Social Icons

Pages

Showing posts with label အထည်ချုပ်လုပ်ငန်း. Show all posts
Showing posts with label အထည်ချုပ်လုပ်ငန်း. Show all posts

Monday, January 21, 2019

အထည်ချုပ်လုပ်ငန်းများအား ချေးငွေပုံစံနှစ်မျိုးဖြင့် တစုတစည်းတည်း ထုတ်ချေးပေးနိုင်ရန် စီစဉ်

အထည်ချုပ်လုပ်ငန်းများအား ချေးငွေပုံစံနှစ်မျိုးဖြင့် တစုတစည်းတည်း ထုတ်ချေးပေးနိုင်ရန် စီစဉ်
-
ရန်ကုန် ဇန်နဝါရီ ၂ဝ
-
အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMID) ဘဏ်အနေဖြင့် အထည်ချုပ် လုပ်ငန်းများကို ချေးငွေ ပုံစံနှစ်မျိုးဖြင့် တစုတစည်းတည်း ချေးငွေထုတ် ချေးပေးရန်စီစဉ်ထားကြောင်း SMID ဘဏ်အမှုဆောင် အရာရှိချုပ် ဒေါက်တာဇေယျာညွန့်ထံမှ သိရသည်။
-
အထည်ချုပ် လုပ်ငန်းများကို တစုတစည်းတည်း ချေးငွေရယူနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ(JICA)) ချေးငွေ Two Step Loan နှင့် ငွေသားစီးဆင်းလည်ပတ်မှုချေးငွေ (SMID CFBLoan) စသည့် ချေးငွေနှစ်မျိုး ရှိကြောင်း သိရသည်။
-
အထည်ချုပ် လုပ်ငန်းများသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး နိုင်ငံခြားဝင်ငွေလည်း ရရှိသဖြင့် နိုင်ငံ၏ GDP တိုးတက် လာနိုင်ခြင်းကြောင့် အထည်ချုပ်လုပ်ငန်းများကိုယခုကဲ့သို့ ချေးငွေထုတ်ချေးပေးရန် စီစဉ်ခြင်း ဖြစ်သည်။
-
''လုပ်ငန်းရှင်တွေနဲ့ ဘဏ်နဲ့ချိတ်ဆက်ပြီး ချေးငွေရရင် လုပ်ငန်းတွေ ထပ်ပြီး တိုးချဲ့နိုင်ပါတယ်။ လုပ်ငန်းအတွက်လည်းကောင်းတယ်။ ဘဏ်အတွက်လည်း ကောင်းတယ်''ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
-
ယခုမိတ်ဆက်ပေးသည့် ချေးငွေနှစ်မျိုးအနက် CFB Loan ချေးငွေသည် လုပ်ငန်းငယ်များအတွက် ထုတ်ချေးပေးခြင်း ဖြစ်ပြီး အာမခံအပေါင် ပစ္စည်းကို အဓိကအခြေမခံဘဲ လုပ်ငန်းတစ်ခု၏ငွေသားစီးဆင်း လည်ပတ်မှုနှင့် အမြတ် ရရှိမှုပေါ်တွင် အဓိက အခြေခံ၍ ထုတ်ချေးသော ချေးငွေ ဖြစ်သည်။
-
JICA ချေးငွေသည် ငါးနှစ်သက်တမ်းဖြစ်ပြီး အများဆုံး ငွေကျပ် သိန်း ၅ဝဝဝ ကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးယူနိုင်ကြောင်း သိရသည်။SMID ဘဏ်အနေဖြင့် အဆိုပါ ချေးငွေများကိုအထည်ချုပ် လုပ်ငန်းသာမက တခြားသော SME လုပ်ငန်းများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများကိုပါ ထုတ်ချေးပေးမည်ဖြစ်ပြီး လက်ရှိတွင် အထည်ချုပ် လုပ်ငန်းများကို တစုတစည်းတည်းချေးငွေရယူနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
-
kaykay
-


