ အနေဖြင့် ဗုဒ္ဓဝင် အနုပညာ လက်ရာပြပွဲကို ယခင်က ပြည်ပနိုင်ငံ များတွင် သွားရောက် ပြသဖူးခြင်း မရှိဘဲ ယခုပြပွဲ သည် ပထမဆုံး အကြိမ် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆောင်းဦး
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment