Social Icons

Pages

Showing posts with label စိုက်ပျိုးရေးဆိုင်ရာ. Show all posts
Showing posts with label စိုက်ပျိုးရေးဆိုင်ရာ. Show all posts

Tuesday, February 5, 2019

ရေတာရှည် မြို့နယ်၌ ပဲမျိုးစုံ စိုက်ခင်းများတွင် ပိုး အမျိုးမျိုး ကျရောက်လျက်ရှိ

ရေတာရှည် မြို့နယ်၌ ပဲမျိုးစုံ စိုက်ခင်းများတွင်  ပိုး အမျိုးမျိုး ကျရောက်လျက်ရှိ
-
ရေတာရှည် ဖေဖော်ဝါရီ  ၄  
-
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် အတွင်း နွေစပါးစိုက်ပျိုးရေမရရှိကြသည့် ဒေသများ၌ မိုးစပါးရိတ်သိမ်းပြီး နောက် ပဲမျိုးစုံစိုက်ပျိုးထားကြရာ သီးနှံစိုက်ခင်းများ ကောင်းမွန်သော်လည်း ပိုးအမျိုးမျိုးကျရောက်မှုကြောင့်   မတ်ပဲ စိုက်ခင်းများပျက်စီးခြင်းနှင့် အရွက်များ အဝါရောင်သန်းကာ အထွက်နှုန်း ကျဆင်းဖွယ်ရှိနေကြောင်း သိရသည်။ 
-
''ကျွန်တော်တို့တောင်သူတွေ စိုက်ထားတဲ့ ပဲခင်းတွေ ကောင်းတယ်လို့မှပြောလို့မဆုံး သေးဘူး။ ကျလိုက်တဲ့ပိုးတွေ ဗျာ ခဲပိုး၊ သံချေး တက်၊ ရွက်လိပ်၊ ရွက်စား၊ မြစ်ပိုးဆိုတာတွေ စုံနေတာပဲ။ ဆေးဖျန်းပုံးကို ကျောကကိုမခွာ ရတာ။ အချို့ပိုးတွေဆို ညကျမှထွက်တယ် ဆိုလို့  ညကြီးကို ခေါင်းဓာတ်မီးတပ်ပြီး  ဆေးဖျန်းရတာ။ နောက်ဆုံးတော့ ရတဲ့ပဲ ဖိုးငွေ  ဆေးဆိုင်ကိုပေးရတာနဲ့ကုန်မှာပဲ''ဟု ကုန်းကြီးအုပ်စုအင်းကျင်းကုန်းကျေးရွာနေ တောင်သူ တစ်ဦးက ပြောသည်။ ''မစိုက်ဘဲ ထားတာက မရတာဘဲရှိတယ်။ အရှုံးတော့မရှိဘူးပေါ့။ အခုပဲစိုက်ထားတဲ့ တောင်သူတွေ ပိုးသတ် ဆေးကို နေ့တိုင်းကို ဖျန်းနေရတာ။ ဒီဆေးဖျန်းတော့ ဟိုပိုးကျ၊ တစ်ဧကကိုဆေးဖိုးပဲ ငွေကျပ်တစ်သိန်းလောက်ကုန်တာ။ ပဲဈေးမကောင်းရင်တော့ရှုံးပြီ''ဟု ဆွာမင်းလမ်းကျေးရွာအုပ်စု ကညင်အိုင် ကျေးရွာနေ ဒေသခံ တောင်သူတစ်ဦးက ပြောသည်။ 
-
သီးနှံစိုက်ပျိုးကြသည့် တောင်သူများအနေဖြင့် သီးနှံပေါ်ချိန်တွင် ခိုင်မာသော ဈေးကွက်ရရှိမှသာ တွက်ခြေကိုက်၍ အဆင် ပြေနိုင်သော်လည်း သီးနှံပေါ်ချိန်ပြန်လည်ရောင်းချချိန်များတွင် ရောင်းလိုအားနှင့်ဝယ်လိုအားမျှခြေမှာကုန်သည်များ၏ ဈေးကိုင်ဝယ်ယူမှုပေါ် တည်မီနေကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 22, 2019

ကလိချောင်း ရေတံခါးဟောင်း မပိတ် ရသေးသဖြင့် လယ်ဧက ၃ဝဝဝ ကျော် နွေစပါး စိုက်ပျိုးရန် ခက်ခဲနေ

ကလိချောင်း ရေတံခါးဟောင်း မပိတ် ရသေးသဖြင့် လယ်ဧက ၃ဝဝဝ ကျော် နွေစပါး စိုက်ပျိုးရန် ခက်ခဲနေ
-
ပဲခူး ဇန်နဝါရီ ၂၁ 
-
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ကလိချောင်းအတွင်း ရေတံခါးဟောင်း မပိတ်ရသေးသဖြင့် နွေစပါးစိုက်မည့် ကျေးရွာလေးရွာမှ လယ်ဧက ၃ဝဝဝ ကျော်မှာ ဆည်ရေမရရှိဘဲ နွေစပါးစိုက်ပျိုးရန် ခက်ခဲလျက် ရှိကြောင်း ပဲခူးမြို့နယ် အဝိုင်းကျေးရွာ ဒေသခံများထံမှ သိရသည်။ 
-
ပဲခူးမြို့နယ် အဝိုင်းကျေးရွာ၊ ရွှေတန်ကျေးရွာ၊ ကလိကျေးရွာနှင့် မုက္ကလကျေးရွာတို့မှ လယ်သမားများ အားထားအသုံးပြုရသည့် ကလိချောင်း၏ ရေတံခါးမှာ ကလိကျေးရွာ အနီးတည်ရှိပြီး လွန်ခဲ့သည့် ငါးနှစ်ကျော်ကတည်းက ပျက်စီးနေသဖြင့် ဆည်မှ လွှတ်လိုက်သော ရေများကို ဟန့်တားနိုင်ခြင်း မရှိသော ကြောင့် လယ်သမားများမှာ ဆောင်းသီးနှံနှင့်နွေစပါး စိုက်ပျိုးရန်အခက်အခဲ ကြုံတွေ့နေရသည်။ 
-
''လွန်ခဲ့တဲ့ ငါးနှစ်ကျော် တုန်းက ရေတံခါးကို သစ်သားတုံးတွေနဲ့ အဖွင့်အပိတ် လုပ်ပေးခဲ့တယ်။ ကလိချောင်းရဲ့ ဘယ်၊ ညာရှိ လယ်တွေက အရင်တုန်းက ပဲအမျိုးမျိုး စိုက်ပျိုးကြတယ်။ အခု ပဲစိုက်ပျိုးတာ မဖြစ်ထွန်းတော့ဘူး။ အဲဒီတော့ လယ်သမားတွေက နွေစပါး ပြန်လည်စိုက်ပျိုးဖို့ အခက်တွေ့နေကြတယ်။ ချောင်းက ဒီအတိုင်း ပုံမှန်စီးနေရင် ရေနည်းတော့ ရေတံခါးပိတ်လိုက်မှ ရေများလာပြီး လယ်သမားတွေက ရေစုပ်စက်တွေနဲ့ လယ်တွေကိုတစ်ဆင့် ပို့ပေးပြီး စိုက်ပျိုးရေး လုပ်ချင်တာပါ''ဟု ပဲခူးမြို့နယ် ကလိကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။ 
-
အဆိုပါ ကျေးရွာများတွင် ယခင်က ဆောင်းသီးနှံအဖြစ် ပဲအမျိုးမျိုး စိုက်ပျိုးခဲ့သော်လည်း ယခုအခါ နွေစပါးအား ပြောင်းလဲစိုက်ပျိုးလိုသဖြင့် ဒေသခံတောင်သူ ၁၈ ဦးက ကလိချောင်းအတွင်းရှိ ရေတံခါးဟောင်းအား ပြန်လည် ပြုပြင်ပေးရန် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင်တစ်ကြိမ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ် သက်ဆိုင်ရာ ဌာနများထံ တင်ပြတောင်း ဆိုခဲ့ကြောင်း သိရသည်။
-
''ကလိချောင်းရေတံခါးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ပြောလို့ ဝန်ကြီးဆီ တင်ပြထားပါတယ်။ အရင်က ရေသွင်း၊ ရေထုတ်ရေတံခါးလေး လုပ်ပေးထားတယ်။ အဲဒီတုန်းကတော့ တောင်သူတွေက ပဲစိုက်ပျိုးတဲ့အတွက် ရေသွင်းရေထုတ် မလုပ်ခဲ့ဘူး။ အခုတော့ နွေစပါးစိုက်ပျိုးချင်တယ် ပြောတယ်။ ရေပိတ်ချင်ရင် ထိန်းသိမ်းစရိတ်တော့လိုတယ်''ဟု ပဲခူးတိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ပြောသည်။ 
-
ပဲခူးတိုင်း ဒေသကြီးအတွင်း ဆည်၊ တမံ ၃၃ ခုရှိပြီး နွေစပါးစိုက်ဧက လေးသိန်းကျော် ရှိသည့်အနက် ဧက နှစ်သိန်းကျော် ကိုချောင်းပိတ်၊ မြောင်းပိတ် ရေပေးဝေသည့် အစီအစဉ်ဖြင့် ဆည်ရေပေးနိုင်ရန် စီစဉ်ထားကြောင်း ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှသိရသည်။ 
-
အမ်အမ်ကေ
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 17, 2019

