Social Icons

Pages

Saturday, December 20, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်း 
ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲ များကို စစ်ဆေးစဉ်

နေပြည်တော် ၊ ၂၀-၁၂-၂၀၁၄

တပ်မတော် ဆေးတက္ကသိုလ်ကို ''တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ဆေးသိပ္ပံ ပညာရှင် အရာရှိများ မွေးထုတ်ပေးရန်'' ဆိုသည့် ရည်ရွယ်ချက်ဖြင့် တည်ထောင် ခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် ရဲဘော်တို့သည် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသည့် တပ်မတော်သား များနှင့် မိသားစုဝင် များကို ကျန်းမာကြံ့ခိုင်မှု ရှိအောင် ကာကွယ်ပြုစု ကုသပေးရမည် ဖြစ်သကဲ့သို့ လမ်းပန်း ဆက်သွယ်မှု ခက်ခဲပြီး ဆေး အကာအကွယ် ပေးရန် လိုအပ်နေသည့် ဒေသများမှ တိုင်းရင်းသား ပြည်သူများ ကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး ကြရမည် ဖြစ်ကြောင်း ၊ ထိုသို့ ဆောင်ရွက်ရာတွင် ဆရာဝန်များ၏ ကျင့်ဝတ်များ နှင့်အညီ စေတနာ၊ အကြင်နာ၊ ကရုဏာ၊ ကိုယ်ချင်းစာမှုများ ထားရှိ ဆောင်ရွက်ပေး သွားကြရမည် ဖြစ်ကြောင်း၊ Medical Ethics ဟုခေါ်သည့် ဆေးပညာ ကျင့်ဝတ် ၊ Research Ethics  ဟု ခေါ်သည့် သုတေသန ကျင့်ဝတ်များ ကိုလည်း လိုက်နာကြရန် လိုကြောင်း၊ ဆေးသိပ္ပံ ပညာရပ်များကို ဖွံ့ဖြိုးတိုးတက် စေသည့် လူသားများ၏ ကိုယ်ပိုင် အခွင့်အရေးကို လေးစားခြင်း၊ လူနာ၏ အကျိုးစီးပွားကို ပျက်စီးစေမည့် အပြုအမူ များကို ရှောင်ဖယ်ပြီး ကောင်းရာ ကောင်းကျိုးကိုသာ အလေးထား ဂရုပြုခြင်း၊ မျှတစွာ ပြုစုကုသ ပေးခြင်း စသည့် အခြေခံ သဘောတရား များကို အလေးထား လိုက်နာစောင့်ထိန်း ကြရန် လိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ရန်ကုန်မြို့ ၊ တပ်မတော် ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်သည့် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနား မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ်


အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် သူရသက်ဆွေ နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ခင်အောင်မြင့် နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီး များနှင့် ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် မင်္ဂလာဒုံ တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြ အခမ်းအနားတွင် ဗိုလ်လောင်း တပ်ခွဲများ၏ ချီတက် အလေးပြုခြင်းကို ခံယူစဉ်


အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် က ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ကျောင်းဆင်း ဗိုလ်လောင်း တပ်ခွဲများကို စစ်ဆေးသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဗိုလ်လောင်းတပ်ခွဲ များက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြုကြသည်။

တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၆) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် လာကြသည့် ဧည့်သည်တော်များ နှင့် သင်တန်းဆင်း ဗိုလ်လောင်းများ ၏ 
မိဘဆွေမျိုးများအား တွေ့ရစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် အောင်စစ်သည်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၄၈၀၆ ဗိုလ်လောင်း နိုင်ဝင်းထွန်း အား ဆုချီးမြှင့်စဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၄၉၄၆ ဗိုလ်လောင်း ခိုင်ကျော်လင်း အား ဆုချီးမြှင့်စဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၄၆၈၅ ဗိုလ်လောင်း ကျော်သက်ထွန်း အား ဆုချီးမြှင့်စဉ်

