Social Icons

Pages

Showing posts with label လူကုန်ကူးမှုဆိုင်ရာ. Show all posts
Showing posts with label လူကုန်ကူးမှုဆိုင်ရာ. Show all posts

Thursday, April 6, 2017

မြန်မာနိုင်ငံက အိန္ဒိယ မလေးရှား အင်ဒိုနီးရှားနိုင်ငံတို့နှင့် လူကုန်ကူးမှု ပူးပေါင်းတားဆီးနိုင်ရေး လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်


ရန်ကုန် ၊ ၆-၄-၂၀၁၇

မြန်မာနိုင်ငံသည် အနာဂတ်တွင် အိမ်နီးချင်း အာရှနိုင်ငံများနှင့် လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းများ၌ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယခုနှစ်ထဲတွင် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနားလည်မှု စာချွန်လွှာများကို အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့နှင့် လက်မှတ်ရေးထိုး နိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံနှင့် စတင်ရေးထိုးနိုင်ရန် ဆောင်ရွက်ထားပြီး နှစ်နိုင်ငံမှ တာဝန်ရှိသူများ ကလည်း ဆွေးနွေးထားကာ မကြာမီ လက်မှတ်ရေးထိုး နိုင်မည် ဖြစ်သည်။

ထို့ပြင် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ တို့က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရန် မြန်မာနိုင်ငံကို စတင်ကမ်းလှမ်း ထားကြောင်း သိရသည်။

''အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ နားလည်မှု စာချွန်လွှာတွေ လက်မှတ် ရေးထိုးပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်မယ် ဆိုရင် ပြည်တွင်းမှာ လူကုန်ကူးမှုတွေ သိသိသာသာ လျော့နည်း သွားမှာပါ'' ဟု လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားပြီးဖြစ်သည်။ ထို့ပြင် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ထားသော နိုင်ငံများကြားတွင် လူကုန်ကူးမှု တားဆီးကာကွယ်မှု လုပ်ငန်းများ ထိရောက်စွာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Thursday, February 2, 2017

လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား ၄၄ ဦးကို မြ၀တီမြို့သို့ လာရောက်လွှဲပြောင်းအပ်နှံ


မြ၀တီ ၊ ၂-၂-၂၀၁၇

ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့ အမှတ်(၄) ရပ်ကွက် ယာယီ စောင့်ရှောက်ရေး ဂေဟာ၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် ကြသည့် မြန်မာ အလုပ်သမား များထဲမှ လူကုန်ကူးခံ ရသူ ၄၄ ဦးကို ထိုင်းနိုင်ငံ တာ့(ခ) ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ Pol-Capt VUTTHICHAI TEEKAYU ခေါင်းဆောင်သည့် တာဝန်ရှိသူ များသည် မဲဆောက်-မြဝတီ လမ်းကြောင်းမှ မြဝတီမြို့သို့ လာရောက် လွှဲပြောင်းအပ်နှံ ပေးကြောင်း သိရသည်။ 

မြန်မာ အလုပ်သမား လွှဲပြောင်းမှုနှင့် ပတ်သက်၍ မြဝတီခရိုင် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဇော် က ''ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ လူမှု စောင့်ရှောက်ရေး ဂေဟာတွေမှာ စောင့်ရှောက် ပေးထားတဲ့ မြန်မာ အလုပ်သမား ၄၄ ဦးကို ထိုင်းနိုင်ငံ တာဝန် ရှိသူတွေက မြဝတီကို လာရောက် လွှဲပေးတာပါ။ အမျိုးသားက ၂၂ ဦး၊ အမျိုးသမီးက ၂၂ ဦးဖြစ်ပါတယ်။ ကျွန်တော်တို့က လက်ခံ ရယူပြီး ဒီနေ့ပဲ မော်လမြိုင်က လူငယ်သင်တန်း ကျောင်းကို ကုန်ကျစရိတ်တွေ ကျခံပေးပြီး မော်လမြိုင် လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင် ဦးဆောင်ပြီး ခေါ်သွားမှာပါ။ မော်လမြိုင်မှာ သုံးရက်ထားမယ်။ စစ်ဆေး ဆောင်ရွက်စရာတွေ ပြုလုပ်ပြီးရင် ခရီးစရိတ်တွေ ထောက်ပံ့ပေးပြီး သူတို့နေရပ် တွေကို ပြန်ပို့ပေးမှာ ဖြစ်ပါတယ်'' ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင် ကြသည့် မြန်မာ အလုပ်သမား များထဲမှ လူကုန်ကူးခံ ရသူများကို ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသား လုံခြုံရေးဝန်ကြီး ဌာန လက်အောက်ရှိ ဂေဟာ အသီးသီးတွင် လက်ခံ စောင့်ရှောက် ထားပြီး လူကုန်ကူးခံရ သူများအနက် နိုင်ငံသား စိစစ်မှု ရှိပြီးသူ မြန်မာ အလုပ်သမား ၄၄ ဦးကို လွှဲပြောင်းအပ်နှံ ခြင်းဖြစ်သည်။

အဆိုပါ လွှဲပြောင်း အပ်နှံပွဲသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းတန်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မြဝတီ)မှ ဒုတိယရဲမှူးနှင့် တာဝန်ရှိသူများ၊ အမျိုးသမီး ရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ခရိုင် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Wednesday, February 1, 2017

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံခဲ့ရသူ အမျိုးသမီး ၁၅ ဦးကို မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်


တာချီလိတ် ၊ ၁-၂-၂၀၁၇

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ အေ့ကွန်းဘွတ် စဖားဘန်ဒင်း ဦးဆောင်သော အဖွဲ့ဝင် ၃ဝ ဦးတို့သည် ထိုင်းနိုင်ငံတွင် လူကုန်ကူးခြင်း ခံခဲ့ရသော အမျိုးသမီး ၁၅ ဦးကို တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး ရှိ တာဝန်ရှိသူ များထံ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့လွှဲပြောင်း ပေးအပ်ရာတွင် မြန်မာဘက်မှ ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးကျော်သူနိုင်၊ ခရိုင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ထိန်ဝင်း နှင့်အဖွဲ့ဝင်များ၊ ခရိုင် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (၁)မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေး တို့ဦးစီး၍ အမျိုးသမီး သက်မွေး အတတ်ပညာ သင်ကျောင်းမှ ဒုတိယကျောင်းအုပ် ဒေါ်စောယုသွယ် နှင့် ဆရာမများ၊ တာချီလိတ် လူမှုဝန်ထမ်းဌာနမှ ဝန်ထမ်းများ၊ ခရိုင်အမျိုးသမီး ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်း နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များ၊ ဒေါ်ခင်မျိုးသန့် ဝေါလ်ဗွီရှင်း မြန်မာ (ရန်ကုန်- ကျိုင်းတုံ- တာချီလိတ်) အဖွဲ့တို့က လက်ခံသည်။

အဆိုပါ အမျိုးသမီး ၁၅ ဦးတို့သည် ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်ခြင်း၊ နေထိုင်ခွင့် ကတ်ပြားမရှိခြင်း၊ နယ်စပ် ဖြတ်သန်းခွင့် ခုနစ်ရက်ေ ကျာ်လွန်ခြင်း တို့ကြောင့် ရှောင်တခင် စစ်ဆေးချက်အရ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး လူကုန်ကူးခံ ရကြောင်း စစ်ဆေးတွေ့ရှိ သဖြင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန လက်အောက်ရှိ Songkhla Shelter တွင် လက်ခံ စောင့်ရှောက် ထားခြင်းဖြစ်သည်။ ထို့နောက် လူကုန်ကူးခံ ရသူ ၁၅ ဦးတို့ကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူ များက စိစစ်မှုများပြု လုပ်ပြီးနောက် ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်သည်။ အဆိုပါ အမျိုးသမီး များသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မိုင်းယောင်းမြို့၊ မက်မန်းမြို့၊ မိုင်းခတ်မြို့၊ မိုင်းယန်းမြို့နှင့် ''ဝ'' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့ရှိ ကျေးရွာများတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

လူကုန်ကူးခံခဲ့ ရသည့် အမျိုးသမီး ၁၅ ဦးကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်း၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်း နှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းဝင်များက နှစ်သိမ့်စကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ခရိုင်လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း က မှတ်ပုံတင် မပြုလုပ်ရသေး သူများကို မှတ်ပုံတင် ပြုလုပ်နိုင်ရေး ဆွေးနွေး ပြောကြားသည်။

ယင်းနောက် ပြည်နယ်လူမှု ဝန်ထမ်း ဦးစီးဌာနမှ ဦးကျော်သူနိုင် က တာချီလိတ် ဇာတိဖြစ်သော အမျိုးသမီးငယ် နှစ်ဦးအား မိဘများထံ အပ်နှံပေးခဲ့ပြီး ကျန် ၁၃ ဦးကို ကျိုင်းတုံ အမျိုးသမီးသက်မွေး အတတ်ပညာ သင်ကျောင်းမှ ဆရာမများနှင့် ဝေါလ်ဗွီရှင်း မြန်မာမှ တာဝန်ရှိသူများက မော်တော်ယာဉ် ဖြင့် တာချီလိတ်မှ ကျိုင်းတုံသို့ ခေါ်ဆောင်သွားပြီး ၄င်းတို့၏ မိဘဆွေမျိုး များထံ ပြန်လည် အပ်နှံမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Wednesday, January 11, 2017

၂၀၁၆ ခုနှစ် တစ်နှစ်တာကာလအတွင်း လူကုန်ကူးမှု ၁၃၀ ဖြစ်ပွားခဲ့


နေပြည်တော် ၊ ၁၁-၁-၂၀၁၇

မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေးကို ဦးစားပေး အစီအစဉ် အဖြစ် ထားရှိ၍ စီမံကိန်းများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းခြင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း ၊ အမျိုးသား ငါးနှစ်စီမံကိန်း ချမှတ် ဆောင်ရွက်ခြင်း၊ မဲခေါင် ခြောက်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ နှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ မူဝါဒများချမှတ်ခြင်းနှင့် ပြည်ပရောက် တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများ ကာကွယ် စောင့်ရှောက်ခြင်း၊ အဓမ္မ အလုပ်ခိုင်းစေမှု ပပျောက်စေရေး အတွက် ဥပဒေပြဋ္ဌာန်းခြင်း၊ အရွယ် မရောက်သေးသော ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ တားဆီး ကာကွယ်ရေး အတွက် ကုလသမဂ္ဂနှင့် ပူးပေါင်း၍ လုပ်ငန်း စီမံချက် အကောင် အထည်ဖော်ခြင်း၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင် ခွင့်ပြုခြင်း စသည့် ပြုပြင် ပြောင်းလဲရေးများ အကောင်အထည် ဖော်ဆောင်၍ လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းများကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်လျက် ရှိသည်။

ထိုကဲ့သို့ လူကုန်ကူးမှု တားဆီးရေး လုပ်ငန်းများကို အဘက်ဘက်က ပူးပေါင်း ဆောင်ရွက်လျက် ရှိသော်လည်း ဝိသမစီးပွား ရေး သမားများ၏ လူမဆန်စွာ လုပ်ကိုင်မှု များကြောင့် လူအချင်းချင်း ရောင်းစားသော လူကုန်ကူးမှုများ ဖြစ်ပွားလျက် ရှိသည်။ အချို့မှာလည်း စီးပွားရေး အဆင်မပြေမှု၊ ရိုးသားဖြူစင်မှု များကို အခွင့်ကောင်း ယူ၍ မက်လုံးပေး စည်းရုံး ဆွဲဆောင်ကာ လူပွဲစားများ လက်ထဲမှ ရောင်းစားခံရသည့် လူကုန်ကူးမှုများ ဖြစ်ပွားလျက် ရှိကြသည်။

ဤကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် လူပွဲစားများ၏ လုပ်ဆောင် မှုကြောင့် လူကုန်ကူးမှုများ ဖြစ်ပွားလျက်ရှိရာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ မှ ဒီဇင်ဘာလ အထိ လူကုန်ကူးမှု ၁၃ဝ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များတွင် ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၄ မှု၊ မန္တလေးတိုင်း ဒေသကြီးတွင် ကိုးမှု၊ ပဲခူးတိုင်း ဒေသကြီးတွင် တစ်မှု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် နှစ်မှု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် တစ်မှု၊ မကွေးတိုင်း ဒေသကြီးတွင် သုံးမှု၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၁ မှု၊ ကရင်ပြည်နယ် တွင် ငါးမှု၊ မွန်ပြည်နယ် တွင် ခုနစ်မှု၊ ရခိုင်ပြည်နယ် တွင် ရှစ်မှု၊ ကချင် ပြည်နယ်တွင် ၁၂ မှု၊ ရှမ်းပြည်နယ် တွင် ၄၇ မှု ဖြစ်ပွားခဲ့သည်။

ပြစ်မှု ကျူးလွန်သော တရားခံ အမျိုးသား ၈၁ ဦး၊ အမျိုးသမီး ၁၄၉ ဦး စုစုပေါင်း ၂၃ဝ ဖမ်းဆီးရမိ ခဲ့သည်။ တရားခံပြေး အနေဖြင့် အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၁ဝ၈ ဦး စုစုပေါင်း ၁၇၅ ဦးရှိခဲ့ပြီး ဖမ်းဆီးရမိရေး အတွက် ဆက်လက် စုံစမ်း စစ်ဆေးလျက် ရှိသည်။

တစ်နှစ်လုံး လူကုန်ကူးခံ ရသူဦးရေ ၃ဝ၅ ဦးရှိခဲ့ရာ ၂၅၄ ဦးကို ပြန်လည် ကယ်တင်နိုင် ခဲ့ပြီး ၅၁ ဦးကို ပြန်လည် ကယ်တင်နိုင်ခြင်း မရှိခဲ့ပေ။ လူကုန်ကူးခံ ရသည့် အမျိုးအစား များမှာ လူကြီး ၂၂၆ ဦး၊ လူငယ် ၃၈ ဦး၊
ကလေး ၄၁ ဦးဖြစ်သည်။

လူကုန်ကူးခံ ရသည့် ဦးတည်ရာ နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ မလေးရှား နှင့် ပြည်တွင်း၌လည်း ဖြစ်ပွားသည်။ ဦးတည်ရာနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၈၈ မှု၊ ထိုင်းနိုင်ငံသို့ ကိုးမှု၊ မလေးရှား နိုင်ငံသို့ ခြောက် မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ လူကုန်ကူးခံ ရသူများအား အဓမ္မ လက်ထပ်စေခိုင်းမှု ၈၅ မှု၊ အဓမ္မ ခိုင်းစေမှု ၃၁ မှု၊ ပြည့်တန်ဆာ ပြုလုပ် ခိုင်းစေမှု ၁၂ မှု၊ ကြွေးမြီအတွက် တစ်မှု၊ ကလေး မွေးစားမှု တစ်မှုဖြစ်သည်။

သို့ပါ၍ ပြည်သူများ အနေဖြင့် လူအချင်းချင်း ရောင်းစားကြသော လူပွဲစားများကို သတိ၊ အသိ နှင့်ယှဉ်၍ ရှောင်ရှား ကြရန်နှင့် မိမိ၏ ပတ်ဝန်းကျင်တွင် အဆိုပါ လူပွဲစားများ တွေ့ရှိ၊ သိရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အကြောင်းကြား နိုင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Saturday, December 24, 2016

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီ များအား မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည့် လူမှောင်ခိုသယ်လှေတစ်စင်း ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

တပ်မတော်(ရေ) မှ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် ဒီဇင်ဘာ ၂၃ ရက် နံနက် ၂ နာရီ ၃၅ မိနစ်ခန့်တွင် ရေယာဉ်၏ တောင်ဘက် ၄ မိုင်ခန့်အကွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပြင်မှ မြန်မာနိုင်ငံ ရေပြင်အတွင်း အနောက် မှ အရှေ့သို့ ခုတ်မောင်းနေသော ခရေဖူး အမည်ရှိ တရားမဝင် လူမှောင်ခို လှေတစ်စင်း နှင့်အတူ အမျိုးသား ရှစ်ဦးအား ဖမ်းဆီးရမိ ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီ၏ သတင်းထုတ်ပြန် ချက်အရ သိရှိရသည်။

အဆိုပါလှေသည် ကျိုက္ခမီ ဆိပ်ကမ်းမှ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းက ထွက်ခွာခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းမှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲသို့ ဖြတ်ဝင်၍ ကျောက်ပန္တု ၏ အနောက်ဘက် ၇ မိုင်ခန့်အကွာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အစပ်သို့ ဒီဇင်ဘာ ၂၂ ရက် ည ၁၁ နာရီခွဲတွင်ေ ရာက်ရှိကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားပွဲစား သုံးဦးအား စောင့်ဆိုင်းခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၃ ရက် နံနက် ၂ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပွဲစားများ မရောက်ရှိသေး သဖြင့် မြန်မာရေပိုင်နက် ထဲသို့ ဝင်ရောက်စဉ် နံနက် ၃ နာရီတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

လှေပေါ်တွင် လိုက်ပါလာသူ ကော့သောင်းမြို့နယ် ရွှေပြည်သာ ရပ်ကွက်နေ မောင်သာကဲ အား စစ်ဆေးမေးမြန်းရာ ထိုင်းနိုင်ငံနေ ဘင်္ဂါလီလူမျိုး ဂျာမား ဆိုသူက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ မလေးရှားနိုင်ငံသို့ လူများ သယ်ဆောင် ရန်အတွက် ခေါက်ကြေးပေး ငှားရမ်းခဲ့ပြီး ကျိုက္ခမီမြို့ ဝက်သိုးရပ်ကွက်နေ လှေပိုင်ရှင် ဦးသန့်ဇင် နှင့် ဂျာမားဆိုသူတို့ တိုက်ရိုက် ဆက်သွယ်ခြင်း ကြောင့် ငှားရမ်းခ မသိရကြောင်း၊ ၄င်းသည် ကိုယ်စားလှယ်သာ ဖြစ်ပြီး လှေသားတစ်ဦး တစ်ခေါက်လျှင် ငွေကျပ် တစ်သိန်းခွဲ ရရှိကြောင်းနှင့် လှေပေါ်လိုက်ပါ မည့်သူ တစ်ဦးလျှင် ဘတ်ငွေ တစ်သောင်းခွဲ ပေးရမည် ဖြစ်ကြောင်း သိရသည်။

ယခုခရီးစဉ်သည် ဘင်္ဂါလီလူမျိုး ၂ဝဝ ခန့်အား တင်ဆောင်ကာ ဘင်္ဂလားဒေ့ရှ်- ထိုင်းနိုင်ငံ တောင်ပိုင်းမှ တစ်ဆင့် မလေးရှားနိုင်ငံ သို့သွားရောက်မည် ဖြစ်ကာ ထိုင်းနိုင်ငံ တောင်ပိုင်းရေပြင်တွင် တစ်ထောက် ရပ်နားမည် ဖြစ်ပြီး မလေးရှားနိုင်ငံ ရေပြင်သို့ ရောက်ရှိချိန်တွင် ဂျာမားဆိုသူက စက်လှေဖြင့် လာရောက်၍ ပါလာသည့် လူများအား လှေဖြင့်ထပ်ဆင့် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဖမ်းမိလှေ နှင့် တရားခံရှစ်ဦးအား တရားဥပဒေနှင့် အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်လက်လွှဲပြောင်း သွားမည်ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Thursday, November 3, 2016

သားငယ် ၊ သမီးငယ်တို့ နားမယောင်မိကြ စေဖို့


သားငယ် ၊ သမီးငယ်တို့ နားမယောင်မိကြ စေဖို့

ခိုင် (ပညာရေး)