ပင်လည်ဘူးမြို့၌ မြစ်ရေတင်စနစ်ဖြင့် နွေစပါးများ စတင် စိုက်ပျိုး

ပင်လည်ဘူးမြို့၌ မြစ်ရေတင်စနစ်ဖြင့် နွေစပါးများ စတင် စိုက်ပျိုး
-
ပင်လည်ဘူး ဇန်နဝါရီ ၁၆  
-
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့၌ မြစ်ရေတင် သုံးခုဖြင့် နွေစပါးများကို ဧက ၃ဝဝ ကို စိုက်ပျိုးလျက်ရှိကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ ပင်လည်ဘူးမြို့နယ်၌စပါးကို မိုးရာသီ၌သာ  အဓိကစိုက်ပျိုးကာ နွေစပါးကို ရေနှင့်နီးသည့် နေရာများတွင် ကိုယ်ပိုင်ရေတင်စက်များဖြင့်  ရေတင်ပြီး အနည်းငယ် စိုက်ပျိုးကြသည်။  
-
ယခုနှစ်တွင်  နွေစပါးကို  မြို့မမြစ်ရေတင်၊ ပင်းကြိုင်းမြစ်ရေတင်၊  ယင်းသာမြစ်ရေတင် သုံးခုဖြင့် နွေစပါးကိုဧက ၃ဝဝ စတင်စိုက်ပျိုးမည်ဖြစ်ပြီး ဧက ၂၃ဝ ကျော် ထွန်ယက်စိုက်ပျိုးပြီး ဖြစ်ကြောင်း၊မြစ်ရေတင်ဖြင့် အခြားသီးနှံများဖြစ်သည့် နေကြာ၊ ပဲပုပ်၊ စတော်ပဲနှင့် မြေပဲတို့ကိုလည်း  စိုက်ပျိုးထားကြောင်း၊ GW-1 နှင့် ဆင်းဧကရီသုံး မျိုးစပါးကိုသာ စိုက်ပျိုးကြောင်း၊ ၂ဝ၁၈ ခုနှစ်တွင် မြစ်ရေတင်နှင့် အခြားရေသွင်းပြီး မိုးသီးနှံစိုက် ဧက ၆၇၂ဝဝ ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန  ဒုတိယဦးစီးမှူး ဦးမျိုးအောင်က ပြောကြားသည်။
-
''ကျွန်တော် ဒီနှစ်မှ မြစ်ရေတင်နဲ့ နွေစပါးကို စတင်စိုက်ပျိုးတာပါ။ အခု နွေစပါးကို ခြောက်ဧက အစေ့ချစိုက်ပျိုး ထားပါတယ်။ ကျွန်တော့်လယ်ကွက်ကတော့ ချောင်းမြောင်းနဲ့ဝေးတော့ မိုးရာသီမှပဲ မိုးစပါးကို အဓိကထား စိုက်ပျိုးတာပါ။  နွေစပါးကို  ဒီနှစ်မှ စတင်စိုက်ပျိုးတာဆိုတော့ ဘယ်လောက်ထွက်မယ်၊  တစ်တင်းကို  ဘယ်လောက် ရောင်းရမယ်ဆိုတာတော့  မသိသေးပါဘူး။  မိုးစပါးကတော့ တစ်ဧကကို တင်း ၁၁ဝ ထွက်ပါတယ်။ စပါးဈေး ကတော့ အခုဒီမှာ စပါးတစ်တင်းကို  ငွေကျပ်  ၆ဝဝဝ မှ ၇ဝဝဝ အထိ ရောင်းရပါတယ်။ အခုဆို ကျွန်တော်တို့ လယ်သမားတွေအတွက် အဆင်ပြေသွားပါပြီ။ မြစ်ရေတင်နဲ့ မိုးစပါး၊  နွေစပါးနှင့်  အခြားသီးနှံတွေကို စိုက်ပျိုးနိုင်ပြီဖြစ်လို့ ဆန်စပါးများလည်း   ဖူလုံမှုရှိပြီး   မိသားစု အပိုဝင်ငွေများလည်း   အရင်ထက် ဖွံ့ဖြိုးတိုးတက် လာမယ်လို့ မျှော်လင့်မိပါတယ်'' ဟု  ပင်လောင်ကျေးရွာမှ စပါးစိုက်တောင်သူ ဦးကြည်မောင်က ပြောသည်။ 
-
ယခုနှစ် နွေစပါးများ စတင်စိုက်ပျိုးရန် မြစ်ရေတင်သုံးခုဖြင့်  ရေများ ပေးဝေလျက်ရှိပြီး နွေစပါးများ စိုက်ပျိုးရန်  မြစ်ရေတင်တစ်ခုကို ဧက ၁ဝဝ နှုန်း၊ မြစ်ရေတင်သုံးခုဖြင့် ဧက ၃ဝဝရေပေးစိုက်ပျိုးလျက်ရှိပြီး ဧက ၃ဝဝ ထက် ကျော်လာလျှင်လည်း ရေကိုအပြည့်အဝ ပေးဝေသွားမည် ဖြစ်ကြောင်း၊ ရေဖိုးကို လယ်တစ်ဧက နွေစပါး ငွေကျပ် ၉ဝဝဝ၊ မိုးစပါး ငွေကျပ် ၆ဝဝ၊ အခြားသီးနှံတစ်ဧကကို ငွေကျပ် ၃ဝဝဝ နှုန်း ကောက်ခံကြောင်း ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ပင်လည်ဘူးမြို့နယ် ပင်းကြိုင်း၊ မြို့မနှင့် ယင်းသာမြစ်ရေတင် တာဝန်ခံများထံမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 19, 2018

မြင်းခြံမြို့နယ်၌ အစေ့ထုတ်ပြောင်းစိုက်ခင်းများအတွင်း ငမြှောင်တောင်ပိုး ကျရောက်နေမှုကို စုပေါင်းကာကွယ်နှိမ်နင်း

မြင်းခြံမြို့နယ်၌ အစေ့ထုတ်ပြောင်းစိုက်ခင်းများအတွင်း ငမြှောင်တောင်ပိုး ကျရောက်နေမှုကို စုပေါင်းကာကွယ်နှိမ်နင်း
-
မြင်းခြံ ဒီဇင်ဘာ ၁၈ 
-
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဒေါင်းသစ်ကျေးရွာအုပ်စု ဒါးကျွန်းကျေးရွာ တောင်သူ ဦးသန်းခိုင်၏ ကွင်းအမှတ်(၂၇၂)ရှိ အစေ့ထုတ် ပြောင်းစိုက်ခင်း၌ ငမြှောင်တောင်ပိုးများ ကျ ရောက်နေသောကြောင့် ယနေ့တွင် မြင်းခြံခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ငမြှောင်တောင်ပိုး စုပေါင်းကာကွယ် နှိမ်နင်းခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးကြသည်။ 
-
ထိုသို့ ဆောင်ရွက်ရာတွင် မြင်းခြံခရိုင် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူးက မြင်းခြံခရိုင် စိုက်ပျိုး ရေးဦးစီးဌာန၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြင်းခြံမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းစိုက်ခင်း စုစုပေါင်း ဧက ၁၂ဝဝဝ စိုက်ပျိုးထားကြောင်း၊ အဆိုပါ စိုက်ပျိုးထားရှိသည့် စိုက်ဧက ၁၂ဝဝဝ အနက် မြင်းခြံမြို့နယ် ဒေါင်းသစ်ကျေးရွာအုပ်စုမှာ စိုက်ပျိုးထားရှိသည့် အစေ့ထုတ်ပြောင်း စိုက်ခင်း ဧက ၄၃၇ ဧကတွင် ၆၃ ဧကခန့်မှာ ငမြှောင်တောင်ပိုး ကျရောက်နေသည်ကို စိစစ် တွေ့ရှိကြောင်း၊ ယခု တွေ့ရှိသော ငမြှောင်တောင်ပိုးမှာ မျိုးစိတ် Spodoptera Frugiptera ဖြစ်ပြီး ယခင် ကျရောက်လေ့ရှိသည့် ငမြှောင်တောင်ပိုး မျိုးစိတ်များထက် ဖျက်ဆီးမှု၊ ပြန့်ပွားမှု လျင်မြန်ကြောင်း ရှင်းလင်း ပြောကြားသည်။ 
-
ထို့နောက် မြင်းခြံခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်/ မြို့နယ် စိုက်ပျိုးရေး ဝန်ထမ်း များ၊ မန္တလေးတိုင်း ဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံနှင့် တိုင်းဒေသကြီး အတွင်းရှိ မန္တလေး၊ ရမည်းသင်း၊ မိတ္ထီလာ၊ ညောင်ဦးခရိုင်တို့မှ သီးနှံကာကွယ်ရေး တာဝန်ခံများ ပူးပေါင်း ၍ ငမြှောင်တောင်ပိုး ကျရောက်နေသော စိုက်ခင်းကို ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်း စုပေါင်း ဆောင်ရွက်ကြကြောင်း သိရသည်။ 
-
ရဲဝင်းနိုင်(ညောင်ဦး)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, July 17, 2017

