Social Icons

Pages

Showing posts with label ပညာပေး. Show all posts
Showing posts with label ပညာပေး. Show all posts

Friday, February 1, 2019

စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး လက်တွေ့ သရုပ်ပြ

စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး လက်တွေ့ သရုပ်ပြ
-
ထန်တလန်  ဇန်နဝါရီ  ၃၁ 
-
ချင်းပြည်နယ် ထန်တလန်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးရွှေကျုံးလျန် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် စာသင်ကျောင်း အခြေပြု မီးဘေးလုံခြုံရေးအသိပညာပေး ဗီဒီယိုပြသခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၂)အခြေခံပညာ မူလတန်း လွန်ကျောင်းဆောင်ရှေ့၌ ကျင်းပသည်။ 
-
ရှေးဦးစွာ ပညာပေးဇာတ်လမ်းပြသပြီး မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးရွှေကျုံးလျန်က မီးဘေးလုံခြုံရေးအတွက် အိမ်တိုင်းမီးသတ်ဆေးဘူး ဆောင်ထားသင့်ကြောင်း၊ မီးဘေး အန္တရာယ်နှင့်ကြုံတွေ့လာပါက မီးဘေးလုံခြုံရေးဆောင်ရွက်ပုံ၊ကယ်ဆယ်ရေး ဆောင်ရွက်ပုံနှင့်မီးသတ်ဆေးဘူးအသုံးပြုပုံတို့ကို ဒေသဘာသာ စကားဖြင့်အသေးစိတ် ရှင်းလင်းကာ ကျောင်းသား၊ ကျောင်းသူများအားလက်တွေ့ သရုပ်ပြသခဲ့သည်။ 
-
အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးလက်တွေ့သရုပ်ပြပွဲကို  မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူးနှင့်  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း အင်အား ၁၅ဝ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။       
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 30, 2019

ပရဆေးဆိုင်များ၌ အစားအသောက်တွင် မသုံးသင့်သည့် ခွင့်မပြုဆိုးဆေးများ ရောနှောရောင်းချခြင်း မပြုရန် ပညာပေးကာလ သတ်မှတ်နိုင်ရေး ဆောင်ရွက်

ပရဆေးဆိုင်များ၌ အစားအသောက်တွင် မသုံးသင့်သည့် ခွင့်မပြုဆိုးဆေးများ ရောနှောရောင်းချခြင်း မပြုရန် ပညာပေးကာလ သတ်မှတ်နိုင်ရေး ဆောင်ရွက်
-
ရန်ကုန် ဇန်နဝါရီ ၂၉ 
-
ပြည်တွင်းရှိ ပရဆေးဆိုင်များ၌ ခွင့်မပြု ဆိုးဆေးများ ရောနှော ရောင်းချခြင်း မပြုရန် ပညာပေးကာလကို သုံးလ သို့မဟုတ် ခြောက်လ သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
-
လက်ရှိ အစားအသောက်များတွင် အများဆုံး အသုံးပြုနေသည့် ခွင့်မပြုဆိုးဆေးများကို ပရဆေးဆိုင်များ၌ ရောင်းချနေပြီး ဆိုးဆေးရောင်းချသော ဈေးဆိုင်များကို စစ်ဆေးခဲ့၍ ခေါ်ယူတွေ့ဆုံကာဆိုးဆေး၏ ဆိုးကျိုးနှင့် လုပ်ငန်းရှင်၏ ကျင့်ဝတ်များ၊ စားသုံးသူ၏ ရသင့် ရပိုင်ခွင့်များအကြောင်းကို ပထမအကြိမ် အနေဖြင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ''ပညာပေးကာလကို သုံးလ ဒါမှမဟုတ်ခြောက်လသတ်မှတ်မယ်။ ပညာပေးကာလအပြီးမှာ စစ်ဆေးတွေ့ရှိရင်တော့ အရေးယူမယ်။ အစားအစာအတွက်ဆိုရင် အစားအစာဆိုးဆေးပဲ ရောင်းရမယ်။ ဓာတုဆိုးဆေး အတွက်ဆိုရင်လည်း ဓာတုဆိုးဆေးပဲ ရောင်းရမယ်။ အဲဒီလိုမှ မဟုတ်ရင် ဥပဒေအရ အရေးယူမယ်။ အစားအစာကို ဆိုးတဲ့ ဆေးနဲ့ဓာတု ဆိုးဆေးနဲ့မတူဘူး။ ရောမရောင်းရဘူးဆိုတဲ့ စီမံချက်တွေရှိလာမယ်'' ဟု ၄င်းကပြောသည်။
-
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ ခွင့်မပြုဆိုးဆေးများကို စစ်ဆေးရာတွင် ရန်ကုန်မြို့ပင်ရင်းဆိုင်ကြီးများ ရှိသည့် သိမ်ကြီးဈေး( A)၊ (B)ရုံ၊ ပုဇွန်တောင်ဈေး စသည့်ဈေးတို့၌ စစ်ဆေးပြီး ပညာပေးကာလတွင် သတ်မှတ်ချက်များကို မလိုက်နာသည့် ဈေးဆိုင်များအား စစ်ဆေးတွေ့ရှိပါက ပစ္စည်းများ သိမ်းဆည်းလျက်ရှိသည်။ 
-
ခွင့်မပြုသည့် ဆိုးဆေးများ အများဆုံး တွေ့ရှိသည့် အစားအသောက်များမှာ လက်ဖက်၊ ချင်းနှပ်၊ ပုစွန်ခြောက်၊ ပုစွန်ချဉ်၊ ဝက်အူချောင်း၊ ကြက်အူချောင်း၊ စိမ်းစားငါးပိ၊ မျှစ်၊ အသားတု၊ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်၊ ဆော့ဖ်များနှင့် အချိုရည် အမျိုးမျိုးတို့ ဖြစ်ကြောင်း သိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 15, 2019

ရေချွေတာ အသုံးပြုတတ်စေရေး ကျောင်းသား ကျောင်းသူများအား ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)၌ အသိပညာပေးမှုများ ဆောင်ရွက်

ရေချွေတာ အသုံးပြုတတ်စေရေး ကျောင်းသား ကျောင်းသူများအား ငမိုးရိပ်ရေသန့်စင်စက်ရုံ(ညောင်နှစ်ပင်)၌ အသိပညာပေးမှုများ ဆောင်ရွက်
-
ရန်ကုန် ဇန်နဝါရီ ၁၄ 
-
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့(အင်ဂျင်နီယာဌာန/ရေနှင့်သန့်ရှင်းမှု)နှင့် JICA Technical Assistance Project တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကို ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)သို့ ယမန်နေ့က သွားရောက်လေ့လာစေကာ ရေချွေတာအသုံးပြုတတ်စေရေး အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ (အင်ဂျင်နီယာဌာန/ရေနှင့်သန့်ရှင်းမှု) ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းစိုးထံမှ သိရသည်။ 
-
ထိုကဲ့သို့ အသိပညာပေး ဆောင်ရွက်ရခြင်းမှာ ရန်ကုန်မြို့တော် ရေပေးဝေရေးစနစ်၊ ရေအရင်းအမြစ်များ ရရှိမှု အခြေအနေ၊ သောက်သုံးရေ စနစ်တကျသုံးစွဲမှုနှင့် ရေချွေတာ သုံးစွဲမှုတို့ကို ပညာပေးအစီအစဉ်အနေဖြင့် လက်တွေ့ပြသခြင်း ဖြစ်သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရန်ကုန်မြို့အတွက် တစ်ရက်လျှင် ရေဂါလန်စုစုပေါင်း ၂ဝ၅ သန်းအထိ ဖြန့်ဝေပေးနေသော်လည်း သောက်သုံးရေ လိုအပ်ချက်များ ရှိနေသောကြောင့် ယခုကဲ့သို့ အသိပညာပေး ဆောင်ရွက်မှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ 
-
''ပြည်သူတွေအနေနဲ့ လမ်းသွားရင်း ရေပိုက်ပေါက်နေတာတွေ၊ ယိုစိမ့်နေတာတွေ တွေ့ရှိခဲ့ရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း သက်ဆိုင်ရာက အမြန်ဆုံးလာရောက် ပြုပြင်နိုင်မှာဖြစ်ပြီး ပြည်သူတွေ ရေလုံလောက်စွာ ရရှိမှုအတွက် ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်'' ဟု ဒေါ်သင်းသင်းစိုးက ပြောသည်။ 
-
ယခုအခါ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ရေချွေတာသုံးစွဲတတ်စေရန် လက်တွေ့သရုပ်ပြ အသိပညာပေးလှုပ်ရှားမှုများစဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ 
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 19, 2018

မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော

မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
-
ကျွန်းစု ဒီဇင်ဘာ ၁၈
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ စာပေဗဟုသုတများ တိုးပွားစေရေး၊ မီးဘေး အန္တရာယ် အကြောင်း သိရှိစေရေးအတွက် စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများနှင့် မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကျွန်းစုမြို့နယ် မရမ်းချောင်း ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
-
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူးက စာဖတ်ခြင်းဖြင့် အမှားနှင့် အမှန်ခွဲခြား သိမြင်နိုင်မှု၊ ဦးနှောက် ဖွံ့ဖြိုးလာမှု၊ နှလုံးသားခံစားမှုနှင့် စာဖတ်ခြင်း ကြောင့် ကျော်ကြားခဲ့သော နိုင်ငံ့ ခေါင်းဆောင်ကြီးများအကြောင်း သာဓကထား ရှင်းလင်းပြော ကြားပြီး မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူးက မီးဘေးအန္တရာယ် ဖြစ်ပွားရခြင်း အကြောင်း ရင်းများ၊ မီးဘေးလုံခြုံရေးနှင့် ပတ်သက်သော သိကောင်းစရာများ၊ မီးသတ်ဆေးဘူးများ အကြောင်းနှင့် အသုံးပြုပုံများ၊ မီးသတ်ဝတ်စုံများ အကြောင်းနှင့် အသက်ကယ် အင်္ကျီဝတ်ဆင် ပုံများ၊ မီးသတ်ရေယာဉ်များ အကြောင်း ရှင်းလင်း ပြောကြားသည်။
-
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်ပုံနှင့် မီးသတ် နည်းအမျိုးမျိုးတို့ဖြင့် သရုပ်ပြပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား လက်တွေ့ မီးငြှိမ်းသတ်စေ၍ အပူကာ မီးသတ်ဝတ်စုံဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လက်တွေ့ သရုပ်ပြသကြသည်။ တာဝန်ရှိသူများက တက်ရောက်လာကြသူများအား မီးလောင်လျှင် ဆက်သွယ် ရမည့်ဖုန်းနံပါတ်များ ပါဝင်သည့် လက်ကမ်း စာစောင်များနှင့် မီးဘေး လုံခြုံရေး ပညာပေး စာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး တိုင်းကျိုး ပြည်ပြုလုပ်ငန်း များ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် နံရံကပ်စာစောင်များ ခင်းကျင်း ပြသကြသည်။ ယင်းနောက် ကပကျေးရွာ မူလတန်း ကျောင်း၌ စာဖတ်ခြင်း၏ အကျိုးကျေးဇူးရရှိမှုများ အသိ ပညာပေး ဟောပြောပွဲကို ဆက်လက် ကျင်းပကြောင်း သိရသည်။
-
စည်သူရအောင်
-
#မြ၀တီနေ့စဉ်သတင်းစာ

ချောက်မြို့၌ မှုခင်း အသိပညာပေးဟောပြော

ချောက်မြို့၌ မှုခင်း အသိပညာပေးဟောပြော
-
ချောက် ဒီဇင်ဘာ  ၁၈ 
-
မကွေးတိုင်းဒေသကြီး  ချောက်မြို့  သခင်ဘိုး လှကြီး စက်မှုလက်မှုသိပ္ပံကျောင်း မယ်ဇင်ခန်းမ၌   မှုခင်းအသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ပိုင်းတွင် ကျင်းပသည်။ ရှေးဦးစွာ ချောက်မြို့မရဲစခန်း ဒုတိယစခန်းမှူးက  လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်း ကိုလည်းကောင်း၊ မြို့နယ် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းထိန်းသိမ်းရေး   တာဝန်ခံတစ်ဦးက ယာဉ်စည်းကမ်း၊   လမ်းစည်းကမ်း အကြောင်း သိကောင်းစရာနှင့်    ထိခိုက်အန္တရာယ်မဖြစ်စေရေး တို့အတွက်   ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် အရာများကို လည်းကောင်း ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ပညာပေးမှုခင်းရွေ့လျားယာဉ်ပေါ်မှ  အသိပညာ ပေးမှုခင်း ဓာတ်ပုံပြကွက်များအား   စိတ်ဝင်တစားကြည့်ရှု လေ့လာကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲမှူး၊ မြို့မရဲစခန်းမှဒုတိယ စခန်းမှူးနှင့် တာဝန်ရှိသူတို့က ရှင်းလင်းဖြေကြား ကြကြောင်း သိရသည်။     
-
ကျော်မို
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 12, 2018

အလယ်ချောင်း ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ဆန်အိတ်များ ပေးအပ်လှူဒါန်း၊ ကြွက်နှိမ်နင်းရေး ပညာပေး ဆွေးနွေး

အလယ်ချောင်း ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ဆန်အိတ်များ ပေးအပ်လှူဒါန်း၊ ကြွက်နှိမ်နင်းရေး ပညာပေး ဆွေးနွေး
-
နေပြည်တော်  ဒီဇင်ဘာ  ၁၁
-
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ အလယ်ချောင်းကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား ဆန်အိတ်များ ပေးအပ်လှူဒါန်းခြင်းနှင့် ကြွက်နှိမ်နင်းရေး ပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်မြင့် ရွာမကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး အလယ်ချောင်းကျေးရွာ အုပ်စုဥက္ကဋ္ဌ နှင့် ရပ်မိရပ်ဖများထံသို့ ဆန် ၅ဝ အိတ်ပေးအပ် လှူဒါန်းသည်။ ထို့နောက် ပျဉ်းမနားမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်း မှ ကြွက်အန္တရာယ် နှိမ်နင်းရေး ပညာပေး ဟောပြောဆွေးနွေးပြီး ဒေသခံပြည်သူများ ကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
-
အလယ်ချောင်း ကျေးရွာအုပ်စုတွင် ယခုနှစ် အတွင်း၌ တောင်ယာစပါး ၂၇၃ဝ  ဧကခန့်တွင် ဧက   ၁၇ဝဝ  ကျော်ခန့်အား   ကြွက်များ ဝင်ရောက်ဖျက်ဆီးခဲ့ပြီး  ကျန်ဧက  ၁ဝ၃ဝ ခန့်မှာလည်း အပြည့်အဝ ရိတ်သိမ်းနိုင်ခြင်းမရှိသဖြင့် ဆန်တစ်အိတ်လျှင် ငွေကျပ် ၃ဝဝဝဝ  နှုန်းဖြင့် ဝယ်ယူစားသောက်နေရ၍ အဆိုပါ အလယ်ချောင်း ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၄ ရွာမှ ဒေသခံပြည်သူများအတွက် တိုင်းစစ်ဌာနချုပ်မှ ဆန်များ လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။ 
-
ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကိုးတစ်ဖုန်းဆိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိန္ဒအားဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, March 20, 2017

ပုဂံဒေသတွင် ကလေးငယ်များအကြောင်းပြု၍ နိုင်ငံခြားဝင်ငွေ မရှာမိစေရန် ပညာပေးဆောင်ရွက်မည်



ညောင်ဦး ၊ ၂၀-၃-၂၀၁၇

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း၌ ရှိသောစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ကလေး သူငယ်များကို အကြောင်းပြု၍ နိုင်ငံခြားဝင်ငွေ မရှာမိစေရန် Children are not tourist attractions ခေါင်းစဉ်ဖြင့် ပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညောင်ဦးမြို့နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ပုဂံ)မှ သိရသည်။

အဆိုပါလုပ်ငန်းကို UNICEF နှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ပရဟိတ အသင်းများ၊ လူမှု အဖွဲ့အစည်းများ၊ ဟိုတယ် လုပ်ငန်းရှင်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ပူးပေါင်း တက်ရောက်၍ ယခုနှစ် မတ် ၁၁ ရက် က ပုဂံသီရိပစ္စယာ ဟိုတယ်၌ ကြိုတင် ကာကွယ်ရေး ပညာပေး အစီအစဉ်များကို ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး လာမည့် လများတွင် ပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

''ကလေးငယ်တွေကို ဂေဟာတစ်ခုဖွင့်ပြီး ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ကာ နိုင်ငံခြားဝင်ငွေ ရှာနည်းတွေ၊ ပြည့်တန်ဆာ အဖြစ်နဲ့ ဝင်ငွေရှာတာ တွေကို တချို့နိုင်ငံတွေမှာ ရှိနေတယ်လို့ ကြားသိရပါတယ်။ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာလဲ ဒါမျိုးတွေ အထင်အရှား မရှိပေမယ့် နောင်တစ်ချိန် ဖြစ်မလာအောင် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု အဆိုပါဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွန်းခိုင် က ပြောပြသည်။

ယခုအခါ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်း၌ အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ် နိုင်ရန်နှင့် ရှောင်ရှား နိုင်ရန် Children are not tourist attractions ခေါင်းစဉ်ဖြင့် လက်ကမ်းစာစောင် များကို ပြည်တွင်း၊ ပြည်ပ ဧည့်သည်များအား ဝေငှပေးထားပြီး ပညာပေး ဟောပြောပွဲများ ကိုလည်း သက်ဆိုင်ရာ ဦးစီးဌာနများ၊ NGO အဖွဲ့များနှင့် ပရဟိတ အသင်းများ၊ လူမှု အဖွဲ့အစည်းများ ပူးပေါင်း၍ ပညာပေး ဟောပြောပွဲများ အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Wednesday, March 8, 2017

နွေစပါးစိုက်ပျိုးရာတွင် အပူချိန်လွန်ကဲမှုကြောင့် စိုက်ခင်းများပျက်စီးမှု မရှိစေရန် ပညာပေးဆောင်ရွက်မည်



နေပြည်တော် ၊ ၈-၃-၂၀၁၇

မြန်မာနိုင်ငံအတွင်း တောင်သူ လယ်သမားများ နွေစပါး စိုက်ပျိုးရာတွင် အပူချိန် လွန်ကဲမှုကြောင့် စိုက်ခင်းများ ပျက်စီးမှု မရှိစေရန် ကွင်းဆင်း ပညာပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်း ထံမှ သိရသည်။

ယခုနှစ် နွေရာသီတွင် အပူချိန် လွန်ကဲမှု ရှိနိုင်သည်ဟု မိုးလေဝသ ပညာရှင်များက သုံးသပ်ပြောကြား ထားသဖြင့် စိုက်ခင်းများ ပျက်စီး ဆုံးရှုံးခြင်းများ မဖြစ်ပေါ်နိုင်စေရန် တောင်သူလယ်သမား များထံ တိုက်ရိုက် ကွင်းဆင်း ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စပါးစိုက်ခင်းများ မပျက်စီးရေးကို ပိုမိုအလေးထား ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး စပါးပျက်စီး ဆုံးရှုံးခြင်းများ လျော့နည်း စေရန်နှင့် ကာကွယ်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန် နည်းပညာများကို တောင်သူလယ်သမား များထံ ဖြန့်ဝေပေးမည် ဖြစ်သည်။ 

ယမန်နှစ်က နွေစပါးစိုက်ပျိုးရာတွင် ရေလှောင်တမံများ၊ ဆည်မြောင်းများ၊ ကန်ချောင်းများနှင့် မြစ်များမှ ရေများကို လျှပ်စစ် မြစ်ရေတင် စီမံကိန်းများမှ တစ်ဆင့် ရေသွင်း စိုက်ပျိုးခဲ့သည်။ နှစ်စဉ် နွေစပါး စိုက်ပျိုးရာတွင် အပူချိန် လွန်ကဲခြင်းကြောင့် စပါးပင် အမြစ်များ ခြောက်၍ သေဆုံးခြင်း၊ လယ်ဧက အများစုတွင် ပိုးကျ၍ ဝါခြင်း၊ သီးနှံဖျက်ပိုး များကြောင့် စပါးပင်များ အောင်မြင်ဖြစ်ထွန်းမှု နည်းပါးခြင်းတို့နှင့် တောင်သူ လယ်သမားများ ရင်ဆိုင်ရသဖြင့် ယခုနှစ်တွင် ယင်းကဲ့သို့ မဖြစ်စေရန် အထူးအလေးထား ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Thursday, November 3, 2016

သားငယ် ၊ သမီးငယ်တို့ နားမယောင်မိကြ စေဖို့


သားငယ် ၊ သမီးငယ်တို့ နားမယောင်မိကြ စေဖို့

ခိုင် (ပညာရေး)

သတင်းစာများ၊ ဂျာနယ်များတွင် အမြဲမပြတ် ဖတ်မိသည့် သတင်းများမှာ လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာ များ ဖြစ်သည်။ လူကုန်ကူးခံရပြီး ရောင်းစားခံ ရခြင်းများ၊ အနှိပ်စက်ခံ ရခြင်းများ၊ အိမ်ထဲမှ အိမ်ပြင် အထွက်မခံဘဲ နှိပ်စက်ခြင်းများ၊ လူကုန်ကူးရန် အတွက် သမီးရည်းစား အဖြစ် ဟန်ဆောင် ချစ်ဟန်ပြုပြီး ခေါ်ဆောင် သွားခြင်းများ အစုံပင်ဖြစ်သည်။ စာရေးသူ ရေးသားခဲ့သည့် ''ပွင့်သောပန်းတိုင်း အစဉ်အမြဲ လန်းဆန်းစေချင် ပါသည်'' ဆောင်းပါး ထဲကကဲ့သို့ ဖုန်းတစ်လုံး ကိုင်ထားပြီး အကျိုးရှိစွာ အသုံးမချဘဲ တွေ့မြင်ဖူးခြင်း မရှိသည့် သူများနှင့် ဆက်သွယ်မိရာမှ မလိုလားအပ် သည့် ပြဿနာများ ဖြစ်ပေါ် လာရခြင်း များလည်း ပါဝင်သည်။ ထို ပြဿနာများတွင် ငယ်ရွယ်သော နဝမတန်း၊ တက္ကသိုလ် ဝင်တန်း အရွယ် ကျောင်းသူလေးများ သားကောင် ဖြစ်နေကြရသည် ကိုလည်း စိတ်မကောင်းစွာ ကြားသိ နေရသည်။ ယုံလွယ်တတ်သည့် ငယ်ရွယ်သူ လေးများကို လက်ကိုင်ဖုန်း လွတ်လပ်စွာ ပေးကိုင်ထားခြင်း၊ တစ်ဦးတည်း အဖော် မပါဘဲ ကျောင်းသို့ သွားလာစေခြင်း များမှာ လူကုန်ကူး သူများ၏ ပစ်မှတ်များ ဖြစ်လာနိုင်သည်။

ယခုနှစ် စက်တင်ဘာ ၃ ရက်က လူကုန်ကူးမှုနှင့် ပတ်သက်၍ အသိပညာပေး အဖြစ် စာရေးသူတို့ ကျောက်တံတား အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်းအုပ် ဆရာကြီး၏ တာဝန်ပေးချက် အရ ကျောင်းသူ၊ ကျောင်းသားလေး များကို စာရေးသူ ဟောပြော ခဲ့ရသည်။ ထို ဟောပြောချက် များနှင့် ပတ်သက်၍ အခြား ကျောင်းသူ၊ ကျောင်းသား၊ သားငယ်၊ သမီးငယ်လေး များပါ သိရှိစေရန် အတွက် ဆောင်းပါးအဖြစ် ပြန်လည်ရေးသား မျှဝေရခြင်း ဖြစ်သည်။

လူကုန်ကူးမှု ဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အာဏာ အသုံးပြု၍ အဓမ္မ ခေါ်ဆောင်ခြင်း၊ ရပ်တည်ရန် ခက်ခဲသော အခြေအနေ ကို အလွဲသုံးစား ပြု၍ လူစုဆောင်းခြင်း ၊ ပို့ဆောင်ခြင်း ၊ လွှဲပြောင်း ခြင်းများ ပြုလုပ်၍ အဓမ္မစေခိုင်းခံ ရခြင်း၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အသုံးချခံ ရခြင်းများကို ဆိုလိုသည်။ လူကုန်ကူးမှု ၏ အဓိပ္ပာယ်မှာ ''မိမိအကျိုးစီးပွား တစ်ခုတည်း အတွက် လူသားများ၏ ကိုယ်ကာယ လုပ်အားများကို လူသား အချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ် အကျိုးအမြတ် ရယူခြင်း'' ကို ခေါ်ဆိုသည်။ လူကုန်ကူးမှုများ ပေါ်ပေါက် လာရခြင်း၏ တွန်းအားပေး ချက်များမှာ ဆင်းရဲခြင်း၊ ပညာတတ် မြောက်မှုနည်းပါးခြင်း၊ အလုပ်အကိုင် မရှိခြင်း၊ လိင်ပိုင်း ဆိုင်ရာခွဲခြား ဆက်ဆံမှုရှိခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု နှင့် မတရားပြုမူ ခံရခြင်းတို့ကြောင့် ထွက်ပေါက် ရှာကြခြင်း စသည်တို့ ဖြစ်သည်။

လူကုန်ကူးမှု ခံရသူအများစုမှာ ဖြတ်လမ်းနည်းဖြင့် ကြီးပွား ချမ်းသာချင် သူများ၊ ယုံကြည် လွယ်သူများ၊ အားနာတတ် သူများ၊ ပညာ ဗဟုသုတ နည်းပါးသူများ၊ အကာအကွယ် မဲ့သော ကလေးများ၊ နိုင်ငံရပ်ခြား အထင်ကြီး သူများ၊ စီးပွားရေး အဆင်မပြေ သူများ ဖြစ်ကြသည်။

မည်သူမဆို လူကုန်ကူးခံ ရနိုင်သကဲ့သို့ အထူးသဖြင့် အမျိုးသမီးများ နှင့် ကလေးသူငယ် များမှာ လူကုန်ကူးသူ များအတွက် အမြတ်အစွန်း ပိုမိုရရှိနိုင် ခြင်းကြောင့် လူကုန်ကူးမှု အများဆုံး ခံရနိုင်သည်။ မြန်မာနိုင်ငံတွင် အများဆုံး ဖြစ်ပွားသော လူကုန်ကူးမှု အမျိုးအစား များမှာ တရုတ်နိုင်ငံမှ တရုတ် အမျိုးသားများနှင့် အဓမ္မ လက်ထပ်ရန် အတွက် မြန်မာ အမျိုးသမီးများကို ရောင်းစားခြင်းပင် ဖြစ်သည်။ စည်းရုံးနည်းမှာ ချမ်းသာသော အမျိုးသားများနှင့် လက်ထပ်ရမည် ဟု ပြောဆို၍ အမျိုးသမီးငယ် များကို ခေါ်ဆောင်ခြင်း ဖြစ်သည်။ ထို့အတူ ထိုင်းနိုင်ငံ တွင် အဓမ္မစေခိုင်းရန် ရောင်းစားခြင်း၊ ပြည့်တန်ဆာ ပြုခြင်း၊ အိမ်ဖော်အဖြစ် စေခိုင်းခြင်းများ အတွက်လည်း မြှူဆွယ် စည်းရုံးခြင်းများ ပြုလုပ်ကြသည်။ စာရေးသူတို့ နိုင်ငံ အတွင်းတွင်လည်း ချစ်သူရည်းစား အဖြစ် ဟန်ဆောင်ခြင်း၊ ဟန်ဆောင် လက်ထပ်ခြင်း၊ ကလေးသူငယ် များကို ကြမ်းတမ်းပြီး အန္တရာယ်ရှိသော အလုပ်များခိုင်းစေ၍ နှိပ်စက်ခြင်း များကိုလည်း တွေ့မြင် နေကြရသည်။

ထို့ကြောင့် မိဘများ အပါအဝင် သားငယ်၊ သမီးငယ်များ အနေဖြင့် မည်သူ့ကိုမျှ အလွယ်တကူ မယုံကြည် ပါနှင့်။ မိမိတို့ဒေသသို့ ရောက်လာသည့် မမြင်ဘူးသော သူစိမ်းများဆိုလျှင် သတိထား စောင့်ကြည့်ပါ။ အလုပ်အကိုင် ကောင်းကောင်း ရမည်ဟု ပြောဆို စည်းရုံးပါ ကလည်း မိမိတို့ကို ရောင်းစားမည့် လူပွဲစားများသာ ဖြစ်သည်ကို သိရှိကြရန် လိုသည်။ အထူးသဖြင့် သမီးငယ်များ အနေဖြင့် ဖုန်းမှ တစ်ဆင့် သိကျွမ်းသူများကို အလွယ်တကူ မယုံကြည်ပါနှင့်။ မိမိကို ချစ်ဟန် ကြိုက်ဟန် ဆောင်၍ မိမိဘဝကို ဖျက်ဆီးပြီး မိမိကို တစ်ဆင့်ရောင်း စားမည့်သူများ ဖြစ်နိုင်သည်။

စာရေးသူ နေထိုင်ခဲ့သည့် မြဝတီမြို့သည် နယ်စပ်မြို့ ဖြစ်သည်နှင့် အညီ လူကုန်ကူးသူများ (ဒေသအခေါ်) လူကယ်ရီ သမားများ အလွန် ပေါများသည်။ စာရေးသူ သိမြင်ခဲ့ရ သလောက် တစ်ဖက် ထိုင်းနိုင်ငံသို့ ငယ်ရွယ်သော လူငယ်လူရွယ် အများစု သွားရောက် အလုပ်လုပ်ကိုင် ကြသည်ကို တွေ့ရသကဲ့သို့ ဒုက္ခပေါင်းစုံဖြင့် ပြန်လည် ရောက်ရှိ လာကြသည် ကိုလည်း တွေ့မြင်ခဲ့ ရသည်။ ခင်ပွန်းသည်က မြဝတီခရိုင် ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသဖြင့် သွားရောက် အလုပ်လုပ်ကိုင် ကြသူများ၏ မကောင်းသော အဖြစ်အပျက် မျိုးစုံကိုလည်း သိမြင်ခဲ့ရသည်။ သွားရောက် အလုပ်လုပ်ကိုင် ကြသူများ၏ စိတ်ပိုင်းဆိုင်ရာ ဒုက္ခများနှင့် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခများကိုလည်း ကိုယ်တိုင် တွေ့မြင်ခဲ့ ရသည်။

ထို့ကြောင့် သားငယ်၊ သမီးငယ်များ အနေဖြင့် နိုင်ငံရပ်ခြားကို အထင် မကြီးသင့် သကဲ့သို့ မိမိနိုင်ငံ အတွင်းတွင်လည်း သားသမီးချင်း ကိုယ်ချင်း မစာသော လူယုတ်မာများ ရှိနေသည်ကို သတိပြုကြရန် လိုသည်။ တိုးတက် လာသော နည်းပညာများ အရ ကျူးလွန်ရန် လွယ်ကူခြင်း၊ အရင်းအနှီး နည်းနည်းဖြင့် အမြတ်အစွန်း များကြီးမားစွာ ရရှိခြင်းတို့ကြောင့် ပိုမိုကြီးမား လာသော လူကုန်ကူးမှု ပြဿနာကို ၁၉၉၆ ခုနှစ်မှစတင်၍ တိုက်ဖျက်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ မြန်မာလူမျိုး တို့ တန်ဖိုးထားသော အမျိုးအနွယ် စောင့်ထိန်းမှုကို ထိခိုက်ပျက်ပြား စေသည့်အတွက် ဤပြဿနာ တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် မူဝါဒချမှတ် ဆောင်ရွက် ခဲ့သည်။ လူကုန်ကူးမှု ကျူးလွန်သူများ အတွက်လည်း ထိရောက်သော ပြစ်ဒဏ်များကို ချမှတ်ခဲ့သည်။

အထက်ပါ အကြောင်းအရာ များကြောင့် သားငယ်၊ သမီးငယ်များ အနေဖြင့် မိမိတို့ကိုယ်တိုင် နှင့်အခြားသူများ လူကုန်ကူးမှု မခံရစေရန် သတိပြုဆင်ခြင် နေထိုင်ရမည် ဖြစ်သည်။ ထို့ပြင် လူကုန်ကူး ခံခဲ့ရဖူး သူများကိုလည်း စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ရှိစေရန်အတွက် အားပေး ကူညီခြင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ကောင်းမွန်စွာ ဆက်ဆံခြင်း၊ လူကုန်ကူးမှုကို ဝိုင်းဝန် ဖော်ထုတ်၍ ဥပဒေအရ တုံ့ပြန်နိုင်ရန် ကာကွယ်ပေးခြင်း၊ ဘဝသစ် ထူထောင်ရေး အတွက် ဝိုင်းဝန်းကူညီ  ကြခြင်းများ ပြုလုပ်ကြရန် နှင့် မိမိတို့ ကိုယ်တိုင်လည်း ထိုအဖြစ်မျိုးများမှ ကင်းဝေးစေရန် အတွက် မည်သူ့ စကားကိုမျှ နားမယောင်မိ  ကြစေရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။



ရတနာပုံနေ့စဉ် ၊ စာ(၂၃)

Tuesday, August 16, 2016

Pokemon Go Game ၏ သိသာမြင်သာသော အန္တရာယ်နှင့် နောက်ကွယ်မှ သတိပြုဖွယ်များ



Pokémon Go founder John Hanke 

( မင်းခေါင် )

ယခုတလော လူငယ်များ အကြားနှင့် facebook စာမျက်နှာများ၌ Pokemon Go Game အကြောင်း ကျယ်ပြန့်စွာ ပြောဆိုလာခြင်း၊ လက်တွေ့ ကစားခြင်းများ ကျယ်ပြန့်စွာ ပြုလုပ်လာလျက် ရှိသည်။ ၄င်းကစားနည်းသည် ကမ္ဘာ့တည်နေရာ ပြစနစ် (GPS- Global Positioning System) နှင့် ချိတ်ဆက်ကစား ရသော ကစားနည်းဖြစ်သည်။ ဂိမ်းကစားသူက Pokemon ကာတွန်း ကောင်ကလေး များကို မြင်တွေ့ရအောင် ပုံရိပ်ယောင် ဖန်တီး ပေးထားပြီး ဖုန်းကင်မရာဖြင့် ကြည့်ရှုကာ လိုက်လံဖမ်းဆီး ရသော ကစားနည်း ဖြစ်သည်။ ထို့ကြောင့် ဂိမ်းကစားသူသည် တစ်နေရာတည်း တွင် ထိုင်ကစား၍ မရဘဲ ဂိမ်းမှ ညွှန်ပြသော နေရာသို့ အရောက်သွားကာ Pokemon အကောင်များကို လိုက်လံဖမ်းဆီး ရကြောင်း သိရှိရသည်။

