Sutter's Mill ဥက္ကာပျံ
ဝါရှင်တန် ၊ ၁၉-၁၂-၂၀၁၄
ကယ်လီဖိုးနီးယား ပြည်နယ်မှ သုတေသီ တစ်ဖွဲ့သည် ကမ္ဘာမြေပေါ်သို့ ကျဆင်းလာသော ဥက္ကာပျံ တစ်ခုကို နှစ်နှစ်တိုင်တိုင် စူးစမ်းလေ့လာ ခဲ့ပြီးနောက် ယင်း ဥက္ကာပျံတွင် စိန်ပွင့်ငယ် အမြောက်အမြား ပါဝင်နေကြောင်း မကြာသေးမီက ထုတ်ပြန် ကြေညာသည်။
အဆိုပါ Sutter's Mill ဥက္ကာပျံသည် ၂ဝ၁၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် ကယ်လီဖိုးနီးယား ပြည်နယ်၌ ကျရောက်ခဲ့ခြင်း ဖြစ်ပြီး မီးဝင်းဝင်း တောက်လောင် ကျဆင်းခဲ့သော နေရာကို သုတေသီများက ရအောင် လိုက်လံရှာဖွေကာ ယင်းဥက္ကာပျံကို စူးစမ်း လေ့လာခဲ့ ကြခြင်း ဖြစ်သည်။
ထိုသို့ လေ့လာရာမှ ဥက္ကာပျံထဲတွင် ၁ဝ မိုက်ခရွန် အရွယ်ရှိသော စိန်ပွင့်ငယ် များကို တွေ့ရှိခဲ့ပြီး စိန်လက်စွပ် များတွင် အသုံးပြုနိုင်သော အရွယ်အစားထက် များစွာ သေးငယ် သော်လည်း သာမန်ဥက္ကာ ပျံများတွင် တွေ့ရလေ့ မရှိသောစိန်ပွင့် များကို တွေ့ရှိခဲ့ရသည့် အတွက် သိပ္ပံလောကတွင် ဂယက်ရိုက် သွားခဲ့သည်။ Sutter's Mill တွင် စိန်ပွင့်ငယ်များ ပါရှိနေလျှင် ယင်းဥက္ကာပျံ ပဲ့ထွက်လာသော မိခင် ဥက္ကာပျံကြီး တွင်လည်း စိန်ကျောက်များ ရှိနေနိုင်ကြောင်း ခန့်မှန်း နေကြသည်။
Sutter's Mill ကို လေ့လာ တွေ့ရှိချက်အရ နာဆာရဲ့ အနာဂတ် အာကာသယာဉ် တွေက ဥက္ကာပျံတွေ ကနေ ကျောက်သားတွေ စုဆောင်း သယ်ဆောင် လာတဲ့အခါ စိန်ပွင့်တွေများ ပါနေမလား ဆိုတာကို ကျွန်တော်တို့ မျှော်လင့် ရတော့မှာပါ။ ဥက္ကာပျံ အများစုဟာ ကမ္ဘာ့လေထုနဲ့ ပွတ်တိုက်မှု အားကို မခံနိုင်ဘဲ ကမ္ဘာမြေပေါ်ကို မရောက်ခင် မှာကို မီးလောင်ကျွမ်း ပျက်စီးကွယ်ပျောက် သွားရပါတယ်။ Sutter's Mill လို ကမ္ဘာပေါ် ကျရောက်လာနိုင်တဲ့ ဥက္ကာပျံမျိုးဟာ မာကျော သိပ်သည်းဆ အရမ်းများလို့ပဲ ဖြစ်မှာပါ။ စိန်ပွင့်တွေ ပါနေလို့ပဲလို့ ယူဆ နိုင်ပါတယ် ... '' ဟု သုတေသီ တစ်ဦးက ပြောပြသည်။
သုတေသီများက စိန်ပွင့်များကို သာ တွေ့ရှိခဲ့ခြင်း မဟုတ်ဘဲ ခရိုမီယမ် အမျိုးမျိုးလည်း ပါဝင်နေသည် ကို တွေ့ရှိခဲ့သည့် အတွက် လွန်ခဲ့သော နှစ်ပေါင်း ၄ ဒသမ ၅ ဘီလီယံ က နေအဖွဲ့အစည်း ဖွဲ့စည်း ဖြစ်တည်ခါစ အချိန်က အနည်းဆုံး ကြယ် အမျိုးအစား ငါးမျိုးခန့်မှ အရာဝတ္ထုများဖြင့် ဖြစ်တည်ခဲ့ ဟန်တူကြောင်း၊ ယင်း အရာဝတ္ထု များ၏ အကြွင်းအကျန် များကို အချို့သော ဥက္ကာပျံများတွင် တွေ့ရှိနိုင်သည့် အတွက် သုတေသီ များသည် နေအဖွဲ့အစည်း ၏ အစနှင့် ဆက်နွှယ်သော သဲလွန်စများကို ဥက္ကာပျံများတွင် အစဉ်သဖြင့် ရှာဖွေ နေခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ စိန်ပွင့်များ တွေ့ရှိခြင်းသည် အလွန် ထူးခြားသော ရှာဖွေတွေ့ရှိမှု တစ်ရပ်ဖြစ်ကြောင်း သိပ္ပံလောကတွင် သုံးသပ် နေကြသည်ဟု သိရသည်။
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment