Social Icons

Pages

Showing posts with label ရှေးဟောင်း ယဉ်ကျေးမှု. Show all posts
Showing posts with label ရှေးဟောင်း ယဉ်ကျေးမှု. Show all posts

Tuesday, August 28, 2018

ပုဂံဒေသတွင် ငလျင်ဒဏ်နှင့် အခြားပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် ဘုရားစေတီများကို တစ်ပြိုင်နက်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေ



နေပြည်တော် ၂၈-၈-၂ဝ၁၈

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများနှင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်သည့် အခြားစေတီဘုရားများကို တစ်ပြိုင်နက် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေကြောင်း 
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သတင်းအရ သိရသည်။

၂ဝ၁၆ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေ ဒေသအတွင်းရှိ စေတီဘုရား ၃၈၉ ဆူ ထိခိုက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါထိခိုက်မှု ဖြစ်ပွားခဲ့သည့် ဘုရားစေတီများကို ပထမဦးစားပေးအဆင့်၊ ဒုတိယဦးစားပေးအဆင့်နှင့် တတိယဦးစား ပေးအဆင့်များ သတ်မှတ်ကာ ပြန်လည်ပြင်ဆင် ဆောင်ရွက်ခဲ့ရာ ဘုရားစေတီ ၃၁၉ဆူမှာ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီး ဖြစ်သည်။ လက်ရှိတွင်ပြန်လည် ပြုပြင်ဆောင်ရွက် နေသည့်ဘုရားစေတီ၂၆ဆူရှိနေ သောကြောင့်ပြန်လည် ပြုပြင်ဆောင်ရွက်ရန် ဘုရားစေတီ ၄၄ဆူသာကျန်ရှိကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စေတီဘုရားများကို ၂ဝ၂ဝပြည့်နှစ်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင် ရေးအတွက် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ မြေပြင် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်စဉ် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက်ရမည့်ဘုရားစေတီများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ဒေသတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားစေတီများကို ပြန်လည်ပြုပြင် ထိန်းသိမ်းဆောင်ရွက် နေစဉ်ပြုပြင်ထိန်သိမ်းရန် လိုအပ်သည့် အခြားဘုရားစေတီများ ကိုလည်းပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily

Wednesday, August 15, 2018

ပုဂံဘုရား ၁၇ ဆူတွင် ပန်းခြံများ ပြုလုပ်မည့်ကိစ္စကို ဒေသခံများနှင့် UNESCO အား အသိပေးညှိနှိုင်းခြင်းမရှိ



ညောင်ဦး ၁၅-၈-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းဘုရား ၁၇ဆူတွင် ပန်းခြံများ ပြုလုပ်မည့်ကိစ္စကို ဒေသခံများနှင့် UNESCO အား အသိပေးညှိနှိုင်းခြင်း မရှိကြောင်း ပုဂံဒေသခံများနှင့် UNESCO Project Managerဒေါ်ဥမ္မာမျိုးက ပြောပြ၍ သိရသည်။

ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၁၇ ဆူတွင် မြက်ခင်းပြင်နှင့် အလှစိုက်ပန်းပင်များ ပါဝင်သည့် ပန်းခြံများ စိုက်ပျိုးသွားမည်ကို သိရှိရပြီး လက်ရှိတွင် ဘုရားလေးဆူတွင် စိုက်ပျိုးထားသည်ကို တွေ့ရှိရကာ အဆိုပါကိစ္စနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိဘဲ ဒေသခံများက ဝေဖန်မှုများရှိနေကြောင်း ပုဂံဒေသရှိ Save the Bagan အင်အားစု အဖွဲ့ခေါင်းဆောင် ကိုမျိုးဆက်စံက ပြောပြသည်။

"ဒါနဲ့ပတ်သက်ပြီး ဘယ်သူက တာဝန်ယူလုပ်တာလဲ မသိရပါဘူး။ သူလိုလို ကိုယ်လိုလိုနဲ့ လွှဲချနေကြတယ်။ ဇူလိုင်လကတည်းက တစ်ဆူချင်းမှာ နည်းနည်းစီ လုပ်လာတာ ဒီလထဲမှာမှ လူတွေပိုသိလာတာပါ။ အခုလို UNESCO က လာစစ်ခါနီးမှ ပန်းခြံပြုလုပ် နေတာတွေက မဖြစ်သင့်ပါဘူး။ လုပ်တာကိုလဲ ဒေသခံနဲ့ ပြည်သူတွေကို မချပြပါဘူး။ ပြည်သူတွေရဲ့သဘောထားတော့ ယူသင့်ပါတယ်။ ဒေသခံတွေအနေနဲ့ လူလုပ်တာမဟုတ်ဘဲနဲ့ ရှေးဟောင်း မြို့တော် ရှေးပုဂံပုံရိပ်အတိုင်း၊ သဘာဝအတိုင်းပဲ ရှိနေစေချင်ပါတယ်။ ဒါမျိုးတွေ မလုပ်စေချင်ပါဘူး"ဟု Save the Bagan အင်အားစု အဖွဲ့ခေါင်းဆောင် ကိုမျိုးဆက်စံက ပြောပြသည်။

လက်ရှိတွင် မြက်ခင်းပြင်နှင့် အလှစိုက်ပန်းပင်များ ပါဝင်သည့် ပန်းခြံများကို ရွှေစံတော်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ မဟာဗောဓိနှင့် သရပါတံခါးရှေ့တို့တွင် ပြုလုပ်ထားပြီးဖြစ်ကာ ဒေသခံများကြားတွင် ဝေဖန်မှုများ မြင့်တက်လျက် ရှိကြောင်း သိရသည်။

"ဘုရား ၁၇ဆူမှာ လုပ်မယ်ဆိုတာ အကြမ်းဖျဉ်း Facebook တွေ့လို့သိတာပဲ ရှိတယ်။ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကလဲ တရားဝင်အကြောင်းကြား ညှိနှိုင်းတာလဲ မရှိတော့ သူတို့ Plan က ဘာလဲဆိုတာ တိတိကျကျမသိဘူး။ ကျွန်မတို့အနေနဲ့ ယေဘုယျအားဖြင့် ပြောရရင် ပုဂံမှာဘာပဲလုပ်လုပ် ရှေးဟောင်းအမွေအနှစ် မထိခိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ မထိခိုက်ရင်တော့ ပြောစရာမရှိဘူး။ ထိခိုက်ရင်တော့ မလုပ်သင့်ဘူး။ UNESCO မှ ပညာရှင်တွေက Guide Line ပေးထားတာတော့ ရှိတယ်။ Plan ရှိရမယ်၊ စိုက်ပျိုးတဲ့ အပင်တို့၊ ပန်းတို့က ဒေသမျိုးရင်းဖြစ်ရမယ် စတာတွေပါ။ အဓိကကတော့ အုတ်အဆောက်အအုံတွေကို ထိခိုက်တာမျိုး တော့မဖြစ်သင့်ပါဘူး"ဟု UNESCO မှ Project Manager ဒေါ်ဥမ္မာမျိုးက ပြောပြသည်။

ပုဂံဒေသကို လာမည့် စက်တင်ဘာလတွင် UNESCO မှ အဖွဲ့ဝင်များ လာရောက်ကွင်းဆင်း လေ့လာမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ပုဂံဒေသအတွင်း ခေတ်သစ် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြုပြင်မွမ်းမံ မှုများနှင့် ပတ်သက်၍ ဒေသခံများ အနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။ 

"အခုကလဲ ရှေးပုဂံပုံရိပ်နဲ့ အဆောက်အအုံတွေ ထိခိုက်မှာကို စိုးရိမ်တာပါ။ အခုစိုက်တဲ့ ဂျပန်မြက်တွေက ရေကြိုက်တယ်။ ရေဖျန်းတာများလာရင် စိုးရိမ်ရနိုင်လား စတာတွေ ထည့်သွင်းစဉ်းစား သင့်တယ်။ကောင်းတာလုပ်တာ ဆိုရင်လဲ ပြည်သူကို ချပြသင့်ပါတယ်"ဟု ကိုမျိုးဆက်စံက ဆက်လက် ပြောပြသည်။