၎င်းဂိမ်းကို ဂျပန်နိုင်ငံ အခြေစိုက် Pokemon ကုမ္ပဏီ၊ ဂျပန်ကုမ္ပဏီ Nintendo နှင့် အမေရိကန် အခြေစိုက် Niantic အဖွဲ့အစည်း တို့မှ ပူးပေါင်းတီထွင် ခဲ့ခြင်းဖြစ်သည်။ ၄င်းဂိမ်းကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၆ ရက်တွင် စတင်ဖြန့်ချိ ခဲ့ပြီး မြန်မာနိုင်ငံ၌ သြဂုတ် ၆ ရက်မှစတင် ကစားနိုင်ခဲ့သည်။ စတင်ကစား နိုင်သည်မှ ယနေ့အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် မုံရွာ စသည့်မြို့ကြီး များ၌ လူငယ်များ သဲသဲမဲမဲ ကစားနေသည့် ကစားနည်း ဖြစ်ခဲ့သည်။ iPhone ၊ iPad များနှင့် အလွယ်တကူ ကစားနိုင်သော ကစားနည်း ဖြစ်သဖြင့် ကမ္ဘာ၌လည်း ကစားသူ တစ်ဟုန်ထိုး တိုးတက်များပြား လာကြောင်း တွေ့ရသည်။ ယခုအချိန်တွင် ကမ္ဘာ၌ လူဦးရေ သန်း ၁ဝဝ ခန့်သည် Pokemon ဂိမ်းကို အသုံးပြုကစား နေကြကြောင်း သိရသည်။ အချိန်တိုအတွင်း လျင်မြန်စွာ ပျံ့နှံ့မှုကြောင့် ဂိမ်းအား စတင်ထုတ်ဝေပြီး နောက်တစ်ရက် အတွင်းမှာပင် Nintendo ၏ ရှယ်ယာများမှာ ၁ဝ ရာခိုင်နှုန်း ဈေးတက်ခဲ့ကာ ဇူလိုင် ၁၄ ရက်၌ ၅ဝ ရာခိုင်နှုန်း အထိ ထပ်မံတက်ဈေး ရရှိခဲ့ကြောင်း သိရှိရသည်။

Pokemon ဂိမ်းအား ထုတ်လုပ်ခဲ့သည့် ကုမ္ပဏီများ၏ အဆိုအရမူ ၄င်းဂိမ်းကို ကစားသူသည် တစ်နေရာတည်း ထိုင်၍မရဘဲ ဂိမ်းမှ ညွှန်ပြသော နေရာများသို့ သွားရောက်ရ သဖြင့် ကျန်းမာရေး အတွက် လမ်းလျှောက် ရသလို ဖြစ်စေခြင်း၊ ဂိမ်းကစားသည့် လူများ အချင်းချင်း အတွေ့အကြုံ မျှဝေခံစားနိုင် သဖြင့် ပိုမိုရင်းနှီးမှု ရလာပြီး လူမှု ဆက်ဆံရေး နယ်ပယ် ကျယ်ပြန့် လာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည် ဟု ဆိုခဲ့သည်။ သို့သော် လက်တွေ့ နယ်ပယ်၌ ကြုံတွေ့ နေရသည်မှာ ဂိမ်းကုမ္ပဏီမှ ရည်ညွှန်းထားသော ၄င်း အကျိုးကျေးဇူးများထက် အန္တရာယ်များ ကြုံတွေ့ နေရသည်ကို တွေ့ရှိရသည်။ ဂိမ်းကစားသူများ ကိုယ်တိုင် ခံစားရမည့် ပုဂ္ဂလိကပိုင်း ဆိုင်ရာ အန္တရာယ်များ၊ လူမှု ပတ်ဝန်းကျင်က ခံစားရမည့် အန္တရာယ်များ နှင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင်မည့် အန္တရာယ် များပင် ဖြစ်သည်။

၎င်းဂိမ်းကို ကစားရာတွင် Pokemon များကို ဖမ်းမိစေရန် မိမိ အသုံးပြုနေသော မိုဘိုင်းလ်ဖုန်းကို အဆက်မပြတ် ကြည့်ရှုနေရန် လိုအပ်သည်။ ၄င်းကဲ့သို့ ကြည့်ရှုနေသည် နှင့်တစ်ပြိုင်တည်း သွားလာ လှုပ်ရှားနေရန် လည်း လိုသည်။ Pokemon များသည် နေရာအနှံ့ ရှိနေနိုင်သည်။ ကား အသွားအလာ ထူထပ်သော လမ်းမကြီးများ၊ လူ အသွားအလာ ရှုပ်ထွေးသည့် နေရာများ၌ လည်း ရှိနေနိုင်သည်။ ခေါင်းငိုက်စိုက်ဖြင့် ဖြစ်စေ၊ ဖုန်းကို မျက်နှာအပ်၍ မလွတ်တမ်း ကြည့်ရှုရင်း ဖြစ်စေ ပစ်မှတ်ရှာဖွေ နေသည့် ဂိမ်းကစားသူ အတွက် အလွန် အန္တရာယ် များသည်။ အချိန်မရွေး ကားတိုက်ခံရ နိုင်သည်။ အချိန်မရွေး လမ်းဘေး မြောင်းထဲ လဲကျသွား နိုင်သည်။ 

ကားမောင်းရင်း ကစားလျှင်မူ အန္တရာယ် ဖြစ်နိုင်ခြေမှာ ပိုမိုများပြား လာမည်ဖြစ်သည်။ တစ်ဦးတည်း အတွက် သာမက မိမိ ပတ်ဝန်းကျင် ကိုပါ အန္တရာယ် ဖြစ်စေနိုင်ကြောင်း တွေ့ရှိရသည်။ ဂိမ်းအပေါ် တွင်သာ အာရုံစိုက်နေ သဖြင့် ၄င်းလူမျိုးကို လုယက်မည့် သူများ၊ ခါးပိုက်နှိုက်မည့် သူများကလည်း သည်းခြေအကြိုက် ဖြစ်လာမည် ဖြစ်သည်။ ၄င်းအဖြစ် အပျက် မျိုးများ ဖြစ်ပျက် နေကြသည် ကိုလည်း တွေ့ရှိရသည်။ ပို၍ဆိုးသည်က ဂိမ်းမှ ပေးထားသော Pokemon ပုံရိပ်များသည် လူစည်ကားသော နေရာများတွင် ပို၍တည်ရှိ နေခြင်းသည် ၄င်းအဖြစ်အပျက် မျိုးများဖြစ်ရန် တစ်ဖက်တစ်လမ်း က အားပေးနေခြင်း လားဟု သံသယရှိဖွယ် ဖြစ်ရသည်။ ထို့အပြင် ၄င်း ကစားနည်း ကစားပါက အင်တာနက်ကို အချိန်ပြည့် ဖွင့်ထားရသည် ဖြစ်၍ ကုန်ကျစရိတ် များလည်း ရှိလာမည် ဖြစ်သည်။ ပို၍နှမြောစရာ ကောင်းသည်မှာ အချိန်ပင် ဖြစ်သည်။ လူငယ်များ၏ ဘဝတိုးတက်ရာ တိုးတက်ကြောင်း လေ့လာရမည့် အချိန်၊ သင်ယူရမည့် အချိန်၊ အလုပ်လုပ်ရမည့် အချိန်များကို ၄င်းဂိမ်းက ဝါးမျိုပစ်သည်။ ထို့ကြောင့် ပညာရှင်တချို့က ၄င်းဂိမ်းသည် စိတ်ဓာတ် စစ်ဆင်ရေး လုပ်ခြင်းတစ်မျိုး ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် တွေးခေါ်စဉ်းစား ထောက်ပြလျက် ရှိကြောင်း တွေ့ရှိရသည်။

ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လုံခြုံရေးအရ ဓာတ်ပုံမရိုက်ရန် ကန့်သတ်ထားသော နေရာ အများအပြား ရှိသည်။ Pokemon ဂိမ်းကို ကစားရာတွင် GPS အား အချိန်ပြည့် ဖွင့်ထားရန် လိုအပ်သလို ကင်မရာကိုလည်း အသုံးပြုရသည်။ ထို့ကြောင့် မိမိ၏ တည်နေရာနှင့် ပတ်ဝန်းကျင် မြင်ကွင်းပုံကို ဂိမ်းထိန်းချုပ်သူ များက သိရှိနေမည် ဖြစ်သည်။ ၄င်းမှတစ်ဆင့် လုံခြုံရေးအရ ဓာတ်ပုံမရိုက်ရ ကန့်သတ်ထားသော နေရာများ၏ အချက်
အလက်များ၊ တည်နေပုံများ၊ လုံခြုံရေး အစီအမံများ ပေါက်ကြားသွား နိုင်သည်။ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကင်မရာ အသုံးပြု၍ Pokemon အား ကြည့်ရှုဖမ်းယူ လိုက်သည်နှင့် ပတ်ဝန်းကျင်အား မှတ်တမ်းတင်ပြီး ဖြစ်သလို တည်နေရာ ကိုပါ အတိအကျ ဖော်ပြပြီး ဖြစ်မည်။ ၄င်း အတွက်ကြောင့်လည်း Pokemon ဂိမ်းကို ပိတ်ပင်ထားသည့် နိုင်ငံများ၊ မေးခွန်းထုတ် နေသည့် ပညာရှင်များ ပေါ်ပေါက် လာရခြင်း ဖြစ်သည်။

အတည်ပြုဆဲ သတင်းများအရ ဂိမ်းကို စတင် တည်ထောင်သူ John Hanke သည် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အမျိုးသား ပထဝီဝင်ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ (NGA- National Geospatical- Intelligence Agency) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန တို့နှင့် ဆက်စပ်မှုရှိသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့ကြောင့် ၄င်းကစားနည်းအား ကမ္ဘာ့နိုင်ငံ အများစု၌ ပိတ်ပင်ထားဆဲ ဖြစ်ပြီး နိုင်ငံ ၈ဝ ခန့်တွင်သာ တရားဝင် ခွင့်ပြု ထားကြောင်း သိရှိရသည်။ ခွင့်ပြုထားသော နိုင်ငံများ၌လည်း ကစားရန် အတွက် ကန့်သတ်ချက် အများအပြား ထုတ်ပြန် ထားကြောင်း သိရှိရသည်။

၎င်း ကစားနည်း၌ အထူး သတိပြုရမည့် အချက်မှာ မိမိ ဖမ်းဆီးရမည့် Pokemon များကို ဂိမ်းကသာ ဖန်တီးပေးခြင်း၊ လမ်းညွှန်ပေးခြင်း ဖြစ်သည်။ မိမိကဲ့သို့ ကစားသူ အများအပြားကို နေရာ တစ်နေရာတည်း သို့ ဦးတည်စေခြင်း၊ လူစုဝေးခြင်းကို ဖြစ်ပေါ် စေနိုင်သည်။ လူစုလူဝေး၌ ဂိမ်းကို အသုံးပြု၍ အကြမ်းဖက် လှုပ်ရှားမှု ပြုလိုသူများ ပါမလာပါဟု ကံသေကံမ ပြော၍ မရကြောင်း တွေ့ရှိနိုင်သည်။ ဂိမ်းဖန်တီး သူများ၏ မူလ
အကြောင်းပြချက် ဖြစ်သော လူမှု ဆက်ဆံရေး နယ်ပယ် ကျယ်ပြန့် စေခြင်းထက် အကျိုးယုတ်မှုများ ပိုမိုဖြစ်ပေါ် လာနိုင်သည်။ ကစားသူ များပြားလာခြင်း၊ ယခင် ကတည်းက သွားလာမှု ရှုပ်ထွေး၍ လူစည်ကားသော နေရာ များ၌ ပစ်မှတ်ပုံရိပ်များ ဖန်တီးပေး ထားခြင်းတို့သည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ် စေနိုင်သည်။ နောက်ထပ် ကြားသိရသော သတင်းများအရ သက်ဆိုင်ရာ နိုင်ငံများက တရားဝင် ကန့်ကွက် သို့မဟုတ် မေတ္တာ ရပ်ခံလျှင် ဂိမ်းကုမ္ပဏီမှ Pokemon ပုံရိပ်များကို ကန့်သတ်ထား လိုသော နေရာများမှ ဖယ်ရှား/ ရွှေ့ပြောင်း ပေးသည်ဟု သိရသည်။ အကောင်းဘက်က ရှုမြင်ကြည့်လျှင် သက်ဆိုင်ရာ အာဏာပိုင် များ၏ ဆန္ဒကို လိုက်လျောသည် ဟု ထင်မြင်ယူဆ နိုင်ဖွယ်ရှိ သော်လည်း စေ့စေ့စပ်စပ် တွေးကြည့်လျှင်မူ အစိုးရ တစ်ရပ်၏ အချုပ်အခြာ အာဏာနှင့် လုပ်ပိုင်ခွင့် ကိုပင် သွယ်ဝိုက် ထိန်းချုပ် နိုင်ကြောင်း ပြသခြင်းဟု ယူဆရသည်။ ထို့ကြောင့် မြန်မာနိုင်ငံ အတွင်း တပ်မတော် အနေဖြင့်လည်း ၄င်းဂိမ်းအား စစ်သည် အဆင့်အတန်း အားလုံး ကစားခြင်း မပြုရန်နှင့် တပ်ဧရိယာ အနီးတစ်ဝိုက် ၌လည်း တခြားသူများ လာရောက် ကစားမှု မပြုစေရေး ကန့်သတ်ထား ကြောင်း သိရှိရသည်။

ထောက်လှမ်းရေး လောက၌ ထင်ရှားသော စကားတစ်ရပ် ရှိသည်။ ''ထောက်လှမ်းရေး နယ်ပယ်တွင် တိုက်ဆိုင်မှု ဟူ၍မရှိ '' ဆိုသောစကား ဖြစ်သည်။ လုံခြုံရေး နယ်ပယ်၌လည်း တိုက်ဆိုင်မှု ဟူ၍မရှိပါ။ တိုက်ဆိုင်မှု ရှိလာလျှင်  ၄င်းတိုက်ဆိုင် မှုသည် ဖန်တီးထားမှုသာ ဖြစ်သည်။ တွေ့ရှိရသော သတင်း အချက်အလက် များအရ Pokemon ဂိမ်းသည် လူအများအပြား ထံမှ သတင်း အချက်အလက် များစွာကို ရယူ စုဆောင်းနိုင်သည်။ ဂိမ်းကစားသူ များမှ သတိမပြုမိဘဲ လုံခြုံရေး ချိုးဖောက်မှုကို ကိုယ်တိုင်ပြုလုပ် လာမိအောင် ဆွဲဆောင် ထားနိုင်သည်။ လူထုအား လိုသလို ဖန်တီးနိုင်သော မြှုပ်ကွက် များလည်း ရှိသည်။ သတိဟူသည် ပိုသည်မရှိပါ။ Pokemon ဂိမ်းဖန်တီးသူ တို့တွင် ရည်ရွယ်ချက် ကောင်းများ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် ၄င်းဂိမ်း၌ သိသာသည့် အန္တရာယ်များ ရှိသလို နောက်ကွယ် ၌လည်း သတိပြုဖွယ်များ ရှိနေပါကြောင်း မီးမောင်းထိုး ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

Monday, June 20, 2016

မုဒိတာအရောင်ဖျော့ဖျော့


မုဒိတာအရောင်ဖျော့ဖျော့

( မဒါလေး )

ခေါက်သိမ်းထားသော အဖြူအစိမ်း ဝတ်စုံများကို တစ်ထည်ချင်း ထုတ်ကြည့် နေမိသည်။ နောက်တစ်နှစ်တွင် အဖြူအစိမ်း ဝတ်စရာ မလိုဘူးဟု သူ့စိတ်တွင် ဆုံးဖြတ်ပြီးသား ဖြစ်သဖြင့် အသေအချာ ခေါက်သိမ်းထားခြင်း ဖြစ်သည်။ အမှန်တကယ် ပြန်ဝတ်စရာ မလိုအောင် သူကြိုးစားခဲ့သည်။ သို့အတွက် ကြိုးစားရ ကျိုးလည်းနပ် ခဲ့သည်။ သူ၏ အဖြူအစိမ်း ဝတ်စုံများသည် သူများကိုပေး၍ မကောင်းအောင် နွမ်းနေပြီ ဖြစ်သည်။ ရှစ်တန်းနှစ် ကတည်းက အမေချုပ်ပေး ခဲ့သော ဝတ်စုံ သုံး၊ လေးစုံမှာ ဆယ်တန်းထိ ဝတ်နေရဆဲ ဖြစ်သည်။  သူ မဝတ်ချင် တော့ပါ။ နွမ်းနေသဖြင့် အဖြူရောင်မှ ညိုညစ်ညစ် ဘက် သန်းနေသော အင်္ကျီအဖြူများကို မြင်တိုင်း သူစာထဲတွင်သာ စိတ်ကို စူးစိုက်ထား လိုက်သည်။ နောက်တစ်နှစ် ဤအဝတ်အစား များကို သူလုံးဝ မဝတ်ချင်ပါ။ သူများနည်းတူ သူဝတ်ကောင်း စားလှလေးများ ဆင်ယင်ပြီး  ကျောင်းတက် ချင်သည်။ ကျောင်းတက်ခြင်း၏ လွတ်လပ် ပျော်ရွှင်ခြင်းကို သူအပြည့်အဝ ခံစားချင်မိသည်။  