#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 31, 2017

စဥ့်ကိုင်မြို့နယ်ရှိ စွန်ရဲအင်းတွင် ကြာချည်မျှင်များ ထွက်ရှိမှုနည်းပါးလာသဖြင့် ကြာရိုးချိုးလုပ်ငန်းလုပ်ကိုင်သူများ ရေလုပ်ငန်းသို့ ပြောင်းလဲလုပ်ကိုင်လာ



စဥ့်ကိုင် ၃၁-၁၀-၂၀၁၇

စဥ့်ကိုင်မြို့နယ်အတွင်းရှိ စွန်ရဲအင်းတွင် ကြာချည်မျှင်များ ထွက်ရှိမှု နည်းပါးလာသဖြင့် ကြာရိုးချိုးလုပ်ငန်း လုပ်ကိုင်သူများ ရေလုပ်ငန်းများသို့ ပြောင်းလဲလုပ်ကိုင်လာရကြောင်း စွန်ရဲအင်းကြာချည်မျှင်များ လုပ်ကိုင်နေသူများထံမှ သိရသည်။

စွန်ရဲအင်းကို အမှီပြု၍ လုပ်ကိုင်နေကြသည့် ကြာချည်မျှင် ထုတ်လုပ်သူများသည် ကြာချည်မျှင်ထွက်ရှိမှု နည်းပါးလာသဖြင့် ကြာရိုးချိုး လုပ်ငန်းလုပ်ကိုင်သူများ ယခုလက်ရှိအချိန်တွင် နည်းပါးလာကြောင်း၊ ယခင်က ကြာရိုးချိုးလုပ်ငန်းများကို တစ်ရွာလုံးနီးပါး လုပ်ကိုင်လျက်ရှိပြီး စွန်ရဲအင်းမှ ထွက်ရှိသည့် ကြာချည်မျှင်များကို အင်းလေးဒေသသို့ ပို့ဆောင်ကာ ကြာသင်္ကန်းရက်လုပ်သည့် လုပ်ငန်းများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

"စွန်ရဲရွာ တစ်ရွာလုံးလိုလို တောင်သူလုပ်ငန်း မလုပ်ကိုင်ပါဘူး။ စွန်ရဲအင်းကိုအမှီပြုပြီး ငါးရှာတာတို့ ကြာချိုးတဲ့လုပ်ငန်းတွေပဲ အများဆုံးလုပ်ကိုင်ကြပါတယ်။ ကြာမျှင်တွေက အခုလိုလတွေမှာဆိုရင်အများကြီး မထွက်တော့ပါဘူး။ကဆုန်၊ နယုန်၊ ဝါဆိုနဲ့ ဝါခေါင်လတွေမှာ အများဆုံးထွက်တာများတယ်။ ကြာချည်မျှင်တွေ ထွက်တာနည်းတော့ ကြာရိုးချိုးတဲ့သူတွေကလဲ ရေလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ကြပါတယ်"ဟု ကြာချည်မျှင်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပြသည်။

ကြာချည်မျှင်များ လှိုင်လှိုင်ထွက်ပေါ်သည့် အချိန်တွင် ကြာရိုးချိုးသူများ စွန်ရဲအင်းအတွင်း၌ များပြားလျက်ရှိပြီး ကြာရိုးချိုးသူများ အနေဖြင့် တစ်ရက်လျှင်အများဆုံး သုံးကျပ်သားထိရရှိပြီး ကြာချည်မျှင် တစ်ကျပ်သားလျှင်
ယခုလက်ရှိ ပေါက်ဈေးအရငွေကျပ် ၃ဝဝဝမှ ၃၅ဝဝကျော်ထိရှိကြောင်း သိရသည်။

"ဒီလက ကြာမျှင်ထွက်တာ နည်းတဲ့အချိန်ဆိုတော့ လုပ်ကိုင်တဲ့ သူတွေနည်းပါတယ်။ ဆယ့်နှစ်ရာသီ လုပ်ကိုင်နေတဲ့ သူတွေလဲရှိပါတယ်။ ကြာရိုးချိုးတဲ့သူတွေဆိုရင် မနက် ၇ နာရီလောက်ကနေ ကြာတွေ စချိုးပြီး ၉ နာရီလောက် ဆိုပြန်ကြပြီ။ အိမ်ပြန်ရောက်မှ ကြာမျှင်တွေဆွဲကြပါတယ်။ ကျွမ်းကျင်တဲ့ သူတွေဆိုရင် ကြာမျှင်ဆွဲတာကို နံနက် ၁ဝ နာရီ လောက်ကစဆွဲရင် ညနေ ၄ နာရီ လောက်ဆိုပြီးပြီ။ တချို့ကျတော့လဲသုံးကျပ်သားလောက်ရရင် ငွေကျပ် ၁ဝဝဝဝ လောက်ဆိုတော့ အဆင်ပြေတာများပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Tuesday, March 14, 2017