နဂါးမောက် စိုက်ပျိုးသူများ ရေရှည်ရပ်တည်နိုင်ရန် အရည်အသွေး ကောင်းသောမျိုးများ ရွေးချယ်စိုက်ပျိုးသင့်



ပုပ္ပား ၁၇-၇-၂၀၁၇

ပြည်တွင်းရှိ နဂါးမောက်စိုက်ပျိုးသူများ ရေရှည်ရပ်တည်နိုင်ရန် အရည်အသွေး ကောင်းသောမျိုးများကိုသာ စိုက်ပျိုးသင့်ကြောင်း ပုပ္ပားမြို့ရှိ ရွှေသရဖူနဂါးမောက် ခြံပိုင်ရှင် ဦးတင်အောင်မိုးထံမှ သိရသည်။

ထို့ပြင် နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးဟူ၍ နှစ်မျိုးရှိရာ အနီသီးမှာ အရသာပိုမို ကောင်းမွန်သဖြင့် စားသုံးသူများပြား သည့်အတွက် ဈေးကွက်ခိုင်မာစေရန် အနီသီးကိုသာ အဓိကထားစိုက်ပျိုး သင့်သည်။

''နဂါးမောက်သီးအနီက အဖြူသီးထက် အချိုဓာတ် ပိုပြီးတော့များတယ်။ နွမ်းတဲ့အခါမှာ အဖြူသီးက ပိုပြီးတော့အချိုဓာတ် များတယ်။ ဒါပေမဲ့ လတ်ဆတ်ရင် အနီသီးက ပိုချိုတယ်။ အဖြူသီးက ချဉ်ချိုလေးပါ။ အနီသီးက ချိုရင်ချို၊ မချိုရင် အရသာက စိမ့်တယ်။ နဂါးမောက်စိုက်ပျိုးတဲ့ သူတွေရေရှည် ရပ်တည်နိုင်ဖို့က အရည်အသွေး ကောင်းအောင် စိုက်ပျိုးကြရမယ်။ အသီးတွေက အလုံးလှပြီး ကြီးဖို့လိုအပ်သလို အနီသီးတွေကို အဓိကထား စိုက်ပျိုးသင့်ပါတယ်'' ဟု ဦးတင်အောင်မိုးက ပြောသည်။

နဂါးမောက်သီးမှာ မေလမှ နိုဝင်ဘာလအထိ တစ်နှစ်လျှင် ရှစ်ကြိမ်ခန့် သီးလေ့ရှိပြီး စတင်စိုက်ပျိုးချိန်မှ ကိုးလသားအရွယ်တွင် အသီးသီးလေ့ရှိကြောင်း သိရသည်။

ထို့ပြင် နဂါးမောက်သီးကို တစ်ဧကလျှင် တိုင် ၄၃ဝ စိုက်ပျိုးသည့် စနစ်မှာ အကောင်းဆုံး စိုက်ပျိုးနည်းဖြစ်ကာ တစ်တိုင်လျှင် လေးပင်အထိ စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် ခန့်မှန်းခြေ အပင် ၁၂ဝဝ ကျော် စိုက်ပျိုးနိုင်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 4, 2017

ယခုနှစ်တွင် မန္တလေးခရိုင်နှင့် ပြင်ဦးလွင်ခရိုင်ရှိ မိုးစပါးစိုက်ဧက ၃၃၅ ဧကကို ရေအပြည့်အဝ ရရှိရေးဆောင်ရွက်ပေးမည်



မန္တလေး ၄-၇-၂၀၁၇

ယခုနှစ်တွင် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ရေလှောင်တမံများနှင့် ရေလွှဲဆည်များမှ ရေသောက်ဧရိယာ အတွင်းရှိသည့် ခရိုင်နှစ်ခုတို့တွင် မိုးစပါးလျာထားစိုက် ဧက ၈၃၃၅၈ ဧကကို ရေအပြည့်အဝရရှိရေး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ရေလှောင်တမံများ နှင့်ရေလွှဲဆည်များမှ မန္တလေးခရိုင်နှင့်ပြင်ဦးလွင် ခရိုင်တို့ရှိ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသော မြို့နယ်များနှင့် ရေလှောင်တမံနှင့် ရေလွှဲဆည်များမှပေးသော မိုးစပါးဧကများမှာ ဆည်တော်ကြီး ရေလှောင်တမံမှ မတ္တရာမြို့နယ်တွင် မိုးစပါး ၄၁၉၅၂ ဧက၊ ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါး ၂၂၉၆၈ ဧက၊ အမရပူရမြို့နယ်တွင် မိုးစပါး ၁ဝ၉၁၄ ဧကတို့ကို ရေပေးဝေသွားမည် ဖြစ်ကြောင်း၊ မာလဲနတ်တောင် ရေလှောင်တမံမှ စဥ့်ကူးမြို့နယ်တွင် မိုးစပါး ၅၇၅၅ ဧက၊ ဆည်တော်လေး ရေလွှဲဆည်မှ ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါး ၄၉၃ ဧက၊ အမရပူရမြို့နယ်တွင် မိုးစပါးဧက ၉ဝဝ နှင့် ကျောက်ဆည်လေး ရေလွှဲဆည်မှ မတ္တရာမြို့နယ်တွင် မိုးစပါး ၃၇၆ ဧက တို့ကို ပေးဝေသွားမည်ကြောင်း သိရသည်။

အဆိုပါခရိုင်နှစ်ခုမှ ရေလှောင်တမံနှင့် ရေလွှဲဆည်များမှ ရေပြည့်ဝစွာပေးသွားမည့် မြို့နယ်အလိုက် မိုးစပါးလျာထား စိုက်ဧကစုစုပေါင်းမှာ ၈၃၃၅၈ ဧက ဖြစ်ပြီးရေအပြည့်အဝ ရရှိရေးနှင့် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးရန် လျာထားသော စိုက်ဧကများအတွက် ဆည်တော်ကြီး ရေလှောင်ကန်မှ ရေအပြည့်အဝ ပေးနိုင်ရေးဆောင်ရွက်ရာတွင် ဆည်တော်ကြီးရေအမှတ် ၄ဝ၈ ဒသမ ၉ဝ ပေနှင့် ရေသိုလှောင်သည့် ဧကပေမှာ ၂၈၈၉၅ဝ ကိုသိုလှောင်၍ ၎င်းစိုက်ဧကများရှိ တောင်သူများအတွက် ရေအပြည့်အဝ ရရှိရေးနှင့် စိုက်ပျိုးနိုင်ရေးကို ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

Thursday, June 15, 2017

ကျွန်းမျောခရမ်းချဉ် (GAP) စိုက်ခင်းများ စမ်းသပ်အကောင်အထည် ဖော်ဆောင်ရွက်



တောင်ကြီး ၁၅-၆-၂၀၁၇

United Nilar Agribusiness Co.,Ltd.(UNA) ကုမ္ပဏီအနေဖြင့် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ သက်ဆိုင်ရာ ပြည်နယ်စိုက်ပျိုးရေး ဌာနနှင့်ပူးပေါင်း၍ အင်းလေး ကန်ဒေသ၌ ကျွန်းမျောခရမ်းချဉ် (GAP) စိုက်ခင်းများကို ကနဦးအနေဖြင့် ဧက ၅ဝ တွင် စမ်းသပ် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း UNA ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးကျော်ထွန်းထံမှ သိရသည်။

ယခုအခါ အင်းလေးဒေသရှိ ခရမ်းချဉ်သီး စိုက်ခင်းများ၌ ဓာတုဆေးဝါးသုံးစွဲမှု များပြားလာခြင်းကြောင့် စားသုံးသူများ၏ ကျန်းမာရေးထိခိုက်မှု လျော့နည်းစေရန်နှင့် ဈေးကွက်အတွင်း ဈေးကောင်းရရှိစေရန် ယခုကဲ့သို့ GAP စိုက်ခင်းကို စတင်အကောင်အထည်ဖော် စိုက်ပျိုးရခြင်းဖြစ်သည်။