အဖေနှင့်အမေ၏ ဝင်ငွေဖြင့်  ရပ်တည် နေရသော သူတို့  မိသားစုတွင် အပိုဟူသည်မှာ လူများသာ ဖြစ်ပေလိမ့်မည်။ အလုပ် မလုပ်နိုင်ဘဲ ပိုနေသော သူများမှာ သူနှင့် မောင်လေး၊ ညီမလေး များသာရှိသည်။ သူတို့ကို အပိုဟု သဘောမထားဘဲ ရတနာအလား ထိန်းသိမ်း စောင့်ရှောက် ခဲ့သည့် အဖေနှင့်အမေ ကို မြင်တွေ့ရတိုင်း သူ့စိတ်များ ကျောင်းခန်းနှင့် ဝေးရာကို လွင့်ထွက် သွားဖူးသည်။ သို့ သော် အပိုလူ နောက်ထပ် ဆက်မလုပ် နိုင်သဖြင့် သူပညာရေးကို အထူးကြိုးစား ခဲ့သည်။ ဆယ်တန်းကို ဆေးတက္ကသိုလ် တက်နိုင်သည် ထိ  သူအမှတ် များများနှင့် အောင်သည်။ အခြား သူငယ်ချင်းများ   နည်းတူ ကိုယ်တက် ချင်သော အသက်မွေး ဝမ်းကျောင်း ပညာသင် သည့် တက္ကသိုလ်ကြီး များတွင် တက်ရောက် သင်ယူလိုသည်။ သို့သော် တစ်ဖက်မှ အဖေနှင့်အမေ ကိုလည်း သူပြန်ကြည့်ရ ပေဦးမည်။ အဖေ က သူတက်ချင်သည့် ကျောင်းကို တက်ရန် ပြောသော်လည်း အမေက ရေရှည် အတွက် အဆင်ပြေမည့် ကျောင်းကိုသာ ရွေးချယ်ရန် ပြောသည်။ 

ရွေးရင်းရွေးရင်း နှင့်ပင် အသက်မွေး ဝမ်းကျောင်းခြင်း အတူတူ ဝတ်စုံဖြင့် တက်ရသော ကျောင်းကို ရွေးရန် အားလုံး ဆုံးဖြတ် လိုက်ကြသည်။ အမေက အခြားအရာ များအတွက် တတ်နိုင်အောင် ကြိုးစား ပေးမည်။  ဝတ်စုံအတွက် ပါဆိုလျှင်  ပိုပြီး အခက်တွေ့ နိုင်သောကြောင့် ဘာပဲဖြစ်ဖြစ် တစ်ခု သက်သာလည်း သက်သာဟု ဆိုကာ အခြား ကျောင်းကို တက်စေချင်သည် ဟုဆိုသည်။ အဖေက သူတက်ချင်သည့်  ဆေးတက္ကသိုလ်ကို တက်စေချင်သည်။ ''ဝတ်စုံအတွက်နဲ့ ကတော့ ထူးမနေတော့ ပါဘူးကွာ'' ဟု အဖေပြောသော စကားကို အမေက'' ဘာလို့ မထူးရမှာလဲရှင်။ အခုခေတ်က အသစ်အဆန်းတွေ ပေါပါဘိနဲ့။ သူများနည်းတူ မဝတ်ရရင် လူကပိုပြီး ပျက်စီးလွယ်တယ်'' ဟု ပြန်ချေပ သည်။ အမေ ပြောသည်လည်း ဟုတ်သည်။ မောင်ညီမလေး များ၏ ပညာရေးနှင့် သူ၏ ရှေ့ခရီးအတွက် အဖေနှင့်အမေ သည် ပိုပင်ပန်း ရမည်ဖြစ်သည်။ အစားအသောက် ကို ပုံမှန်စားနိုင် သောက်နိုင်သော မိသားစု ဘဝတွင် ပညာရေး စရိတ်အပြင် အဝတ်အထည် အတွက် အပို အကုန်မခံ နိုင်သည်ထက် အကုန်မခံ လိုသော အကြောင်းပြချက် များက များစွာရှိသည်။  ကိုယ့်ဝမ်းနာ ကိုယ်သာ သိသောကြောင့် ရေရှည်တွင် ကိုယ်တိုင် စဉ်းစားသည်မှာ သူတို့ မိသားစုအတွက် အမှန်ဆုံး ဖြစ်ပေလိမ့်မည်။ 

သူဆယ်တန်း အောင်စဉ်က ဝိုင်းဝန်းကာ ချီးကျူး ထောမနာပြု ခဲ့သော အရပ်ထဲမှ လူအချို့က သူကို  ဆေးတက္ကသိုလ် သို့ တက် စေချင်သည်။ သူ့ပညာရေး အတွက် သူတို့လည်း လက်လှမ်းမီ သရွေ့ ကူညီပံ့ပိုး ပေးမည်ဟု ပြောဖူးသည်။  အချို့ကလည်း သူတို့ကိုယ်တိုင် အောင်သကဲ့သို့ သူထက်ပင် ပိုပျော်ရွှင် နေကြသည်။ အချို့က သူကို     ဂုဏ်ပြုဆုချ ကြသည်။ အချို့က ကိုယ်တိုင် မကူညီနိုင် သော်ငြား လူမှုရေး အဖွဲ့အစည်း အချို့ကို အကူအညီ တောင်းကြည့်ရန် အကြံပြုကြ သည်။ အချို့က ပညာသင်စရိတ် အဖြစ် လစဉ်ပံ့ပိုး ကူညီမည်ဟု ပြောသည်။ တစ်စတစ်စ အချိန်လွန် လာသည်နှင့် တက္ကသိုလ် တက်ရန် နီးလာသည်။ အစောက ပြောခဲ့သော မုဒိတာ စကားများသည် တဖြည်းဖြည်း လျော့နည်း လာသည်။  အချို့ မမြင်ချင် ယောင်ဆောင် သွားကြ သည်။ အချို့ ဘာသိဘာသာ နေသွားကြသည်။ အားလုံးသည် သူတို့ နှင့် လုံးဝ မဆိုင်သော အတိတ်က အကြောင်း အရာများ ဖြစ်သွားကြ လေပြီ။ အချို့ စကားစ ရှိသူများကို ရင်းနှီးသဖြင့် အမေက အခြေအနေ မေးစမ်းကြည့်သည်။ ''ကလေးက အလုပ်မလုပ် ဘူးလား။ ကျောင်းပဲ တက်မှာလား။ ကိုယ်နဲ့ သင့်တော်တဲ့ ကျောင်းလေးပဲ တက်ပြီး အလုပ်ပဲ လုပ်ခိုင်းပါလား။ ဘွဲ့ရလဲ အလုပ်ရဖို့ မသေချာပါဘူး '' စသဖြင့် လေသံများ ပြောင်းသွား ခဲ့သည်။ 

အချို့ ယခင်က ပြောခဲ့သော မုဒိတာ စကားများနေရာတွင် ငွေကြေး မပြည့်စုံသဖြင့် ဆယ်တန်းအောင် ခဲ့ခြင်းက အပြစ်တစ်ခု အလား ပြောဆို နေကြသည်။ တစ်ချိန်က စူးစူးရဲရဲ အူလှိုက် သည်းလှိုက် ဝမ်းသာ မျက်လုံးများ အစား သနားစရာ သတ္တဝါ တစ်ကောင်ကို ကြည့်သည့် အရောင်မှိန် မျက်လုံးများနှင့်  နှုတ်ခမ်း ဖျော့ဖျော့များက နေရာယူထား ကြသည်။ အမေ၏ မရှက်မကြောက် မေးမြန်းခန်းတွင် ထိုသူတို့ ကျရှုံးခဲ့ခြင်းက  သူ့အတွက် အောင်မြင်မှု လမ်းစ ပွင့်သွားသည်ဟု  ဆိုရမည် ဖြစ်သည်။ နောက်ဆုံးတွင် အမေက  ကိုယ့်အားကိုယ်ကိုး ရမည့် အခြေအနေတွင် ကိုယ်တိုင် လက်ခံရခြင်းက အကောင်းဆုံး ဖြစ်သည်ဟု ပြောကာ အဖြူနှင့် အပြာ ဝတ်ဆင်ရသည့် ကျောင်းကို ရွေးချယ် ဆုံးဖြတ် လိုက်ကြသည်။ တကယ်တမ်း လူ့လောက လူ့ဘဝ တွင် ထမင်းတစ်နပ် အတွက် မလွယ်ကူသော လူများစွာ ရှိနေသည်။ ထမင်းတစ်နပ် အပြင် အခြား အပိုအတွက် ငွေငါးကျပ်၊ တစ်ဆယ်ကျပ် ပင် မသုံးနိုင် သူများလည်း အများအပြား ရှိသည်ကို သူ့ပတ်ဝန်းကျင် တွင် သူမြင်တွေ့ နေရသည်။ ငယ်စဉ်က ထမင်းတစ်နပ် စားသည်က မဆန်း၊ လူများ အသက်ရှင် နေထိုင်ရာတွင် ခက်ခဲသော အလုပ်မဟုတ် ဟု သူနားလည် ခဲ့သည်။ တကယ့် လက်တွေ့တွင် မလွယ်ကူသော အဖြစ်များ အများကြီး ရှိသည်ကို အရွယ်ရမှ သူပိုသိ လာသည်။ 

အဖေနှင့် အမေက ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်တည် ရခြင်း၏ အရသာကို နောင်တစ်ချိန်  သမီး ကောင်းကောင်း နားလည်လာ ပါလိမ့်မည် ဟု     ပြောကာ အရာရာကို မိသားစု အတူတကွ အကောင်းဆုံး ကျော်ဖြတ် ရန် အားပေးစကား ပြောသည်။ ကျောင်းဖွင့်စတွင် ကုန်ကျစရိတ် များသောကြောင့် ဝတ်စုံအတွက် နေရာမပေး နိုင်ပေ။ သို့အတွက် အဖြူနေရာတွင် ဆယ်တန်းက ဝတ်ခဲ့သည့် အဖြူလေးများက ခဏတာဝန်ယူ ရပေဦးမည်။ ခေါက်ရိုးကျိုး နေသော အဖြူရောင် ဖျော့ဖျော့ အင်္ကျီလေး များကို အသာအယာ ထုတ်ရင်း  ကျောင်းအပ်ပြီးလျှင် အခြေအနေ ကြည့်ကာ ချုပ်ပေးမည်ဟုဆိုသော အမေ့ထံမှ အင်္ကျီအသစ် လေးကို ရင်ခုန်စွာဖြင့် သူ မျှော်လင့်မိ သည်။

ရတနာပုံနေ့စဉ် ၊ စာ(၈)

Monday, May 30, 2016

စာနာတတ်သော နှလုံးသားနှင့် သည်းခံမှုတရား


( မဒါလေး )

ယခုရက်ပိုင်း စာရေးသူမှာ အပြင်သွား ရသည်က များနေပြီး မိတ်ဆွေ သူငယ်ချင်း၊ ဆရာသမားဟောင်း များနှင့်လည်း တွေ့ဖြစ်သည်။ စာရေးသူ၏ အသက်မွေး ဝမ်းကျောင်း အလုပ်သည် စာသင်ခြင်း ဖြစ်သဖြင့် အပြင်ထွက် ရချိန်က အလွန်နည်းသည်။ ထွက်ဖြစ်သည် ဆိုလျှင် စာရေးသူ သွားချင်သည့် နေရာ၊ စားချင်သည့် အစားအစာ၊ ဝယ်ချင်သည့် စာအုပ်ဆိုင်၊ တွေ့ချင်သည့် ဆရာသမား များနှင့် မိတ်ဆွေများ အားလုံးကို အချိန်ဇယား ချကာ မိုးလင်းမှ မိုးချုပ် သွားတတ်သည်။ ထိုသို့သော နေ့မျိုးတွင် အပြင်မှ ပြန်လာသော စာရေးသူကို အမေက ''နင့်ကို အိမ်စောင့်နတ် လက်မခံတော့ဘူး ပြန်ထွက်'' ဟု အမြဲပြော တတ်သည်။ တကယ်တော့ စာရေးသည့် အလုပ်ကလည်း လူအများနှင့် ထိတွေ့မှသာ ပိုမို ထက်မြက်သော ကလောင်ကို ရရှိနိုင်မည် ဖြစ်သောကြောင့် အိမ်ပြင်ထွက် လေ့လာဆည်းပူး နေရခြင်း ဖြစ်သည်။

တစ်နေ့ အပြင်သွားရင်း စာရေးသူ ကိုးတန်၊ ဆယ်တန်း က စာသင်ပေးခဲ့သော ဆရာကြီး တစ်ဦးနှင့် အမှတ်မထင် ဆုံမိသည်။ ဝမ်းပန်းတသာ ဆရာကြီးကို နှုတ်ဆက်ကာ ကော်ဖီဆိုင် တစ်ဆိုင်သို့ ဂါရဝပြုရန် ဖိတ်လိုက်သည်။ 

ဆရာကြီးသည် ကိုးတန်း ၊ ဆယ်တန်း ကကဲ့သို့ ယခုအချိန်ထိ သွန်သင်ဆုံးမ ပေးနေသည်။ တစ်ခါတစ်ရံ ကိုယ်တိုင် မသိမြင်နိုင်သော၊ မတွေ့ကြုံခဲ့သော အကြောင်းအရာ များကို ဆရာကြီးထံတွင် မေးကာ ပညာယူရသည်။ ကိုယ်တွေ့ များနှင့် ရှင်းပြတတ် သကဲ့သို့ စာအုပ်စာပေ မှတ်တမ်းများ ဖြင့်လည်း ရှင်းပြ ပေးတတ်သေးသည်။ စာရေးသူ အပေါ်လည်း လမ်းညွှန်မှု များစွာ ပေးခဲ့သူ ဖြစ်သည်။ ဆရာကြီးနှင့် စကားပြောရင်း အကြောင်းအရာ တစ်ခု နှင့် ဆက်စပ်ကာ လူတို့၏ စိတ်ဓာတ် အကြောင်း ရောက်သွားသည်။ ''လူတစ်ဦး၏ စိတ်ဓာတ် အရည်အချင်းမှာ ထိုလူ ပြုမူလိုက်သော လုပ်ရပ်ပေါ်တွင် မူတည်သည်'' ဟု ဆရာကြီးက ပြောပြသည်။

လူတစ်ဦးတွင် အရည်အချင်း များစွာ ရှိနိုင်သည်။ ပညာ အရည်အချင်း၊ စီးပွားရေး၊ လူမှုရေး၊ ပေါင်းသင်း ဆက်ဆံရေး၊ အလုပ်အကိုင် တိုးတက် အောင်မြင်မှု၊ လူအများအပေါ် လွှမ်းမိုးနိုင်မှု၊ လူအများ၏ အကြည် ညိုခံရမှု စသည်ဖြင့် အရည်အချင်း များစွာရှိသည်။ ထိုအရည် အချင်း များစွာထက် အရေးကြီးသည်မှာ စိတ်ဓာတ် အရည်အချင်း ဖြစ်သည်ဟု ဆရာကြီး က ပြောသွားသည်။ စိတ်ဓာတ် အရည်အချင်း သည် အသက်အရွယ် ပေါ်လိုက်ကာ အတက်အကျ မြန်စွာ ဖြစ်ပျက် တတ်သည်။ ထိုအရည်အချင်းကို ကောင်းစွာ တည်ဆောက် နိုင်ပါမှ တကယ့် အောင်မြင်သောသူ ဖြစ်မည်ဟု ထပ်မံပြောကြား သွားသည်။

စာရေးသူ အနေဖြင့်လည်း ထိုအချက်ကို အပြည့်အဝ ထောက်ခံမိသည်။ ဆရာကြီး ပြောသကဲ့သို့ပင် အခြားသော အရည်အချင်း များသည် လုပ်ယူလျှင် ရသည်။ ကြိုးစားလျှင် ဖြစ်နိုင်သည်။ စိတ်ဓာတ် အရည်အချင်း ပြည့်ဝရန် ကြိုးစားတိုင်း မဖြစ်နိုင်၊ လုပ်ယူလျှင် ပိုပြီး မဖြစ်နိုင်ပေ။ အမှန်တကယ် စိတ်ဓာတ် အရည်အချင်း ပြည့်ဝသူ များသည် ပင်ကိုယ်ဗီဇ ကပင် သည်းခံနိုင်မှု စွမ်းအား ကောင်းကြသူများ ဖြစ်သည်။ ပင်ကိုယ် ဗီဇကြောင့် မဟုတ်လျှင် ကောင်းသော ပတ်ဝန်းကျင် တစ်ခုမှ ကောင်းသော အရာများကို အတုယူ လေ့လာမိသူ တစ်ဦး ဖြစ်နိုင်သည်။

မည်သူမည်သို့ပင် ပြောပြော မိမိ၏ ပင်ကိုယ် အခံစိတ်အတိုင်း သည်းခံစိတ်ဖြင့် ကောင်းမွန်စွာ ပြုမူနေထိုင်ခြင်း ကို ဆိုလိုသည်။ ထိုသို့နေထိုင် ရာတွင်လည်း သည်းခံစိတ်များ သူများသည် လူတစ်ဖက်သား အပေါ်တွင် ကိုယ်ချင်းစာ တရား လက်ကိုင်ထားကာ ပြုမူဆက်ဆံ တတ်ကြသည် က များသည်။ ''ကိုယ်သာ သူတို့လို ဖြစ်လျှင်ဟု စဉ်းစားလျှင် အရာရာတိုင်း အဆင်ပြေသည်'' ဟု ဆရာကြီးပြောသော စကားကို နားထဲကြား ယောင် မိသည်။ 

လူတစ်ဦးကို အပြစ်တင် နေမည့်အစား ကိုယ်တိုင် ထိုနေရာတွင် ခံစားကြည့်ပါ။ ကိုယ်တိုင် လုပ်နိုင်ပါ့မလား သုံးသပ် ကြည့်ပါ။ တစ်ခါတစ်ရံ ခက်ခက်ခဲခဲ လုပ်ရသော အလုပ်ထက် လွယ်လွယ် လုပ်ရသော အလုပ်က ပိုခက်ခဲ နေတတ်သည်။ သို့အတွက် ကိုယ်ချင်းစာ တရားထားကာ လူတစ်ဖက်သား ကို နားလည်ပေး နိုင်သော သူ၏ စိတ်ဓာတ် အရည်အချင်း သည် လေးစားစရာ ကောင်းသည်။