လာမည့်နှစ်တွင် ပြည်တွင်းမှ ထုတ်လုပ်သော အ၀တ်အထည်များကို ဥရောပဈေးကွက်ကိုသာ အဓိကတင်ပို့မည်



ရန်ကုန် ၊ ၁၄-၃-၂၀၁၇

ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ လက်ရှိအချိန်ထိ ပြည်တွင်းမှ ထုတ်လုပ်သော အဝတ်အထည်များကို ဥရောပ ဈေးကွက်သို့ တင်ပို့ ရောင်းချရာတွင် ယခင်နှစ်များထက် ဝယ်လိုအားသုံးဆခန့် မြင့်တက် လာခြင်းကြောင့်
လာမည့်နှစ်တွင် ပြည်တွင်းမှ ထုတ်လုပ်သော အဝတ်အထည်များကို ဥရောပဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်တွင်းမှ ထုတ်လုပ်သော အဝတ်အထည် များကို ဂျပန်နိုင်ငံသို့သာ အဓိကဈေးကွက် အနေဖြင့် တင်ပို့ရောင်းချ ခဲ့သော်လည်း လာမည့်နှစ်တွင် ဝယ်လိုအား အခြေအနေကြောင့် ဥရောပ ဈေးကွက်သို့ ပြောင်းလဲ တင်ပို့ခြင်း ဖြစ်သည်။ ဥရောပ ဈေးကွက်သို့ အဓိကဈေးကွက် အနေဖြင့် ပြောင်းလဲတင်ပို့ ရာတွင် ဂျာမနီ၊ ဆွီဒင်နှင့် ပြင်သစ် စသောနိုင်ငံများ အပါအဝင် နိုင်ငံကြီးတချို့ကို တင်ပို့ရောင်းချ သွားမည်ဖြစ်သည်။

''ဥရောပဈေးကွက်က ဝယ်ယူမှုနှုန်း အားကောင်းပြီး ပစ္စည်းတွေကို ဈေးကောင်းပေး ဝယ်ယူတာကြောင့် လာမယ့်နှစ်မှာ ဥရောပ ဈေးကွက်ကို အဓိကအနေနဲ့ ပြောင်းလဲ ရောင်းချဖို့ စီစဉ်လိုက်တာပါ။ လာမယ့်နှစ်မှာ တင်ပို့ရောင်းချတဲ့ အခါ ဈေးကွက်မှာရှိတဲ့ နိုင်ငံတွေနဲ့ ယုံကြည်မှု ကောင်းတွေ တည်ဆောက်မှာပါ။ နောက်ပိုင်းမှာလည်း ခိုင်မာတဲ့ဈေးကွက် အနေနဲ့ တင်ပို့ရောင်းချ နိုင်အောင် ဆောင်ရွက်သွား မှာပါ'' ဟု လာမည့်နှစ်တွင် ဥရောပ ဈေးကွက်သို့ အထည်များ တင်ပို့ရောင်းချမည့် အထည်ချုပ် လုပ်ငန်းရှင် ဦးစိုးအောင် ကပြောသည်။

ဥရောပဈေးကွက်သို့ တင်ပို့ရောင်းချ ရာတွင် ၄င်းတို့အဓိက ဝယ်ယူသည့် အနွေးထည်များ ကိုသာ တင်ပို့ရောင်းချမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း လက်အောက်တွင် စက်ရုံပေါင်း ၄ဝဝ ကျော်ရှိပြီး အလုပ်သမား အရေအတွက် လေးသိန်းကျော် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Friday, February 10, 2017