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁၆) မှ အောင်စစ်သည်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၄၈ဝ၆ ဗိုလ်လောင်း နိုင်ဝင်းထွန်း၊ လေ့ကျင့်ရေး ထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၄၉၄၆ ဗိုလ်လောင်း ခိုင်ကျော်လင်း၊ စာပေထူးချွန်ဆု ရရှိသူ ဗိုလ်လောင်းအမှတ် ၄၆၈၅ ဗိုလ်လောင်း ကျော်သက်ထွန်း တို့အား ဆုများ အသီးသီး ချီးမြှင့်သည်။

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က ကျောင်းဆင်း ဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားရာတွင် နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် နေကြသည့် တပ်မတော်သားများ ပင်ပန်း ကြမ်းတမ်းသည့် တာဝန်မျိုးစုံကို အချိန်အခါ မရွေး ထမ်းဆောင်နိုင်ရန် အတွေ့အကြုံ နုနယ်သေးသည့် စစ်မှုထမ်းများ ကစ၍ အဆင့်အတန်း အားလုံးကို ကျန်းမာကြံ့ခိုင်အောင် စားသောက် နေထိုင်မှု နည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးခြင်း၊ စစ်ဆေး ကြပ်မတ်ခြင်းများ ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ ကျန်းမာရေး အကျိုး သက်ရောက်မှု ဖြစ်ထွန်းအောင် စိုက်ပျိုး စားသောက်နိုင် စေရေး ပညာပေးမှု များလည်း ထိထိ ရောက်ရောက် ဆောင်ရွက် ကြရန် လိုအပ်ကြောင်း။

နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့ အတွက်ဆိုလျှင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရန်လိုကြောင်း ၊ ပြည်သူများ ကျန်းမာနေမှ စွမ်းရည်မြင့် အလုပ်လုပ် နိုင်ပြီး နိုင်ငံတော် ကာကွယ်ရေး ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ အမျိုးဘာသာ သာသနာ စသည့် နိုင်ငံ့ စွမ်းအားများ အဘက်ဘက်က တိုးတက်ကာ လူနေမှု အဆင့်အတန်း လည်း မြင့်မားလာမည် ဖြစ်ကြောင်း၊ ပြည်သူ့ တပ်မတော်သား ရဲဘော်တို့ အနေဖြင့် တိုင်းရင်းသား အားလုံးကို လူမျိုးမရွေး၊ ဘာသာမရွေး ကျန်းမာရေး စောင့်ရှောက်မှု အတွက် မေတ္တာ၊ စေတနာ၊ အကြင်နာ တရားတို့နှင့် နွေးထွေးစွာ ကုသစောင့်ရှောက် ပေးရန် တိုက်တွန်းမှာ ကြားလိုကြောင်း။

မိမိတို့ နိုင်ငံသည် မဟာဗျူဟာ ကျသည့် တည်နေရာကို ပိုင်ဆိုင် ထားသည့်အပြင် တိုင်းရင်းသား လူမျိုးစုများစွာ စုပေါင်းနေထိုင် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံတော်လည်း ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအတွင်းတွင် ရှိသည့် တိုင်းရင်းသား လူမျိုး အားလုံးတွင် ပြည်ထောင်စု စိတ်ဓာတ်ရှိရန် အထူး လိုအပ်ကြောင်း၊ ပြည်ထောင်စု စိတ်ဓာတ် မရှိလျှင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး နိုင်ငံတော်၏ လွတ်လပ်ရေး နှင့် အချုပ်အခြာ အာဏာသည်လည်း ဆုံးရှုံးသွားမည် ဖြစ်ကြောင်း ၊ တိုင်းရင်းသား ပြည်သူ အားလုံးသည် တလုံးတစည်းတည်း ၊ တညီတညွတ်တည်း နှင့် တစ်ခုတည်းသော အမိနိုင်ငံတော် ကြီးကို ချစ်ခင်မြတ်နိုး တန်ဖိုးထားပြီး စစ်မှန်သည့် မျိုးချစ်စိတ် နှင့် တည်ငြိမ် အေးချမ်း ဖွံ့ဖြိုး တိုးတက်ရန် လုပ်ဆောင် သွားကြရန် လိုကြောင်း။