ပုဂံရှိ တန်ခိုးကြီးဘုရား ၁၇ဆူတွင် မြက်ခင်းပြင်နှင့် အလှစိုက်ပန်းပင် များပါဝင်သည့် ပန်းခြံများစိုက်ပျိုးမည့် ကိစ္စနှင့် ပတ်သက်၍ ညောင်ဦး အထွေထွေအုပ်ချုပ်ရေး ရုံးနှင့်ရှေးဟောင်းသုတေသန နှင့်အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) များသို့ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားခြင်း၊ ဖုန်းမကိုင်ခြင်း တို့ကြောင့် ဆက်သွယ်မေးမြန်းခွင့် မရရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

Tuesday, July 17, 2018

အနိမ့်ရှေးဟောင်းဇုံတွင် စေတီပုထိုးများနှင့် နံရံဆေးရေးပန်းချီများကို လေ့လာနိုင်



မန္တလေး ၁၇-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ၊ အနိမ့်ရှေးဟောင်း ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေး ဇုန်တွင်ပုဂံခေတ်မှ ကုန်းဘောင်ခေတ်ထိ ခေတ်အဆက်ဆက် မြန်မာမှု လက်ရာများနှင့် နံရံဆေးရေး ပန်းချီများကို တစ်နေရာတည်း၌ လေ့လာတွေ့ရှိ နိုင်ကြောင်း မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပြ၍ သိရသည်။

အနိမ့်ရှေးဟောင်းဇုန်တွင် ပုဂံခေတ်နှောင်းပိုင်း၊ အင်းဝ၊ ညောင်ရမ်း ၊ ကုန်းဘောင်နှင့် ရတနာပုံခေတ်ထိ ခေတ်အဆက်ဆက် မြန်မာ့လက်ရာ စေတီပုထိုးများကို လေ့လာနိုင်သကဲ့သို့ အဆိုပါစေတီပုထိုးများ အတွင်းရေးဆွဲ ခဲ့ကြသည့် ခေတ်အလိုက်နံရံ ဆေးရေးပန်းချီများကိုလည်း ရှေးမူမပျက် လေ့လာတွေ့ရှိနိုင်သည်။

"ဒီဇုန်အတွင်းမှာ ပုဂံခေတ်ကစပြီး ညောင်ရမ်းခေတ်ထိ အဆောက်အအုံတွေ တော်တော်များများ ကျန်ရှိနေပေမယ့် နံရံဆေးရေး ပန်းချီတွေကတော့ ညောင်ရမ်းခေတ်နဲ့ ကုန်းဘောင်ခေတ်မှာ ရေးဆွဲထားတဲ့ လက်ရာတွေပဲ အများဆုံးကျန် တော့တယ်။ အရင်က ဒီနေရာမှာ ချုံနွယ်တွေ ဖုံးအုပ်နေပြီး ထိန်းသိမ်းမှု နည်းခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ ရှေးဟောင်းသုတေသနက ရှေးဟောင်းဇုန်အဖြစ် သတ်မှတ်ဖော်ထုတ်ပြီး အသိပညာပေးမှုတွေလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေနဲ့ ဂေါပကအဖွဲ့က ထိန်းသိမ်းစောင့်ရှောက် နေပါတယ်"ဟု မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပြသည်။

အနိမ့်ရှေးဟောင်း ယဉ်ကျေးမှုဇုန်ကို သိရှိသူနည်းပါးပြီး သမိုင်းဆိုင်ရာ ပညာရှင်များ၊ မြန်မာမှု ပညာရှင်များ၊ နိုင်ငံခြားသားများနှင့် ပြည်တွင်းဧည့်သည်များ လာရောက်လေ့လာ လေ့ရှိပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် ဒေသခံပြည်သူများက ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ အနိမ့်ဒေသရှိ စေတီပုထိုးများကို ၂ဝ၁၂ခုနှစ်တွင် ကာကွယ်ထိန်းသိမ်းရေး ဇုန်အဖြစ်သတ်မှတ်ပြီး ရှေးဟောင်းဥပဒေဆိုင်ရာ ထုတ်ပြန်ချက်များနှင့် လိုက်နာရန် စည်းကမ်းများကို ကြေညာချက်များ ထုတ်ပြန်ထားကာ ၎င်းဇုန်အတွင်း ရှေးဟောင်းအမွေအနှစ် အဆောက်အအုံပေါင်း ၁၂၅ ခုရှိကြောင်း မှတ်တမ်းများအရ သိရသည်။

#Themyawadydaily

Friday, June 29, 2018

ပုဂံဒေသရောက် ပြည်ပခရီးသွားများ ရွှေဆံတော်စေတီ ရင်ပြင်တော်ပေါ်မှ နေဝင်၊ နေထွက်ရှုခင်း အလှဓာတ်ပုံရိုက်ကူး



ညောင်ဦး ၂၉-၆-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေဒေသအတွင်း၌ ယခုနှစ် ဇွန် ၂၇ရက်က ပြည်ပခရီးသွား ဧည့်သည်များ စဉ်ဆက်မပြတ် ဝင်ရောက်လေ့လာ လျက်ရှိပြီး ပြည်တွင်း ဘုရားဖူးများလည်း ဘုရားဖူးလာရောက်ကြ လျက်ရှိကြောင်း အဆိုပါ စေတီဂေါပကအဖွဲ့ထံမှ သိရသည်။

ပုဂံဒေသရောက် ပြည်ပခရီးသွားများနှင့် ပြည်တွင်းဘုရားဖူး ပြည်သူများသည် ပုဂံဒေသရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ် လက်ရာများ စသည့် ယဉ်ကျေးမှုလက်ရာများကို လေ့လာသကဲ့သို့ နံနက် ၆ နာရီနှင့် ည ၆ နာရီတို့တွင် ပုဂံမြို့ဟောင်းရှိ အနော်ရထာ မင်းတည်ထားကိုး ကွယ်ခဲ့သော ရွှေဆံတော်စေတီတော် ရင်ပြင်တော်ပေါ်မှ ပုဂံယဉ်ကျေးမှုဒေသရှိ ရှေးဟောင်းဘုရား စေတီပုထိုးများနှင့် တွဲဖက်လှပနေသည့် နံနက်နေထွက်၊ ညနေနေဝင် ရှုခင်းအလှအပများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသူများ ယခုနှစ်တွင် များပြားလာလျက်ရှိကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ရွှေဆံတော် စေတီတော်ကို လေးထောင့်ပစ္စယာ ငါးဆင့်အထက်၌ ရှစ်ထောင့်ကြာဝန်းခံ၍ ခေါင်းလောင်းပုံရင်ဖွဲ့ခါးပတ် သပိတ်မှောက် ဖောင်းရစ်စသည့် ဝန်းဝိုင်းရှူးတက်ကာ အထွတ်စေတီ တင်ထားကိုးကွယ် ထားသော ရှေးဟောင်းဘုရား တစ်ဆူဖြစ်ပြီး အဆိုပါစေတီတော် ပစ္စယံအထက် ငါးဆင့်ရင်ပြင်တော် ပေါ်တွင် ပြည်ပခရီးသွားများ၊ ဘုရားဖူးပြည်သူများ တက်ရောက်၍ ပုဂံဒေသ၏ အလှအပရှုခင်းဓာတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။

#Themyawadydaily

Thursday, June 7, 2018

ရှေးဟောင်းလက်ရာကဲ့သို့ အသစ်ပြန်လည်ဆန်းသစ် ဖန်တီးထားသည့် ပျူပုတီးကို ပြည်ပဝယ်လိုအား ပိုမိုများပြား



ရန်ကုန် ၇-၆-၂ဝ၁၈

ရှေးဟောင်းပျူပုတီး လက်ရာအား ပြန်လည်ဆန်းသစ် ဖန်တီးထားသည့် ပျူပုတီးများကို ပြည်တွင်းထက် ပြည်ပဝယ်လိုအား ပိုမိုများပြားလာကြောင်း ကိုထိုက်ရိုးရာ ပုတီးလုပ်ငန်းပိုင်ရှင် ကိုထိုက်က ပြောသည်။

''ဝယ်လိုအားက ပြည်တွင်းမှာ အလှဝတ်တာရှိတယ်။ မြတ်နိုးလို့ ဝတ်တာရှိတယ်။ ဝါသနာပါတဲ့သူတွေက Online ကနေတော်တော်များများ ဝယ်လာကြပါတယ်။ ပြည်ပဝယ်လိုအားက အများကြီးရှိတယ်။ အသစ်ပြန်လည် ဖန်တီးထားတဲ့ ပစ္စည်းကို အဝယ်များတယ်။ ပြည်ပကဆိုရင် တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံက အများဆုံးဝယ်တယ်'' ဟု ကိုထိုက်က ပြောသည်။