လက်ခစားစနစ် (CMP) အထည်ချုပ်လုပ်ငန်းများမှ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ သန်း ၇၀၀၀ ကျော်ဖိုးတင်ပို့ထား



ရန်ကုန် ၊ ၁၀-၂-၂၀၁၇

လက်ခစားစနစ် (CMP) အထည်ချုပ် လုပ်ငန်းများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများဆုံး လုပ်ကိုင်လျက် ရှိပြီး ယခု ဘဏ္ဍာနှစ် အတွင်း အမေရိကန် ဒေါ်လာသန်း ၇ဝဝဝ ကျော်တန်ဖိုးရှိ အဝတ်အထည် များ တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းကဏ္ဍ၌ ပြည်တွင်း ပုဂ္ဂလိကပိုင် ၁၇၁ ရုံ၊ နိုင်ငံခြားသားပိုင် ၁၉၆ ရုံနှင့် ပြည်တွင်း နှင့် နိုင်ငံခြား ဖက်စပ်စက်ရုံ ၂၂ ရုံ စုစုပေါင်း အထည်ချုပ်စက်ရုံ ၃၈၉ ရုံရှိနေပြီး ဝန်ထမ်း နှင့် အလုပ်သမား ဦးရေ လေးသိန်းကျော် ဝင်ရောက်လုပ်ကိုင် နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လက်ခစားစနစ် (CMP) အထည်ချုပ်လုပ်ငန်း များမှ ပြည်ပသို့ အထည်တင်ပို့မှုမှာ ဂျပန်နိုင်ငံ ဈေးကွက်သို့ ၃၃ ရာခိုင်နှုန်း၊ ဥရောပသမဂ္ဂ ဈေးကွက် ဂျာမနီနိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ တောင်ကိုရီးယား နိုင်ငံသို့ ၂၅ ရာခိုင်နှုန်း၊ အမေရိကဈေးကွက် သို့ ၂ ဒသမ ၄ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံသို့ ၂ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်သည်။ လက်ရှိတွင် မြန်မာ့အထည်ချုပ် လုပ်ငန်းထုတ်ကုန် များကို ဥရောပသမဂ္ဂ နိုင်ငံများမှ အော်ဒါမှာယူမှု မြင့်တက်လျက်ရှိပြီး ယခုနှစ်တွင် ဥရောပသမဂ္ဂ နိုင်ငံက ဂျပန်နိုင်ငံထက် ပိုမိုမှာယူနေကြောင်း သိရသည်။

ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံသို့ GSP အခွန်သက်သာခွင့် ပေးပြီးနောက်ပိုင်းတွင် ဥရောပသမဂ္ဂ နိုင်ငံများမှ အော်ဒါမှာယူမှု များပြားလာခြင်း ဖြစ်ပြီး ယခု ဖော်ဆောင်နေသည့် သီလဝါအထူး စီးပွားရေးဇုန် တွင် လက်ခစားစနစ် (CMP) ဖြင့် အထည်ချုပ်လုပ်ငန်း များပါဝင် နေသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ ထပ်မံပေါ်ထွက် လာမည့်အပြင် ပြည်ပသို့ အထည်တင်ပို့မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် လာဖွယ်ရှိကြောင်း သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာလကုန် အထိ ကိုးလတာကာလ အတွင်း အမေရိကန်ဒေါ်လာ သန်း ၇ဝဝဝ ကျော်တန်ဖိုးရှိ အဝတ်အထည် များကို တင်ပို့ ရောင်းချပေးခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် တွင် တစ်နှစ်လုံး တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၆ဝဝဝ ကျော်သာ ရှိခဲ့သောကြောင့် ဘဏ္ဍာနှစ် ကိုးလတာကာလ အတွင်း တင်ပို့နိုင်မှုမှာ ယခင်ဘဏ္ဍာ နှစ်တစ်နှစ်လုံးထက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ ကျော်ဖိုး ပိုမိုတင်ပို့နိုင် ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းကဏ္ဍ အနေဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၈ဝဝဝ ကျော်ဖိုးအထိ တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက် နေကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

#Themyawadydaily
Related Posts Plugin for WordPress, Blogger...