ယနေ့ နိုင်ငံတော် ရှေ့ဆက် လျှောက်လှမ်း ရမည့် လမ်းကြောင်း ခိုင်မာရန် အတွက် တည်ငြိမ်း အေးချမ်းရေး ၊ စည်းလုံး ညီညွတ်ရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး သည် အရေးကြီးသည့် အတွက် တပ်မတော် က အမျိုးသားရေးမူ အနေဖြင့် ခံယူ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ၊ ပြည်ထောင်စု တပ်မတော် ဖြစ်သည်နှင့် အညီ တိုင်းရင်းသား ပြည်သူများ နှင့် တစ်သားတည်း ရှိရန် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား လုံခြုံဖွံ့ဖြိုး တိုးတက်ရန် ထိန်းသိမ်း စောင့်ရှောက် သွားကြရန် လိုကြောင်း။

ယနေ့ ကမ္ဘာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပျက်ပြား လာမှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီး တို့တွင် သဘာဝ ဘေးအန္တရာယ် များကို နှစ်စဉ်နှစ်တိုင်း ကြုံတွေ့နေကြ ရကြောင်း၊ ယခုနှစ် မိုးရာသီ ကာလတွင် မိမိတို့ နိုင်ငံအတွင်း အချို့ဒေသ များတွင် ရေကြီး ရေလျှံမှု၊ မြေပြိုမှု ဘေးအန္တရာယ်များ ကြုံတွေ့ ခဲ့ရသည့် အတွက် တပ်မတော်က ကယ်ဆယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို တိုင်းစစ်ဌာနချုပ် အလိုက် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြသည်ကို တွေ့မြင် ရမည် ဖြစ်ကြောင်း။

နိုင်ငံတကာတွင် သဘာဝ ဘေးအန္တရာယ် ကျရောက်လာလျှင် စနစ်တကျ လျင်မြန် ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းသည် တပ်မတော်သာ ဖြစ်သည် ဆိုခြင်းကို နိုင်ငံ အသီးသီးက လက်ခံပြီး သဘာဝဘေးအန္တရာယ် ကျရောက်သည့် ဒေသများတွင် အစိုးရ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များနှင့် နိုင်ငံအသီးသီး က တပ်မတော် သားများ ညှိနှိုင်း ပေါင်းစပ်ပြီး ရှာဖွေ ကယ်ဆယ်ရေး၊ အကူအညီ ပေးရေး လုပ်ငန်းများကို ဆောင်ရွက် နေကြောင်း၊ မိမိတို့ တပ်မတော် အနေဖြင့်လည်း ရှာဖွေရေး နှင့် ကယ်ဆယ်ရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း အတွေ့အကြုံများ၊ နိုင်ငံတကာ ဆွေးနွေးပွဲနှင့် လေ့ကျင့်မှု အတွေ့အကြုံ များကို အခြေခံပြီး လိုအပ်လာ လျှင် နိုင်ငံတကာက တပ်မတော် များနှင့် အတူ လူသားချင်း စာနာ ထောက်ထားမှု နှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်မှု စစ်ဆင်ရေး ( HADR Operations ) များတွင် ပါဝင် ဆောင်ရွက်နိုင်ရန် ပြင်ဆင် လေ့ကျင့် ထားရမည် ဖြစ်ကြောင်း။

၂၁ ရာစုခေတ်တွင် နိုင်ငံ အချင်းချင်း ကူးလူး ဆက်ဆံမှု၊ လူဦးရေ သိပ်သည်းဆ မြင့်မား လာမှုများကြောင့် ကူးစက်မြန် ရောဂါများ၏ စိန်ခေါ်မှု သည်လည်း မြင့်မား လာခဲ့ကြောင်း၊ အနောက် အာဖရိကတွင် စတင်ခဲ့သည့် အီဘိုလာ ဗိုင်းရပ်သည် အာဖရိက ဒေသအတွင်းသာ ကူးစက်ပြန့်ပွား လျက် ရှိသော်လည်း ကမ္ဘာ တစ်ဝန်းလုံးကို ခြိမ်းခြောက်လျက် ရှိကြောင်း။ ထိုရောဂါဆိုး များကို တိုက်ဖျက်ရန် တိုးတက် ဆန်းသစ် ပြောင်းလဲနေသည့် ဆေးကုသမှု ဆိုင်ရာ စက်ပစ္စည်း ကိရိယာများ၊ ဆေးပညာ ကုထုံးများကို အမြဲမပြတ် လေ့လာ ဆည်းပူး၍ သုတေသန ပြုမှုများ ကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပြီး နိုင်ငံတော်နှင့် တပ်မတော် အတွက် အားထားရသည့်၊ ပြည်သူများနှင့် တပ်မတော်သား များက အားကိုးရသည့် တပ်မတော်သား ဆေးပညာရှင် များဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက် နေရန်လိုကြောင်း။