ပျူပုတီးများကို ရှေးဟောင်းလက်ရာ များကဲ့သို့ ပြန်လည်ဆန်းသစ်ပြီး ရောင်းချရာတွင် မူလရှေးဟောင်းပျူ ပုတီးဈေးနှုန်းနှင့် ထက်ဝက်ခန့် သက်သာကြောင်းနှင့် ငွေကျပ်တစ်သိန်းရရှိသည့် ရှေးဟောင်းပျူပုတီးနှင့် ပုံစံတူညီသည့် ဆန်းသစ်ထားသော ပျူပုတီးအား ငွေကျပ် ငါးသောင်းဖြင့် ရောင်းချရကြောင်း သိရသည်။

လက်ရှိတွင် အသစ်ပြန်လည် ဖန်တီးထားသည့် ပျူပုတီးများကို စဥ့်ကိုင်မြို့နယ်၌ ထုတ်လုပ်ပြီး ပျူပုတီးပြုလုပ်ရာတွင် စလင်း၊ခရမ်းစွဲ၊ ပထော့စိမ်း အစရှိသည့် ကျောက်များဖြင့် ပြုလုပ်ကာ ကာနေးဒီးရန်းဟုခေါ်သည့် အကိတ်အနီ ကျောက်ဖြင့် အဓိကထားပြုလုပ်ကြောင်း သိရသည်။

#Themyawadydaily

ကုန်းဘောင်ခေတ်လက်ရာ ရွှေနန်းတော်ကျောင်းကြီးကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ရေး ဆိုင်ရာအဖွဲ့အစည်းများက ကြိုးစားဆောင်ရွက်သင့် ဟုဆို



မန္တလေး ၇-၆-၂ဝ၁၈

မန္တလေးမြို့ရှိ ကုန်းဘောင်ခေတ်လက်ရာ ရွှေနန်းတော် ကျောင်းကြီးသည် ယူနက်စကိုမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီသောကြောင့် ကမ္ဘာ့အမွေအနှစ် အဆောက်အအုံများ စာရင်းတွင် မှတ်တမ်းဝင်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြိုးစားဆောင်ရွက် သင့်ကြောင်းယနေ့ နံနက် ၁ဝ နာရီက ဂျက်ဖာဆင် စာကြည့်တိုက်၌ ပြုလုပ်သည့် ရွှေနန်းတော် ကျောင်းစီမံကိန်း ရှင်းလင်းပွဲတွင် ရွှေနန်းတော်ကျောင်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့စီမံကိန်း မန်နေဂျာ Mr. Jeffallen ကပြောပြ၍ သိရသည်။

ရွှေနန်းတော် ကျောင်းကြီးသည် မြန်မာတို့၏ ကုန်းဘောင်ခေတ် အနုပညာလက်ရာ များစွာဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံဖြစ်ပြီး လက်ရှိအချိန်ထိ မြန်မာလူမျိုးတို့၏ ရှေးဟောင်း အနုပညာ လက်ရာများစွာကို ပြသနိုင်သည့် အဆောက်အအုံ ဖြစ်သည်။

"ယူနက်စကို အသိအမှတ်ပြုဖို့ဆိုရင် ရှေးဟောင်း အမွေအနှစ်က မူလလက်ရာ ၅ဝ ရာခိုင်နှုန်းကျော် ရှိရင်ရပါတယ်။ အဲဒါထက်ပိုအရေး ကြီးတာက ပန်းပုထုတဲ့ နည်းပညာ၊ တည်ဆောက်တဲ့ နည်းပညာတွေက ရှေးဟောင်း အမွေအနှစ်ထိုက်တဲ့ ကုန်းဘောင်ခတ်က လက်သမားပညာ၊ ပန်းပုပညာတွေဖြစ်ဖို့ လိုအပ်ပါတယ်။ မြန်မာလူမျိုးတွေရဲ့ ကုန်းဘောင်ခေတ် လက်မှုပညာ၊ လက်သမားပညာ၊ယွန်းပညာ၊ ရွှေချတဲ့ပညာတွေကို ဒီကျောင်းမှာတွေ့မြင်နိုင်တယ်"ဟု ၎င်းက ပြောပြသည်။

ရွှေနန်းတော်ကျောင်းကြီးကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှစ၍ အမေရိကန်နိုင်ငံ သံအမတ်ကြီးများ ရန်ပုံငွေအဖွဲ့မှ ပံ့ပိုးလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅ဝ၅ဝဝဝ ဖြင့်လည်းကောင်း၊ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလအတွင်း၌ ထပ်မံ၍ပံ့ပိုးလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃ဝဝဝဝဝကျော်ဖြင့် လည်းကောင်း ယခင်ကုန်းဘောင်ခေတ် လက်ရာအတိုင်းပြုပြင် ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"လက်ရှိရွှေနန်းတော် ကျောင်းကို ပြုပြင်မှု ၅ဝ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ပြုပြင်ဖို့ လိုအပ်တာတွေ ဆက်လက်ဆောင်ရွက် သွားပါမယ်။ ပြုပြင်ဖို့အတွက်လဲ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိပြီးဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Thursday, April 26, 2018

ရှေးဟောင်း မြို့တော်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို အီတလီနိုင်ငံ Florence တက္ကသိုလ်နှင့် ပူးပေါင်းရေးဆွဲ၍ ဆောင်ရွက်နေ



မန္တလေး ၂၆-၄-၂ဝ၁၈

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ အောင်မြင်ဖြစ်ထွန်း၍ အမျိုးသား အကျိုးစီးပွားမြှင့်တင် နိုင်ရေးအတွက် ရှေးဟောင်းမြို့တော်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ကို အီတလီနိုင်ငံ Florence တက္ကသိုလ်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းရေးဆွဲကာ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) ဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောပြ၍ သိရသည်။

အဆိုပါ စီမံချက်ကို ၂ဝ၁၆ခုနှစ်က ရေးဆွဲပြီးစီး၍ စတင်အကောင်အထည် ဖော်ဆောင်ရွက်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ယဉ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝအမွေအနှစ် များပေါများရာ ထင်ရှားသည့် ရှေးဟောင်း ဒေသများဖြစ်သည့် မန္တလေး၊ အမရပူရ၊ အင်းဝ၊ စစ်ကိုင်း၊ မင်းကွန်းဒေသတို့ ပါဝင်သည့် ရှေးဟောင်း ဒေသများတွင် ခရီးသွားများကို ဆွဲဆောင်နိုင်စေရန် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

"ဒီစီမံကိန်းကို ရေတို၊ ရေလတ်နဲ့ ရေရှည်ဆိုပြီး အပိုင်းသုံးပိုင်းနဲ့ ဆောင်ရွက်နေပါတယ်။ လက်ရှိမှာ ခရီးစဉ်တွေကို ပိုမိုကာကွယ် ထိန်းသိမ်းရင်းနဲ့ လမ်းပန်းဆက်သွယ်ရေး တွေအဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ မန္တလေးမှာဆိုရင် ခရီးသွားတွေ အဆင်ပြေအောင် သိပ္ပံလမ်းရဲ့အပြင်ဘက်မှာ စက်ဘီးသီးသန့် သွားနိုင်အောင် လမ်းတွေ စီစဉ်ထားပါတယ်။ ရှေးဟောင်းမြို့တော် တွေမှာပါတဲ့ ယူနက်စကို အသိမှတ်ပြုတဲ့ သီးခြားဇုန်လေးတွေလုပ်ဖို့ အစီအစဉ်တွေ ရှိတယ်။ အခြေခံ အဆောက်အအုံတွေ ပြည့်မီအောင် ဆောင်ရွက်နေတာတွေ လဲရှိတယ်။ မင်းကွန်းဘက်မှာ ဆိုရင်လဲ ရေယာဉ်တွေဆိုက်ကပ်ဖို့ ဆိပ်ခံတံတားတွေ လုပ်ပေးထားပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ စီမံကိန်း လုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အရပ်ဘက် အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် လုပ်ကိုင်လျက်ရှိပြီး မန္တလေးတိုင်း ဒေသကြီး အတွင်းသို့နိုင်ငံ တကာ ခရီးသွားများသာမက ပြည်တွင်းခရီးသွား ဝင်ရောက်မှုသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လျက်ရှိရာ ၂ဝ၁၇ခုနှစ်အတွင်း နိုင်ငံတကာခရီးသွား ဧည့်သည် ဦးရေနှစ်သိန်းကျော်နှင့် ပြည်တွင်း ခရီးသွားဦးရေ သုံးသိန်း ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily 