တစ်ခါတုန်းက စာရေးသူ ကြုံဖူးသည့် အဖြစ်အပျက် တစ်ခုကို သာဓကပြ ပြောပြလိုသည်။ စာရေးသူတို့ ရပ်ကွက်မှာ လူတန်းစား စုံသော ရပ်ကွက်ဟု ပြောလျှင်ရသည်။ သူဌေးသူကြွယ်၊ ပညာတတ်မှ အစ အောက်ဆုံးအဆင့် အလုပ်သမားထိ ရှိသည်။ တစ်ရက် ကုန်စုံဆိုင် ပိုင်ရှင်၏သမီး မိန်းကလေးကို အိမ်ငှားနေ ရသည့် စက်ရုံ အလုပ်သမား ကောင်လေး တစ်ဦးက ကြိုက်သည်။ ကုန်စုံဆိုင် ပိုင်ရှင် သိသွားသော အခါ ထိုကောင်လေးကို နားဝင်မဆံ့သော စကားလုံးများဖြင့် ပြောဆိုသည်။ မတူမတန် သည်မှအစ သည်လို အဆင့်အတန်းနှင့် သူတို့သမီးကို မှန်းရသလား အဆုံး လူတစ်ဦး၏ နှလုံးကို ညှိုးနွမ်း စေနိုင်သော စကားလုံး များဖြင့် ကောင်လေး၏ တစ်မိသားစု လုံးကို ရစရာ မရှိအောင် ပြောသည်။ သာမန် လူတစ်ဦး ဆိုလျှင် ထိုကုန်စုံဆိုင် ပိုင်ရှင် ထိုနေရာတွင် အသက်ပျောက် သွားနိုင် သော်လည်း ကောင်လေး၏ မိဘများရော မောင်နှမ များနှင့် ကောင်လေး ကိုယ်တိုင် မည်သို့မျှ မတုံ့ပြန့်ခဲ့ဘဲ သည်းခံ နေကြသည်။ နောက်ဆုံးတွင် ကောင်လေးဖခင် ကိုယ်တိုင်က သားဖြစ်သူကို ဆုံးမပါ့မည် ဟုဆိုကာ တောင်းပန်မှ တစ်ဖက်မှာ ကျေနပ်သွား သည်။ တကယ်တမ်း ဆိုလျှင် လူငယ်ချင်း ချစ်ကြိုက်သည့် အဆင့်ပင် မရောက်သေး သူတို့ဘက်က ပြန်ပြော လျှင်လည်း ပြောစရာများ အများကြီး ရှိသည်။ သို့သော် ဘာမျှ ပြန်မပြော သည့်အပြင် တောင်းပန် လိုက်သော သည်းခံမှု စွမ်းအား ကြီးသည့် ထိုမိသားစုကို စာရေးသူ အံ့သြမိသည်။ ငွေကြေး မပြည့်စုံသူများ ဖြစ်၍ ဘာမျှ ပြန်မပြောသည် ဟု ထင်မိသည်။ နောက်မှ မိခင်ဖြစ်သူက ''ကျွန်မသားလဲ ကျွန်မတို့ အိမ်မှာတော့ မင်းသားပါပဲ ဆရာမရယ်။ မိဘချင်း စာနာလို့ ဘာမျှ ပြန်မပြောလိုက် တာပါ။ ကိုယ်က သည်းခံလိုက်တော့ သူတို့လဲ စိတ်အေးလက်အေး ဖြစ်သွားတာပေါ့'' ဟု ပြောရှာသည်။ ငွေကြေးအရ မပြည့်စုံပေမယ့် စိတ်ဓာတ် အရည်အချင်း ပြည့်စုံသော ထို မိသားစုကို စာရေးသူ ချီးကျူးမိသည်။

ထိုကောင်လေး၏ ဖခင်သည် အခြား အလုပ်အကိုင် ၀င်ငွေမရှိ သော်လည်း ရပ်ကွက်ထဲတွင် အားကိုးယုံကြည်သူ များသည်။ မိုးရွာ၍ ရပ်ကွက်မြောင်းများ ပြည့်လျှင် အများသူငါ ဟိုလူ့အပြစ်တင်၊ သည်လူ့ အလိုမကျ ဖြစ်နေချိန် ထိုဦးလေးသည် တူရွင်း၊ ပေါက်ပြားများ ကိုင်လျက် ပိတ်နေသော မြောင်းများကို လိုက်ဆယ်၊ လိုက်တူးကာ ရေစီးရေလာ ကောင်းအောင် လိုက်လုပ်သည်။ မည်သူ့အိမ်၊ မည်ဝါအိမ် မခွဲခြား တစ်ရပ်ကွက်လုံး သူနိုင်သလောက် လိုက်လံ လုပ်ဆောင် ပေးသည်။ တစ်ခါတစ်ရံ စာရေးသူတို့က ငွေကြေး အနည်းငယ်ကို လုပ်အားခ အဖြစ် ပေးသည်ကိုပင် မယူပေ။ ထိုသို့ ပေးတိုင်းလည်း ''ဦးလေးက လုပ်အားခ ရချင်လို့ မဟုတ်ပါဘူးကွယ်။ ကိုယ့် ရပ်ကွက်လေး သန့်ရှင်း သပ်ရပ် စေချင်လို့ပါ'' ဟု ပြောတတ်သည်။ 

စာရေးသူတို့ တိုက်သည့် အအေးနှင့်ရေကို တစ်ခါတစ်ရံ သောက်တတ်သည်။ အအေးတိုက်ရင်း သူနှင့် စကားစမြည် ပြောကြည့်မှ သူ၏ စိတ်ဓာတ်အခံ ကို ပိုမို သိမြင်လာသည်။ စာရေးသူတို့ နေ့စဉ်တွေ့မြင်နေကျ ရပ်ကွက်သူ၊ ရပ်ကွက်သား များသည် ဟိုဟာ လုပ်ပေးပါ။ သည်ဟာ ပြင်ပေးပါ။ သည်လိုလုပ်သည် က မကောင်းပါ။ ဟိုလိုပြောင်းပါ စသည်ဖြင့် ပြောဆို နေကြသူ များကို မြင်ယောင်မိသည်။ ထိုသို့ပြောဆို နေကြ သူများ၏ စိတ်ဓာတ် အရည်အချင်း များသည် ထိုဦးလေး စိတ်ဓာတ်၏ တစ်ဝက်လောက် သာရှိလျှင် စာရေးသူတို့ နိုင်ငံကြီးလည်း မည်မျှ တိုးတက် နေမည်နည်းဟု အတွေး ရောက်မိသည်။ ယခုဖြင့် ဘေးထိုင် အပြစ်ပြောရုံ သာမက မိမိအိမ်ရှေ့ ရေဝပ်သည် ကိုပင် အပြစ်တင်ကာ ထိုင်ကြည့် နေကြသော လူအချို့၏ စိတ်ဓာတ် အရည်အချင်း ကိုစာရေးသူ မှတ်တမ်းတင် မိသည်။ စာရေးသူ ကိုယ်တိုင်လည်း စိတ်ဓာတ် အရည်အချင်း ပြည့်ဝစေရန် စာနာတတ်သော နှလုံးသားနှင့် သည်းခံမှု တရား လက်ကိုင် ထားကာ မျှမျှတတ စဉ်းစား တတ်သော အကျင့်ကို ယနေ့မှစ၍ ကြိုးစား တည်ဆောက် နေပါကြောင်း စာနာတတ်သော နှလုံးသားနှင့် တင်ပြလိုက်ရ ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

Tuesday, May 17, 2016

Gutter Oil ( မြောင်းဆီ )



( KSL )

မြောင်းဆီဆိုတဲ့ အထဲမှာ ရေဆိုးမြောင်း တွေကနေ ခပ်ယူတဲ့ ဆီတွေပါ သလို စားသောက်ဆိုင်၊ ဟိုတယ်တွေက အသုံးပြုပြီး စွန့်ပစ်ဆီတွေ၊ စားသောက်ကုန် စက်ရုံတွေကနေ အသုံးပြုပြီး စွန့်ပစ်ဆီတွေ အားလုံးပါဝင် နေတတ်တယ်။ စွန့်ပစ်ဆီတွေမှာ ပါလာတဲ့ အမှိုက်အဖတ်တွေ ဖယ်ရှား၊ အပူပေး ဆူပွက်စေပြီး အပေါ်ယံ ဝေ့တက်လာတဲ့ ဆီတွေကို ခပ်ယူပြီး Refine စက်ရုံ တချို့ကို ရောင်းကြတယ်။ အဲဒီအခါ စက်ရုံကြီးတွေက မည်းနက်နံစော် နေတဲ့ ဆီတွေကို Recycle Refining လုပ်ပြီး တချို့ကို စားသုံးဆီ ( Cooking Oil ) အဖြစ် တရားမဝင် ရောင်းချကြ တာပါ။ 

တရားဝင် လုပ်ငန်းအနေနဲ့ Biofuel ဆပ်ပြာဆီ စသဖြင့် လူသုံးကုန်နဲ့ တိရစ္ဆာန် အစာလုပ်ငန်း တွေမှာ အသုံးပြုဆီ အဖြစ် ထုတ်လုပ် ရောင်းချခွင့်ကို တရုတ်နိုင်ငံမှာ ခွင့်ပြုထားတယ်။

Cutter Oil ပြဿနာကို တခြားတိုင်းပြည် တွေမှာ တွေ့ရခဲပေမယ့် တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်မှာတော့ အဖြစ်များ တာကို တွေ့ရတယ်။ ဒါကြောင့် ပြည်ပနိုင်ငံကြီး တချို့က သူတို့ နိုင်ငံသားတွေ တရုတ်နဲ့ ထိုင်ဝမ်ကို အလည်အပတ် သွားရင် လမ်းဘေးက အစားအစာတွေ မစားဖို့ တားမြစ် ကြေညာ ရတဲ့ထိ ဖြစ်လာတယ်။

တရုတ်နိုင်ငံနဲ့ထိုင်ဝမ်က လမ်းဘေး စားသောက်ဆိုင် တွေနဲ့ တချို့ စားသောက်ဆိုင်ကြီး တွေကလဲ ဈေးနှုန်း သက်သာတဲ့ မြောင်းဆီ ( Cutter Oil ) ကို ဝယ်ယူသုံးစွဲမှုတွေ ရှိလာပါတယ်။ မြောင်းဆီ ပြုတ်ပြီး အကြမ်းကို တစ်တန် ဒေါ်လာ ၃ဝဝ လောက်နဲ့ စက်ရုံတွေက ဝယ်ယူ၊ အရောင် အနံ့ သန့်စင်ပြီး ( Refined ) တစ်တန် ဒေါ်လာ ၇ဝဝ လောက်နဲ့ စားသုံးဆီ အဖြစ် ရောင်းချတတ် ကြတယ်။ (တစ်ဒေါ်လာ ငွေကျပ် ၁၃ဝဝ နဲ့ တွက်ချက်ရင် တစ်ပိဿာ ငွေကျပ် ၁၅ဝဝ လောက် ရှိပါတယ်။ ဒါဟာ လက်လီဈေးကွက် ကရတဲ့ သတင်းကို အခြေခံ တွက်ချက်တာ ဖြစ်တယ်။ လက်ကားဈေး ကတော့ ဒီထက် နည်းနိုင်တယ်။) ဒီလိုဈေးနှုန်း သက်သာပြီး အကြော်ဆီ အဖြစ်နဲ့ရော မုန့်လုပ်ငန်းသုံးဆီ အဖြစ်ပါ သုံးရ အဆင်ပြေတဲ့ အတွက် တရုတ်နိုင်ငံမှာ အသုံးများ လာပါ တော့တယ်။

Cutter Oil ကို ဘယ်လိုပဲ အဆင့်မြင့် နည်းပညာတွေ အသုံးပြု ထုတ်လုပ်ပါစေ လူ့ရဲ့ ကျန်းမာရေး ကို ဆိုးဆိုးရွားရွားစွာ ထိခိုက်စေနိုင်တဲ့ ဓာတုဗေဒ ဖြစ်စဉ် ပြောင်းလဲမှု တွေကို သိပ္ပံပညာရှင် တွေနဲ့ ဆရာဝန်တွေက အသေးစိတ် လေ့လာတင်ပြ လာကြတယ်။ ( Professor Ding Hongbin , Dalian University of Technology , in northeastern China) ဒါကြောင့် တရုတ် အစိုးရက ဥပဒေ ထုတ်ပြန်ပြီး တားမြစ်အရေးယူ ဆောင်ရွက် လာခဲ့တယ်။

၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်က AP သတင်းမှာ လူ ၃၂ ယောက်ကို တရုတ် ရဲဌာနက မြောင်းဆီ လုပ်ငန်းနဲ့ ပတ်သက်ပြီး အရေးယူ ဖမ်းဆီးခဲ့တယ်။ မြောင်းဆီ တန် ၁ဝဝ လောက်ကို နိုင်ငံတစ်ဝန်းက သိမ်းဆည်းရမိ ခဲ့တယ်လို့ ဖော်ပြခဲ့တယ်။ တရုတ် နိုင်ငံ ကျန်းမာရေး ဌာနကလဲ စက်ရုံ ခြောက်ရုံနဲ့ ကုမ္ပဏီကြီး (Jinan Green Bio Oil Co.,Ltd) တစ်ခုကို အရေးယူ ဆောင်ရွက် ခဲ့တယ်။

ဒီလို ဆက်တိုက် အရေးယူ ဆောင်ရွက်နေ ပေမယ့်လဲ ဝိသမ လောဘသမား တွေကတော့ လုပ်နေကြဆဲ ပါပဲ။ ဒါကြောင့် တရုတ်နဲ့ ထိုင်ဝမ်မှာ စားသောက်ကုန် အတု ပြဿနာတွေ မကြာမကြာ ဖြစ်နေတာ တွေကို youtube မှာ သတင်း Video တွေ ရှာကြည့်ရင် တွေ့နိုင်တယ်။ (ကြက်ဥအတု၊ အေးခဲ အသားအတု၊ အမဲသားအတု .....)

ဘယ်လိုခွဲခြားကြမလဲ

တကယ်တော့ အလွယ်တကူ ခွဲခြားဖို့ ဆိုတာ ခက်ခဲပါတယ်။ မြောင်းဆီမှာ သာမန် စားသုံးဆီ တွေထက် ပြည့်ဝဆီနဲ့ ဆီသား မှုန်စေတတ်တဲ့ သတ္တုဓာတ်တွေ ပိုမို ပါဝင်တယ်။ မြောင်းဆီကို ထွင်းဖောက် မြင်နိုင်ပြီး ကြည်လင်တဲ့ ဖန်ခွက်တစ်ခု ထဲမှာ ထည့်မယ်။ တူညီတဲ့ တခြား ဖန်ခွက်တစ်ခု မှာ တခြား ကောင်းတဲ့ စားသုံးဆီ ( ပဲဆီ ဒါမှမဟုတ် နှမ်းဆီ စသဖြင့်) ထည့်မယ်။ အဲဒီဖန်ခွက် နှစ်ခုလုံးကို အပူချိန် ၅ ဒီဂရီ စင်တီဂရိတ်ထိ လျှော့ချ အအေးခံ ရမယ်။ လိုအပ်ရင် သုည ဒီဂရီ စင်တီဂရိတ် ထိ လျှော့ချရပါ လိမ့်မယ်။ အဖြူရောင် တိမ်ခိုးတွေလို ဖြစ်ပြီး အရင်ဆုံး မှုန်ဝါးသွားတဲ့ ဆီက မြောင်းဆီပါ။ ဒီနေရာမှာ သတိပြုစရာ သုံးချက်ရှိတယ်။
  • ၁။ တခြား ဆီကောင်းဆိုတဲ့ နေရာမှာ အရောအနှော ကင်းပြီး သန့်ဖို့လိုမယ်။ ဖြစ်နိုင်ရင် ပြည်ပနိုင်ငံတွေက တရားဝင် တင်သွင်းတဲ့ Refined Oil တွေကို အသုံးပြု စမ်းသပ် သင့်တယ်။
  • ၂။ အပူချိန် မှတ်သားမှု တိကျ သေချာဖို့ လိုမယ်။ ရေခဲသေတ္တာရဲ့ အပူချိန် လျှော့ချ ပေးနိုင်မှု ကို ကြိုတင်လေ့လာ စမ်းသပ် ထားသင့်တယ်။
  • ဥပမာ- ရေခဲသေတ္တာထဲ ထည့်ပြီး အချိန် ဘယ်လောက်ကြာရင် အပူချိန် ဘယ်လောက်ရောက်သွား နိုင်တယ် ဆိုတာမျိုးပါ။
  • ၃။ မြောင်းဆီ ထုတ်လုပ်သူ တွေဟာ တခြားဆီ တွေနဲ့ ရောနှောမှုတွေ ရှိတတ်တာကြောင့် တခြားဆီကောင်း ပါဝင်မှု များရင် များသလို စမ်းသပ်မဲ့ ဆီဟာ ကောင်းနေတတ် တယ်။ ဒါ့ပြင် မဂ္ဂနီစီယမ် ဓာတုပစ္စည်း တစ်မျိုးကို အသုံးပြုပြီး ပြည့်ဝဆီ ( Free Fatty Acid ) ကို လျှော့ချ ထားမှုမျိုး ရှိနိုင်တယ်။ ဒါပေမဲ့ Benzopyrene , Aflatoxin , Heavtmetal စတဲ့ ကင်ဆာရောဂါ ဖြစ်စေတတ်တဲ့ အရာတွေကို ဖယ်ထုတ် မပစ်နိုင် တာကြောင့် အထူး သတိပြု သင့်တယ်။ (စားသောက်ကုန် ဆိုင်ရာ ဓာတ်ခွဲခန်း တွေမှာ စမ်းသပ် အဖြေရှာ သင့်တယ်။)

သတင်းတချို့မှာ မြောင်းဆီ ကုန်ကြမ်းတွေကို အထက်က ဖော်ပြပြီး နေရာတွေမှာ တင်မကဘဲ စွန့်ပစ် အသားငါး အပိုင်းအစတွေ၊ အသားဆီတွေ နဲ့ ရက်လွန် အသားတွေ ကပါ ထုတ်လုပ် ရယူနေတယ် လို့ ကြားသိ ရပါတယ်။ ဒါကြောင့် ကျန်းမာရေး ကိုပိုပြီး ဘေးအန္တရာယ် ဖြစ်စေလာတာ သေချာပါတယ်။

မြောင်းဆီ၏ ဘေးအန္တရာယ်များ
  • - အချိန် ကြာမြင့်စွာ စားသုံးပါက အသည်း ပျက်စီးခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်းနှင့် မသန်စွမ်း ကလေးများ မွေးဖွားတတ်ခြင်း။
  • - နှလုံးရောဂါနှင့် ဆီးချိုရောဂါ ဖြစ်စေတတ်သော အခွင့်အလမ်းများ တိုးပွားစေခြင်း
  • - Alzheimer ရောဂါ ဖြစ်စေတတ်ခြင်း။
  • - Benzopyrene ( A yellow Crystalline Aromatic Carcinogenic Hydrocarbon, C20H12) ဟု ခေါ်သည့် ကင်ဆာရောဂါ ဖြစ်စေမှုကို အားပေးမှု မြင့်သော ပစ္စည်းများသည် မြောင်းဆီကို အပူပေးသုံးလေ တိုးပွားလေ ဖြစ်သောကြောင့် အလွန် အန္တရာယ် ကြီးမားသည်။

အဲဒီလို လူသားအားလုံး အတွက် အလွန် အန္တရာယ် ကြီးမားတဲ့ မြောင်းဆီ ( Cutter Oil , တရုတ် အခေါ် Di-gou-you ) ကိုတင်သွင်းတာ၊ ထုတ်လုပ်တာ၊ ရောင်းချတာ၊ ရောစပ် ရောင်းချတာ၊ စားသုံးတာတွေ မပြုလုပ်ကြဖို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

Tuesday, January 26, 2016

သတိတစ်ချက် အလစ်တွင် . . .