ယင်းကဲ့သို့ GAP စိုက်ခင်းများမှ ထွက်ရှိလာမည့် ခရမ်းချဉ်သီးများကို သာမန်အင်းလေး ခရမ်းချဉ်သီးများ၏ ပေါက်ဈေးထက် ငွေကျပ် ၂ဝဝဝ ဈေးပိုပေးပြီး ဝယ်ယူသွားမည့် ဈေးကွက်လည်း အရန်သင့်ရှိနေကြောင်း သိရသည်။

အဆိုပါ ကျွန်းမျောခရမ်းချဉ် (GAP) စိုက်ခင်းများကို အင်းလေးဒေသရှိ ကျေးရွာငါးရွာ၌ တစ်ရွာလျှင် ၁ဝ ဧကနှုန်းနှင့်ဧက ၅ဝ တွင် တောင်သူ ၅၄ ဦးဖြင့် စတင် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, June 1, 2017

ကျောက်ဆည်မြို့ အရှေ့ဘက်ဒေသများတွင် ငရုတ်လှိုင်လှိုင်ပေါ်၍ အထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရဖြစ်နေ



ကျောက်ဆည် ၁-၆-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ အရှေ့ဘက်ဒေသများတွင် ငရုတ်သီးစိုက်ခင်းများ လှိုင်လှိုင် ပေါ်သော်လည်း ဈေးကောင်းမရ သောကြောင့် ငရုတ်စိုက်တောင်သူများ အဆင်မပြေကြောင်း သိရ
သည်။

''ကျွန်တော်တို့ ဒေသကငရုတ် စိုက်ခင်းတွေ လှိုင်လှိုင်ပေါ်နေပြီး ဈေးက မနှစ်ကနဲ့စာရင်တော့ သိပ်မကောင်းဘူး။ မနှစ်ကငရုတ်သီး တစ်တင်းကို ငွေကျပ်၇၅ဝဝ၊ ၈ဝဝဝ ရောင်းရတယ်။ ဒီနှစ် တစ်တင်းကို ငွေကျပ် ၆ဝဝဝပဲ ဈေးပေါက်တယ်။ ဈေးမကောင်းတော့ သိပ်အဆင်မပြေဘူး။ ငရုတ်မျိုးစေ့က ကျောက်ဆည်မြို့ထိ တက်ဝယ်ရတာ။ မျိုးကတော့ ၆၉၂ မျိုးစိုက်တာ များတယ်။ တစ်ထုပ်ကို ငွေကျပ်၂၈ဝဝပေးရတယ်။ မျိုးစေ့ တစ်ထောင်ကျော် လောက်ပါတယ်။

တစ်ဧကကို မျိုးစေ့ ၁ဝထုပ်လောက် စိုက်ရတယ်။ တစ်ဧကစိုက်ပျိုးစရိတ် ငွေကျပ် ငါးသိန်းကျော် ကုန်ကျပါတယ်။ ဈေးမကောင်းတော့ သိပ်အဆင်မပြေဘူး''ဟု ကျောက်ဆည်မြို့နယ် ပဲခင်းကျေးရွာမှ ငရုတ်စိုက်တောင်
သူတစ်ဦးက ပြောပြသည်။

မျိုးစေ့ကိုပေါင် နှင့်ပျိုးထောင် ရေလောင်းပေးပြီး ပျိုးပင်တစ်လ ခွဲခန့်မှစ၍ စိုက်ခင်းထဲ ပြောင်းစိုက်ကြောင်း၊ ပြာသိုလပြည့်ကျော်၊ တပို့တွဲလဆန်းခန့်တွင် စစိုက်ပြီး ထယ်ရေးပြင်၊ ရေတင်၊ ပေါင်းနုတ်၊ မြေသြဇာကျွေး၊ ဆေးဖျန်းခြင်း များ ပြုလုပ်ပေးရကြောင်း၊ စိုက်ပြီး သုံးလ၊ သုံးလခွဲခန့်တွင် အသီးစခူးဆွတ်ပြီး အိမ်ရောက်လျှင် နေလှန်းရကြောင်း၊ ၁ဝရက်ခြားတစ်ခါခူးပြီး တစ်ခါခူးလျှင် တစ်ဧကတင်း၎ဝ မှ၅ဝ ထိထွက်ကြောင်း၊ အထွက်နှုန်း ကောင်းပြီးဈေး ကောင်းမရသဖြင့် အဆင်မပြေကြောင်း ၎င်းကပြောပြသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ငရုတ်စိုက်တောင်သူများ အနေဖြင့် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်း မရသောကြောင့် အဆင်မပြေဖြစ် နေကြောင်း သိရသည်။

#Themyawadydaily

Monday, May 22, 2017

ယခုဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဂျုံဧက တစ်သိန်းကိုးသောင်းကျော် စိုက်ပျိုးရန်လျာထား



မုံရွာ ၂၂-၅-၂၀၁၇

ယခုဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ယင်းမာပင်၊ ကသာ၊ ကလေး၊ တမူး၊ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များတွင် ဂျုံသီးနှံ ၁၉၉၃၇၃ ဧက စိုက်ပျိုးနိုင်ရန်လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဂျုံသီးနှံကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ၁၈၁၈၁၅ဧက ကိုလည်းကောင်း၊ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ် တွင် ဧက ၂၁ဝဝဝဝကို လည်းကောင်း လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ၁၉၉၃၇၃ ဧကစိုက်ပျိုးနိုင်ရန် လျာထားကြောင်း သိရသည်။

''စစ်ကိုင်းတိုင်းဒေသကြီးမှာ မုံရွာ၊ စစ်ကိုင်းနဲ့ ရွှေဘိုမြို့တွေမှာ ရှိတဲ့ စက်မှုဇုန်တွေမှာ ဂျုံမှုန့်ကြိတ် စက်ရုံတွေရှိတယ်။ နောက်ပြီး အသေးစား ဂျုံကြိတ်ခွဲရေး စက်တွေ လဲရှိတယ်။ အဲဒီ စက်ရုံတွေမှာ အဓိကလိုအပ်တဲ့ ဂျုံသီးနှံတွေကို မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနဲ့ ယင်းမာပင် ခရိုင်တွေမှာရှိတဲ့ မြို့နယ်တွေမှာ စိုက်ပျိုးကြတာပါ။ အခုနောက်ပိုင်း စက်မှုဇုန်တွေမှာ မြန်မာ့ဂျုံတွေနဲ့ စာရင် ဈေးသက်သာတဲ့ အိန္ဒိယ ဂျုံနီတွေက ဂျုံစေ့ရော၊ ဂျုံမှုန့်တွေပါ အဝင်များလာတော့ မြန်မာ့ဂျုံ တွေက အခုနောက်ပိုင်းမှာ ဈေးမရတော့ စိုက်ပျိုးဖို့အတွက် တောင်သူ တွေစိတ်ဝင်စားမှု နည်းလာတယ်''ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ယခုဘဏ္ဍာနှစ်တွင် ဂျုံသီးနှံကို စစ်ကိုင်းခရိုင်အတွင်း ၆၆၈၇၈ဧက၊ မုံရွာခရိုင်အတွင်းဧက ၄၈၁ဝဝ၊ ယင်းမာပင်ခရိုင်အတွင်း ၄၁၇၇၅ ဧက၊ ရွှေဘိုခရိုင်အတွင်း ဧက ၃၈၄ဝဝ၊ ကသာခရိုင်အတွင်း ၉၄ဧက၊ ကလေးခရိုင်အတွင်း ဧက ၃၅၆ဝ၊ တမူးခရိုင်အတွင်း ဧက ၅ဝဝ၊ ခန္တီးခရိုင်အတွင်း ဧက ၅ဝ နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ၁၆ဧက၊ စုစုပေါင်း ၁၉၉၃၇၃ဧကကို စိုက်ပျိုးနိုင်ရန် လျာထားကြောင်း သိရသည်။

#Yadanarpondaily

Monday, March 13, 2017

ပြင်ဦးလွင်မြို့တွင် မြန်မာ GAP အသိအမှတ်ပြုလက်မှတ် ရရှိရန် လျှောက်ထားနိုင်



ပြင်ဦးလွင် ၊ ၁၃-၃-၂၀၁၇

ပြင်ဦးလွင်မြို့နယ်တွင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ လယ်ယာသီးနှံ နှင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ အတွက် မြန်မာ GAP (မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ) အသိအမှတ်ပြု လက်မှတ်ရရှိရန် ဆောင်ရွက်လို သူများသည် စိုက်ပျိုးရေး ဦးစီးဌာနရှိ သက်ဆိုင်ရာ ဌာနခွဲများသို့ လျှောက်ထားနိုင်ပြီး ကော်ဖီသီးနှံ အတွက် ကော်ဖီရာသီ သီးနှံဌာနသို့ ဆက်သွယ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း မတ် ၁ဝ ရက်က ကျင်းပပြုလုပ် သည့် GAP လက်မှတ်ရရှိရေး နည်းလမ်းများ အကြောင်း ဆွေးနွေးပွဲတွင် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းစိန်မြိုင် က ရှင်းလင်း ပြောပြသည်။