Thursday, March 15, 2018

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော စေတီပုထိုးများကို ရှေးမူလက်ရာမပျက် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်



နေပြည်တော် ၁၅-၃-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော စေတီပုထိုးများ အနက်ပြုပြင်ပြီး စေတီ၂၉၆ဆူ၊ ပြုပြင်ဆဲစေတီ ၃၂ ဆူရှိနေသဖြင့် ဆက်လက်ဆောင်ရွက်ရန် စေတီ ၆၁ ဆူသာကျန်ရှိနေ၍ ရှေးမူလက်ရာ မပျက် သတ်မှတ်ကာလ အတွင်းပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ၂ဝ၁၆ခုနှစ်သြဂုတ် ၂၄ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပုဂံဒေသရှိ ရှေးဟောင်းစေတီ ပုထိုးများနှင့် သာသနိက အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ငလျင်
ဒဏ်ကြောင့် ရှေးဟောင်းစေတီပုထိုး ၃၈၉ ဆူ ထိခိုက်ပျက်စီးမှုရှိခဲ့ရာ အဆိုပါ ငလျင်ဒဏ်သင့်ရှေးဟောင်း စေတီပုထိုးများကို ရှေးမူလက်ရာမပျက် ပြန်လည်ပြင်ဆင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံ များနှင့် စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ညှိနှိုင်းကာ ကနဦးဆောင်ရွက်ရန် လုပ်ငန်းစဉ် (၇) ရပ်ချမှတ် ဆောင်ရွက်ခဲ့သည်။
ထို့နောက်ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို UNESCO မှ ပညာရှင်များ၊ ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဖွဲ့စည်းထားသည့်ကော်မတီ၊ ဆပ်ကော်မတီများ၏ ဆွေးနွေးညှိနှိုင်း ချက်များနှင့်အညီ နိုင်ငံတကာစံချိန်၊ စံညွှန်းနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Monday, March 5, 2018

ဘီးလင်းဒေသရှိ အေဒီ ၅ ရာစုနှင့် ၇ ရာစု ဂဝံလက်ရာများကို လာရောက်ကြည့်ရှု သူများပြား



ဘီးလင်း ၅-၃-၂ဝ၁၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာရှိ ရှေးဟောင်းဂဝံ ယဉ်ကျေးမှု လက်ရာများကို လာရောက်ကြည့်ရှု သူများပြားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ လက်ရာများသည် အေဒီ ၅ ရာစုနှင့် ၇ ရာစုခန့်က လက်ရာများဖြစ်ပြီး ပြည်တွင်းခရီးသွားများ သာမက နိုင်ငံခြားခရီးသွား ဧည့်သည်များပါ လာရောက်ကြည့်ရှု ကြကြောင်း သိရသည်။

''ဆင်တစ်ကန့်၊ မြင်းတစ်ကန့်နဲ့ ဆင်တပ်၊ မြင်းတပ်လို လုပ်ထားတဲ့တံတိုင်းကို ကျိုက်ထီးဆောင်း ဆရာတော်ကြီးရဲ့ သြဝါဒနဲ့ ဒေသခံတွေက ထိန်းသိမ်းပေးထားပါတယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါဆင်တပ်၊ မြင်းတပ် မြို့ရိုးတံတိုင်းများနှင့် အတူဆင်၊ မြင်း၊ ခြင်္သေ့၊ နဂါးများ ထပ်မံဖြည့်စွက် တည်ဆောက်ထား သော်လည်း ရှေးဟောင်းဂဝံယဉ်ကျေးမှု လက်ရာစစ်စစ်မှာ ဆင်တပ်၊ မြင်းတပ်တံတိုင်းများ ဖြစ်ကြကြောင်းနှင့် ခေတ်ကာလကြာမြင့် လာသည်နှင့်အမျှ လေဒဏ်၊ မိုးဒဏ်များကြောင့် ယိုယွင်းပျက်စီးမှုများ မဖြစ်စေရန် ထိန်းသိမ်းထားကြောင်း သိရသည်။

''ဒီဆင်တပ်၊ မြင်းတပ်တံတိုင်းမှာရှိတဲ့ အစိတ်အပိုင်းတချို့က ကိုလိုနီခေတ်တုန်းက ချိုးဖဲ့ခံရတာတွေရှိပြီး အဲဒီတုန်းက လမ်းခင်းဖို့ အသုံးပြုခဲ့တယ်လို့ သိရပါတယ်'' ဟု ၎င်းက ပြောသည်။

''ဂျာမနီနိုင်ငံက လာရောက် လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်နှစ်ယောက်က သူတို့ အဲဒီနေရာကို သွားချင်တယ်ဆိုလို့ လိုက်ပို့ပေးရတယ်။ ကျွန်တော်တို့ ပြည်တွင်း ကသူတွေတောင်မှ သိတဲ့သူနည်းပါတယ်။အဲဒီဒေသတစ်ဝိုက်နဲ့ မော်လမြိုင်၊ သထုံ၊ဘားအံဘက်က ဒေသခံတွေ လောက်ပဲသိကြတာ။ နိုင်ငံခြားခရီးသွား ဧည့်သည်တွေက လိုက်ပို့ခိုင်းလို့ ကျွန်တော်လည်း ရောက်သွားတော့ ကျွန်တော်တို့လိုပဲ လာပြီးလေ့လာသူတွေအများကြီးပဲ။ အဲဒီကို အရင်ကလာဖူးတဲ့ သူတို့မိတ်ဆွေ နိုင်ငံခြားခရီးသွား ဧည့်သည်တွေက ပြောပြလို့ သူတို့က မှတ်သား ထားပြီးရောက်လာကြတာပါ'' ဟု ခရီးသွားဧည့်သည် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူ ကိုစိုးကိုကိုက ပြောသည်။

#Themyawadydaily

Tuesday, February 20, 2018

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ နံရံဆေးရေး ပန်းချီများကို ပြန်လည်ပြုပြင် ထိန်းသိမ်းရန် စီစဉ်



ညောင်ဦး ၂ဝ-၂-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်း စေတီပုထိုးများမှ နံရံဆေးရေး ပန်းချီများကို အမေရိကန် အခြေစိုက် Getty Conservation Institution (GCI) အဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းရန် စီစဉ်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင် ကျော်ထံမှ သိရသည်။

ထိုသို့ ပြုပြင်ထိန်းသိမ်းရန် GCI အဖွဲ့၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ ကနဦးလေ့လာ ဆန်းစစ်မှုများ စတင်ပြုလုပ်လျက်ရှိပြီး ပြုပြင်ထိန်း သိမ်း၍ ရနိုင်သော နံရံဆေးရေး ပန်းချီများကို ပြန်လည်ပြုပြင်မည် ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းစေတီ ပုထိုးများအနက် နံရံဆေးရေး ပန်းချီရှိသော ဘုရားစေတီပုထိုးပေါင်း ၄ဝဝ ကျော်ရှိပြီး တချို့သော နံရံဆေးရေး ပန်းချီများအပေါ်တွင် ထုံးသုတ်ခြင်း၊ ရေးခြစ်ခြင်း၊ ဆီမီးများနှင့် ရေချမ်းများ ကပ်လှူပူဇော်ခြင်း တို့ကြောင့် ပျက်စီးမှုများ ရှိနေသည့်အတွက် ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ကျန်ရှိနေသေးသော နံရံဆေးရေး ပန်းချီများကိုလည်း အလားတူ ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပွားစေရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းကြရန် NGO အဖွဲ့များ၊ INGO အဖွဲ့များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်
ရာ တာဝန်ရှိသူများ ပူးပေါင်းပြီး ဘုရားဖူး လာသူများနှင့် ဒေသခံပြည်သူများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, January 23, 2018

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ရှုခင်းများကြည့်ရှု နိုင်ရန် ကုန်းမြေအတုသုံးခု တည်ဆောက်ပြီးစီး