သတိတစ်ချက် အလစ်တွင် . . .

( မဒါလေး )

ဆိုင်ကယ်ကို တွန်းရင်း ခြံထဲမှ ခပ်မြန်မြန် ထွက်မည် ပြင်လိုက်ေ သ်ာလည်း နောက်ကျသွား လေပြီ။ အမေ၏ စိတ်မြန်နှုန်းသည် စာရေးသူ ဆိုင်ကယ်စီး သည်ထက် ပိုမြန်နေသည်။ ''အရင်လိုလို့ ခိုင်းပါတယ်။ ဒီနားလေးကို ဆိုင်ကယ်ဦးထုပ် ယူရတာနဲ့၊ အင်္ကျီရှည် ဝတ်ရတာနဲ့ ငါ့ဘာသာသွားရင် ပြန်ရောက်ပြီ''။ အမေ့အပြော မဆုံးခင်မှာပင် ဆိုင်ကယ်စက် နှိုးကာ အမြန်ထွက်ခဲ့ လိုက်သည်။ ယခင်က စာရေးသူ သည် ဆိုင်ကယ်စီး ကြမ်းပြီး မြန်လည်း မြန်သည်။ စာရေးသူ နောက်လူ လိုက်လျှင်လည်း မကြိုက် မိမိထင်ရာ ဝင်ချင်သည့် လမ်းကဝင်ပြီး ထွက်ချင်သည့် လမ်းကထွက်သည်။ မကြာခဏ ဆိုင်ကယ် တိုက်သည်၊ လဲသည်။ ဆိုင်ကယ် တစ်စီးလုံးလည်း ရစရာ မရှိအောင် ဖြစ်ခဲ့ဖူးသည်။ အမေကပင် သည်လောက် ဆိုင်ကယ်စီး ကြမ်းတာ တစ်နေ့ ဒုက္ခတွေ့မှ မှတ်မည်။ ဒုက္ခ မဖြစ်ခင်တော့ မိဘစကားကို နားဝင်မည် မဟုတ်ဟု မကြာခဏ ပြောတတ်သည်။ တစ်ခါတစ်ရံ ကရုဏာဒေါ သောဖြင့် တစ်ခုခုဖြစ်၍ ဆိုင်ကယ်ပျက်တာ ကိစ္စမဟုတ်ဘူး ခြေလက်ပြတ် မှဖြင့် လူဖြစ်ရှုံးပြီ ဟုလည်း ပြောတတ်သည်။ ထိုစဉ်က အမေ့စကားများ စာရေးသူ နားထဲမဝင် ခဲ့မှန်း ယခု စာရေးသူ ဝန်ခံသည်။

စာရေးသူတို့ မိသားစု လူစုံချိန်သည် ညရှစ်နာရီကျော် ကိုးနာရီ အဖေအလုပ်မှ ပြန်လာချိန် ဖြစ်သည်။ ဝန်ထမ်းဖြစ်ပြီး အလုပ်များသည့် ဌာနဖြစ်သဖြင့် အဖေအိမ်၌ နေရချိန်သည် အလွန်တိုတောင်း လွန်းလှသည်။ စာရေးသူတို့ မိသားစု၏ အလေ့အကျင့် ကောင်းတစ်ခု သည် လူစုံမှ ထမင်းစားခြင်းပင် ဖြစ်သည်။ အဖေမည်မျှ နောက်ကျ၊ နောက်ကျ အမေ အပါအဝင် စာရေးသူတို့ မောင်နှမတစ်တွေ အဖေ ပြန်အလာကို စောင့်ကြသည်။ တစ်ခါတစ်ရံ အလွန် နောက် ကျသော နေ့များတွင် အဖေက လူကြုံနှင့် သော်လည်းကောင်း၊ ဖုန်းနှင့် သော်လည်းကောင်း အကြောင်းကြား လျှင် ကလေးများကို အဆာပြေ တစ်ခုခု အမေကျွေးထား တတ်သည်။ အပြင် ညစာစားပွဲများ ဘယ်လောက် ကောင်းကောင်း အဖေကတော့ အိမ်ထမင်း ကိုပင် အမြဲဂရုတစိုက် စားတတ်သည်။ အမေ့လက်ရာ ဖွယ်ဖွယ်ရာရာကို စာရေးသူတို့ ဘယ်လိုဆိုင် ထမင်းဟင်းနှင့်မျှ မလဲနိုင်ခဲ့ပါ။ စာရေးသူ တက္ကသိုလ်ရောက် သည်အထိ ထမင်းချိုင့် ထည့်သည်။ ဒုတိယနှစ် ရောက်တော့ အမေက ကျောင်းသားပီပီ ထမင်းချိုင့် မထည့်ဘဲ သူငယ်ချင်း များနှင့် လွတ်လွတ် လပ်လပ် သွားရန် ထမင်းချိုင့်ထည့် မပေးတော့ပေ။ ကျောင်းတွင် မည့်သည့် အစားအစာ စားခဲ့စားခဲ့ အိမ်ပြန်ရောက် သည်နှင့် အမေ့လက်ရာ ထမင်းကို စားလိုက်ရမှ တစ်နေ့တာ အတွက် ထမင်းစားပြီး သည်ဟု ထင်မှတ်မိသည်။

အဖေ၏ စိတ်ကူးသည် အစိုးရအလုပ်မှ အငြိမ်းစား ယူပြီးလျှင် ခြံကျယ်ကျယ် ကြီးကြီး တစ်ခြံဝယ်မည်။ ထိုခြံထဲတွင် အိမ်ကြီးကြီး တစ်လုံးဆောက်ကာ သားများ၊ သမီးများ၊ မြေးများနှင့် မိသားစုအတူ နေမည်။ အိမ်နောက်တွင် အဖေ့အကြိုက် ဒန့်သလွန်ပင်၊ ပေါက်ပန်းဖြူပင်၊ သင်္ဘောပင်၊ ငရုတ်၊ ချဉ်ပေါင်၊ ကန်စွန်း၊ ဟင်းနုနယ်၊ ခရမ်းသီးပင်များ အပြည့်စိုက်မည်။ အိမ်ရှေ့တွင်တော့ အမေ ချစ်မြတ်နိုးသော စံပယ်ပင်နှင့် နှင်းဆီပင်များ ခြံအရှေ့တွင် ဝေနေအောင် စိုက်မည်။ ပြီးလျှင် စာရေး၊ စာဖတ်ခြင်းဖြင့် အဖေ၏ ဘဝအတွေ့အကြုံ များကို စာအုပ် ထုတ်မည်ဟု ပြောဖူးသည်။ အဖေ၏ ငယ်စဉ်အိပ်မက်မှာ စာရေးဆရာ ဖြစ်ချင်ခဲ့သည် ဟုလည်း မကြာမကြာ ပြောဖူးသည်။

ညစဉ် အဖေအိပ်ရာ မဝင်ခင် စာရေးသူတို့ မောင်နှမ နင်းနှိပ်ပေးရင်း အဖေ ပြောပြသော အဖေ့ဘဝ အတွေ့အကြုံများ၊ လုပ်ငန်းခွင် အခက်အခဲ နှင့် ဖြတ်ကျော် ရသော အတားအဆီးများ၊ အမေနှင့် တွေ့ကာ ပိုးပန်းခဲ့ပုံများကို မရိုးအောင် နားထောင်ခဲ့ရသည်။ အဖေ့ကို မောင်နှမတစ်တွေ တစ်ဦးနှင့် တစ်ဦး အလုအယက် နင်းနှိပ်ပေး ရသည်ကလည်း စာရေးသူတို့ မိသားစုအတွက် ပျော်စရာတစ်ခု ဖြစ်ခဲ့ရသည်။

အဖေနှင့်အမေ သည် သာမန်ဝန်ထမ်း ဘဝမှ ကြိုးစားလာရ သူများဖြစ်သဖြင့် စည်းစနစ် ကြီးသည်။ စေ့စပ် သေချာသည်။ သူတစ်ပါးအပေါ် တွင်လည်း အလွန်ကရုဏာ ထားတတ်သည်။ သို့အတွက် သားသမီးများ ကိုလည်း အထူးကြပ်မတ်ကာ စည်းစနစ်ကျကျ ပြုစု ပျိုးထောင်သည်။ အထူးသဖြင့် စာရေးသူတို့ မောင်နှမများ၏ ပညာရေး အတွက် အဖေ နှင့်အမေ နှစ်ဦးလုံး ခြိုးခြံချွေတာကာ အနစ်နာခံခဲ့ ကြသည်။ ဤသည်ပင် ပြော၍ မကုန်နိုင်သော အဖေနှင့်အမေ၏ မေတ္တာတရားပင် ဖြစ်သည်။ စာရေးသူ ဘွဲ့ရသောနှစ်တွင် တစ်မိသားစုလုံး၌ အဖေသည် အပျော်ဆုံး ဖြစ်နေသည်။ သားသမီးများ အားလုံးဘွဲ့ရလျှင် တာဝန်မှ အနားယူ တော့မည်။

အနားယူရန်လည်း သိပ်မလိုတော့ သဖြင့် ကျန်သားသမီး များကိုလည်း တစ်နှစ်တစ်တန်း မှန်မှန်အောင်ရန် အတွက် စာကိုအထူး ကြိုးစားကြရန် တိုက်တွန်းသည်။ မိသားစု ဆုံချိန်တွင် အနားယူလျှင် နေမည့် အိမ်ခြံအကြောင်း ဝိုင်းဖွဲ့ကာ တစ်ယောက်တစ်မျိုး စဉ်းစား ကြသည်။ မြို့နှင့် မလှမ်းမကမ်းတွင် ခြံကျယ်ကျယ်နှင့် အေးအေးဆေးဆေး နေလိုသော အဖေ၏ ဆန္ဒနှင့် သားသမီး များ၏ တိုးတက်ရေး အတွက် မြို့တွင်ပင် သင့်တင့်သော နေရာတစ်ခုတွင် အခြေချ လိုသော အမေ၏ ဆန္ဒကြားတွင် စာရေးသူ တို့မှာလည်း ဗျာများ နေတော့သည်။

တစ်ခုသော ညနေခင်းတွင် အဖေ၏ရုံးမှ တပည့်တစ်ဦး အိမ်သို့အပြေး ရောက်လာသည်။ အဖေ့ကို ဆေးရုံတွင် လိုက်တွေ့ရန် အမေ့ကို လာခေါ်ခြင်း ဖြစ်သည်။ အကျိုးရယ်၊ အကြောင်းရယ် တိတိကျကျ မသိရသေးသည်မို့ စိတ်မပူရန် အမေက မှာခဲ့သော်လည်း စာရေးသူတို့  စိတ်မပူဘဲ မနေနိုင်ပါ။ သည်လိုနှင့် နာရီများ တစ်ပတ်ပြီး တစ်ပတ် လည်သွားသည်။ ဘာသတင်းမျှ မကြားရပါ။ ည ဆယ့်နှစ်နာရီ ကျော်တွင် ရုံးမှ ကားတစ်စီးဖြင့် စာရေးသူတို့ မောင်နှမကို လာခေါ်သည်။ ထိုအချိန်ထိ စာရေးသူတို့ မမျှော်လင့် ထားသော အကြောင်းအရာ တစ်ခု စာရေးသူတို့ ဘဝအတွင်းသို့ အမှတ်တမဲ့ ဝင်ရောက် လာမည်ကို ကြိုမသိခဲ့ပေ။ ဆေးရုံကြီး အရေးပေါ်ခန်း ရှေ့တွင် အမေသည် ငုတ်တုတ်လေး ထိုင်နေသည်။ ထိုင်နေသော အမေ့ကို တွေ့ရသဖြင့် အားလုံး စိတ်သက်သာရာ ရသွားသည်။ စာရေးသူတို့ကို အဖေ့အား ၀င်တွေ့ရန် ပြောသဖြင့် ပေါ့ပေါ့ပါးပါးပင် ဝင်လာခဲ့သည်။ သို့သော် စာရေးသူ မျှော်လင့် မထားသော အဖေ၏ ရုပ်ခန္ဓာကို တွေ့လိုက်ရသော အခါ ရုတ်တရက် ကြက်သေသေသွားသည်။ အာခေါင်များ ခမ်းခြောက် လာသည်။ အဖေဟု နှုတ်မှ ခေါ်နေသော်လည်း အသံသည် ထွက်မလာ။ အဖေ့ကို ကြောင်ကြည့်ကာ ဝေခွဲမရ ဖြစ်နေသည်။ စာရေးသူ၏ နောက် မှ မောင်နှမများက အဖေဟု ခေါ်ကာ အော်ငို နေကြသည်။ အမေ၏ မင်းအဖေ မရှိတော့ဘူး၊ မင်းအဖေ အမေတို့ကို ထားခဲ့ပြီ ဆိုသည့် အသံများ နားထဲပြည့်လျှံ လာသည်။ ထိုအချိန်မှ စာရေးသူ သတိဝင်လာပြီး မျက်ရည်များ တစ်ပေါက်ပေါက် ကျကာ အဖေ့နားသို့ တိုးသွားလိုက်သည်။ စာရေးသူ၏ ရင်ခေါင်းထဲမှ အော်သံများ အဖေမကြားနိုင် တော့ပါ။

ထိုနေ့ ရုံးအဆင်းတွင် အိမ်သို့ပြန်ရန် ပြင်နေစဉ် အရေးကိစ္စ ပေါ်လာသဖြင့် ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ ရုံးထဲမှ အဖေထွက် အလာတွင် ရမ်းကားစွာ မောင်းနှင် လာသော ဆိုင်ကယ် တစ်စီးက အဖေ့ကို ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း နောက်မှ သိခဲ့ရသည်။ စည်းကမ်းကို တန်ဖိုးထားသော အဖေ သတိတစ်ချက် အလစ်တွင် အသက်ကိုပါ ပေးဆပ် လိုက်ရသည်။ ထို့အတွက် စာရေးသူ ယူကျုံးမရ ဖြစ်ခဲ့ရသည်။ ထိုအချိန် မှစ၍ ဆိုင်ကယ်စက်သံ ပြင်းပြင်းကြားလျှင် စာရေးသူ ကြောက်တတ် လာသည်။ ဆိုင်ကယ်ဦးထုပ် မပါဘဲ ဆိုင်ကယ်ပေါ် မထိုင်ရဲအောင် ဖြစ်ခဲ့ရသည်။ စာရေးသူ ဆိုင်ကယ်ဦးထုပ် ဆောင်းကာ ဆိုင်ကယ် ကြမ်းကြမ်း မစီးသည်က လွဲလျှင် အဖေ၏ ဆန္ဒများ ပြည့်ဝ မသွားခဲ့ပါ။

အဖေ ဖြစ်ချင်သော ခြံကျယ်ကျယ် နှင့် အိမ်ကြီးကြီး လည်း စာရေးသူတို့ မပိုင်နိုင်ခဲ့ပါ။ မောင်နှမ များလည်း ကိုယ်စီ အလုပ်ဝင်သူ ကဝင်၊ အိမ်ထောင်ကျ သူကကျနှင့် တစ်ယောက် တစ်နေရာစီ ဖြစ်နေသည်။ အမေ၏ မြို့ပေါ်မှ ခြံကျဉ်းလေးတွင် ထမင်း စောင့်စားသူလည်း မရှိ။ ညနေခင်း ဝိုင်းဖွဲ့ စကားပြော သူလည်းမရှိ။ အရာ အားလုံးသည် တိတ်ဆိတ်၍ နေတော့သည်။

