Social Icons

Pages

Thursday, April 6, 2017

မြန်မာနိုင်ငံက အိန္ဒိယ မလေးရှား အင်ဒိုနီးရှားနိုင်ငံတို့နှင့် လူကုန်ကူးမှု ပူးပေါင်းတားဆီးနိုင်ရေး လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်


ရန်ကုန် ၊ ၆-၄-၂၀၁၇

မြန်မာနိုင်ငံသည် အနာဂတ်တွင် အိမ်နီးချင်း အာရှနိုင်ငံများနှင့် လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းများ၌ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယခုနှစ်ထဲတွင် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနားလည်မှု စာချွန်လွှာများကို အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့နှင့် လက်မှတ်ရေးထိုး နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံနှင့် စတင်ရေးထိုးနိုင်ရန် ဆောင်ရွက်ထားပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများ ကလည်း ဆွေးနွေးထားကာ မကြာမီ လက်မှတ်ရေးထိုး နိုင်မည် ဖြစ်သည်။

ထို့ပြင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ တို့က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံကို စတင်ကမ်းလှမ်း ထားကြောင်း သိရသည်။

''အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ် ရေးထိုးပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် ပြည်တွင်းမှာ လူကုန်ကူးမှုတွေ သိသိသာသာ လျော့နည်း သွားမှာပါ'' ဟု လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားပြီးဖြစ်သည်။ ထို့ပြင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားသော နိုင်ငံများကြားတွင် လူကုန်ကူးမှု တားဆီးကာကွယ်မှု လုပ်ငန်းများ ထိရောက်စွာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...