သတင်းစာများ၊ ဂျာနယ်များတွင် အမြဲမပြတ် ဖတ်မိသည့် သတင်းများမှာ လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာ များ ဖြစ်သည်။ လူကုန်ကူးခံရပြီး ရောင်းစားခံ ရခြင်းများ၊ အနှိပ်စက်ခံ ရခြင်းများ၊ အိမ်ထဲမှ အိမ်ပြင် အထွက်မခံဘဲ နှိပ်စက်ခြင်းများ၊ လူကုန်ကူးရန် အတွက် သမီးရည်းစား အဖြစ် ဟန်ဆောင် ချစ်ဟန်ပြုပြီး ခေါ်ဆောင် သွားခြင်းများ အစုံပင်ဖြစ်သည်။ စာရေးသူ ရေးသားခဲ့သည့် ''ပွင့်သောပန်းတိုင်း အစဉ်အမြဲ လန်းဆန်းစေချင် ပါသည်'' ဆောင်းပါး ထဲကကဲ့သို့ ဖုန်းတစ်လုံး ကိုင်ထားပြီး အကျိုးရှိစွာ အသုံးမချဘဲ တွေ့မြင်ဖူးခြင်း မရှိသည့် သူများနှင့် ဆက်သွယ်မိရာမှ မလိုလားအပ် သည့် ပြဿနာများ ဖြစ်ပေါ် လာရခြင်း များလည်း ပါဝင်သည်။ ထို ပြဿနာများတွင် ငယ်ရွယ်သော နဝမတန်း၊ တက္ကသိုလ် ဝင်တန်း အရွယ် ကျောင်းသူလေးများ သားကောင် ဖြစ်နေကြရသည် ကိုလည်း စိတ်မကောင်းစွာ ကြားသိ နေရသည်။ ယုံလွယ်တတ်သည့် ငယ်ရွယ်သူ လေးများကို လက်ကိုင်ဖုန်း လွတ်လပ်စွာ ပေးကိုင်ထားခြင်း၊ တစ်ဦးတည်း အဖော် မပါဘဲ ကျောင်းသို့ သွားလာစေခြင်း များမှာ လူကုန်ကူး သူများ၏ ပစ်မှတ်များ ဖြစ်လာနိုင်သည်။

ယခုနှစ် စက်တင်ဘာ ၃ ရက်က လူကုန်ကူးမှုနှင့် ပတ်သက်၍ အသိပညာပေး အဖြစ် စာရေးသူတို့ ကျောက်တံတား အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျောင်းအုပ် ဆရာကြီး၏ တာဝန်ပေးချက် အရ ကျောင်းသူ၊ ကျောင်းသားလေး များကို စာရေးသူ ဟောပြော ခဲ့ရသည်။ ထို ဟောပြောချက် များနှင့် ပတ်သက်၍ အခြား ကျောင်းသူ၊ ကျောင်းသား၊ သားငယ်၊ သမီးငယ်လေး များပါ သိရှိစေရန် အတွက် ဆောင်းပါးအဖြစ် ပြန်လည်ရေးသား မျှဝေရခြင်း ဖြစ်သည်။

လူကုန်ကူးမှု ဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အာဏာ အသုံးပြု၍ အဓမ္မ ခေါ်ဆောင်ခြင်း၊ ရပ်တည်ရန် ခက်ခဲသော အခြေအနေ ကို အလွဲသုံးစား ပြု၍ လူစုဆောင်းခြင်း ၊ ပို့ဆောင်ခြင်း ၊ လွှဲပြောင်း ခြင်းများ ပြုလုပ်၍ အဓမ္မစေခိုင်းခံ ရခြင်း၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အသုံးချခံ ရခြင်းများကို ဆိုလိုသည်။ လူကုန်ကူးမှု ၏ အဓိပ္ပာယ်မှာ ''မိမိအကျိုးစီးပွား တစ်ခုတည်း အတွက် လူသားများ၏ ကိုယ်ကာယ လုပ်အားများကို လူသား အချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ် အကျိုးအမြတ် ရယူခြင်း'' ကို ခေါ်ဆိုသည်။ လူကုန်ကူးမှုများ ပေါ်ပေါက် လာရခြင်း၏ တွန်းအားပေး ချက်များမှာ ဆင်းရဲခြင်း၊ ပညာတတ် မြောက်မှုနည်းပါးခြင်း၊ အလုပ်အကိုင် မရှိခြင်း၊ လိင်ပိုင်း ဆိုင်ရာခွဲခြား ဆက်ဆံမှုရှိခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု နှင့် မတရားပြုမူ ခံရခြင်းတို့ကြောင့် ထွက်ပေါက် ရှာကြခြင်း စသည်တို့ ဖြစ်သည်။

လူကုန်ကူးမှု ခံရသူအများစုမှာ ဖြတ်လမ်းနည်းဖြင့် ကြီးပွား ချမ်းသာချင် သူများ၊ ယုံကြည် လွယ်သူများ၊ အားနာတတ် သူများ၊ ပညာ ဗဟုသုတ နည်းပါးသူများ၊ အကာအကွယ် မဲ့သော ကလေးများ၊ နိုင်ငံရပ်ခြား အထင်ကြီး သူများ၊ စီးပွားရေး အဆင်မပြေ သူများ ဖြစ်ကြသည်။

မည်သူမဆို လူကုန်ကူးခံ ရနိုင်သကဲ့သို့ အထူးသဖြင့် အမျိုးသမီးများ နှင့် ကလေးသူငယ် များမှာ လူကုန်ကူးသူ များအတွက် အမြတ်အစွန်း ပိုမိုရရှိနိုင် ခြင်းကြောင့် လူကုန်ကူးမှု အများဆုံး ခံရနိုင်သည်။ မြန်မာနိုင်ငံတွင် အများဆုံး ဖြစ်ပွားသော လူကုန်ကူးမှု အမျိုးအစား များမှာ တရုတ်နိုင်ငံမှ တရုတ် အမျိုးသားများနှင့် အဓမ္မ လက်ထပ်ရန် အတွက် မြန်မာ အမျိုးသမီးများကို ရောင်းစားခြင်းပင် ဖြစ်သည်။ စည်းရုံးနည်းမှာ ချမ်းသာသော အမျိုးသားများနှင့် လက်ထပ်ရမည် ဟု ပြောဆို၍ အမျိုးသမီးငယ် များကို ခေါ်ဆောင်ခြင်း ဖြစ်သည်။ ထို့အတူ ထိုင်းနိုင်ငံ တွင် အဓမ္မစေခိုင်းရန် ရောင်းစားခြင်း၊ ပြည့်တန်ဆာ ပြုခြင်း၊ အိမ်ဖော်အဖြစ် စေခိုင်းခြင်းများ အတွက်လည်း မြှူဆွယ် စည်းရုံးခြင်းများ ပြုလုပ်ကြသည်။ စာရေးသူတို့ နိုင်ငံ အတွင်းတွင်လည်း ချစ်သူရည်းစား အဖြစ် ဟန်ဆောင်ခြင်း၊ ဟန်ဆောင် လက်ထပ်ခြင်း၊ ကလေးသူငယ် များကို ကြမ်းတမ်းပြီး အန္တရာယ်ရှိသော အလုပ်များခိုင်းစေ၍ နှိပ်စက်ခြင်း များကိုလည်း တွေ့မြင် နေကြရသည်။

ထို့ကြောင့် မိဘများ အပါအဝင် သားငယ်၊ သမီးငယ်များ အနေဖြင့် မည်သူ့ကိုမျှ အလွယ်တကူ မယုံကြည် ပါနှင့်။ မိမိတို့ဒေသသို့ ရောက်လာသည့် မမြင်ဘူးသော သူစိမ်းများဆိုလျှင် သတိထား စောင့်ကြည့်ပါ။ အလုပ်အကိုင် ကောင်းကောင်း ရမည်ဟု ပြောဆို စည်းရုံးပါ ကလည်း မိမိတို့ကို ရောင်းစားမည့် လူပွဲစားများသာ ဖြစ်သည်ကို သိရှိကြရန် လိုသည်။ အထူးသဖြင့် သမီးငယ်များ အနေဖြင့် ဖုန်းမှ တစ်ဆင့် သိကျွမ်းသူများကို အလွယ်တကူ မယုံကြည်ပါနှင့်။ မိမိကို ချစ်ဟန် ကြိုက်ဟန် ဆောင်၍ မိမိဘဝကို ဖျက်ဆီးပြီး မိမိကို တစ်ဆင့်ရောင်း စားမည့်သူများ ဖြစ်နိုင်သည်။

စာရေးသူ နေထိုင်ခဲ့သည့် မြဝတီမြို့သည် နယ်စပ်မြို့ ဖြစ်သည်နှင့် အညီ လူကုန်ကူးသူများ (ဒေသအခေါ်) လူကယ်ရီ သမားများ အလွန် ပေါများသည်။ စာရေးသူ သိမြင်ခဲ့ရ သလောက် တစ်ဖက် ထိုင်းနိုင်ငံသို့ ငယ်ရွယ်သော လူငယ်လူရွယ် အများစု သွားရောက် အလုပ်လုပ်ကိုင် ကြသည်ကို တွေ့ရသကဲ့သို့ ဒုက္ခပေါင်းစုံဖြင့် ပြန်လည် ရောက်ရှိ လာကြသည် ကိုလည်း တွေ့မြင်ခဲ့ ရသည်။ ခင်ပွန်းသည်က မြဝတီခရိုင် ရဲတပ်ဖွဲ့တွင် တာဝန် ထမ်းဆောင် ခဲ့ဖူးသဖြင့် သွားရောက် အလုပ်လုပ်ကိုင် ကြသူများ၏ မကောင်းသော အဖြစ်အပျက် မျိုးစုံကိုလည်း သိမြင်ခဲ့ရသည်။ သွားရောက် အလုပ်လုပ်ကိုင် ကြသူများ၏ စိတ်ပိုင်းဆိုင်ရာ ဒုက္ခများနှင့် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခများကိုလည်း ကိုယ်တိုင် တွေ့မြင်ခဲ့ ရသည်။