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

Thursday, January 7, 2016

ထန်းပင်မှ တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်၍ ဈေးကွက်မြှင့်တင်နိုင်ရန် နည်းပညာ အကူအညီများပေးမည်



ရန်ကုန် ၊ ၇-၁-၂၀၁၆

ထန်းပင်မှ တန်ဖိုးမြင့် ပစ္စည်းများ ထုတ်လုပ်၍ ဈေးကွက်မြှင့်တင် နိုင်ရန် နည်းပညာများ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးဆွေသင်း က ပြောသည်။

ယခုကဲ့သို့ နည်းပညာများ ပံ့ပိုးပေးနိုင်ရန် အဆိုပါဦးစီးဌာန အနေဖြင့် ပုဂံဒေသ၌ အသိပညာပေး အစီအစဉ်ကို လုပ်ဆောင်ပြီး စိတ်ပါဝင်စား သူများကို နည်းပညာများ ပံ့ပိုးပေးမည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင် ပေးသွားမည် ဖြစ်သည်။

လက်ရှိတွင် ထန်းရည်မှ ထန်းလျက်ကို အမြင့်ဆုံး ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ကြပြီး ယင်း ထန်းရည်မှ ဝိုင်၊ ရှလကာရည် စသည်တို့ ထုတ်လုပ်နိုင်ခြင်း၊ ထန်းလျှော်နှင့် ထန်းလက်ကို ထိုင်ခုံ၊ ကုလားထိုင် အဆင့်မှ အဆင့်မြင့် လူသုံးကုန် ပရိဘောဂပစ္စည်းများ အဖြစ် ထုတ်လုပ်နိုင်သည် အထိ နည်းပညာများ ပံ့ပိုးပေးမည် ဖြစ်သည်။ ဈေးကွက်ချဲ့ထွင်မှု အနေဖြင့် ပြည်ပ နိုင်ငံများနှင့် ချိတ်ဆက်လုပ်ကိုင် လိုပါက ချိတ်ဆက်ပေးခြင်း အစီအစဉ်များ ကိုလည်း ပံ့ပိုးပေးသွားမည် ဖြစ်သည်။

ထန်းပင်သည် မြန်မာနိုင်ငံ၌ အများဆုံး ပေါက်ရောက်သော အပင်ဖြစ်သဖြင့် ထန်းပင်မှ တန်ဖိုးမြင့် ပစ္စည်းများ ထုတ်လုပ်ကာ နည်းပညာ တိုးတက်စေရေး အတွက် တစ်ဦးချင်းဝင်ငွေ မြှင့်တင်နိုင်စေရန် စီစဉ်ခြင်း ဖြစ်သည်။

ထို့ပြင် ထန်းလုပ်ငန်းကို ယခင်က လုပ်ကိုင်သူ အများအပြား ရှိသော်လည်း ဝင်ငွေနည်း၍ ပင်ပန်းခက်ခဲ မှုကြောင့် လုပ်ကိုင်သူ နည်းပါးလာခဲ့သည်။ သို့ဖြစ်ရာ မိရိုးဖလာ လုပ်ငန်းများ မပပျောက် စေရေးနှင့် ယခင် သမားရိုးကျနည်းမှ စက်ပစ္စည်းပိုင်းများ အသုံးပြု၍ နည်းပညာ မြှင့်တင်နိုင်ရန် ဝင်ငွေပိုမို တိုးတက်ရရှိ စေရေး ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, November 19, 2015

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ ကွမ်းတံတွေးများ မထွေးရန် ပညာပေးအစီအစဉ် အနေဖြင့် ကွမ်းတံတွေးထွေးသည့် အိတ်များကို ရောင်းချပေးလျက်ရှိ



ရန်ကုန် ၊ ၁၉-၁၁-၂၀၁၅

ရန်ကုန်မြို့၌ စည်းကမ်းမဲ့ ကွမ်းတံတွေးများ မထွေးရန် ပညာပေး အစီအစဉ်တစ်ခု အနေဖြင့် ကွမ်းတံတွေး ထွေးသည့် အိတ်များကို ရောင်းချ ပေးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့၏ အခြေအနေမှာ တိုက်နံရံနှင့် လမ်းမများ၌ စည်းကမ်းမဲ့ ကွမ်းတံတွေးများ တွေ့မြင် နေရသည့်အတွက် မြို့တော်သာယာ သန့်ရှင်းစေရန် ရည်ရွယ်ပြီး ပညာပေး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ကွမ်းယာဆိုင် များကို တစ်အိတ်လျှင် ၁၂ ကျပ်နှုန်းဖြင့် အိတ်ပေါင်း ကိုးသောင်းခွဲ ခန့်ကို ဖြန့်ချိထားပြီး ကွမ်းတံတွေး အိတ်ပေါင်း တစ်သိန်းခွဲခန့် ထုတ်လုပ်ဖြန့်ဝေ သွားရန် စီစဉ်ထားကြောင်း သိရသည်။

ကွမ်းတံတွေးအိတ် များကို ရန်ကုန်မြို့ အနှံ့၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိပြီး ဘတ်စ်ကားဂိတ် များ၌ထားရှိသည့် ကွမ်းတံတွေးပုံး များသို့ စွန့်ပစ်နိုင်ကြောင်း၊ စည်ပင် သာယာရေး ဥပဒေတွင် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းကို အရေးယူ ရသော်လည်း လက်ရှိတွင် အရေးယူနိုင်ရန် အစီအစဉ် မရှိသေးကြောင်း ပညာပေး အနေဖြင့်သာ လုပ်ဆောင်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ ပညာပေး အစီအစဉ်ကို ယခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်ဆောင်ရွက် ခဲ့သော်လည်း ကွမ်းယာဆိုင် တော်တော်များများ နှင့် လူထုအကြား ပျံ့နှံ့ခြင်း မရှိသေး သည်ကို တွေ့ရသည့် အတွက် ယင်း အစီအစဉ်ကိုတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက် လုပ်ဆောင်သွားရန် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

Monday, October 19, 2015

သဘာဝဘေးအန္တရာယ် လျော့ပါးစေရေး အသိပညာပေး ဆောင်ရွက်မှုများ ဆောင်ရွက်မည်


ရန်ကုန် ၊ ၁၉-၁၀-၂၀၁၅

ပြည်တွင်း၌ သဘာဝ ဘေးအန္တရာယ် လျော့ပါးစေရေး အတွက် အသိပညာပေး ဆောင်ရွက်မှု များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သိရှိနိုင် စေရန် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ သိရသည်။

အထူးသဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများမှ ဒေသခံ များအား (Training of Trainer-TOT) နည်းပြသင်တန်း၊ ဆင့်ပွား၊ မွမ်းမံ သင်တန်းများ ပို့ချပေးပြီး သဘာဝ ဘေးအန္တရာယ် လျှော့ချစေရေး အတွက် ပူးပေါင်း ဆောင်ရွက် ထားရှိကြောင်း၊ ထို့ပြင် ပညာရေး ဝန်ကြီးဌာန သို့ အကူအညီ တောင်း၍ စာအုပ် အတွင်းဖုံး၌ သဘာဝ ဘေးအန္တရာယ် ကာကွယ်မှု များနှင့် ဆောင်ရန်၊ ရှောင်ရန် များကို ထည့်သွင်း သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီကို လုပ်ငန်း ကော်မတီလေးခု၊ ဆပ်ကော်မတီ ရှစ်ခု ဖွဲ့စည်း ထားရှိပြီး တိုင်းဒေသကြီး နှင့် ပြည်နယ် များ၌သာမက ကျေးရွာအဆင့် အထိပါ ထိရောက်သည့် သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အဖွဲ့များ ဖွဲ့စည်း ထားရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ရာသီဥတု ပြောင်းလဲမှု အကျိုးဆက် အဖြစ် အပူချိန် လွန်ကဲမှု၊ မိုးကြီးမှု၊ မိုးခေါင်မှု စသည့် မိုးလေဝသ အခြေအနေ များကို ပိုမိုကြုံတွေ့ နေရကာ သဘာဝ ပတ်ဝန်းကျင် ယိုယွင်းလာမှု များနှင့် ပေါင်းစပ်ပြီး သဘာဝ ဘေးအန္တရာယ် များကို ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း ပညာရှင် များက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

Monday, August 24, 2015

အရိပ်အမိုး တစ်ခု၏ အောက်တွင်


အရိပ်အမိုး တစ်ခု၏ အောက်တွင်

မဒါလေး

တစ်မိုးအောက်တွင် အတူနေကြ သော်လည်း ဆန္ဒများ၊ ရည်ရွယ်ရာ လမ်းများ၊ ခံယူချက်များ၊ ဦးတည်ချက်များ မတူညီ ကြချေ။ သို့သော် မည်သည့် အကြောင်းကြောင့် ပင်ဖြစ်စေ ဤ အမိုးအောက်မှ ခွဲထွက်ရန် ဆိုသည်မှာလည်း မဖြစ်နိုင် သောအကြောင်း အများကြီး ရှိနေပြန် သေးသည်။

ရိုက်ချိုးခံရသည့် စိတ်များ၊ နာကျင် ညည်းညူ နေရသည့် နှလုံးသားများ၊ သွေးပွက်ပွက်ဆူ နေသော မျက်ဝန်းများ ထိုအရာ များသည် မတူညီမှု များထဲမှ ထွက်ခွာ သင့်သည့် အရာများ ဖြစ်သော်လည်း မည်သူ တစ်ဦး တစ်ယောက်မျှ ဖယ်ကြဉ်ရန် မကြိုးစား ခဲ့ကြချေ။ အားလုံးသည် အတ္တကိုယ်စီနှင့် ကိုယ်သန်ရာကို ဆုပ်ကိုင် ထားဆဲ။ မြဲမြံစွာ ဖက်တွယ် ထားဆဲ။ အရှုံးပေးသူ မည်သူမျှ မဖြစ်လို ကြချေ။ ဘဝတွင် အရှုံးပေး ရသည်လောက် ခံပြင်းစရာ မရှိဟု သူတို့ယူဆ ထားကြပုံ ရသည်။ အမှန်မှာ အရှုံးကို ကြံ့ကြံ့ခံ နိုင်ခြင်းကသာ အကောင်းမွန်ဆုံး ဆန်းစစ်မှု ဆိုသည်ကို သူတို့ မေ့ထား လိုက်ကြသည်။

''ဆုမာ'' သူမသည် မာနကို တံခွန်ထူ တလူလွှင့် ထားသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ အပြောချိုပြီး အပြုံးများ သလောက် မာန အလွန်ကြီးသည်။ ကိုယ်မှန်လျှင် မည်သူ့မျှ လူမထင်သည့် အနေအထား မျိုးဖြင့် ဆက်ဆံ တတ်သည်။ သို့သော် မိမိကိုယ်ကို ထက် သူများကို ဆရာလုပ်ကာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူနိုင်မှု အလွန် နည်းသည်။ သူတစ်ပါးက မိမိကို အပြစ်ပြောလျှင် နည်းနည်းမျှ ကြိုက်တတ်သော လူမျိုး မဟုတ်သော်လည်း သူတပါး အပြစ်ကိုမူ တစ်ခုမကျန် လိုက်ပြော တတ်သည်။

''ဖြိုးဖြိုး'' သူမသည် တည်တည်တံ့တံ့ နေတတ်ပြီး အပြုံးနည်းသည်။ မိမိနှင့် အဆင်ပြေ နိုင်သည်ဟု ထင်ရသူများ နှင့်သာ ပြောဆို ဆက်ဆံပြီး ကျန်လူများကို ပြောဆို ဆက်ဆံရန် ဝန်လေး တတ်သည်။ သူမ တတ်သိသည် များကို ဝေမျှပေး ရမည်ကို တွန့်တိုတတ် သော်လည်း သူများ မသိသော အရာများကို ဆရာလုပ် ရမည် ဆိုလျှင်မူ အထက်စီးမှ ပြောဆို တတ်သည်။ သူတစ်ပါး ကိုလည်း အသားလွတ် အမိန့်မပေး တတ်သကဲ့သို့ မိမိကို အမိန့်ပေး လျှင်လည်း မကြိုက်တတ်ပေ။ အခြား သူများ၏ အပြောအဆို လွတ်အောင်လည်း ပါးပါးနပ်နပ် နေတတ်သည်။ တိတ်တဆိတ် မာနကြီး တတ်သော မိန်းကလေးမျိုး ဖြစ်သည်။

''ခင်လေး'' သူမသည် ကလေးတစ်ဦး ကဲ့သို့ ပြုမူနေထိုင် တတ်ပြီး ရိုးသား ပွင့်လင်းသည်။ အနေအထိုင်လည်း မတတ် သကဲ့သို့ အပြော အဆိုလည်း မပါးနပ်ပေ။ စိတ်ထဲရှိလျှင် ရှိသလို ပြောတတ်ပြီး ပြောသင့်၊ မပြောသင့် ချင့်ချိန်မှု အားနည်းသည်။ စိတ်ကောက် လွယ်သကဲ့သို့ စိတ်ဆိုးပြေ မြန်သည်။ အစားအသောက် ခင်တွယ်ပြီး မိမိဝလျှင် အခြား သူများကို သတိရ တတ်သည်။ အစားအသောက် အတွက်ဆိုလျှင် အဆင်မပြေ လျှင်ပင် ချေးယူ စားသောက် တတ်သည့် သူမျိုးဖြစ်သည်။ အမှားကို ဝန်ခံတတ်ပြီး တောင်းပန်ရန်လည်း ဝန်မလေးသည့် မိန်းကလေးမျိုး ဖြစ်သည်။

''မိုးမိုး'' သူမသည် အမြဲပြုံး နေတတ်ကာ စကားချိုချိုလည်း ပြောတတ်သည့် မိန်းကလေးမျိုး ဖြစ်သည်။ အနေအေး သကဲ့သို့ အတွေးလည်း လွန်တတ်သည်။ တစ်စုံတစ်ခုကို တွေးရင်း ငေးရင်း နေရသည်ကို နှစ်ခြိုက်သူ ဖြစ်သည်။ ပြတ်သားသည့် စိတ် အနေအထား မြူတစ်မှုန် စာမျှမရှိသည့် သူမထံတွင် ဆုံးဖြတ်စရာ၊ ရွေးချယ် စရာများ တောင်လို ပုံနေတတ်သည်။ လူတိုင်း အပေါ်တွင် ကြင်ကြင်နာနာ ဆက်ဆံ တတ်ပြီး အနစ်နာ ခံတတ်သည့် သူမျိုးဖြစ်သည်။ အိမ်ရှင်မ တစ်ဦးကဲ့သို့ ချက်ပြုတ် ကျွေးမွေးရသည် ကို သဘောကျပြီး အခြားသူများ နှစ်သက်လျှင် ဝမ်းမြောက် တတ်သူ ဖြစ်သည်။ အခြားသူများ အတွက် ပြုံးပျော်ရ သလောက် မိမိကိုယ်တိုင် အတွက် စိတ်သောက များကို ရင်ဝယ်ပိုက် ထားတတ်သည့် မိန်းကလေးမျိုး ဖြစ်သည်။

ထိုမိန်းကလေးများ နေရာ တစ်ခုတည်း၊ အမိုးတစ်ခု အောက်ထဲတွင် အတူတကွ နေထိုင်ကြ သည်ကို မည်သို့သော သူက မအံ့သြဘဲ နေနိုင်မည်နည်း။ ဓလေ့စရိုက် ချင်းမတူ၊ အသွင်အပြင်ချင်း၊ စိတ်နေ စိတ်ထားချင်း ဘာတစ်ခုမျှ မတူသော သူတို့ လေးဦးတွင် နားလည်မှု ဟူသော အရာလေး တစ်ခုကသာ သူတို့ကို ပဲ့ကိုင်ပေးသော ဆရာတစ်ဆူ ဖြစ်ခဲ့သည် ဆိုလျှင် မည်သူက ယုံကြည် မည်နည်း။ တစ်မိုးအောက် ထဲတွင် တစ်ခါတစ်ရံ စကားမပြောဘဲ နေသည်မှ လွဲ၍ သူတို့လေးဦး စကားများ၊ ရန်ဖြစ်သည်မှာ တစ်ခါမျှပင် မရှိခဲ့ဖူးပါ။ လိုအပ်ချက် များသော သူကို လိုအပ်ချက် အနည်းငယ် လျော့သောသူက ဖေးကူပေးရင်း၊ တစ်ဦး အဆင်မပြေ သည်ကို တစ်ဦးက နားလည်မှုဖြင့် ဖြည့်စွမ်း ပေးရင်း တစ်ဦးနှင့်တစ်ဦး ကောင်းသည် ဆိုးသည်ကို မဝေဖန်ဘဲ သူတို့ အသိုက် အမြုံလေးကို ထိန်းကွပ်ထား လိုက်ကြသည်။ သူတို့၏ အတွင်း သဏ္ဌာန်တွင် တည်ရှိသော ပင်ကို စိတ်များကို သူတို့ အဆောက်အအုံ ၏ လှေကားရင်း တွင်ပင် ပုံချကာ နေ့စဉ် အသွားအပြန် သိမ်းထုပ်ရင်း သူတို့ အိမ်လေးကို နွေးထွေး စေသည်။ အများအမြင်တွင် တစ်ယောက်တစ်မျိုး စီ စရိုက်ချင်း ကွာခြားသော်လည်း သူတို့ အိမ်တွင်မူ သူတို့ တစ်ဦးချင်းစီ၏ မတူညီသော ခံစားချက် တစ်ခုစီဖြင့် အချင်းချင်း နှောင်ဖွဲ့ ထားကြသည်။