မြန်မာ GAP ဆိုသည်မှာ မြေပြုပြင်စိုက်ပျိုး ထုတ်လုပ်သည်မှ စားသုံးသူလက်ဝယ် ရောက်သည်ထိ ထုတ်လုပ်မှု ကွင်းဆက်တိုင်းတွင် စားသုံးသူများ အတွက် အန္တရာယ် ဖြစ်စေနိုင်သည့် ကူးစက်ညစ်ညမ်း မှုများ အနည်းဆုံး ဖြစ်စေရန် လိုက်နာရမည့် နည်းလမ်းများကို စုစည်းထားသည့် စံလုပ်ထုံးလုပ်နည်း များဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ GAP တွင် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍ၊ သီးနှံများ၏ အရည်အသွေး ကဏ္ဍနှင့် လုပ်သားများ ကျန်းမာရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လူမှုဘဝ သာယာရေးကဏ္ဍ တို့လည်း ပါဝင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

Thursday, March 9, 2017

မြန့်မာ့ကော်ဖီကို ကမ္ဘာက ကြိုက်နှသ်သက် လျက်ရှိပြီး နှစ်စဉ် တန်ထောင်ချီ တင်ပို့နေရ



ပြင်ဦးလွင် ၊ ၉-၃-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး ဦးစီးဌာန ကော်ဖီရာသီ ဌာနခွဲ ကော်ဖီ နည်းပညာ ဖွံ့ဖြိုးရေး ခြံ ပြင်ဦးလွင်မြို့ ပွေးတောင်ရွာ တွင် ကော်ဖီ ကိုင်းဖြတ် ပြုပြင်ခြင်း နှင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့ အကျင့်များ (GAP) တောင်သူ ပညာပေး ကွင်းလက်တွေ့ သရုပ်ပြ ပွဲကို ယနေ့ နံနက်က ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရသည်။

လက်တွေ့ကွင်း သရုပ်ပြပွဲ သို့ ပြင်ဦးလွင်မြို့ နယ် အတွင်းရှိ ကော်ဖီစိုက် တောင်သူများ ဖြစ်ကြသော ညောင်နီ၊ ကန်တော်ကြီး၊ ရေချမ်းအိုး၊ အနီးစခန်း၊ ပွေးတောင်၊ လက်ပံကုန်း၊ သရက်ပင်၊ နမ့် ကပ်ရွာတို့ မှ ကျေးရွာသူ၊ ကျေးရွာသား ဦးရေ ၁၅ဝ ခန့် တက်ရောက် ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မင်း နှင့် ပြင်ဦးလွင် ခရိုင် စိုက်ပျိုးရေး ဦးစီး ဌာန ဦးစီးမှူး တို့ တက်ရောက် အမှာစကား ပြောကြား ခဲ့ကြကြောင်း သိရသည်။ 

အခမ်း အနားတွင် ပွေးတောင် ကော်ဖီခြံ တာဝန်ခံနှင့် ဝန်ထမ်းများက ကော်ဖီပင် ကိုင်းဖြတ် ပြုပြင်ခြင်း နှင့် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ (GAP) အကြောင်း ဆွေးနွေး ပြောကြား ကြ ပြီး စိုက်ပျိုးရေး ဦးစီး ဌာနမှ ဝန်ထမ်း များက မြေသြဇာ ဥပဒေ၊ ပိုးသတ်ဆေး ဥပဒေ၊ မျိုးစေ့ ဥပဒေများ အကြောင်းကို ရှင်းလင်း ပြောကြား ကြကာ တောင်သူ ပညာပေး လက်တွေ့ ကွင်း သရုပ် ပြသခဲ့သည်။ 

မြန်မာ နိုင်ငံတွင် ကော်ဖီကို ပြင်ဦးလွင်၊ နောင်ချို၊ ရွာငံ ၊သံတောင်၊ လိပ်သို၊ မိုးကုတ်၊ ချင်းပြည်နယ် အစ ရှိသည့် ဒေသ တို့တွင် စိုက်ပျိုးလျက် ရှိပြီး မြန်မာ့ ကော်ဖီကို ကမ္ဘာက  ကြိုက်နှစ်သက် လျက် နှစ်စဉ် တန် ထောင်ချီ၍ တင်ပို့ ရောင်းချ လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ်က အမေ ရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် ကော်ဖီပြပွဲ သို့လည်း ကော်ဖီစိုက် ပျိုးထုတ် လုပ်သည့် ကမ္ဘာ့ နိုင်ငံများ နှင့်ရင်ပေါင် တန်းလျက် မြန်မာနိုင်ငံမှ ဝင်ရောက် ပြသခဲ့ရာ ကမ္ဘာ့ အမှတ်ပေး ဇယား အဆင့်တွင် မြန်မာ့ကော်ဖီက အမှတ်(၈ဝ)အထက်တွင် ရပ်တည် ခဲ့ကြောင်း သိရသည်။ 

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

Wednesday, March 8, 2017

နွေစပါးစိုက်ပျိုးရာတွင် အပူချိန်လွန်ကဲမှုကြောင့် စိုက်ခင်းများပျက်စီးမှု မရှိစေရန် ပညာပေးဆောင်ရွက်မည်



နေပြည်တော် ၊ ၈-၃-၂၀၁၇

မြန်မာနိုင်ငံအတွင်း တောင်သူ လယ်သမားများ နွေစပါး စိုက်ပျိုးရာတွင် အပူချိန် လွန်ကဲမှုကြောင့် စိုက်ခင်းများ ပျက်စီးမှု မရှိစေရန် ကွင်းဆင်း ပညာပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်း ထံမှ သိရသည်။

ယခုနှစ် နွေရာသီတွင် အပူချိန် လွန်ကဲမှု ရှိနိုင်သည်ဟု မိုးလေဝသ ပညာရှင်များက သုံးသပ်ပြောကြား ထားသဖြင့် စိုက်ခင်းများ ပျက်စီး ဆုံးရှုံးခြင်းများ မဖြစ်ပေါ်နိုင်စေရန် တောင်သူလယ်သမား များထံ တိုက်ရိုက် ကွင်းဆင်း ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စပါးစိုက်ခင်းများ မပျက်စီးရေးကို ပိုမိုအလေးထား ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး စပါးပျက်စီး ဆုံးရှုံးခြင်းများ လျော့နည်း စေရန်နှင့် ကာကွယ်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန် နည်းပညာများကို တောင်သူလယ်သမား များထံ ဖြန့်ဝေပေးမည် ဖြစ်သည်။ 

ယမန်နှစ်က နွေစပါးစိုက်ပျိုးရာတွင် ရေလှောင်တမံများ၊ ဆည်မြောင်းများ၊ ကန်ချောင်းများနှင့် မြစ်များမှ ရေများကို လျှပ်စစ် မြစ်ရေတင် စီမံကိန်းများမှ တစ်ဆင့် ရေသွင်း စိုက်ပျိုးခဲ့သည်။ နှစ်စဉ် နွေစပါး စိုက်ပျိုးရာတွင် အပူချိန် လွန်ကဲခြင်းကြောင့် စပါးပင် အမြစ်များ ခြောက်၍ သေဆုံးခြင်း၊ လယ်ဧက အများစုတွင် ပိုးကျ၍ ဝါခြင်း၊ သီးနှံဖျက်ပိုး များကြောင့် စပါးပင်များ အောင်မြင်ဖြစ်ထွန်းမှု နည်းပါးခြင်းတို့နှင့် တောင်သူ လယ်သမားများ ရင်ဆိုင်ရသဖြင့် ယခုနှစ်တွင် ယင်းကဲ့သို့ မဖြစ်စေရန် အထူးအလေးထား ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Tuesday, February 28, 2017

သဘာဝအရင်းအမြစ်များကို အသုံးချသော စိုက်ပျိုးမွေးမြူရေးစနစ် ပြန့်ပွားစေရန် ဆောင်ရွက်မည်


Permaculture စနစ်တစ်ခု

ရန်ကုန် ၊ ၂၈-၂-၂၀၁၇

စိုက်ပျိုးရေးလုပ်ငန်း များတွင် ဓာတ်မြေသြဇာ များအစား သဘာဝ အရင်းအမြစ်များ နှင့် မွေးမြူရေးလုပ်ငန်း များမှ စွန့်ပစ်ပစ္စည်း များကို ပြန်လည် အသုံးချပြီး ကုန်ကျစရိတ် လျော့နည်းစေကာ အထွက်နှုန်း ကောင်းမွန်သည့် စိုက်ပျိုးမွေးမြူရေး စနစ်ကို မြန်မာနိုင်ငံ တစ်ဝန်း ပြန့်ပွားစေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Farmer to Farmer Project မှ Project Manager ဒေါက်တာ သက်ခိုင် ထံမှ သိရသည်။