မျက်မှောက် ခေတ်စစ်ပွဲ များသည် ဘက်စုံစစ်ပွဲ အသွင်နှင့် မျှော်မှန်း မထားသည့် အချိန်တွင် မျှော်တွေး မထားသော နည်းလမ်းများကို အသုံးပြုပြီး လက်ဦးမှု ရယူ တိုက်ခိုက်လာ သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ တိုက်ခိုက်ရာတွင် သမားရိုးကျ လက်နက်ခဲယမ်း များနှင့် သာမက တားမြစ် ထားသည့် ဓာတု၊ ဇီဝ လက်နက်များနှင့် ရင်ဆိုင် ရသည့်အခါ ကာကွယ် တုံ့ပြန်နိုင်မည့် နည်းလမ်းများ၊ စမ်းသပ် စစ်ဆေး ကုသသည့် နည်းလမ်းများ ကိုပါ ကြိုတင် မျှော်တွေး ပြင်ဆင်ထားရန် လိုကြောင်း၊ တပ်မတော် တစ်ရပ်သည် လက်နက် နည်းပညာ ခေတ်မီ တိုးတက်ပြီး စစ်ရေးစွမ်းအား ( Military Might ) ရှိနေရုံ သာမက တပ်မတော်သား တိုင်းသည် ကျန်းမာ ကြံ့ခိုင်ပြီး အမြဲတမ်း တိုက်ပွဲဝင် အသင့် ဖြစ်နေရန် အတွက် ဆေးဝန်ထမ်း တပ်ဖွဲ့ကဏ္ဍသည်လည်း အရေးကြီး ကြောင်း။

စစ်ဘက် ဆရာဝန်များ ဖြစ်သည့် ရဲဘော် တို့သည် ခေါင်းဆောင်ငယ် များပီပီ စိတ်ဓာတ်၊ စည်းကမ်းနှင့် အကျင့် စာရိတ္တလည်း ကောင်းမွန်ရမည် ဖြစ်ကြောင်း၊ စစ်သည်တော် ကျင့်ဝတ်သည် တပ်မတော်သား တစ်ဦးအတွက် အကျင့်သီလ ဖြစ်သည့် အတွက် စစ်သည်တော် ကျင့်ဝတ် မရှိသည့် စစ်သည် တစ်ဦးသည် စစ်သားကောင်း တစ်ဦး မဖြစ်နိုင် သကဲ့သို့ စစ်သည်တော် တစ်ဦးခြင်းဖြင့် ဖွဲ့စည်းထားသည့် တပ်မတော် သည်လည်း စစ်သည်များ ကျင့်ဝတ်သီလ မရှိလျှင် ပြည်သူလူထု အတွက် ၀န်ထုပ် ၀န်ပိုး ဖြစ်စေမည် ဖြစ်ကြောင်း ၊ တပ်မတော် သည် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ခြင်းကြောင့် အမိန့် နာခံတတ်မှု နှင့် စစ်စည်းကမ်း ကောင်းမွန်မှု သည် တပ်မတော် ၏ အသက်ခန္ဓာ ပင်ဖြစ်ကြောင်း ၊ စည်းကမ်း နှင့် ပတ်သက် လာလျှင် အသေးအဖွဲ ကအစ တိတိကျကျ လိုက်နာရန် လိုကြောင်း၊ ၂၁ ရာစု၏ စိန်ခေါ်မှု အသစ်များကို ရင်ဆိုင် ကျော်လွှား နိုင်ရန် အတွက် အမြဲတမ်း လေ့ကျင့်၊ အမြဲတမ်း စစ်ရေး သတိရှိပြီး၊ အမြဲတမ်း တိုက်ပွဲဝင် အသင့် ဖြစ်နေရမည် ဆိုသည့် မြဲသုံးမြဲနှင့် အညီ လုပ်ဆောင် သွားကြရမည် ဖြစ်သကဲ့သို့ ဆေးပညာရပ် ဆိုင်ရာ စိန်ခေါ်မှု အသစ်များကို ရင်ဆိုင် ဖြေရှင်းနိုင်စွမ်း ရှိရန် ပညာရပ်ဆိုင်ရာ များကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးရင်း တပ်မတော် အရာရှိ ဆေးပညာရှင် ဆရာဝန် ကောင်းများ ဖြစ်အောင် ကြိုးစား သွားကြရန် လိုကြောင်း။