သူတို့သည် အဖေ၊ အမေ မတူကြပါ။ မောင်နှမ များလည်း မဟုတ်ကြ။ နေရာဒေသလည်း မတူညီကြပါ။ သို့သော် အပြန်အလှန် နားလည်မှု တစ်ခုဖြင့် တည်ဆောက် ထားသော သူတို့၏ ခင်မင်မှု အပေါ်တွင် မလိုအပ်သည် များကို လျစ်လျူရှုကာ ကျော်သွားခြင်းဖြင့် နွေးထွေးသော ထမင်းဝိုင်း တစ်ခု ဖြစ်စေသည်။ ဆရာလုပ်လို သူကို ဆရာ တင်ခြင်းဖြင့် နံနက်ခင်းစာသင်ဝိုင်းလေး တစ်ခု ဖြစ်စေသည်။ တစ်ယောက် အကြိုက် တစ်ယောက် သည်းခံရင်း အတူတူစား ဖြစ်သော အစား အသောက်များ၊ အတူတူ သွားဖြစ်သော နေရာများ၊ အတူတူ ဖတ်ဖြစ်သော စာအုပ်များ၊ အတူတူ ကြည့်ဖြစ်သော ရုပ်ရှင်များ ဤသို့ဖြင့် အရာအားလုံး တူသလိုလို ဖြစ်လာသော အခါ တစ်ဦး၏ အားနည်းချက် များက တစ်ဦးအပေါ် နာကျင်မှု လျော့ကျ သွားစေသည်။ ဤသို့ဖြင့် အပြန်အလှန် မှီခိုရင်း ဤအမိုးရိပ် တစ်ခုအောက်တွင် အသွင်မတူသော လူလေးဦး နေ့စဉ် တာဝန် ကိုယ်စီဖြင့် ကြိုးစားနေလျက် ရှိကြသည်။ သူတို့အတွက် သူတို့  တစ်ဦးချင်းစီ၏ ယုံကြည်ရာ အနာဂတ် ကိုယ်စီ ရှိနေကြသည်။ ဘေးမှ ဝေဖန်မှုများကို ဂရုမစိုက်အား၊ အလေးထားရန် အချိန်မရှိ အားလုံးသည် သူ့နေရာနှင့်သူ ကွက်တိကျရန် ကြိုးစားလျက် အနာဂတ်ကို ပုံဖော် နေကြသည်။ သူတို့ကို ဝေဖန်သူများသာ မောသွား လိမ့်မည်။ သူတို့ကမူ တောက်ပသည့် အနာဂတ်သို့ မမောမပန်းနိုင် ရှေ့ဆက် နေကြဦး မည်သာ ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၃)

#Yadanarpondaily

Monday, August 10, 2015

တစ်ကိုယ်ရေသန့်ရှင်းရေး ပညာပေးမှု ယူနီဆက်ဖ် မှ ပူးပေါင်းဆောင်ရွက်


ရန်ကုန် ၊ ၁၀-၈-၂၀၁၅

ရေဘေးသင့် ဒေသများတွင် ရေသန့်ဆေးပြား နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အသုံးအဆောင် များကို ယူနီဆက်ဖ် မှဖြန့်ဝေခဲ့ပြီး အစိုးရနှင့် ပူးပေါင်းကာ ပညာပေးမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ယူနီဆက်ဖ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေလွှမ်းမိုးမှု ကြောင့် အန္တရာယ် ကျရောက်နေသော ရေဘေးသင့် ပြည်သူများ အတွက် ပညာပေး သတင်း အချက်အလက် များကို ရေဒီယိုမှ တစ်ဆင့် ပညာပေး နိုင်ရန် ဆောင်ရွက်လျက် ရှိသည့်အပြင် မသန့်ရှင်းသော ရေမှတစ်ဆင့် ကူးစက် နိုင်သည့် ရောဂါများကို ကာကွယ် နိုင်မည့် နည်းလမ်းများပါ ပြောကြား သွားမည် ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ် များနှင့် မိသားစုဝင်များ အပေါ် အဆိုးရွားဆုံး ထိခိုက် နစ်နာမှုကို ဖြစ်စေမည့် သဘာဝ ဘေးအန္တရာယ် ကျရောက် လာပါက ခံနိုင်ရည် ရှိစေရန်နှင့် ကိုယ်တိုင် ဖြေရှင်း တတ်သူများ ဖြစ်ရန် လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ် ရှိ ဒုက္ခသည် စခန်းတွင် နေထိုင်ကြသည့် ကလေးငယ် များနှင့် မိသားစုဝင် များသည် ရေကြီးမှုဒဏ် ကိုခံကြရပြီး ၄င်းတို့၏ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ အပေါ်တွင် လည်း ဆိုးရွားသော အကျိုးသက်ေ ရာက်မှုများ ဖြစ်စေနိုင်ကြောင်း ယူနီဆက်ဖ် မှ မြန်မာနိုင်ငံ ဆိုင်ရာ လက်ထောက် ဌာနေ ကိုယ်စားလှယ် က ပြောသည်။

ယူနီဆက်ဖ် အနေဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်စဉ်တွင် ကလေး သူငယ်များ အတွက် အကူအညီ ပေးရန် အမေရိကန် ဒေါ်လာ ၂၄ ဒသမ ၉ သန်းကို တောင်းခံ ခဲ့ရာတွင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၆ သန်းကို
လက်ခံရရှိ ခဲ့ပြီး ကျန်ရှိငွေ ဒေါ်လာ ၁၉ ဒသမ ၃ သန်းမှာ ရေဘေးသင့် မိသားစုများ၏ လိုအပ်ချက်များ အတွက် ထည့်သွင်း စဉ်းစား ထားကြောင်း သိရသည်။

ယူနီဆက်ဖ် သည် လက်ရှိတွင် ကလေးသူငယ် သေဆုံးမှု လျှော့ချရေး၊ ကလေးသူငယ် အကြမ်းဖက်မှု၊ မလျော်မကန် ပြုမှုနှင့် ခေါင်းပုံဖြတ်မှု တို့မှ အကာအကွယ် ပေးရေးတို့ကို နိုင်ငံတော် အစိုးရ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily

Monday, July 13, 2015

မအေးထံသို့ ပြန်စာ


မအေးထံသို့ ပြန်စာ

မဒါလေး

အရင် တစ်ပတ်က မအေးဆီမှ စာကို ကျွန်မ ဖတ်လိုက် ရသည်။ စိတ်ခံစားချက် အရ အတိုင်းအတာ တစ်ခုထိ သောကကို မျှဝေ ခံစားမိသည်။ စာပြန်ရန်လည်း အမျိုးမျိုး စဉ်းစားမိသည်။ မည်သို့ ပြန်ရေးကာ နှစ်သိမ့် ရမည်ကို စကားလုံးရှာ မရ ဖြစ်နေသည်။ ပထမဦးစွာ ပြောလိုသည်က မအေး၏ သတ္တိကို ချီးမွမ်းချင် ပါသည်။ ကျွန်မတို့ မိန်းမသား အများစုသည် ကိုယ့်ချစ်သူ ယောက်ျားလေး (သို့မဟုတ်) ခင်ပွန်း ဖြစ်သူက ချစ်ခင် ကြင်နာသည်။ မည်သို့ ဂရုတစိုက်ပြု မူသည်။ မည်သို့ မိမိအပေါ် သစ္စာစောင့်သိ သည်ကိုသာ ပြောချင် ကြသည်။ အမှန်တကယ် ခံစားရသည့် သောက ဒုက္ခများကို စိတ်၏ အနက်ရှိုင်းဆုံး နေရာ တစ်ခုတွင် သိုဝှက်စွာ သိမ်းဆည်းထား တတ်ကြသည်။ 

သို့သော် မိမိအပေါ် ခင်ပွန်းဖြစ်သူ သစ္စာမဲ့သည့် အကြောင်းကို မိန်းကလေး အများစုက မိမိကဲ့သို့ အဖြစ်မျိုး မကြုံတွေ့ စေလိုသဖြင့် ဖွင့်ပြော လာသည်မှာ အတော်အသင့် သတ္တိရှိရုံနှင့် မဖြစ်နိုင်ပါ။ သို့အတွက် ကြောင့် မအေးသည် မအေး၏ စာထဲတွင် ရေးထား သကဲ့သို့ ဘာမျှ မသိ၊ မတတ်၊ ညံ့သည့် မိန်းကလေး တစ်ဦး မဟုတ်ပါ။ မထက်မြက် ချင်နေပါ သတ္တိနည်းသော မိန်းကလေး ထဲတွင် မပါဝင်ပါ။ သို့အတွက် မအေး၏ သတ္တိကို ကျွန်မ ပထမဦးဆုံး ချီးကျူးမိ ပါသည်။

မအေးရေ . . .

မအေးကို ကျွန်မ ငယ်ငယ်က ကျွန်မအဖွား ပြောပြတဲ့ ပုံပြင်လေးကို ပြောပြချင် ပါတယ်။ အဖွားပြောတဲ့ ပုံပြင်လေးက ''လေတွေ မိုးတွေ သည်းတဲ့နေ့ တစ်နေ့မှာ ငှက်ဖိုနဲ့ ငှက်မဟာ အဝေးကို ရောက်နေသတဲ့။ ငှက်မဟာ ပါးစပ်ကလဲ အစာကို ကိုက်ချီရင်း အသိုက်ရှိရာ ဘက်ဆီသာ ဦးတည်ပြန် သတဲ့။ ရေတွေ စွတ်စိုနေတဲ့ ကြားထဲက အဝေးကြီးကို ပျံလာရတော့ အတောင်တွေ အတော်ညောင်း နေတာပေါ့။ လမ်းမှာ သစ်ပင်ကြီး တစ်ပင် တွေ့တော့ ခဏနား သတဲ့။ အဲဒီမှာ ငှက်ဖိုက ရာသီဥတု ပိုဆိုးလာလို့ ဆက်ပြီး မပျံနိုင် တော့ဘူးလို့ ပြောသတဲ့။ ငှက်မကတော့ ဒါဆိုလဲ ရာသီဥတု ကောင်းတဲ့ အချိန် ဆက်ဆက် ပြန်လာခဲ့ပါ။ သူကတော့ အရောက် ပြန်ရမယ်လို့ ပြောပြီး အစာကိုချီကာ ဆက်ပျံသွား သတဲ့''။ အဲဒီအချိန်မှာ ''ငှက်မက ဘာလို့ အရောက်ပြန် တာလဲ။ ဒီလောက် လေတွေမိုးတွေ ကြီးနေတာ ဆိုတဲ့'' ကျွန်မ အမေးကို အဖွား က ဘယ်လို ဖြေခဲ့တယ် ထင်သလဲ။ ''မေတ္တာ တရားကြောင့်ပေါ့ မြေးရယ်တဲ့ '' ။ အဲဒီအချိန်တုန်း ကတော့ ကျွန်မသေချာ မသိခဲ့ပါဘူး။ မအေး ရယ်။ အရွယ်ရောက် လာမှ အဲဒီ ပုံပြင်လေးကို ပြန်စဉ်းစား မိတယ်။ ငှက်မကြီးက အသိုက်ထဲမှာ ကြောက်ရွံ့မှု မျိုးစုံနဲ့ သူ့ကို စောင့်မျှော်နေ ကြမယ့် ငှက်ငယ်လေးတွေ အတွက် အရောက် ပြန်ခဲ့တာ သူ့ရဲ့ ကြီးမားတဲ့ မေတ္တာ တရားကြောင့် ဆိုတာပါပဲ။ ငှက်ဖိုကတော့ လေမိုးတွေ ငြိမ်တဲ့အခါ ပြန်လာလေ သလား။ သစ်ပင်ကြီး ထက်မှာ တွေ့တဲ့ တခြား ငှက်တွေနဲ့ပဲ နေနေသလား ဆိုတာ ကျွန်မ ဆက်မမေး ဖြစ်ခဲ့ပါဘူး။

ဘာလို့လဲ ဆိုတော့ ငှက်မကြီးရဲ့ မေတ္တာတရားကို စဉ်းစားလေလေ ပီတိဖြစ်ပြီး စိတ်ကျေနပ်ဖြစ် ရတာကြောင့် ပါပဲ။ အခုအချိန်မှာ စဉ်းစား မိတာကတော့ ငှက်မကြီးက လေမိုးတွေ ငြိမ်တဲ့အခါ အသိုက်ကို ပြန်ခဲ့ဖို့ မှာခဲ့တဲ့ စကားကိုပါပဲ။ အဲဒီ စကားကို စဉ်းစား ကြည့်ရင်း ငှက်မကြီးရဲ့ သားသမီးတွေ အပေါ်ထားတဲ့ စိတ်တင် မကဘဲ ငှက်ဖို အပေါ်ထားတဲ့ မေတ္တာနဲ့ သစ္စာတရားကိုလဲ တွေးမြင်ယောင် မိပါတယ်။ ဒီလိုပါပဲ မအေးရေ ကျွန်မတို့ မိန်းမသား ဆိုတာ ထိန်းသိမ်းရမယ့် ဝတ္တရားနဲ့ စောင့်သိရမယ့် အရာတွေ များလွန်းတော့ တစ်ခါတလေ မှာ အံကိုခဲပြီး ဘဝကို ခပ်ပြုံးပြုံးလေး ရင်ဆိုင် နေကြရ တာပါပဲ။ ဘဝ ဆိုတာကလဲ ချစ်ခင်သူနဲ့ မုန်းသူတွေ ကြား ကွေ့ပတ် ပြေးလွှား ကစားရတဲ့ ခရီးရှည် ကစားပွဲကြီး တစ်ခုဆိုတော့ ရင်သပ်ရှုမော အံ့သြစရာ တွေနဲ့ ပြည့်နေမှာ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီကစားပွဲ ကြီးထဲကနေ ကျွန်မတို့တစ်တွေ ဆုံးရှုံးနစ်နာမှု နည်းနိုင်သမျှ အနည်းဆုံးနဲ့ ထွက်ခွာ သွားဖို့ပဲ ကြိုးစားရမှာပါ။ အောင်နိုင်တဲ့ သူကလဲ မျှတတဲ့ အောင်နိုင်မှုမျိုးနဲ့ ထွက်ခွာဖို့ ကြိုးစားရင်း အကောင်းဆုံး နေထိုင်သွား ရမှာပါပဲ။ ပြိုင်ပွဲ ဆိုတော့လဲ အရှုံးနဲ့အနိုင် ဆိုတာ ရှိစမြဲမို့ အမြဲတမ်းလဲ မနိုင်တတ်သလို အမြဲတမ်းလဲ မရှုံးနိမ့်နိုင် ပါဘူး။ ရှုံးနိမ့်ချိန်မှာ ကိုယ့်ရဲ့ စိတ်ဓာတ် ခွန်အားကို အပြည့်အဝ ပြန်လည် မွေးမြူပါ။ စိတ်သည်သာ အဓိကမို့ သူက အရာရာကို ဦးဆောင်သွားပါလိမ့်မယ်။ ကိုယ်က စိတ်ဓာတ်ကျ နေရင်တော့ ကိုယ့်အပေါ် အားကိုး ယုံကြည် နေကြတဲ့ သား သမီးလေးတွေက ဘယ်သူ့လက်ကို ကိုင်စွဲရမလဲ စဉ်းစားစရာ ဖြစ်ကုန် ပါလိမ့်မယ်။ သားသမီးတွေ အတွက် အမေဆိုတာ အမှန် တကယ် လိုအပ်တာမို့ သူတို့ လေးတွေ လူလား မမြောက်ခင် တော့ မအေးတစ်ယောက် လောကဓံ ဆိုတာကို ပိုပြီးကြံ့ကြံ့ ခံနိုင်အောင် ကြိုးစားရပါမယ်။ မအေးရေ . . .

မနှစ်သက်တော့ လို့မှ ပစ်တော့မယ့် သူကို ဒါဟာ အကောင်းကြီး ပါလို့ ပြောပြလဲ နားဝင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ကိုယ့်ဘက်က အကောင်းဆုံး အနေနဲ့ သူ့အပေါ် တာဝန် ဝတ္တရား ကျေအောင် လုပ်ပေးလိုက်ပါ။ ပြီးတော့ အဲဒီလိုလူ အပေါ်ကို လုံးဝအားကိုးဖို့ ဆိုတာ မသေချာတော့ တာမို့ သေချာတဲ့ အလုပ်ကိုပဲ လုပ်ပါ။ မအေးဘက်မှာ သေချာတဲ့ သားသမီးတွေ ရှိတယ်။ သူတို့ကိုသာ အောင်မြင်အောင် ပျိုးထောင်ပါ။ ကိုယ်ကသူ့ကို အားမကိုး တော့တာ သိရင် အားမကိုးလဲ ရပ်တည်နိုင်တယ် ဆိုတာသိရင် သူ့ရဲ့ ထောင်လွှား မောက်မာမှု တွေကို သူပြန်မြင်လာ ပါလိမ့်မယ်။ သူ့အပေါ် တာဝန် ကျေပွန်တဲ့သူ၊ သစ္စာစောင့်သိ တဲ့သူ ဆိုတာသိရင် သူ့လိပ်ပြာကို သူပြန်ရှက် လာပါလိမ့်မယ်။ မအေးရေ . . . အဲဒီလို နေ့ရောက်ရင် အရာအားလုံး ထက် အပျော်ရွှင်ရဆုံး သူဆိုတာ မအေးဖြစ်ဖို့ မသေချာ ပေမယ့် မအေးရဲ့ သား၊ သမီးလေး တွေကတော့ အပျော်ရွှင်ဆုံး သူတွေ ဖြစ်နိုင်ကြ ပါလိမ့်မယ်။

ဆက်စပ်ဆောင်းပါး = မအေးထံမှစာ

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...