ညောင်ဦး ၂၃-၁-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ စေတီပုထိုးများပေါ်သို့ ဘုရားဖူးခရီးသွားများ တက်ရောက်ခွင့် ပိတ်ပင်ထားပြီးနောက် ပုဂံရှုခင်းများကို ကြည့်ရှုနိုင်ရန် ကုန်းမြေအတုများ တည်ဆောက်လျက်ရှိရာ လက်ရှိတွင် ကုန်းမြေအတုသုံးခု တည်ဆောက်ပြီးစီး ပြီဖြစ်ကြောင်း အမျိုးသားပြတိုက်နှင့် ရှေးဟောင်း သုတေသနဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်ထံမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှ စေတီပုထိုးများသည် နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ စေတီပုထိုးများ၏ ခိုင်ခံ့မှုနှင့် ဝန်အားခံနိုင်မှု လျော့နည်းလာသဖြင့် တက်ရောက်သူများ အန္တရာယ်ရှိနိုင် သောကြောင့် တက်ရောက်ခွင့် ကိုပိတ်ပင်ထားကာ ကုန်းမြေအတုများပေါ်မှ တက်ရောက်ကြည့်ရှုရန် စီစဉ်ထားခြင်းဖြစ်သည်။

''ကုန်းမြေအတု တည်ဆောက်တာ သုံးခုပြီးပြီ။ ထပ်ဆောက်ဖို့ ရှိ၊ မရှိ၊ နောက်ပြီး စေတီပုထိုးတွေပေါ် ပြန်တက်ခွင့်ပြု၊ မပြုကအစည်းအဝေး တွေပြန်လုပ်ပြီး ဆွေးနွေးရဦးမှာပါ''ဟု ဦးအောင်ကျော်ကျော်က ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိစေတီပုထိုး များပေါ်သို့ တက်ရောက်ခွင့်ကို တားမြစ်ထားသော်လည်း လာရောက်လည်ပတ်သူတချို့ တက်ရောက်ကြသည့် အတွက်၂ဝ၁၆ ခုနှစ်အတွင်း ဘုရားပေါ်မှပြုတ်ကျ၍ ဒဏ်ရာရရှိသူ လေးဦးရှိကာ ၂ဝ၁၇ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ဧည့်သည်တစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေသည် မြန်မာနိုင်ငံ၏ အထင်ကရ နေရာများထဲမှ အထင်ရှားဆုံး ရှေးဟောင်းဒေသ တစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက် လည်ပတ်မှု အများဆုံးနေရာလည်း ဖြစ်သည်။

တချို့သော ဘုရားဖူးများမှာ ဘုရားများပေါ်၌ အရက်၊ ဘီယာသောက်စားခြင်း၊ စေတီပုထိုးများ၏ အမြင့်ဆုံးနေရာများအထိ မလုံမခြုံ အဝတ်အစားများဖြင့် တက်ရောက်ခြင်းများကြောင့် တက်ရောက်ခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း သိရသည်။ 

#Themyawadydaily

Friday, December 22, 2017

မန္တလေးယဉ်ကျေးမှု ပြတိုက်ရှိ ရှေးဟောင်းပစ္စည်းလက်ရာ ပြကွက်များကို ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့စဉ်ဝင်ရောက်လေ့ လာမှုများရှိနေ



မန္တလေး ၂၂-၁၂-၂၀၁၇

မန္တလေးယဉ်ကျေးမှု ပြတိုက်ရှိ ရှေးဟောင်းပစ္စည်းလက်ရာ ပြကွက်မျိုးစုံကို ပြည်တွင်း၊ ပြည်ပခရီးသွားများ နေ့စဉ်ဝင်ရောက်လေ့လာမှု များရှိနေကြောင်း ယဉ်ကျေးမှုပြတိုက် (မန္တလေး) မှတာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

အဆိုပါ ပြတိုက်သည် အဆင့်မြှင့်တင်ပြုပြင် ပြီးဖြစ်၍ ရှေးဟောင်းသမိုင်းဝင်သော ရှေးဟောင်းလက်ရာပစ္စည်းများ ပြသထားရာ ကျောက်ခေတ်လက်နက် ကိရိယာများ၊ ကြေးခေတ်လက်နက် ကိရိယာများ၊ မြေအရိုးအိုးနှင့် အသုံးအဆောင်အိုးများ၊ သံလက်နက်ကိရိယာများ စသည်ဖြင့် သမိုင်းမတင်မီ ခေတ်ပြကွက်ခြောက်ကွက်နှင့် မြို့ပြယဉ်ကျေးမှု ထွန်းကားလာပြီဖြစ်သော ပျူခေတ်အသုံးအဆောင် ပစ္စည်းများ၊ ပုဂံခေတ် စဥ့်ရည်သုတ် အုတ်ကြွပ်များ၊ မြေပုတီးနှင့် နားတောင်းများ၊ အင်းဝခေတ်ဆေးတံများ၊ ကုန်းဘောင်ခေတ်ဦးပိုင်း အမိုးအုတ်ကြွပ်ပြားများနှင့် ရတနာပုံခေတ် ခံတပ်များစသည်ဖြင့် ပြကွက်ပေါင်းကိုးကွက်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။

ထို့ပြင် နန်းတွင်းအဝတ်အထည်များ၊ နန်းတွင်းဓာတ်ပုံများ၊ ဝန်ကြီးရုပ်တုများ၊ ဝေါယာဉ်၊ ဗီရိုလှည်း၊ ဒိုင်း၊ မောက်တို၊ ကျောက်ထည့်သေတ္တာ၊ ဆေးထည့်သေတ္တာစသည့် နန်းတွင်းအသုံးအဆောင် ပစ္စည်းပြကွက်ပေါင်း ခုနစ်ကွက်ကိုရှေ့ခန်းတွင် ပြသထားပြီးနောက်ခန်းတွင် စာပေများ၊ ပုရပိုက် ပန်းချီများ၊ တစ်ကြောင်းစာချွန်များ၊ နှစ်ကြောင်းစာချွန်များ၊ နန်းတွင်းလက်ရေးမူများ၊ ရတနာပုံခေတ်သတင်းစာ စသည်ဖြင့်စာပေဆိုင်ရာ ပြကွက်များနှင့် ဒင်္ဂါပြားများ၊ ချိန်ခွင်ထည့်သေတ္တာနှင့် အလေးများ၊ သစ်သားဆင်စွယ် စစ်တုရင်ရုပ်များ၊ ကျွန်းတိုင်လုံး၊ ကျောက်မြူတာအိုးနှင့် ကျောက်သေတ္တာစသည့် နန်းတွင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ပြကွက်ပေါင်း ၁၄ ကွက်တို့ကိုခင်းကျင်းပြသ ထားသည်။ ထို့အတူပန်းဆယ်မျိုးဆိုင်ရာ ရှေးဟောင်းပစ္စည်းများ ပြကွက်ပေါင်း ၁ဝ ကွက်ကို လည်းပြသထားကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးမှုပြတိုက်သို့ လေ့လာရာတွင် ပြခန်းဝင်ကြေးအဖြစ် ပြည်ပခရီးသွားတစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၅ဝဝဝ၊ ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ငွေကျပ် ၂ဝဝ ကောက်ခံပြီး ကျောင်းသား၊ ကျောင်းသူ၊ သံဃာ၊ သီလရှင်တို့ကိုအခမဲ့ ဝင်ရောက်လေ့လာ ခွင့်ပြုထားကြောင်း ၎င်းကပြောပြ၍ သိရသည်။

#Yadanarpondaily

Wednesday, December 20, 2017

ပုဂံဒေသ ယူနက်စကိုစာရင်း ဝင်ရောက်နိုင်ရေး ကြိုဆိုသည့် အနေဖြင့် ဒေသခံများ လှုပ်ရှားမှုပြုလုပ်


ဒေသခံများ ပုဂံမြို့ သရပါတံခါးမှ ခေမင်္ဂဘုရားထိ လမ်းလျှောက်အမှိုက်ကောက်ခြင်းဆောင်ရွက်စဉ်။


ညောင်ဦး ၂၀-၁၂-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ၂ဝ၁၉ ခုနှစ်၌ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် ယူနက်စကို စာရင်းဝင်ရောက် နိုင်ရေးအား ကြိုဆိုသည့်အနေဖြင့် ယနေ့တွင် ဒေသခံများ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ပုဂံဒေသခံများထံမှ သိရသည်။