ပြည်တွင်းရှိ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် Permaculture နည်းစနစ်ကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည် လာစေရန် အသိပညာပေး ဟောပြောပွဲများ၊ သင်တန်းပို့ချခြင်း များကို ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ဝေးလံသော ကျေးလက်ဒေသများ အထိ သွားရောက် လုပ်ဆောင်သွားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ နည်းစနစ်ကို သြစတြေးလျ နိုင်ငံမှ စတင်တီထွင် ခဲ့ခြင်းဖြစ်ပြီး မွေးမြူရေး လုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ၊ အိမ်သုံးစွန့်ပစ် ပစ္စည်းများကို ပြန်လည် အသုံးပြုကာ လယ်ယာ စိုက်ပျိုးမြေ များကို ပြုပြင် ထိန်းသိမ်းပြီး သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်အတိုင်း လုပ်ကိုင် လည်ပတ်သော စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းစနစ် တစ်ခု ဖြစ်သည်။

ထိုနည်းစနစ်တွင် စိုက်ပျိုးရေးခြံများ အတွင်း ပိုးမွှားများ မရှိစေရန် ဘဲများထည့်သွင်း မွေးမြူခြင်း၊ စွန့်ပစ်ရေများနှင့် မိုးရေများကို Permaculture နည်းစနစ်သုံး စိုက်ပျိုးရေးခြံများ ထဲသို့ အလိုအလျောက် ရောက်ရှိစေရန် မြောင်းတူး သွယ်တန်းခြင်း၊ သီးပင်စားပင်ကြီးများ အောက်တွင် ဝက်များ ထည့်သွင်း မွေးမြူခြင်း အစရှိသော စိုက်ပျိုးရေး အတွက်ရော မွေးမြူရေး အတွက်ပါ အကျိုးပြုစေမည့် နည်းလမ်းများ ပါဝင်သည်။

ယင်းနည်းစနစ် သည် သဘာဝ အရင်းအမြစ်များ ကိုသာ သုံးစွဲခြင်းကြောင့် ဓာတ်မြေသြဇာ များနှင့် ပိုးသတ်ဆေးများ ဝယ်ယူရသည့် ကုန်ကျစရိတ်ကို ၉ဝ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ကြောင်း၊ ယခုအခါ သြစတြေးလျ၊ ကင်ညာ၊ ဆားဘီးယား နှင့် အီသီယိုးပီးယား စသည့်နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်း၌ Permaculture နည်းစနစ်ကို အောင်မြင်စွာ အသုံးပြုစိုက်ပျိုး နေကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Tuesday, October 11, 2016

စည်သွတ်ဘူး ပြုလုပ်ရောင်းချနိုင်သည့် ကြယ်သီးမှို တိုးချဲ့စိုက်ပျိုးလာ



ရန်ကုန် ၊ ၁၁-၁၀-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ၌ စည်သွတ်ဘူး ပြုလုပ်ရောင်းချ နိုင်သည့် ကြယ်သီးမှိုများ ကို စမ်းသပ် စိုက်ပျိုးခဲ့ရာ အောင်မြင်သဖြင့် ယခုလကုန်တွင် ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း မြန်မာ့ စိုက်ပျိုး နည်းပညာ လီမိတက်မှ သိရသည်။

အဆိုပါ ကြယ်သီးမှို မျိုးကို တရုတ်နိုင်ငံ မှ မှာယူ၍ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် တောင်ကြီးနှင့် ဟဲဟိုးမြို့တို့၌ စမ်းသပ် စိုက်ပျိုးခဲ့ရာ အောင်မြင်သော ကြောင့် ပိုမိုတိုးချဲ့ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့နှစ်က စမ်းသပ် စိုက်ပျိုးတာ အောင်မြင်တဲ့ အတွက် ဒီလကုန်မှာ တရုတ်နိုင်ငံက ပညာရှင်တွေရဲ့ နည်းပညာနဲ့ မှိုရုံ ၅ ရုံ စိုက်ပျိုးသွား ပါမယ်'' ဟု မြန်မာ့စိုက်ပျိုး နည်းပညာ လီမိတက် အကြီးတန်း အမှုဆောင် အရာရှိ ဒေါက်တာ မောင်မောင်မြင့် ကပြောသည်။

အဆိုပါ ကြယ်သီးမှို သည် ဆောင်းရာသီ တွင် အအေးပိုင်း ဒေသ၌ စိုက်ပျိုးနိုင်ပြီး ချက်ပြုတ် စားသောက် နိုင်သည့်အပြင် စည်သွတ်ဘူးများ ပြုလုပ် ရောင်းချခြင်း၊ စွပ်ပြုတ် ပြုလုပ်ခြင်းနှင့် ဆော့ (အချဉ်) ထုတ်လုပ်ရာ တွင်လည်း အသုံးပြု နိုင်ကြောင်း သိရသည်။

လတ်တလောတွင် မြန်မာနိုင်ငံ၌ ကြယ်သီးမှိုကို စီးပွားဖြစ် စိုက်ပျိုးနိုင်ခြင်း မရှိသောကြောင့် ထိုင်းနိုင်ငံမှ တင်သွင်း ရောင်းချနေပြီး စားသုံးသူများမှာ အနည်းငယ်သာ ရှိကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, September 29, 2016

လယ်ယာကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ၁ ရာခိုင်နှုန်းခန့်သာရှိ



ရန်ကုန် ၊ ၂၉-၉-၂၀၁၆

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍမှ ရရှိသော ဝင်ငွေပမာဏ သည် အိမ်နီးချင်းနိုင်ငံ များကြား၌ အနိမ့်ဆုံးဖြစ်ပြီး လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၁ ရာခိုင်နှုန်း ခန့်သာ ရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှု  ပိုမိုလာရေး ဆောင်ရွက်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် ထံမှ သိရသည်။

''လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ ချင်တယ်ဆိုပြီး တင်ပြထားတာ ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေ့အထိ လယ်ယာကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း သုည ဒသမ ၅ ရာခိုင်နှုန်း လောက်ပဲ ရှိတယ်။ လက်ရှိ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု မူဝါဒ တွေကို တိုးမြှင့်ဖို့ စဉ်းစားတဲ့အခါမှာ လယ်ယာကဏ္ဍနဲ့ စက်မှုကဏ္ဍ နှစ်ခုကို ချိတ်ဆက်ပြီး တိုးတက်အောင် လုပ်သွားဖို့ အစီအစဉ်ရှိ ပါတယ်'' ဟု ဦးသန်းအောင်ကျော် ကပြောသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ မှရရှိသော ဝင်ငွေကို တစ်နိုင်ငံလုံးရှိ လူဦးရေပေါ် မူတည်ပြီး တွက်ချက်ရာတွင် ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ဝဝ သာ ရရှိကြောင်း သိရသည်။လက်ရှိတွင် စိုက်ပျိုးရေး ကဏ္ဍသည် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး၏ ၃၂ ရာခိုင်နှုန်းရှိပြီး ပြည်ပပို့ကုန် ဝင်ငွေ၏ ၂ဝ ရာခိုင်နှုန်းသာ ရှိကြောင်းနှင့် အလုပ်အကိုင် ရရှိမှုတွင် ၆ဝ ရာခိုင်နှုန်း အထိရှိကာ မြင့်မားသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်စေရေး အတွက် စီးပွားရေးကဏ္ဍကို တိုးမြှင့် လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (OECD) မှ သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတို့၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့် ခွင့်ပြုထားခြင်း မရှိဘဲ အကန့်အသတ်များ ဖြင့်သာ ခွင့်ပြုထားသည်။

ယခုကဲ့သို့ အခြေအနေ မျိုးတွင် လယ်ယာကဏ္ဍ၌ နိုင်ငံတော် အစိုးရက ချေးငွေနှင့် ပတ်သက်သည့် ပံ့ပိုးမှုများ လုပ်ဆောင် ပေးခြင်း၊ စက်မှုလယ်ယာ စက်ကိရိယာများ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်း နှင့် ပုဂ္ဂလိကဘဏ်များမှ ချေးငွေပေး နိုင်ခြင်းတို့ လိုအပ်နေကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Wednesday, August 10, 2016

ကျေးရွာတချို့ မြစ်ရေလျှံမှုကြောင့် ကွမ်းစိုက်ခင်းများ ရေထိပျက်စီးခဲ့သဖြင့် ကွမ်းဈေးမြင့်တက်



