Social Icons

Pages

Wednesday, August 15, 2018

ပုဂံဘုရား ၁၇ ဆူတွင် ပန်းခြံများ ပြုလုပ်မည့်ကိစ္စကို ဒေသခံများနှင့် UNESCO အား အသိပေးညှိနှိုင်းခြင်းမရှိ



ညောင်ဦး ၁၅-၈-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းဘုရား ၁၇ဆူတွင် ပန်းခြံများ ပြုလုပ်မည့်ကိစ္စကို ဒေသခံများနှင့် UNESCO အား အသိပေးညှိနှိုင်းခြင်း မရှိကြောင်း ပုဂံဒေသခံများနှင့် UNESCO Project Managerဒေါ်ဥမ္မာမျိုးက ပြောပြ၍ သိရသည်။

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၁၇ ဆူတွင် မြက်ခင်းပြင်နှင့် အလှစိုက်ပန်းပင်များ ပါဝင်သည့် ပန်းခြံများ စိုက်ပျိုးသွားမည်ကို သိရှိရပြီး လက်ရှိတွင် ဘုရားလေးဆူတွင် စိုက်ပျိုးထားသည်ကို တွေ့ရှိရကာ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိဘဲ ဒေသခံများက ဝေဖန်မှုများရှိနေကြောင်း ပုဂံဒေသရှိ Save the Bagan အင်အားစု အဖွဲ့ခေါင်းဆောင် ကိုမျိုးဆက်စံက ပြောပြသည်။

"ဒါနဲ့ပတ်သက်ပြီး ဘယ်သူက တာဝန်ယူလုပ်တာလဲ မသိရပါဘူး။ သူလိုလို ကိုယ်လိုလိုနဲ့ လွှဲချနေကြတယ်။ ဇူလိုင်လကတည်းက တစ်ဆူချင်းမှာ နည်းနည်းစီ လုပ်လာတာ ဒီလထဲမှာမှ လူတွေပိုသိလာတာပါ။ အခုလို UNESCO က လာစစ်ခါနီးမှ ပန်းခြံပြုလုပ် နေတာတွေက မဖြစ်သင့်ပါဘူး။ လုပ်တာကိုလဲ ဒေသခံနဲ့ ပြည်သူတွေကို မချပြပါဘူး။ ပြည်သူတွေရဲ့သဘောထားတော့ ယူသင့်ပါတယ်။ ဒေသခံတွေအနေနဲ့ လူလုပ်တာမဟုတ်ဘဲနဲ့ ရှေးဟောင်း မြို့တော် ရှေးပုဂံပုံရိပ်အတိုင်း၊ သဘာဝအတိုင်းပဲ ရှိနေစေချင်ပါတယ်။ ဒါမျိုးတွေ မလုပ်စေချင်ပါဘူး"ဟု Save the Bagan အင်အားစု အဖွဲ့ခေါင်းဆောင် ကိုမျိုးဆက်စံက ပြောပြသည်။

လက်ရှိတွင် မြက်ခင်းပြင်နှင့် အလှစိုက်ပန်းပင်များ ပါဝင်သည့် ပန်းခြံများကို ရွှေစံတော်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ မဟာဗောဓိနှင့် သရပါတံခါးရှေ့တို့တွင် ပြုလုပ်ထားပြီးဖြစ်ကာ ဒေသခံများကြားတွင် ဝေဖန်မှုများ မြင့်တက်လျက် ရှိကြောင်း သိရသည်။

"ဘုရား ၁၇ဆူမှာ လုပ်မယ်ဆိုတာ အကြမ်းဖျဉ်း Facebook တွေ့လို့သိတာပဲ ရှိတယ်။ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကလဲ တရားဝင်အကြောင်းကြား ညှိနှိုင်းတာလဲ မရှိတော့ သူတို့ Plan က ဘာလဲဆိုတာ တိတိကျကျမသိဘူး။ ကျွန်မတို့အနေနဲ့ ယေဘုယျအားဖြင့် ပြောရရင် ပုဂံမှာဘာပဲလုပ်လုပ် ရှေးဟောင်းအမွေအနှစ် မထိခိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ မထိခိုက်ရင်တော့ ပြောစရာမရှိဘူး။ ထိခိုက်ရင်တော့ မလုပ်သင့်ဘူး။ UNESCO မှ ပညာရှင်တွေက Guide Line ပေးထားတာတော့ ရှိတယ်။ Plan ရှိရမယ်၊ စိုက်ပျိုးတဲ့ အပင်တို့၊ ပန်းတို့က ဒေသမျိုးရင်းဖြစ်ရမယ် စတာတွေပါ။ အဓိကကတော့ အုတ်အဆောက်အအုံတွေကို ထိခိုက်တာမျိုး တော့မဖြစ်သင့်ပါဘူး"ဟု UNESCO မှ Project Manager ဒေါ်ဥမ္မာမျိုးက ပြောပြသည်။

ပုဂံဒေသကို လာမည့် စက်တင်ဘာလတွင် UNESCO မှ အဖွဲ့ဝင်များ လာရောက်ကွင်းဆင်း လေ့လာမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပုဂံဒေသအတွင်း ခေတ်သစ် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံ မှုများနှင့် ပတ်သက်၍ ဒေသခံများ အနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။ 

"အခုကလဲ ရှေးပုဂံပုံရိပ်နဲ့ အဆောက်အအုံတွေ ထိခိုက်မှာကို စိုးရိမ်တာပါ။ အခုစိုက်တဲ့ ဂျပန်မြက်တွေက ရေကြိုက်တယ်။ ရေဖျန်းတာများလာရင် စိုးရိမ်ရနိုင်လား စတာတွေ ထည့်သွင်းစဉ်းစား သင့်တယ်။ကောင်းတာလုပ်တာ ဆိုရင်လဲ ပြည်သူကို ချပြသင့်ပါတယ်"ဟု ကိုမျိုးဆက်စံက ဆက်လက် ပြောပြသည်။

ပုဂံရှိ တန်ခိုးကြီးဘုရား ၁၇ဆူတွင် မြက်ခင်းပြင်နှင့် အလှစိုက်ပန်းပင် များပါဝင်သည့် ပန်းခြံများစိုက်ပျိုးမည့် ကိစ္စနှင့် ပတ်သက်၍ ညောင်ဦး အထွေထွေအုပ်ချုပ်ရေး ရုံးနှင့်ရှေးဟောင်းသုတေသန နှင့်အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) များသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားခြင်း၊ ဖုန်းမကိုင်ခြင်း တို့ကြောင့် ဆက်သွယ်မေးမြန်းခွင့် မရရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...