ဒို့တာဝန် အရေးသုံးပါး ကို ထာဝစဉ် ဦးထိပ် ပန်ဆင်ပြီး သမားကောင်း သာမက တပ်မတော် ခေါင်းဆောင်ကောင်းများ အဖြစ်ပါ တာဝန် ထမ်းဆောင် နိုင်အောင် ကြိုးပမ်း ဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်းဖြင့် ပြောကြား ခဲ့သည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်း တပ်ခွဲများ ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည် ထွက်ခွာ သွားသည်။


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော် ဆေးတက္ကသိုလ် ပင်မ စာသင်ဆောင်ရှိ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် 
ဗိုလ်လောင်းများ နှင့် မိဘများအား တွေ့ဆုံ၍ 
ဂုဏ်ပြုချီးမြှင့်စကား ပြောကြားစဉ်


စစ်ရေးပြ အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော် ဆေးတက္ကသိုလ် ပင်မ စာသင်ဆောင်ရှိ ဧည့်ခန်းမ ဆောင်၌ တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၆)မှ ထူးချွန်ဆု ရရှိကြသည့် ဗိုလ်လောင်းသုံးဦး နှင့် ၄င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှင့် စကား ပြောကြားသည်။

ထိုသို့ ပြောကြားရာတွင် ကောင်းမွန်သော စိတ်ဓာတ် စည်းကမ်း၊ အမိန့်နာခံမှု နှင့် ကြိုးစား အားထုတ်မှုများကို ဆက်လက် ထိန်းသိမ်း သွား၍ ရွေးချယ်ထားသည့် ဆေးဘက်ပညာ နယ်ပယ်တို့တွင် ထူးချွန်သော သမားကောင်း များ ဖြစ်ရေး အားထုတ်သွားရန်၊ ကိုယ်ကျင့် တရားနှင့် ဂုဏ်သိက္ခာ ထိခိုက်စေမည့် လုပ် ဆောင်ချက် များကို ဆင်ခြင်တုံ တရားဖြင့် သုံးသပ်ဆင်ခြင် ရှောင်ကြဉ်ကာ နိုင်ငံတော် အကျိုး၊ တပ်မတော် အကျိုးကို သစ္စာစောင့်သိ ကြိုးပမ်းသွားရန် မှာကြား ခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် 
တပ်မတော် ဆေးတက္ကသိုလ် ၊ သမားဇာနည် အောင်စစ်သည် ပြခန်းအား
 ကြည့်ရှု လေ့လာစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဖွဲ့သည် တပ်မတော် ဆေးတက္ကသိုလ်၊ သမားဇာနည် အောင်စစ်သည် ပြခန်းအား လှည့်လည် ကြည့်ရှု လေ့လာရာ သက်ဆိုင်ရာ နည်းပြ အရာရှိများမှ ရှင်းလင်း တင်ပြမှုအပေါ် အသုံးချရန် ဝယ်ယူ တပ်ဆင် ပေးထားပြီး ငွေကြေးနှင့် တန်ဖိုးဖြတ်၍ မရနိုင်သော ဆေးဘက်ဆိုင်ရာ စက်ပစ္စည်း ကိရိယာ များနှင့် ဆေးဝါးများကို အကျိုးရှိစွာ အသုံးချ ရန်နှင့် ကျန်းမာရေ အသိပညာ များကို ပြည်သူလူထု သိရှိနိုင်ရေး မီဒီယာများမှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်ရေး ဆောင်ရွက် သွားရန် မှာကြားခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုး ခဲ့ ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...