ထို့ကြောင့် သားငယ်၊ သမီးငယ်များ အနေဖြင့် နိုင်ငံရပ်ခြားကို အထင် မကြီးသင့် သကဲ့သို့ မိမိနိုင်ငံ အတွင်းတွင်လည်း သားသမီးချင်း ကိုယ်ချင်း မစာသော လူယုတ်မာများ ရှိနေသည်ကို သတိပြုကြရန် လိုသည်။ တိုးတက် လာသော နည်းပညာများ အရ ကျူးလွန်ရန် လွယ်ကူခြင်း၊ အရင်းအနှီး နည်းနည်းဖြင့် အမြတ်အစွန်း များကြီးမားစွာ ရရှိခြင်းတို့ကြောင့် ပိုမိုကြီးမား လာသော လူကုန်ကူးမှု ပြဿနာကို ၁၉၉၆ ခုနှစ်မှစတင်၍ တိုက်ဖျက်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ မြန်မာလူမျိုး တို့ တန်ဖိုးထားသော အမျိုးအနွယ် စောင့်ထိန်းမှုကို ထိခိုက်ပျက်ပြား စေသည့်အတွက် ဤပြဿနာ တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် မူဝါဒချမှတ် ဆောင်ရွက် ခဲ့သည်။ လူကုန်ကူးမှု ကျူးလွန်သူများ အတွက်လည်း ထိရောက်သော ပြစ်ဒဏ်များကို ချမှတ်ခဲ့သည်။

အထက်ပါ အကြောင်းအရာ များကြောင့် သားငယ်၊ သမီးငယ်များ အနေဖြင့် မိမိတို့ကိုယ်တိုင် နှင့်အခြားသူများ လူကုန်ကူးမှု မခံရစေရန် သတိပြုဆင်ခြင် နေထိုင်ရမည် ဖြစ်သည်။ ထို့ပြင် လူကုန်ကူး ခံခဲ့ရဖူး သူများကိုလည်း စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ရှိစေရန်အတွက် အားပေး ကူညီခြင်း၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ကောင်းမွန်စွာ ဆက်ဆံခြင်း၊ လူကုန်ကူးမှုကို ဝိုင်းဝန် ဖော်ထုတ်၍ ဥပဒေအရ တုံ့ပြန်နိုင်ရန် ကာကွယ်ပေးခြင်း၊ ဘဝသစ် ထူထောင်ရေး အတွက် ဝိုင်းဝန်းကူညီ  ကြခြင်းများ ပြုလုပ်ကြရန် နှင့် မိမိတို့ ကိုယ်တိုင်လည်း ထိုအဖြစ်မျိုးများမှ ကင်းဝေးစေရန် အတွက် မည်သူ့ စကားကိုမျှ နားမယောင်မိ  ကြစေရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။



ရတနာပုံနေ့စဉ် ၊ စာ(၂၃)

Monday, September 19, 2016

ထိုင်းနှင့်မလေးရှားနိုင်ငံတို့၌ ရရှိသော အနည်းဆုံးလုပ်ခလစာသည် ပြည်တွင်း၌ သတ်မှတ်ထားသည့် လုပ်ခလစာထက် ပိုမိုများပြားနေခြင်းက လူကုန်ကူးမှု ဖြစ်ပွားစေသည့် အကြောင်းရင်းဖြစ်



ရန်ကုန် ၊ ၁၉-၉-၂၀၁၆

ထိုင်းနှင့် မလေးရှားနိုင်ငံ တို့၌ ရရှိသော အနည်းဆုံး လုပ်ခလစာသည် ပြည်တွင်း၌ သတ်မှတ်ထားသည့် လုပ်ခ လစာထက် ပိုမို များပြားနေခြင်း က လူကုန်ကူးမှုကို ဖြစ်စေသော အကြောင်းရင်း တစ်ရပ် ဖြစ်ကြောင်း အမှတ်(၆) လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံ၌ အလုပ်သမား တစ်ဦးအတွက် အနည်းဆုံး လုပ်အားခသည် တစ်ရက်လျှင် ငွေကျပ် ၃၆ဝဝ သတ်မှတ် ထားသောကြောင့် ထိုင်းနှင့် မလေးရှားနိုင်ငံ တို့၌ အလုပ်သမား တစ်ဦးအတွက် အနည်းဆုံး လုပ်အားခသည် မြန်မာနိုင်ငံ ထက် သုံးဆကျော် ပိုမိုများပြား နေကြောင်း၊ ယင်းကဲ့သို့ လုပ်ခလစာ ကွာဟချက်မှာ ပြည်တွင်းရှိ အခြေခံ လူတန်းစား များကို အဆိုပါနိုင်ငံ များ၌ အလုပ်လုပ် ကိုင်ရန် တွန်းအားပေး သကဲ့သို့ ဖြစ်နေပြီး ၄င်းတို့အနက် တချို့သော မြန်မာလုပ်သား များသည် လူပွဲစားများနှင့် တွေ့ကာ လုပ်ခလစာ မရဘဲ ခိုင်းစေခံရခြင်း၊ လုပ်ခလစာ ခေါင်းပုံဖြတ်ခံ ရခြင်းတို့ အပြင် လူကုန်ကူး ခံရသည့် အခြေအနေ များနှင့် ရင်ဆိုင်တွေ့ကြုံ ကြရကြောင်း သိရသည်။

ပြည်တွင်းမှ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ အနေဖြင့် လူကုန်ကူးမှု များအား ရှာဖွေစုံစမ်း ဖော်ထုတ်ခြင်း များကို သက်ဆိုင်ရာ ဌာနများ၊ ပြည်သူများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်း များအပြင် ဒေသတွင်း နိုင်ငံများမှ ရဲတပ်ဖွဲ့များ နှင့်လည်း ဆက်သွယ် ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် မြို့ရွာနှင့် ရပ်ကွက်များ၊ စက်ရုံ အလုပ်ရုံများသို့ သွားရောက်၍ လူကုန်ကူးမှု ကြိုတင်တားဆီး ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း များ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၅)

Sunday, June 5, 2016

ရန်ကုန်တိုင်းဒေသကြီး၌ ငါးလအတွင်း လူပျောက်တိုင်ကြားမှု ၂၀၀ ကျော်ရှိခဲ့ရာတွင် ၁၀၀ ကျော် ပြန်လည် တွေ့ရှိခဲ့သော်လည်း ကလေးငယ် ၆၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်


ရန်ကုန် ၊ ၅-၆-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး၌ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မေ ၃၁ ရက်အထိ လူပျောက်မှု တိုင်ကြားချက် ၂ဝဝ ကျော် ရှိခဲ့ရာ ၁ဝဝ ကျော်သာ ပြန်လည်တွေ့ရှိ ခဲ့ပြီး အသက် ၁၆ နှစ်အောက် အရွယ် ကလေးငယ် ၆၁ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

ယင်းသို့ ပျောက်ဆုံးနေသည့် ကလေးငယ် ၆၁ ဦးတွင် အသက် ၁ဝ နှစ်မှ ၁၆ နှစ်ကြားရှိ အမျိုးသမီး ၄၄ ဦး၊ အမျိုးသား ၁၂ ဦးနှင့် ၁ဝ နှစ်အောက် ကလေးငယ် ငါးဦးတို့ ဖြစ်ပြီး အလည်လွန် ရာမှ ပျောက်ဆုံးခဲ့ မှုသည် အများဆုံး ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ၁ဝ နှစ်အောက် ကလေးငယ် လူပျောက် တိုင်ကြားမှု ပေါင်း ၁၈ မှုရှိခဲ့ရာ ကလေးငယ် ၁၃ ဦးကို ပြန်လည် တွေ့ရှိခဲ့ပြီး ကလေးငယ်များ ထပ်မံ မပျောက်ဆုံး စေရန် အုပ်ထိန်းသူ မိဘများနှင့် စာသင် ကျောင်းများမှ ဆရာ၊ ဆရာမများကို ရဲတပ်ဖွဲ့က မှုခင်း အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း လူပျောက် တိုင်ကြားသည့် အမှုပေါင်း ၁၆ဝဝ ကျော်ရှိခဲ့ပြီး ၁၁၉၉ ဦးကို ပြန်လည်တွေ့ရှိခဲ့ သော်လည်း လူ ၄၅ဝ ကျော်မှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း၊ ယင်း လူပျောက်ဆုံးမှု ဖြင့် တိုင်ချက်ဖွင့်သူ များတွင် အမျိုးသမီး အများစု ပါဝင်ခဲ့ပြီး အသက် ၁၈ နှစ်မှ ၃ဝ နှစ်အရွယ် ကြားရှိ အမျိုးသမီးများ အလုပ်သွား အလုပ်ပြန်ရာမှ ပျောက်ဆုံး ခဲ့ကြောင်း၊ ၁ဝ နှစ်အောက် ကလေးငယ် ပျောက်ဆုံးမှုမှာ ၁ဝ မှုခန့်သာ ရှိခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၅)

Wednesday, January 6, 2016

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သား ၁၄ ဦး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၆-၁-၂၀၁၆

အင်ဒိုနီးရှားနိုင်ငံ ၊ အန်ဘွန်ကျွန်း၌ ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၁၄ ဦးသည် ယမန်နေ့ ည ၆ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ပြန်လည် ရောက်ရှိ လာသည်။

အဆိုပါ ရေလုပ်သားများအား မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများ၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦး စီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

မြန်မာရေလုပ်သား ၁၄ ဦးသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးမှ နိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရပြီး မြန်မာသံရုံးနှင့် IOM တို့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။

အဆိုပါ ရေလုပ်သားများအား လူကုန်ကူးခံရခြင်း ဟုတ်၊ မဟုတ် စိစစ်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာနေရပ် များသို့ လူမှုဝန်ထမ်းဦးစီး ဌာနနှင့် IOM တို့မှ မိမိတို့၏ နေရပ်များသို့ ပို့ဆောင် ပေးသွားမည်ဖြစ်သည်။ 