မကွေး ၊ ၁၀-၈-၂၀၁၆

မကွေးတိုင်း ဒေသကြီး၌ မိုးများပြီး မြစ်ရေလျှံမှုကြောင့် ကျေးရွာတချို့ ရှိ ကွမ်းစိုက်ခင်းများ ရေထိပျက်စီး ခဲ့သဖြင့် ကွမ်းဈေးများ အဆမတန် မြင့်တက် နေကြောင်း သိရသည်။

''အဓိကကတော့ မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး ဒေသတွေကို ဒီဘက်က စိုက်တဲ့ ကွမ်းရွက်တွေ တင်ပို့ရတာ များပါတယ်။ ဒါပေမဲ့ လက်ရှိမှာ ကွမ်းရွက်တွေက ရေထိပျက်စီး ခဲ့လို့ ဈေးကွက်ကို လိုသလောက် မတင်ပို့ နိုင်တော့ဘူး။ ဒါကြောင့် ကွမ်းက ဈေးတက်သွား တာပါ။ ဧရာဝတီမြစ် အနောက်ဘက် ကမ်းမှာရှိတဲ့ ရွာတွေအပြင် မင်းဘူး (စကု)နယ်၊ ပင်လယ်သက်ရွာ၊ လက်ခုပ်ရွာ၊ ကျောင်းတော်ရာရွာ၊ ကျောက်ကုန်းရွာ၊ ပွင့်ဖြူ၊ ရှောက်တောရွာ တွေမှာလည်း စိုက်ပျိုးမှု ရှိပေမယ့် ရေဝင်မှုတွေ ဖြစ်ပွားနေ ပါတယ်'' ဟု ကွမ်းစိုက် တောင်သူ တစ်ဦးထံမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပန်းတနော် ကွမ်းကို အဓိက စိုက်ပျိုးကြပြီး စားသုံးသူများ အနေဖြင့်လည်း ပန်းတနော် ကွမ်းရွက်ကို ပိုမို ကြိုက်နှစ်သက် ကြသည်။ လက်ရှိတွင် စိုက်ပျိုးထားသည့် ဒေသထွက်
ကွမ်းခြံများ ရေဝင်ပျက်စီး သောကြောင့် တခြားဒေသမှ ထွက်ရှိသည့် ပန်းတနော် ကွမ်း အပါအဝင် တခြားကွမ်းများ အစားထိုး ဝင်ရောက်မှုများ ရှိနေသည်။

အဆိုပါ ကွမ်းစိုက်ခင်းများ ပျက်စီးမှုကြောင့် ကွမ်းဈေးသည် တစ်ပိဿာလျှင် ငွေကျပ် ၇၅ဝဝ မှ ၁၅ဝဝဝ အထိ မြင့်တက် သွားကြောင်း ကွမ်းရောင်းဝယ် သူများထံမှ သိရသည်။ (သီရိ)

မြ၀တီနေ့စဉ် ၊ စာ(၆)

Thursday, August 4, 2016

ပြည်ပမှ အာရုံစိုက်လာနိုင်သဖြင့် အရည်အသွေးမြင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်



ရန်ကုန် ၊ ၄-၈-၂၀၁၆

လာမည့် ငါးနှစ်အတွင်း မြန်မာ့သစ်သီး များ၏ အရည်အသွေး ကို ပြည်ပဝယ်လက် များမှ ပိုမိုအာရုံစိုက် လာနိုင်သဖြင့် အရည်အသွေးမြင့် သစ်သီးဝလံများ စိုက်ပျိုး ထုတ်လုပ်ရန် လိုအပ် လာကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် က ပြောသည်။

သရက်၊ သခွားမွှေးနှင့် ဖရဲသီးတို့မှာ အရည်အသွေး ကောင်းမွန်ခြင်း နှင့် ပိုးသတ်ဆေး ဓာတ်ကြွင်း ပါဝင်မှု နည်းပါးသဖြင့် တရုတ်ဈေးကွက်၌ နေရာရရှိနေပြီး လက်ရှိတွင် တရုတ်နိုင်ငံမှ အသိအမှတ်ပြု လက်မှတ်များ တောင်းဆိုခြင်း မရှိသော်လည်း လာမည့် နှစ်များအတွင်း ပိုမိုအာရုံစိုက် လာနိုင်သော ကြောင့် အရည်အသွေးမြင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်ရန် လိုအပ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တောင်သူများ အနေဖြင့် စိုက်ပျိုးရေး ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ ရရှိရန်နှင့် အော်ဂဲနစ်နည်းဖြင့် စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ရန် လိုအပ်မည်ဟု ပညာရှင်များက သုံးသပ်ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၁၇ ရက်အထိ မူဆယ် ၁ဝ၅ မိုင် သစ်သီးဝလံ စာရင်းများအရ ပြည်ပသို့ သစ်သီးတင်ပို့မှု အနေဖြင့် သရက်သီး ၂၅ဝ၆၄ တန်၊ ဖရဲသီး ၁၂၂၅၄၃ တန်၊ သခွားမွှေး ၂၆ဝ၄၂ ဒသမ ၅ တန်၊ စပျစ်သီး ၁၈ တန် ဖြစ်ပြီး ဆီးသီးမှာ ဈေးကွက် ယှဉ်ပြိုင်နိုင်မှု မရှိသဖြင့် ယခုနှစ်အတွင်း တင်ပို့မှု မရှိခဲ့ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, July 21, 2016

ပြည်တွင်း၌ သကြားလုပ်ငန်း ဖွံ့ဖြိုးလာစေရန် ကြံသကြား ဥပဒေလိုအပ်နေ



ရန်ကုန် ၊ ၂၁-၇-၂၀၁၆

သကြား လုပ်ငန်းရှင်များ ရေရှည် ရပ်တည်နိုင်ရေး နှင့် ပြည်တွင်း၌ ကြံ၊ သကြား လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာစေရန် ကြံ၊ သကြား ဥပဒေကို အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ သကြား အများပိုင် လီမိတက်မှ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းဌေး က ပြောကြား ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း သကြား လုပ်ငန်းရှင်များ အနေဖြင့် သကြား ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားလာသည့် အပြင် ပြည်ပမှ တင်သွင်းလာသည့် သကြားများကို အရည်အသွေး ယှဉ်ပြိုင်နိုင်မှု ကျဆင်းလာ သောကြောင့် ယခုကဲ့သို့ တာဝန်ရှိ သူများထံ တိုက်တွန်း ပြောကြားရခြင်း ဖြစ်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့နှစ်တွေက သကြားဈေး မကောင်းတာရယ်၊ စက်တွေရဲ့ စွမ်းရည် ကျဆင်းတာရယ်၊ သူများနိုင်ငံ တွေမှာလို ကြံဖတ်ကနေ လျှပ်စစ် ထုတ်တာတို့၊ ပြီးတော့ တင်လဲရည် ကနေ အီသနော ချက်တာတို့၊ နောက်ပြီး မြေသြဇာ ထုတ်လုပ်ပြီး ရောင်းချတာတို့ မရှိတဲ့အတွက် သကြားပေါ် မှာပဲ စရိတ်အားလုံးက ထမ်းထားရသလို ဖြစ်နေပါတယ်။ ဒီလို ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားတဲ့ အခါကျတော့ တခြားနိုင်ငံက သကြားနဲ့ ဈေးကွက် ယှဉ်ပြိုင်မှု ကျဆင်းလာတယ်။ စက်ရုံက အမြတ်နည်း လာပြီး ကြံစိုက် တောင်သူတွေကို ပံ့ပိုးမှု နည်းသွားတယ်။ ဒီလို အခြေအနေမျိုး တွေနဲ့ ရင်ဆိုင် နေရတယ်'' ဟု ၄င်းက ပြောသည်။

ယခုအခါ စက်ရုံပိုင် ကြံစိုက်ခင်းများ ဖြင့်သာ စိုက်ပျိုး လည်ပတ်၍ သကြား ထုတ်လုပ် နေရကြောင်း သိရသည်။ ထို့ကြောင့် ကြံ၊သကြား ဥပဒေကို အကောင် အထည်ဖော် ရေးဆွဲပေးရန်နှင့် ရေးဆွဲရာတွင်လည်း တောင်သူများ အနေဖြင့် လွတ်လပ်စွာ စိုက်ပျိုးခွင့်နှင့် တောင်သူများ နစ်နာဆုံးရှုံးမှု မရှိစေရန် ဘုတ်အဖွဲ့များ ဖွဲ့စည်းပေး စေချင်ကြောင်း သိရသည်။