ယူနက်စကိုစာရင်း ဝင်ရောက်နိုင်ရေး ကြိုဆိုပွဲကို ပုဂံယဉ်ကျေးမှုဒေသ အထောက်အကူပြု ကော်မတီ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) နှင့် ပုဂံဒေသရှိ အရပ်ဘက်အဖွဲ့အစည်းခုနစ်ဖွဲ့ခန့်ဖြင့် ပြုလုပ်ခဲ့ပြီး လှုပ်ရှားမှုအနေဖြင့် နံနက် ၈ နာရီတွင် ပုဂံမြို့ သရပါတံခါးမှ ခေမင်္ဂဘုရားအထိ လမ်းလျှောက်၍ အမှိုက်ကောက်ခြင်း၊ ခေမင်္ဂဘုရား၌ သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီကနေ့လုပ်တဲ့ ကြိုဆိုပွဲက ပုဂံဒေသကို နည်းစနစ်မှန်တဲ့ ထိန်းသိမ်းမှုဖြစ်စေချင်ပါတယ်။ ပုဂံဒေသရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို နောင်မျိုးဆက်သစ်တွေထိ ရေရှည်တည်တံ့ စေလိုတဲ့ ဆန္ဒသဘောနဲ့ ယူနက်စကိုဝင်ရောက်နိုင်ရေး ကိုကြိုဆိုတာပါ" ဟု ပုဂံဒေသရှိ  Save the Bagan အင်အားစု အဖွဲ့ခေါင်းဆောင် ကိုမျိုးဆက်စံက ပြောပြသည်။

ကြိုဆိုပွဲလှုပ်ရှားမှုကို အဖွဲ့အသီးသီးမှ လူအင်အား ဦးရေ ၂ဝဝ ခန့်ဖြင့် ပြုလုပ်ခဲ့ပြီး နံနက် ၁ဝ နာရီခန့်တွင် ကြိုဆိုပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

"အခုက ထောက်ခံပွဲ မဟုတ်ပါဘူး။ ကြိုဆိုပွဲဖြစ်ပါတယ်။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ လုပ်ဆောင်နေတာတွေကို ဒီကဒေသခံတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြတာမရှိပါဘူး။ မြင်သာထင်သာ မရှိသေးတော့ လုပ်ဆောင်ချက်တွေကို ထောက်ခံလို့မရ သေးပါဘူး။ ယူနက်စကို ဝင်ရောက်ရေးကို ကြိုဆိုတာပဲဖြစ်ပါတယ်"ဟု ကြိုဆိုပွဲ၌ ပါဝင်သည့် ပုဂံမြို့ဒေသခံ ဦးရဲမြင့်က ပြောပြသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ၂ဝ၁၉ခုနှစ်၌ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် ယူနက်စကို ဝင်ရောက်နိုင်ရေး အတွက် လာမည့် ၂ဝ၁၈ခုနှစ် ဇန်နဝါရီလတွင် နောက်ဆုံးတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Monday, October 9, 2017

နှစ်ပေါင်း၂ဝဝခန့် သက်တမ်းရှိ မန္တလေး အိမ်တော်ရာထီး ထုတ်လုပ်သည့် လုပ်ငန်းများ ပျောက်ကွယ်လုနီးပါးရှိနေ



မန္တလေး ၉-၁၀-၂၀၁၇

လွန်ခဲ့သောနှစ်ပေါင်း ၂ဝဝ ကျော်ခန့်က ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသည့် မန္တလေးမြို့တွင် ရိုးရာယဉ်ကျေးမှု၊ ရိုးရာလက်မှုပညာရပ်အဖြစ် စီးပွားဖြစ်လုပ်ကိုင်ခဲ့ကြသော မန္တလေးအိမ်တော်ရာထီး ထုတ်လုပ်သည့်လုပ်ငန်း များသည် နည်းပညာရပ်များ တိုးတက်လာသည်နှင့်အမျှ ခေတ်မီပစ္စည်းများ ပြည်ပနိုင်ငံတို့မှ ဝင်ရောက်လာခြင်းကြောင့် ပျောက်ကွယ်လု နီးပါးရှိနေကြောင်း မန္တလေး ချမ်းအေးသာစံမြို့နယ် အိမ်တော်ရာ ဘုရားအရှေ့ဘက် ယခင်ထီးလုပ်ငန်း လုပ်ကိုင်ခဲ့သော ဦးတင့်-ဒေါ်ဆင့် (ပိတ်ထီးဆိုင်) နှင့် ဇာမဏီသင်္ကန်း တိုက်လုပ်ငန်း၏ သမီးဖြစ်သူ အသက် ၈၇နှစ်အရွယ်ရှိ အဘွားဒေါ်သက်မေထံမှ သိရသည်။

"အိမ်တော်ရာရဟန်း ဆောင်းထီးပြုလုပ်ခြင်း လုပ်ငန်းက ဘာသာရေးနဲ့ ရိုးရာဓလေ့လက်မှု ပညာရပ်ဖြစ်ပြီး ရှေးမြန်မာမင်းများ လက်ထက်ကတည်းက မျိုးရိုးစဉ်ဆက်လုပ်ကိုင် လာတဲ့လုပ်ငန်းဖြစ်ပါတယ်။ ထီးပြုလုပ်ရာမှာ ထီးတံ၊ ထီးခရိုင်ကို သစ်ဝါးသုံးရပါတယ်။ ထီးရဲ့ထိပ်ဖူး ထီးခေါင်တွေကို ခူသန်သားအသုံးများပါတယ်။ ထီးလုပ်ငန်းမှာလဲ ပွတ်ထိုးစင် တင်ရပါတယ်။ ထီးခရိုင်ခွက်လုပ်ငန်းကို အမျိုးသမီးတွေရဲ့ အိမ်တွင်းမှုလုပ်ငန်းမှာ လုပ်ရပါတယ်။ ဒီနေ့မျက်မှောက်ခေတ် ဈေးကွက်မှာ နိုင်ငံခြားက တင်သွင်းလာတဲ့ နိုင်လွန်ထီးတွေကို တိုးမပေါက်တော့ပါဘူး။ အသုံးအများဆုံးက ခေါက်ထီးတွေဖြစ်ပါတယ်။ခလုတ်နှိပ်ရင် ပွင့်သွားတဲ့ခေါက်ထီး ဖဲထီးကို အသုံးပြုနေကြတော့မြန်မာ့ရိုးရာ အိမ်တော်ရာထီး မလုပ်ရသလောက်ဖြစ်နေပါပြီ" ဟုအဘွားဒေါ်သက်မေက ပြောပြသည်။

ရှေးမြန်မာ မင်းလက်ထက်က နိုင်ငံခြားမှ တင်သွင်းသောဖဲထီးများ မရှိသေးရာ အိမ်တော်ရာထီးသည် လူသုံးကုန်ဖြစ်ပြီး ပုသိမ်ထီးကဲ့သို့ နာမည်ကြီးလှသည်။ မန္တလေးအိမ်တော်ရာ အရပ်မှ ပြုလုပ်သောကြောင့် ဒေသအစွဲပြု၍ အိမ်တော်ရာထီးဟု ခေါ်ကြသည်။ ထီး၏အစိတ်အပိုင်းများ ဖြစ်သော ထီးရိုးကို မြောက်ပြင်ညောင်ပင်ဈေးအနီး ထီးရိုးဝင်းအရပ်တွင် သီးသန့်ပြုလုပ်ကြသည်။