ရေလုပ်သားများ၏ ရပိုင်ခွင့်များကိုလည်း စက်လှေပိုင်ရှင် များနှင့် ဆွေးနွေး ဆောင်ရွက် ပေးထားကြောင်း သိရသည်။

အင်ဒိုနီးရှားရောက် မြန်မာရေလုပ်သားများ ပြန်လည်ခေါ်ယူ ခဲ့ရာတွင် ၂ဝ၁၅ ခုနှစ်အတွင်း ၂၅ ကြိမ်ခေါ်ယူ နိုင်ခဲ့ပြီး ရေလုပ်သား ၁ဝ၂၄ ဦးအား ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Thursday, August 27, 2015

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အနေဖြင့် လူကုန်ကူးမှု ၇၄ မှုဖြစ်ပွား


ရန်ကုန် ၊ ၂၇-၈-၂၀၁၅

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်း ဆောင်ရွက်မှုများ ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေး အကဲဖြတ်ခြင်း နှင့် အစီရင်ခံခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ မြန်မာ တစ်နိုင်ငံလုံး အနေဖြင့် ၂ဝ၁၅ ခုနှစ် သြဂုတ် ၂၅ ရက်အထိ လူကုန်ကူးမှု ၇၄ မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ၁၂ မှုကို အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

တစ်နိုင်ငံလုံး အနေဖြင့် ၂ဝ၁၁ ခုနှစ်တွင် လူကုန်ကူးမှု ၁၃၆ မှု၊ ၂ဝ၁၂ ခုနှစ်တွင် လူကုန်ကူးမှု ၁၂ဝ မှု၊ ၂ဝ၁၃ ခုနှစ်တွင် လူကုန်ကူးမှု ၁ဝ၂ မှုနှင့် ၂ဝ၁၄ ခုနှစ်တွင် လူကုန်ကူးမှု ၁၂၄ မှု ဖြစ်ပွားခဲ့သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ အနေဖြင့် လုပ်ငန်း စီမံချက်များ အရှိန်အဟုန်မြှင့် အကောင် အထည် ဖော်ဆောင်ရွက် မှုကြောင့် ဇူလိုင် ၂၇ ရက်တွင် အမေရိကန် နိုင်ငံ မှ ထုတ်ပြန်သည့် ၂ဝ၁၅ ခုနှစ် အစီရင် ခံစာတွင် မြန်မာနိုင်ငံကို Tier 2 Watch List အဆင့်အဖြစ် သတ်မှတ်ခြင်း ခံရသည်။

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ကို ၁၉၉၇ ခုနှစ်တွင် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ စာချုပ် ဖြစ်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နောက်ဆက်တွဲ စာချုပ်ကို သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။

၂ဝဝ၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေကို အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်း ကော်မတီ သုံးခုကို ဖွဲ့စည်းခဲ့ပြီး တားဆီး ကာကွယ်ရေး၊ တရား စွဲဆိုရေး၊ လူကုန်ကူးခံ ရသူများကို အကာအကွယ် ပေးရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အလေးထား ဆောင်ရွက် နိုင်ခဲ့သည်။ ၂ဝဝ၇ ခုနှစ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ငါးနှစ်စီမံကိန်း ရေးဆွဲပြီး နှစ်စဉ် လုပ်ငန်း စီမံချက်များဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ 

ကောင်းစစ်နိုင်

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

Wednesday, August 19, 2015

လူ ၄၉ ဦးအသက်ရှူကျပ် သေဆုံးခဲ့သည့် တရားမ၀င် ရွှေ့ပြောင်းမှုအတွင်း ပါဝင်သူ ၈ ဦးကို အီတလီဖမ်းဆီး


Eight held in Italy after 49 migrants suffocate on packed boat


ရောမ ၊ ၁၉-၈-၂၀၁၅

မြေထဲပင်လယ် ကိုဖြတ်၍ အီတလီနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်း လှေစီးသူ ၄၉ ဦး အသက်ရှူကျပ် သေဆုံးမှုနှင့် ဆက်စပ်နေသူ ရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း အီတလီ အာဏာပိုင် များက ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အဆိုပါ သေဆုံးသူ များသည် လူပေါင်း ၃၁၂ ဦးကို ပြည့်ကျပ်စွာ တင်ဆောင်လာသည့် ငါးဖမ်းစက်လှေ တစ်စီးပေါ်တွင် လိုက်ပါလာ ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့မှာ ပြီးခဲ့သည့် သီတင်းပတ် အတွင်းက သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ကို ခေါ်ဆောင် လာသည့် လူကုန်ကူး သူများသည် အသက်ရှူကျပ် ခြင်းကြောင့် စက်လှေ အထက်သို့ တက်၍ အသက်ရှူရန် ကြိုးပမ်းခဲ့သူ များ၏ ဦးခေါင်းကို ခြေထောက်ဖြင့် ကန်ကျောက် ခဲ့ကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။

ငါးဖမ်း စက်လှေပေါ်တွင် လိုက်ပါလာခဲ့ သူများသည် မြောက်အာဖရိကမှ ဥရောပသို့ တရားမဝင် ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့သူ များဖြစ်ပြီး လူကုန်ကူး သူများသည် လစ်ဗျားနိုင်ငံ အတွင်း ဖြစ်ပွားလျက် ရှိသည့် လက်နက်ကိုင် ပဋိပက္ခများ အပေါ် အခွင့်ကောင်း ယူ၍ နိုင်ငံအတွင်းမှ ထွက်ခွာ၍ ဥရောပနိုင်ငံ များသို့ သွားရောက် လိုသူများကို ဒေါ်လာ ထောင်ပေါင်း များစွာကို အခကြေးငွေ အဖြစ် ရယူပြီး ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ပို့ဆောင်ရာတွင် စက်လှေပေါ်၌ ဆံ့နိုင်သည့် ဝန်အား ပမာဏထက် လူပေါင်း များစွာကို တင်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အီတလီ အစိုးရသည် တရားမဝင် လူကုန်ကူး သူများကို လူသတ်မှု၊ တရားမဝင် လူကုန်ကူးမှု များဖြင့် ဖမ်းဆီး တရားစွဲဆို ထားကြောင်း ယင်းနိုင်ငံ အာဏာပိုင်များ၏ ထုတ်ပြန်ချက် အရ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)

#Yadanarpondaily

Friday, May 22, 2015

မြန်မာနိုင်ငံတွင် အချို့နေရာများ၌ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော ကလေးငယ် ၁၀ ရာခိုင်နှုန်းခန့် ရှိနေ


Burmese children work in a Thai owned
shrimp processing plant sorting and grading
shrimp in Samut Sakhon, Thailand

မန္တလေး ၊ ၂၂-၅-၂၀၁၅

မြန်မာနိုင်ငံ အချို့နေရာ များ၌ ကလေးသူငယ် များအပေါ် ရုပ်ပိုင်းဆိုင်ရာ အရ သော်လည်းကောင်း ၊ စိတ်ပိုင်းဆိုင်ရာ အရ သော်လည်းကောင်း၊ အကြမ်းဖက်ခံ ရသော ကလေးသူငယ် များမှာ ၁ဝ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု (မန္တလေး) မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဓိက အားဖြင့် မိဘ အုပ်ထိန်းသူ များ၏ အသိပညာ ဗဟုသုတ နည်းပါးမှုကြောင့် ကလေးငယ် များမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစား နေရကြောင်း သိရသည်။ အရွယ်မရောက် သေးသော ကလေးငယ် များသည် မိဘ၊ အုပ်ထိန်းသူ များအား အလုံးစုံ မှီခိုနေရပြီး မိမိကိုယ်ကို ကာကွယ် စောင့်ရှောက် နိုင်စွမ်းအား မရှိသေးဘဲ ယုံကြည်လွယ်သည့် အတွက် အကြမ်းဖက် လိုသူများ၏ အလွယ်တကူ စည်းရုံးသိမ်းသွင်း ခံရနိုင်ကြောင်း သုံးသပ်မှု များတွင် ဖော်ပြသည်။

''ကလေးသူငယ်များ အပေါ်မှာ ကာကွယ် စောင့်ရှောက်မှု နည်းလမ်းတွေ မသိတာ၊ ကလေးတွေကို လျစ်လျူရှု တာတွေက ကလေးတွေ အပေါ်မှာ အကြမ်းဖက် ခံရမှုဆိုတဲ့ အန္တရာယ်တွေ ကျရောက် စေနိုင်ပါတယ်'' ဟု ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု (မန္တလေး)မှ အရာရှိတစ်ဦး က ပြောပြသည်။

မိဘများ၏ စီးပွားရေး အခက်အခဲ၊ ဉာဏ်ရည် အမြော်အမြင် နည်းပါးမှု၊ အနေနီးစပ်မှု၊ အသိပညာ နည်းပါးမှု တို့ကြောင့် လိုအပ်သော ဆိုဆုံးမမှုထက် ပိုမို၍ အပြင်းအထန် ရိုက်နှက်ခြင်း သည် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုဖြစ်ပြီး ရိုင်းစိုင်း ကြမ်းတမ်းသော စကားများဖြင့် ပြောဆိုခြင်း သည်လည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း ပင် ဖြစ်သည်။

အထူးသဖြင့် အရွယ်မရောက် သေးသော မိန်းကလေး ငယ်များသည် မကောင်းမှုနှင့် အသက်မွေး ဝမ်းကျောင်းပြု လုပ်ကိုင်နေသည့် နေရာများနှင့် အခြား လုပ်ငန်းများတွင် ရောက်ရှိ သွားပါက လူကုန်ကူးခြင်း ခံရနိုင်သည့် အပြင် ပြည့်တန်ဆာ လုပ်ငန်းသို့ ရောက်ရှိ သွားပါက လိင်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်း ဆိုင်ရာ ခေါင်းပုံဖြတ် ခံရမည့် အပြင် ကူးစက်ရောဂါ အမျိုးမျိုး ရရှိခံစား ရပြီး ဝမ်းနည်းဖွယ် ဘဝဖြင့် အဆုံးသတ် သွားရသည့် အဖြစ်အပျက်များ ဖြစ်ပွား လာနိုင်သည်။