''ကြံစိုက်တောင်သူ တွေကို ပံ့ပိုးမှုနည်းလာတော့ ကြံစိုက်တောင်သူ တွေက ကြံမစိုက်ကြ တော့ဘူး။ တွက်ခြေကိုက်မယ့် တခြား သီးနှံတွေ ပြောင်းစိုက် လာကြတယ်။ ဒီတော့ နောက်ဆက်တွဲ အနေနဲ့ သကြား ထုတ်လုပ်မှု လျော့ကျလာတယ်။ စက်ရုံတစ်ရုံက တစ်ရက်ကို တန် ၂ဝဝဝ ကြိတ်နိုင်မယ် ဆိုရင် ဈေးကွက်ကလည်း အကြီးကြီး ဖြစ်နေပြီ ဆိုပါတော့။ အဲဒီလိုဈေးကွက် ရှိနေမယ်ဆိုရင် ထုတ်လုပ်မှုကို တိုးချဲ့လို့ ရအောင် လုပ်ငန်းရှင်တွေ အတွက် အရင်းအနှီး လိုပါတယ်။ နိုင်ငံတော်က ပံ့ပိုးပေးမယ် ဆိုရင်တော့ စိုက်နိုင်မယ် ထင်ပါတယ်'' ဟု လယ်ဝေးမြို့နယ် ကြံစိုက်တောင်သူ ဦးတင်မောင်လတ် က ပြောသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၄)

Monday, July 18, 2016

ပြည်တွင်းမှ ကော်ဖီထွက်ရှိမှုနည်းပါးခြင်းကြောင့် ကော်ဖီစိုက်ဧကများ တိုးချဲ့နိုင်ရန် ဆောင်ရွက်လျက်ရှိ



ရန်ကုန် ၊ ၁၈-၇-၂၀၁၆

ပြည်တွင်းမှ အရည်အသွေးမြင့် ကော်ဖီများ ထွက်ရှိသော်လည်း အရေအတွက် အားဖြင့် ပြည်ပနိုင်ငံ များထက် ထွက်ရှိမှု နည်းနေခြင်းကြောင့် ကော်ဖီစိုက် ဧကများ တိုးချဲ့နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ကော်ဖီ လုပ်ငန်းရှင်များ ထံမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းကော်ဖီ ထုတ်လုပ် ထွက်ရှိမှုသည် ပြည်ပနိုင်ငံ များကို မယှဉ်နိုင်သော်လည်း အရည်အသွေး ပိုင်းကို အဓိကထား ရမည်ဖြစ်ပြီး ဈေးကွက်၊ ထုတ်လုပ်မှု နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ မြှင့်တင် ဆောင်ရွက်သင့် သည်ဟု ကော်ဖီလုပ်ငန်း လုပ်ကိုင်သူ ဦးသူဇော် ကပြောသည်။

''ကျွန်တော်တို့ နိုင်ငံက ကော်ဖီ ထုတ်လုပ်မှုမှာ ဗီယက်နမ်၊ လာအို ၊ အင်ဒိုနီးရှား၊ တရုတ်နဲ့ ထိုင်းတို့ကို မယှဉ်နိုင်သေး ပါဘူး။ အရည်အသွေး ပိုင်းနဲ့ ဈေးကွက် ရှာဖွေရေး အပိုင်းတွေကို အရင်လုပ် ရပါမယ်။ ဒါ့အပြင် ထုတ်လုပ်မှု နည်းပညာ တွေကို မြှင့်တင်ပေးရ ပါမယ်။ နောက်ပြီး ကော်ဖီစေ့ လှော်တဲ့နေရာမှာ စနစ်တွေ ပိုပြီးတော့ ကောင်းလာဖို့လည်း လိုအပ်ပါတယ်'' ဟု ၄င်းက ပြောသည်။

ပြည်တွင်း ကော်ဖီ ထုတ်လုပ်မှုကို နိုင်ငံတော်က တစ်နှစ်လျှင် တန်ချိန် ၈ဝဝဝ ခန့်ထွက်ရှိရန် ခန့်မှန်းထား သော်လည်း လက်ရှိတွင် တစ်နှစ်လျှင် တန်ချိန် ၂ဝဝဝ ခန့်သာ ထွက်ရှိပြီး ထွက်ရှိ မှု၏ ၆ဝ ရာခိုင်နှုန်း ကို ပြည်ပသို့ တင်ပို့လျက် ရှိသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် မြန်မာ့ကော်ဖီ သည် ကမ္ဘာ့ကော်ဖီ ဈေးကွက်၌ အရည်အသွေး သတ်မှတ်ချက် တွင် ၈၇ မှတ်အထိ ရရှိထားကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

Thursday, July 7, 2016

ဘိုကလေးမြို့နယ် အတွင်းရှိ လယ်သမား ၃၀၀၀ ကျော် ပုံစံ(၇) မရသေးသဖြင့် မိုးစပါးစိုက်ပျိုးရန် အခက်တွေ့နေ



ဘိုကလေး ၊ ၇-၇-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ် ရှိ ကျေးရွာအုပ်စု ငါးစုမှ လယ်ယာမြေ ၄ဝ၉၃၈ ဧကအား လုပ်ကိုင်နေသော လယ်သမား ၃ဝဝဝ ကျော်သည် လက်ရှိတွင် ပုံစံ (၇) မရသေး သဖြင့် မိုးစပါး စတင် စိုက်ပျိုးရန် အခက်အခဲ တွေ့ကြုံ နေကြောင်း ဒေသခံများ ထံမှ သိရသည်။ အဆိုပါ လယ်မြေများသည် သစ်တောမြေမှ ပယ်ဖျက်ပြီး သည်မှာ တစ်နှစ်ကျော် ကြာသော်လည်း ပုံစံ (၇) မရသေးခြင်း ဖြစ်သည်။

''လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ရှိရင်တော့ စိုက်ပျိုးစရိတ်ကို ဘဏ်ကနေ အတိုး သက်သက် သာသာနဲ့ ချေးပြီး လုပ်လို့ ရပါမယ်'' ဟု ကဒုံကနိ ကျေးရွာ အုပ်စုမှ ဧက ၂ဝဝ ကျော် လယ်လုပ်ကိုင် နေသည့် ဦးအောင်ကျော်မြင့် က ပြောသည်။

အဆိုပါ လယ်မြေများသည် ကဒုံကနိ ကျေးရွာအုပ်စု၊ ဆတ်ကျွန်းကျေးရွာ အုပ်စု၊ သရော်ချောင်း ကျေးရွာအုပ်စု၊ ဧရာကျေးရွာ အုပ်စုနှင့် ချောင်းဗြဲကြီး ကျေးရွာအုပ်စု တို့မှ ဖြစ်ပြီး ပုံစံ (၇) မရသေး သဖြင့် ထွန်ယက်ခြင်းပင် လုပ်ကိုင်နိုင်ခြင်း မရှိသေးသော လယ်မြေများသည် ရေငန်ရေ ဝင်ရောက်မှု ကြောင့် သြဂုတ်လ နောက်ဆုံးထားကာ စိုက်ပျိုးရသည့် လယ်မြေများ ဖြစ်ကြောင်း၊ လယ်မြေ အားလုံးမှာ ငစိန်စပါး တစ်မျိုးတည်းသာ စိုက်ပျိုး အောင်မြင်သည့် လယ်မြေများ ဖြစ်ကြောင်း ဒေသခံ လယ်သမား များထံမှ သိရသည်။

''အဓိကကတော့ နယ်နိမိတ် ဖြတ်တာပါ။ ဒီဒေသက မြေပုံပေါ်မှာ အရမ်းစိမ်းစို နေလို့ စောပြီးဖြတ် လိုက်ရင် မှားပြီးဖြတ်မိမှာ စိုးလို့ ဖြစ်ပါတယ်။ ကန့်ကွက်လွှာ မရှိတဲ့သူတွေကို တစ်ဖြတ် ဖြတ်ပေးပါမယ်'' ဟု ဘိုကလေးမြို့နယ် မြေစာရင်းဦးစီးမှူး ဦးအေးဝင်းစိုး က ပြောသည်။

ထို့ပြင် ကျေးရွာအုပ်စု ငါးစုရှိ လယ်မြေ များမှာ မတ်လအတွင်းက လာရောက် တိုင်းတာပြီး ပုံစံ ၁၊ ပုံစံ ၂၊ ပုံစံ ၃ ထွက်ပြီးသား မြေများ ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သည် မြန်မာ တစ်နိုင်ငံလုံးမှ သစ်တောမြေဧက ငါးသိန်းကျော်ကို သစ်တောမြေ အဖြစ်မှ ပယ်ဖျက်ပေးခဲ့ပြီး ပုံစံ (၇) ထုတ်ပေးရန် သတ်မှတ် ဆောင်ရွက်ခဲ့ရာ ဘိုကလေးမြို့နယ် မှာ ၁ဝ၉၇ဝ၆ ဧကဖြင့် အများဆုံးဖြစ်ပြီး လက်ရှိတွင် ၆၈၇၆၈ ဧကအား ပုံစံ (၇) ထုတ်ပေးပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၆)
Related Posts Plugin for WordPress, Blogger...