ယနေ့ခေတ်တွင် ရဟန်းဆောင်းထီးများကို မန္တလေးမြို့ ဘုရားကြီးအောက်ကျင်း၊ ၄၁ လမ်း၊ ရွှေတချောင်းဘေးနှင့် ဥပုသ်တော်ကုန်း၊ ဘုရားကြီးတစ်ဝိုက်တွင် ပြုလုပ်နေသည်ကို တွေ့ရသည်။ ထီးရိုးများကို ထီးရိုးဝင်းတွင် ပြုလုပ်ကြသည်။ အိမ်တော်ရာ ရဟန်းဆောင်းထီးပြုလုပ်ရာ၌ ထီးအရွက်အချင်းဝက် ၁၈ လက်မရှိလျှင် ထီးခရိုင်အချောင်း ၅ဝပါရှိရသည်။ ထီးရွက်အချင်းဝက် ၂၂ လက်မရှိလျှင် ထီးခရိုင် ၆ဝ၊ ၂၄လက်မရှိလျှင် ထီးခရိုင်အချောင်း ၇ဝပါရှိမည်။ ထီးအစိတ်အပိုင်းများမှာ ထီးရွက်၊ ထီးထိပ်ဖူး၊ ထီးခေါင်၊ထီးအုံ၊ ထီးတံ၊ ခရိုင်၊ ထီးရိုး၊ ထီးခလုတ်၊လက်ကိုင်၊ အုံဟ၊ ထီးကွင်းစသည်တို့ဖြစ်ပြီး ထီးခလုတ်ကို လက်ကိုင်ပေါက်ဖောက်၍ သစ်သားစို့လျှိုသွင်းရာမှ ယခု သံစို့ဖြင့်ခိုင်မာ အောင်ပြုလုပ်သည်။ ထီးရိုးမှာ ပန်းရိုး၊ ကျားရိုး၊ ပြောင်ရိုး၊ ခြစ်ရိုးဟူ၍ အမျိုးမျိုးရှိသည်။ဒုတိယကမ္ဘာစစ်မတိုင်မီက မျိုးရိုးစဉ်ဆက် ရိုးရာလက်မှုလုပ်ငန်း တစ်ရပ်အဖြစ် စီးပွားဖြစ်လုပ်ကိုင်ခဲ့သော အိမ်တော်ရာထီး လုပ်ငန်းကို ပုသိမ်မြို့တွင် တွင်ကျယ်စွာ လုပ်ကိုင်လာကြကြောင်း သိရသည်။

"မြန်မာ့ရိုးရာ ထီးမှာ ပုသိမ်ထီး၊ အိမ်တော်ရာထီးနဲ့ ဘာသာရေးဆိုင်ရာရဟန်း ဆောင်းထီးများသာ တွင်ကျယ်စွာလုပ်ကိုင်လာကြပြီး အလှူအတန်းရှိနေသရွေ့ ထီးလုပ်ငန်းမှာ အိမ်တွင်းမှုလုပ်ငန်းအဖြစ် ရပ်တည်သွားနိုင်မှာ ဖြစ်ပေမယ့် ခေတ်ကာလပြောင်းလဲမှုအရ နေရာအခက်အခဲ ကုန်ကြမ်းရရှိမှု အခက်အခဲ ကျွမ်းကျင်လုပ်သားရှားပါးမှု အခက်အခဲတွေကြောင့် ရိုးရာလက်မှုပညာရပ်ဖြစ်တဲ့ ထီးလုပ်ငန်းဟာ အိမ်တော်ရာအရပ်မှာ တိမ်မြုပ် ပျောက်ကွယ် လုနီးပါးဖြစ်နေပါပြီ"ဟု မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောပြသည်။

"ဒကာကြီးရေ ကျုပ်တို့ အိမ်တော်ရာထီးက သပ်ရပ်ခံ့ညားပြီးဣေâန္ဒရပါတယ်။ဒါပေမဲ့ မိုးရွာရင် ထီးအရွက်က အနီရောင်အရည် တွေစီးကျတော့ ဦးပဉ္စင်းတို့လဲ ဖဲထီး၊ခေါက်ထီးကိုပဲ သုံးတော့တယ်" ဟု သံဃာတော် တစ်ပါးက မိန့်ကြားသည်။

ထို့ကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရိုးရာလက်မှုပညာ အိမ်တော်ရာထီးကို အမျိုးအစား၊ အရည်အသွေးကောင်းအောင် တီထွင်ဖန်တီး၍ပြုလုပ်နိုင်ပါက ရိုးရာအမွေအနှစ်လက်မှု ပညာတစ်ရပ်သည်ချက်ချင်းပျောက်ကွယ်နိုင်မည်မဟုတ်ကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

#Themyawadaily

Wednesday, July 26, 2017

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ အရိပ်ရသစ်ပင်ကြီးများ အောက်တွင် မြန်မာ့ရိုးရာ ရုပ်စုံရောင်းချသူများ ယခုနှစ်တွင် ပိုမိုများပြားလာ



ညောင်ဦး ၂၆-၇-၂၀၁၇

တစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချ နေသော ညောင်ဦးမြို့နယ် ပုဂံဒေသပြည်သူများ အနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၌ အရိပ်ရသစ်ပင် ကြီးများအောက်တွင် မြန်မာမှုလက်ရာ များဖြစ်သော မြန်မာ့ရိုးရာရုပ်စုံ ရောင်းချသူများမှာ ယခုနှစ်တွင် ပိုမိုများပြားလာကြောင်း ပုဂံမြို့သစ် မြန်မာ့ ရိုးရာရုပ်စုံ ရောင်းချသူများထံမှ သိရသည်။

ပုဂံဒေသ ထွက်လက်ရာဖြစ်သော ဇော်ဂျီရုပ်၊ ရုပ်သေးရုပ်၊ မင်းသားရုပ်၊ မင်းသမီးရုပ်၊ ဆင်ရုပ်၊ မြင်းရုပ်၊ ဘီလူးရုပ် စသော မြန်မာ့ရိုးရာရုပ်စုံများကို အိမ်ဆိုင်၊ စတိုးဆိုင်ကြီးများတွင် တင်ပြရောင်းချ လျက်ရှိသော်လည်း ယခုအခါ အဆိုပါဆိုင်များတွင် ရောင်းချသည့်အပြင် ပုဂံဒေသအထင်ကရ စေတီများအနီးတွင် အရိပ်ရသစ်ပင်ကြီး များအောက်၌ ဒေသခံပြည်သူများက ကိုယ်တိုင်လုပ်၍ လည်းကောင်း၊ ဆိုင်ကြီးများမှ ဖောက်သည်ယူ၍လည်းကောင်းအဆိုပါရုပ်စုံများကို သစ်ပင်ကြီးများတွင် ကြိုးရှည်ရှည်ဖြင့် ချိတ်ဆွဲ၍ ပြသရောင်းချ လျက်ရှိကြောင်း သိရသည်။

''ဒီလိုရောင်းချနေတာကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း တွေကတော့ အထူးပိတ်ပင်မှု မရှိသေးပါဘူး။ ဒီလုပ်ငန်းက တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားတွေ အတွက်လဲ ဆွဲဆောင်မှုဖြစ်တဲ့ လုပ်ငန်းလဲ ဖြစ်ပါတယ်။ ဒီလိုရောင်းချ တာဟာ ရှေးဟောင်းစေတီ အဆောက်အအုံ ကိုလဲ ကွယ်တာ၊ ဖုံးတာမရှိပါဘူး။ ဒီလိုရောင်းချတဲ့ နေရာတွေဆိုရင် သန့်ရှင်းရေး အထူးလုပ်ရတဲ့အတွက် နယ်မြေသန့်ရှင်းမှုကိုလဲ အထူးဖြစ်စေပါတယ်''ဟု မြန်မာ့ရိုးရာ ရုပ်စုံရောင်းချသူ ဦးတင်လင်းအောင်က ပြောပြသည်။

လက်ရှိပုဂံရှေး ဟောင်းနယ်မြေအတွင်း၌ အရိပ်ရသစ်ပင်ကြီးများ အောက်တွင် ရုပ်စုံရောင်းချသည့် နေရာမှာ ၃ဝ ခန့်ရှိနေပြီး ၂ဝ၁၆ ခုနှစ် နောက်ပိုင်းမှစ၍ ၎င်းစနစ်ဖြင့် ရောင်းချသူများ ပိုမိုများပြားလာကြောင်း၊ ထိုသို့ရောင်းချ ခြင်းဖြင့် ခရီးသွားလုပ်ငန်းတွင် ဆွဲဆောင်မှု တစ်ရပ်ဖြစ်စေကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ၏ လုံခြုံရေးကိုလည်း အထောက်အကူ ဖြစ်စေကြောင်း၊ ပုဂံဒေသခံ ပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများလည်း ရရှိစေကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#yadnarpondaily

Friday, July 14, 2017

မင်းကွန်းဒေသရှိ မြသိန်းတန်စေတီတော်ကြီးအား ပတ်လည်ဖူးမြော်နိုင်ရန် လျှောက်လမ်းများ ပြုလုပ်ဆောင်ရွက်မှု လက်ရှိ ၇ဝ ရာခိုင်နှုန်းပြီးစီး