ပြည်တွင်း ရွှေ့ပြောင်း ကလေး အလုပ်သမား ဖြစ်စဉ်များကို သုတေသန ပြုချက်အရ ၇၇ ဒသမ ၃ ရာခိုင်နှုန်း သည် မိန်းကလေးများ ဖြစ်ကြောင်း နှင့် ဆိုးရွားလှသည့် အလုပ်ခွင်တွင် အလုပ်လုပ်ကိုင် နေရကြောင်း လေ့လာ သိရှိရသည်။

အချို့နိုင်ငံ များတွင် နာရီပေါင်း များစွာ အလုပ်လုပ်ကိုင် ရပြီး အကျဉ်းသား ကဲ့သို့ နေထိုင် ရသော်လည်း မိမိကိုယ်ကိုယ် လူကုန်ကူး ခံရသည်ဟု နားလည်နိုင်စွမ်း မရှိကြဟု သိရသည်။ ကလေးသူငယ် လူကုန်ကူးမှုနှင့် ငြိစွန်းမှု များတွင် ပြည်ပနိုင်ငံများ သာမက ပြည်တွင်း ၌လည်း ပုံစံကွဲပြား၍ ရှိနိုင်ကြောင်း သိရသည်။ (၁၇၂)

#Yadanarpondaily

Monday, May 18, 2015

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာရေလုပ်သား ၁၂၈ ဦး ထပ်မံရောက်ရှိ



ရန်ကုန် ၊ ၁၈-၅-၂၀၁၅

အင်ဒိုနီးရှားနိုင်ငံရှိ ဘန်ဂျီနာကျွန်း၊ တူရယ်ကျွန်း နှင့် ဒိုဘိုကျွန်း တို့တွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာ ရေလုပ်သား ၁၂၈ ဦးသည် ကမ္ဘောဇဘဏ် အုပ်စုနှင့် MAI လေကြောင်းလိုင်းတို့ ပူးပေါင်း စီစဉ်သည့် စင်းလုံးငှား လေယာဉ် အခမဲ့ဖြင့် ယမန်နေ့ ညပိုင်းတွင် ဒုတိယအသုတ် အဖြစ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။

ရောက်ရှိလာသည့် မြန်မာ ရေလုပ်သားများမှာ ရန်ကုန်တိုင်း ဒေသကြီးမှ ၁၅ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၂ဝ ဦး၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း)မှ ၁၅ ဦးနှင့် ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း)မှ နှစ်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၂ဝ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ တစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ တစ်ဦး၊ မကွေးတိုင်း ဒေသကြီးမှ တစ်ဦး၊ မွန်ပြည်နယ်မှ ၃၁ ဦး၊ ကရင်ပြည်နယ်မှ ၁၂ ဦးနှင့် ရခိုင်ပြည်နယ်မှ ၁ဝ ဦးတို့ဖြစ်သည်။

ဒုတိယအသုတ် ရောက်ရှိလာသော မြန်မာ ရေလုပ်သား ၁၂၈ ဦးကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို)မှ တစ်ဦးလျှင် ငွေကျပ်တစ်သိန်း၊ ကမ္ဘောဇဘဏ် အုပ်စုမှ တစ်ဦးလျှင် ငွေကျပ် ငါးသောင်း၊ IOM က တစ်ဦးလျှင် ငွေကျပ် တစ်သောင်း၊ ငါးလုပ်ငန်း ဦးစီးဌာနမှ တစ်ဦးလျှင် ငွေကျပ်ငါးထောင် ထောက်ပံ့ ပေးအပ်သည်။

ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း (ကျိုက်ဝိုင်း)တွင် ရေလုပ်သား များအား ခေတ္တစောင့်ရှောက် ထားရှိပြီး ကျန်းမာရေး စစ်ဆေးမှုများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ရှိ၊ မရှိ မရှိလျှင် ယာယီ ခရီးသွားလာခွင့် ကတ်များ ထုတ်ပေးခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင် ရရှိရေးအတွက် ပံ့ပိုးကူညီမှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

''အင်ဒိုနီးရှား နိုင်ငံဟာ ကျွန်းနိုင်ငံ ဖြစ်ပြီး ကျွန်းအကြီး အသေး စုစုပေါင်း တစ်သိန်း ခုနစ်သောင်း ခန့်ရှိတယ်။ သူတို့နိုင်ငံက လူတွေတောင် ဒီကျွန်းတွေ အတော် များများကို မရောက်ဖူးဘူး။ ဝေးလံခေါင်းပါး တဲ့ကျွန်း တော်တော် များများ ကိုတော့ တရားဥပဒေ စိုးမိုးမှု မရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံ ရေလုပ်သားတွေက ထိုင်းငါးဖမ်း စက်လှေတွေနဲ့ အင်ဒိုနီးရှား ရေပိုင်နက်ထဲ ရောက်တဲ့ အခါမှာ မြန်မာ စည်းရုံးရေး ပွဲစားတွေက တစ်ဆင့် အင်ဒိုနီးရှား လူကုန်ကူး ဂိုဏ်းကြီး တွေနဲ့ ချိတ်ဆက်မိပြီး ဝေးလံ ခေါင်းပါးပြီး ဆက်သွယ်ရ ခက်ခဲတဲ့ ကျွန်းတွေပေါ်ကို လူကုန်ကူး ခံရတယ်လို့ သိရတယ်'' ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူး ရဲဝင်းအောင် က သုံးသပ် ပြောကြားသည်။

မြန်မာ ရေလုပ်သား များအား ပြန်လည် ခေါ်ယူရေး အတွက် အင်ဒိုနီးရှား နိုင်ငံသို့ ဧပြီ ၁၄ ရက်မှ မေ ၃ ရက်အထိ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး ခင်မောင်လတ်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ်နှင့် အင်ဒိုနီးရှား သံရုံးမှ တာဝန်ရှိ သူများ၊ အလုပ်သမား သံအရာရှိများ ပူးပေါင်းကာ သတင်းရရှိရာ ကျွန်းများသို့ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဘန်ဂျီနာကျွန်း၊ တူရယ်ကျွန်း နှင့် ဒိုဘိုကျွန်း တို့တွင် အများဆုံး တွေ့ရှိရပြီး ဒယ်နီကျွန်း၊ အမ်ဘိုကျွန်း တို့တွင်လည်း လူကုန်ကူးခံ မြန်မာ ရေလုပ်သားများ စစ်ဆေး တွေ့ရှိခဲ့ရာ စုစုပေါင်း ၅၃၅ ဦးရှိကြောင်း သိရသည်။

ထို့ပြင် ဝေးလံ ခေါင်းပါးသည့် ကျွန်းများ၌လည်း ရှိနေနိုင် သေးကြောင်း တာဝန်ရှိ သူများ၏ သုံးသပ်ချက်များ အရ သိရသည်။

ကျန်ရှိ နေသေးသော အင်ဒိုနီးရှား နိုင်ငံရောက် လူကုန်ကူးခံ ရေလုပ်သား များကို မေ ၂၂ ရက်တွင် တတိယ အသုတ်အဖြစ် ကမ္ဘောဇဘဏ် အုပ်စုမှ MAI လေကြောင်းလိုင်းနှင့် ပူးပေါင်းကာ လေယာဉ် တစ်ခေါက်လျှင် အမေရိကန် ဒေါ်လာ တစ်သိန်းကျော် အကုန်အကျ ခံပြီး လေယာဉ် စင်းလုံးငှား အခမဲ့ ခေါ်ဆောင် ပေးမည်ဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူ မအေးမရသာ ထံက သိရသည်။

ယမန်နေ့ည ဒုတိယအသုတ် အဖြစ် ရောက်ရှိ လာသော မြန်မာ ရေလုပ်သား များအား လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ တိုင်းဦးစီးမှူး နှင့် တာဝန်ရှိသူများ၊ လူကုန်ကူးခံ ရေလုပ်သား များ၏ မိသားစုဝင် များက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

မောင်မျိုး (ဧရာဝတီ)

#Themyawadydaily

Tuesday, May 5, 2015

လူကုန်ကူးခံရသည့် မြန်မာအလုပ်သမား ၅၀၀ ကျော် အင်ဒိုနီးရှားနိုင်ငံ မှ ပြန်လည် ခေါ်ယူမည်


ရန်ကုန် ၊ ၅-၅-၂၀၁၅

လူကုန်ကူး ခံရသည့် အင်ဒိုနီးရှား နိုင်ငံရောက် မြန်မာ အလုပ်သမား ၅ဝဝ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ပြန်လည် ခေါ်ယူနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက် ခဲ့ပြီး အင်ဘွန်ကျွန်း၊ တူရယ်ကျွန်း၊ ဒိုဘိုကျွန်း နှင့် ဘန်ဂျီနာကျွန်း များသို့ သွားရောက်၍ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ခြင်းနှင့် အချက်အလက် များကို ကောက်ယူခဲ့သည်။

မေ ၂ ရက်က လူကုန်ကူး ခံရသည့် မြန်မာ နိုင်ငံသားများ အတွက် လျော်ကြေး၊ လစာစသည့် လုပ်ငန်းများကို ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) နှင့် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်မှုကို အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး၏ လုပ်ပိုင်ခွင့်ဖြင့် ဘုတ်အဖွဲ့ ဖွဲ့ကာ စိစစ်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား (C of I) ထုတ်ပေးမည် ဖြစ်သည်။ 

မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ပြီးပါက မြန်မာနိုင်ငံသား များကို အင်ဘွန်ကျွန်းတွင် လူစုမည် ဖြစ်ပြီး နိုင်ငံတော် အစီအစဉ်ဖြင့် လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင် လာမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်း သို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ၁၉၆ ဦး ကို တူရယ်ကျွန်းသို့ ပြောင်းရွှေ့ရန် အင်ဒိုနီးရှားနိုင်ငံ တာဝန်ရှိ သူများနှင့် မြန်မာ ကိုယ်စားလှယ် အဖွဲ့တို့ ညှိနှိုင်း ထားကြောင်း၊ ယင်းကျွန်းသို့ ရောက်ရှိနေသော မြန်မာ နိုင်ငံသားများ အနက် သုံးဦးသည် အိမ်ထောင်ကျ နေပြီဖြစ် သောကြောင့် မပြန်လိုကြောင်း သက်ဆိုင်ရာ အဖွဲ့သို့ ပြောကြားခဲ့သည်။ တူရယ်ဆိပ်ကမ်း တွင် လူကုန်ကူး ခံရသည့် မြန်မာ ရေလုပ်သား ၂၇၇ ဦး ရောက်ရှိနေပြီး တူရယ်ကျွန်းရှိ လူဝင်မှု ကြီးကြပ်ရေးရုံး ၌လည်း ထိုင်းငါးဖမ်း လှေမှ ထွက်ပြေး လာသည့် မြန်မာလုပ်သား ၂၃ ဦး ရောက်ရှိ နေကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

Tuesday, April 21, 2015

အာဆီယံနိုင်ငံများ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အထူးတပ်ဖွဲ့ ၊ တပ်ဖွဲ့မှူးများ၏ (၂၈)ကြိမ်မြောက် အစည်းအဝေး ကို ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည်


ရန်ကုန် ၊ ၂၁-၅-၂၀၁၅

အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အထူးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးများ အချင်းချင်း တွေ့ဆုံ စည်းဝေးသည့် (၂၈)ကြိမ်မြောက် အစည်းအဝေးကို ဧပြီ ၂၂ ရက်မှ ၂၃ ရက်အထိ ဘရူနိုင်းနိုင်ငံ တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 

(၂၆)ကြိမ်မြောက် အစည်းအဝေးကို ၂ဝ၁၄ ခုနှစ် မတ်လတွင် ဗီယက်နမ်နိုင်ငံ ၌လည်းကောင်း၊ (၂၇)ကြိမ်မြောက် အစည်းအဝေးကို ၂ဝ၁၄ ခုနှစ် ဇွန်လတွင် ဘရူနိုင်း နိုင်ငံ၌ လည်းကောင်း ကျင်းပခဲ့ပြီး ယခု ကျင်းပမည့် အစည်းအဝေး တွင် ဘရူနိုင်းနိုင်ငံမှ အလှည့်ကျ သဘာပတိ အဖြစ် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

နယ်စပ် ဖြတ်ကျော်မှုခင်း ဆိုင်ရာ အဆင့်မြင့် အရာရှိကြီး များ၏ လုပ်ငန်းအဖွဲ့ ဦးဆောင်မှု အောက်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းကို ၂ဝ၁ဝ ပြည့်နှစ်ကပင် ပြုလုပ်ခဲ့ကာ လူကုန်ကူး ခံရသူများကို စိစစ်ခြင်းနှင့် အန္တရာယ် ကင်းရှင်းစေခြင်း၊ သံသယရှိသူကို စိစစ်ခြင်း၊ နယ်စပ် ဖြတ်ကျော် ပူးပေါင်း စုံစမ်း စစ်ဆေးခြင်း၊ ပြည်တွင်း အချက်အလက်များ စုဆောင်းမှု စနစ် ထူထောင်ခြင်း နှင့် တပ်ဖွဲ့မှူးများ အချင်းချင်း ဆက်သွယ်မှု နည်းလမ်း ကျင့်သုံးခြင်းများ ပါဝင်သည့် HSU Work Plan 2014-2015 ကို (၂၆)ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြု ခဲ့ကြပြီး လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အာဆီယံ ကွန်ဗင်းရှင်း (ASEAN Convention on Trafficking in Persons ) နှင့် ဒေသတွင်း လုပ်ငန်းစီမံချက် (Regional Plan of Action) များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက် သွားရမည်ဟု ယခင် ဆွေးနွေးပွဲ များက သဘောတူညီမှု ရရှိကြောင်း သိရသည်။

ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည့် (၂၈)ကြိမ်မြောက် အာဆီယံနိုင်ငံ များ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အထူးတပ်ဖွဲ့ များမှ တပ်ဖွဲ့မှူးများ အစည်းအဝေး ဘရူနိုင်းနိုင်ငံ ၌ ကျင်းပရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

Thursday, January 29, 2015

မြန်မာ- ထိုင်း နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု များကို ထိရောက်စွာအရေးယူ ပြစ်ဒဏ်ချမှတ်နိုင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆွေးနွေးမည်


ထိုင်နိုင်ငံ နယ်စပ်ဒေသများတွင် စိုက်ထူထားသော လူကုန်ကူးမှု တိုက်ဖျက်ရေး ပိုစတာ

ရန်ကုန် ၊ ၂၉-၁-၂၀၁၅

ထိုင်း- မြန်မာ နယ်စပ်ဒေသ များတွင် မကြာခဏ ဖြစ်ပွားလျက် ရှိသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု များကို ထိရောက်စွာ အရေးယူပြီး ပြစ်ဒဏ်ချမှတ် နိုင်ရန်၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတွင် ပါဝင ဆောင်ရွက် နေကြသော တရားရေး ဆိုင်ရာ အဖွဲ့အစည်း များ၏ စွမ်းဆောင်ရည် များကို မြှင့်တင်နိုင် စေရန် စသည့် ရည်ရွယ်ချက် များဖြင့် မြန်မာ- ထိုင်းနှစ်နိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အရာရှိများ၏ လူကုန်ကူးမှု ပြစ်မှု ဆိုင်ရာ တရားစီရင်မှု ပူးပေါင်း မြှင့်တင်ရေး အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် မန္တလေးမြို့၌ ကျင်းပရန် စီစဉ် ထားကြောင်း သိရသည်။ 

နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုး ခဲ့သော လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် ပါရှိသည့် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို အကောင်အထည် ဖော်ရန် ယင်း ဆွေးနွေးပွဲက များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတွင် တစ်ခန်း တစ်ကဏ္ဍ မှ တာဝန်ယူ ဆောင်ရွက် နေသည့် တရားရေးဆိုင်ရာ အဖွဲ့အစည်း များ၏ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး ကိစ္စရပ်များ အပြင် နှစ်နိုင်ငံအကြား သတင်း အချက်အလက် နှင့် အတွေ့အကြုံများ ဖလှယ်ခြင်း၊ ပူးပေါင်း ကြိုတင် ကာကွယ်ခြင်း၊ ပူးပေါင်းစုံစမ်း စစ်ဆေးခြင်း၊ လူကုန်ကူး ခံရသူများအား ကယ်တင်ခြင်း နှင့် ၄င်းတို့ကို စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြန်လည် မြှင့်တင်ပေးခြင်း စသည့် လုပ်ငန်းစဉ်များ ပိုမို ဆောင်ရွက် နိုင်စေရန် ဆွေးနွေးညှိနှိုင်း မှုများ လုပ်ဆောင် သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ အကြား လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို ၂ဝဝ၉ ခုနှစ် ကတည်းက နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စာချွန်လွှာ အရ ထိုင်း - မြန်မာ နယ်စပ်ဒေသ အချို့တွင် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်ရန် နှစ်နိုင်ငံ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားကာ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

Thursday, January 15, 2015

လူမှောင်ခို ကုန်ကူးသူများလက်မှ မွေးကင်းစကလေးငယ် ၃၇ ဦးအား တရုတ်ရဲတပ်ဖွဲ့ ကယ်တင်



ပေကျင်း ၊ ၁၅-၁-၂၀၁၅

တရုတ် ရဲတပ်ဖွဲ့သည် လူမှောင်ခို ကုန်ကူးသည့် ဂိုဏ်းတစ်ဂိုဏ်း ကို နှိမ်နင်း ဖြိုခွင်းပြီး နောက်တွင် တရားမဝင် ကလေး မွေးစားမှု လုပ်ငန်းတစ်ခု၏ အဆောက်အအုံ အတွင်းမှ လူမှောင်ခို ကုန်ကူးသူများ ရောင်းချရန် ရည်ရွယ် ထားသည့် မွေးကင်းစ ကလေးငယ် ၃၇ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင် များသည် နိုင်ငံ အရှေ့ပိုင်း ရှန်တုံပြည်နယ် အတွင်း၌ တည်ရှိသည့် အဆိုပါ တရားမဝင် ကလေး မွေးစားမှု လုပ်ငန်းကို စီးနင်း ဝင်ရောက် ခဲ့ရာတွင် လူမှောင်ခို ကုန်ကူးမှုဂိုဏ်း ၏ အဖွဲ့ဝင် ၁ဝ၃ ဦးကို ဖမ်းဆီး နိုင်ခဲ့သည်ဟု သိရသည်။

ရဲတပ်ဖွဲ့က စီးနင်းဝင်ရောက် ခဲ့သော အဆောက်အအုံ ၏ အခြေအနေကို ကြည့်ခြင်း အားဖြင့် မီးဖွားအံ့ ဆဲဆဲ မိခင်လောင်းများ သည် ၄င်းနေရာသို့ ရောက်ရှိလာပြီး ကလေး မီးဖွားကာ ၄င်းတို့၏ ကလေးငယ် များကို ငွေကြေးဖြင့် အလဲအလှယ် လုပ်၍ ထွက်သွား ခဲ့ကြခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း၊ ကလေးငယ် အားလုံးမှာ ကျန်းမာရေး မကောင်း ကြသည့် အပြင် အနည်းဆုံး ခုနစ်ဦးခန့်မှာ AIDS ကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါများကို ခံစား နေရကြောင်း၊ ထို့အပြင် ကလေးငယ် များသည် ခေါက်ဆွဲ နှင့် စားကြွင်းစားကျန် များကိုသာ စားရဖွယ် ရှိကြောင်း ရှန်တုံရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။

ကလေးမွေးစားမှု လုပ်ငန်းသည် ခေတ်သစ် ကလေးမှောင်ခို ကုန်ကူးမှုပုံစံ တစ်မျိုးဖြစ်ကြောင်း၊ လူမှောင်ခို ကုန်ကူးသူများ အနေဖြင့် ပြစ်မှု ထင်ရှားပါက သေဒဏ်အထိ ပြစ်ဒဏ် ကျခံရဖွယ် ရှိကြောင်း တရုတ်ပြည်သူ့
လုံခြုံရေး နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူး ချန်ရှီဂူ က ပြောကြားသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, December 31, 2014

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့အား အမေရိကန်နိုင်ငံ မှ ကူညီပေးရန် ကမ်းလှမ်း



ရန်ကုန် ၊ ၃၁-၁၂-၂၀၁၄

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့အား အမေရိကန်နိုင်ငံမှ ကူညီ ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။

''လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် အမေရိကန်နိုင်ငံ က ကမ်းလှမ်းတာတွေ ရှိတယ်။ ဘာလိုအပ်လဲ၊ ဘယ်လို သင်တန်းမျိုး လိုချင်လဲဆိုပြီး ကမ်းလှမ်း တာပေါ့။ သင်တန်းသား တွေကို ဟိုကို ခေါ်ပြီး သင်တန်းပေးရင် အကျိုးရှိ သလား။ ဒါမှမဟုတ် သင်တန်းနည်းပြ လွှတ်ရမလား ဆိုပြီး အကူအညီ ပေးဖို့ ကမ်းလှမ်းလာ ပါတယ် ... '' ဟု လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

အမေရိကန်နိုင်ငံ၏ ကမ်းလှမ်းချက်ကို ၂ဝ၁၅ ခုနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းတွင် ထည့်သွင်းထားပြီး လတ်တလော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် မည်သို့ ပူးပေါင်း ဆောင်ရွက် မည်ကို အကြောင်းပြန် ထားခြင်း မရှိသေးကြောင်း သိရသည်။  လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့ တစ်ခုတည်း မဟုက်ဘဲ အခြားတပ်ဖွဲ့ များ၏ ကိစ္စများကိုလည်း ညှိနှိုင်း ဆောင်ရွက်ရန် ကမ်းလှမ်းခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးတပ်ဖွဲ့ ငါးနှစ်စီမံကိန်း တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း၊ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိပြည်တွင်း၌ လူကုန်ကူးမှု ၁ဝ၈ မှု အထိ ရှိခဲ့ကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, December 3, 2014

မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု ဖြစ်ပွားခြင်း မရှိသော ပြည်နယ်သုံးခုရှိ


နေပြည်တော် ၊ ၃-၁၂-၂၀၁၄

မြန်မာနိုင်ငံ အတွင်း လူကုန်ကူးမှု ဖြစ်ပွားခြင်း မရှိသော ပြည်နယ်သုံးခု ရှိပြီး ယင်းဒေသ များတွင် တစ်ကြိမ်မျှ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ပြည်နယ် သုံးခုမှာ ချင်းပြည်နယ်၊ ကယားပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့ဖြစ်ကြောင်း၊ ယင်းဒေသ များတွင် ဖွံ့ဖြိုးမှု အားနည်း နေသေး သော်လည်း ယခုနှစ် အတွင်း လူကုန်ကူးမှု ဖြစ်ပွားခြင်း မရှိကြောင်း၊ ကျန်ရှိသော တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ လူကုန်ကူးမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး လူကုန်ကူးမှု ဖြစ်ပွားမှုနှုန်း တွင် ရှမ်းပြည်နယ် ၌ လူကုန်ကူးမှု ၄၅ မှုနှင့် အမှု အများဆုံး ဖြစ်ခဲ့ကြောင်း၊ ဒုတိယ အများဆုံး အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၌ ၁ဝ မှု၊ တတိယ အများဆုံး အနေဖြင့် မန္တလေးတိုင်း ဒေသကြီး၌ ရှစ်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ ယခုနှစ်တွင် လူကုန်ကူးမှု ၉၄ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၅ဝ ဦးနှင့် အမျိုးသမီး ၁၄၂ ဦး လူကုန်ကူး ခံခဲ့ရကြောင်း၊ ၄င်းတို့အနက်မှ အမျိုးသား ၃ဝ ဦးနှင့် အမျိုးသမီး ၁ဝ၈ ဦးကို ကယ်တင် နိုင်ခဲ့သော်လည်း ၅၄ ဦး ကျန်ရှိ နေသေးကြောင်း သိရသည်။

လူကုန်ကူးမှု ဖြစ်စဉ်များတွင် ကျေးလက်နေ ပြည်သူများ၏ ဗဟုသုတ နည်းပါးပြီး သူတစ်ပါး အပေါ် ယုံကြည် အားထားမှု များခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း၊ ယင်းအတွက် ယခုနှစ် နောက်ပိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ဖြစ်စဉ်များတွင် ပညာပေး လုပ်ငန်းစဉ်များ ကိုပါ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ လူကုန်ကူးမှု ကျူးလွန်သည့် တရားခံ အမျိုးသား၊ အမျိုးသမီး ၁၈၈ ဦးအား ဖမ်းမိထားပြီး ၈၆ ဦးတို့မှာ လွတ်မြောက် နေဆဲ ဖြစ်သည်။

လူကုန်ကူးမှု ဖြစ်စဉ် ၉၄ မှုတွင် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ၆၂ မှု၊ ထိုင်းနိုင်ငံသို့ ၁၆ မှု၊ မလေးရှားနိုင်ငံ သို့ နှစ်မှု ဖြစ်ပွားခဲ့ပြီး ပြည်တွင်း၌ ၁၄ မှု ဖြစ်ပွား ခဲ့သည်။ လူကုန်ကူးမှု ဖြစ်စဉ် အမျိုးအစား များမှာ အဓမ္မ လက်ထပ်ယူမှု ၆၁ မှု၊ အဓမ္မ ခိုင်းစေမှု ၁၉ မှု၊ ပြည့်တန်ဆာ စေခိုင်းမှု ၁၄ မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, October 15, 2014

လူကုန်ကူးခံရမှု လွတ်မြောက်ရေးအတွက် အမေရိကန် ပြည်ထောင်စု နှင့် ပထမဆုံးပူးပေါင်း လုပ်ဆောင်မည်


အမေရိကန်နိုင်ငံ ၏ လူကုန်ကူးမှု ဆိုင်ရာ သံအမတ် Mr. Luis CdeBaca

ရန်ကုန် ၊ ၁၅-၁၀-၂၀၁၄

မြန်မာနိုင်ငံ ၌ လူကုန်ကူး ခံရမှု လွတ်မြောက်ရေး အတွက် ပထမဆုံး အမေရိကန် နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

နယ်စပ် ဖြတ်ကျော် လူကုန်ကူး ခံရသူများမှာ အဓိကအားဖြင့် လိင်ကျွန်များ အဖြစ် ခိုင်းစေခံနေ ရပြီး တရုတ်နိုင်ငံ သို့ ဦးတည် နေကြောင်း သိရသည်။ ထို့အပြင် ရေလုပ်ငန်း များတွင် မြန်မာ အမျိုးသားများ လူကုန်ကူး ခံရမှု များပြား နေကြောင်း ၊ လူကုန်ကူးမှု များကို တားဆီးနိုင်မှုများ ရှိသကဲ့သို့ လွတ်မြောက် နေသော လူကုန်ကူးမှု များလည်း ရှိပြီး တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သို့ လူကုန်ကူး ခံရမှုများ အများဆုံး ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ မှ လူကုန်ကူး ခံရသူများ လွတ်မြောက်ရေး အတွက် အမေရိကန် နိုင်ငံနှင့် ပူးပေါင်းရန် စီစဉ်ခြင်း ဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ ကမ္ဘာ့ နိုင်ငံများ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး နှင့် ပတ်သက်သော အစီရင်ခံစာ များကို လွန်ခဲ့သည့် ၁၄ နှစ်မှ စတင်ကာ နှစ်စဉ် ထုတ်ပြန်ပေးလျက် ရှိပြီး ယခုနှစ်တွင် မြန်မာနိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ၏ စောင့်ကြည့် နေရသည့် အဆင့်တွင် ရှိနေကြောင်း သိရသည်။

လူကုန်ကူးမှု ကာကွယ် တားဆီးရေး ကွန်ဗင်းရှင်း မူကြမ်းတွင် လူကုန်ကူး ခံရမှုမှ လွတ်မြောက် လာသူများနှင့် သတ်မှတ်ချက် သည် ပျောက်ဆုံးပြီး သတ်မှတ်ချက် နှင့် စောင့်ရှောက်ရေး အစီအစဉ် စံနှုန်းများကို တစ်ပေါင်းတည်း သတ်မှတ် ရမည် ဖြစ်ကြောင်း ၊ ထို့အပြင် အာဆီယံ စီးပွားရေး အသိုက်အ၀န်း ပေါ်ပေါက် လာပါက အတင်းအဓမ္မ စေခိုင်းမှုများ နှင့် လူကုန်ကူး ခံရသူများကို မည်ကဲ့သို့ ဆောင်ရွက် ပေးမည် ဆိုသည့် အချက်များ ကိုလည်း ထည့်သွင်း စဉ်းစား လုပ်ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ၏ လူကုန်ကူးမှု ဆိုင်ရာ သံအမတ် Mr. Luis CdeBaca အနေဖြင့် အမေရိကန်နိုင်ငံ နှင့် မြန်မာနိုင်ငံ ပြည်ထဲရေး ၀န်ကြီးဌာန နှင့် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီမှု ရရှိခဲ့ကြောင်း နှင့် မြန်မာနိုင်ငံ ၌ လူကုန်ကူးသူ များကို ပြစ်ဒဏ် ချမှတ်ရာတွင် နှစ်ဆတိုး လုပ်ဆောင် သင့်ကြောင်း သိရှိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...