စစ်ကိုင်း ၁၄-၇-၂၀၁၇

စစ်ကိုင်းမြို့နယ် မင်းကွန်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင် မြသိန်းတန် စေတီတော်ကြီးအား ပတ်လည်ဖူးမြော်နိုင်ရန် ငွေကျပ် သိန်း ၃ဝဝခန့် အကုန်အကျခံပြီး လျှောက်လမ်းများ ပြုလုပ်ဆောင်ရွက်မှုကို မတ်လကစတင်၍ ပြုလုပ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ၇ဝရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မင်းကွန်းဒေသ သမိုင်းဝင်လေးဌာန ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ လျှောက်လမ်းသည် အရှည်ပေ ၇ဝဝခန့်နှင့် အကျယ်ရှစ်ပေရှိကြောင်း၊ ယခုလကုန်တွင် အပြီးဆောင်ရွက်နိုင်ရန် ခန့်မှန်းထားကြောင်း မင်းကွန်းဒေသသမိုင်း ဝင်လေးဌာန ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့မှ တွဲဖက်အကျိုး တော်ဆောင် ဆရာတော် ဘဒ္ဒန္တဝိမလာစာရက မြွက်ကြားသည်။

''ဘုရားထဲဝင်တဲ့အခါမှာ ဖိနပ်တွေစီးတယ်။ ဖိနပ်မစီးရလို့ စာတွေကပ်ထားပေမယ့် ဆူးလေးတွေက ရှိတော့ စူးတဲ့အခါ သူတို့အနေနဲ့လဲ ဖိနပ်မစီးလို့ မဖြစ်ဘူးလေ။ ဒီအတိုင်းဆို လျှောက်လမ်းတွေ ပြုလုပ်မှ အဆင်ပြေမယ်။ လျှောက်လမ်းရှိမှ ဆူးမစူးတော့ဘဲ ဖိနပ်လဲချွတ်မှာလေ။ ဒါကြောင့် အစည်းအဝေးလုပ်ပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနကို စာတင်ပါတယ်။ အဲဒီဌာနရဲ့ ခွင့်ပြုချက်နဲ့ စေတီတော်ကြီးကို ပတ်လည် ဖူးမြော်နိုင်အောင် လျှောက်လမ်းတွေကို ပြုလုပ်တာပါ''ဟု အဆိုပါဆရာတော်က မြွက်ကြားသည်။

မင်းကွန်းဒေသ သမိုင်းဝင် လေးဌာနထိန်းသိမ်း စောင့်ရှောက် ရေးအဖွဲ့အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့်ပူးပေါင်း၍ ၂ဝ၁၆ခုနှစ်အတွင်း က သမိုင်းဝင် မြသိန်းတန်စေတီ တော်ကြီး၏ တောင်ဘက်မုခ်ရှိ မြေပို့နေသည့် အုတ်ရိုးများ၊ မုခ်ဦးများကို တူးဖော်ပြီး ရှေးမူမပျက် ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

#yadanarpondaily

Tuesday, May 16, 2017

မြနန်းစံရွှေနန်းတော် အင်းဝမြို့ဟောင်းနှင့် ခံတပ်သုံးခုကို သမိုင်းကြောင်းဆိုင်ရာဒေသအဖြစ် ဖော်ဆောင်မည်



မန္တလေး ၁၆-၅-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်၊ အင်းဝမြို့ဟောင်း အပါအဝင် ခံတပ်သုံးခုသို့ ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ ဝင်ရောက်မှု မြင့်တက်လာစေရန် သမိုင်းကြောင်း ဆိုင်ရာဒေသ
(Historical Park) အဖြစ် ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

သမိုင်းဝင် ခရီးသွားလုပ်ငန်း နေရာသစ်များ ဖြစ်သော မြနန်းစံကျော်ရွှေနန်းတော်၊ အင်းဝမြို့ဟောင်း၊ သပြေတန်းခံတပ် ၊ အစေခံခံတပ် နှင့် ဆင်ကျုံးခံတပ် တို့ကို သမိုင်းကြောင်းဆိုင်ရာ ဒေသအဖြစ် ဖော်ဆောင်နိုင်ရန် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနနှင့် ယခုလအတွင်း ဆွေးနွေးညှိနှိုင်း သွားမည် ဖြစ်ကြောင်း သိရသည်။

''ခရီးသွားလုပ်ငန်း အတွက် နေရာသစ်တွေ ဖော်ဆောင်တာ ကောင်းပါတယ်။ ဒီလိုဖော်ဆောင် တဲ့နေရာမှာ လည်းပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်စား ဖို့အတွက် သမိုင်းကြောင်း နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ တွေဖန် တီး ပေးဖို့လိုပါတယ် '' ဟု ဧည့်လမ်းညွှန် တစ်ဦးက ပြောသည်။

လက်ရှိတွင် အဆိုပါ နေရာများကို ကွင်းဆင်းလေ့လာလျက် ရှိပြီးဈေးကွက်မြှင့် တင်ခြင်း၊ အမှတ်တရ ပစ္စည်းအရောင်း ဆိုင်များ၊ နားနေဆောင်များ ထားရှိနိုင်ရေး အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် မှသိရသည်။

အဆိုပါ နေရာများသို့ လာရောက်ကြ သောနိုင်ငံခြား ခရီးသွားဧည့် သည်များကို ဝင်ကြေး ငွေကျပ် ၁ဝဝဝဝ နှင့် ပြည်တွင်း ခရီးသွားများကို ငွေကျပ် ၂ဝဝ နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး ၂ဝ၁၆ ခုနှစ် အတွင်းနိုင် ငံခြား ခရီးသွားဧည့်သည် ၁၈ဝဝဝဝ ခန့်လာရောက် လည်ပတ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, May 11, 2017

ပုဂံရှေးဟောင်းဇုန် နယ်နိမိတ်အကျယ်အ၀န်းကို ဧက ၅၀၀၀၀ ထိ တိုးချဲ့သွားမည်



ညောင်ဦး ၁၁-၅-၂၀၁၇ 

ဒေသခံများ၏ အကျိုးစီးပွားကို ပိုမိုကာကွယ် ပေးနိုင်ရန် ပုဂံရှေးဟောင်း ဇုန်နယ်နိမိတ် အကျယ် အဝန်းကို ဧက ၅ဝဝဝဝ ခန့်ထိ တိုးချဲ့ သတ်မှတ် သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနမှ သိရသည်။

လက်ရှိသတ်မှတ် ထားသော ဧကအပြင် ထပ်မံ၍ဧရိယာ၊ ဧက၂ဝဝဝဝကျော်တိုးချဲ့ကာ ညောင်ဦးမြို့အရှေ့ဘက် ယုန်လွှတ်ကျွန်းနှင့် ဧရာဝတီမြစ် တစ်ဘက်ကမ်းရှိ တန့်ကြည်တောင် တို့ကိုပါ ထည့်သွင်း သတ်မှတ်ရန် စီစဉ်နေကြောင်း သိရသည်။

ထိုသို့ တိုးချဲ့သတ်မှတ်ခြင်း ကြောင့် မြို့ရွာရပ်ကွက်များရွှေ့ ပြောင်းခြင်းနှင့် တည်ဆောက်ပြီး သော ဟိုတယ်၊ မိုတယ်များကို ဖျက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ပုဂံနှင့်ညောင်ဦးမြို့တို့သည် လက်ရှိတွင် ရှေးဟောင်းအထိမ်း အမှတ်အဆောက်အအုံတည်ရှိရာ ဇုန်အတွင်းရှိနေပြီး အဆိုပါမြို့များ ကို အဆိုပြုရှေးဟောင်းဇုန်အတွင်း ထည့်သွင်းပါက မြို့နှစ်မြို့၏ ရပ် တည်မှုခိုင်မာသွားခြင်း၊ မြို့သူ၊မြို့သားများ စိုးရိမ်မှုကင်းစွာနေထိုင် နိုင်ခြင်း တည်ဆောက်ပြီးစီးသွား သော ဟိုတယ်၊မိုတယ်စီးပွားရေး အဆောက်အအုံများ ဆက်လက် ရပ်တည်ခွင့်ရခြင်း၊ ထို့ပြင် ဒေသခံ များ၏ အကျိုးစီးပွားအတွက် SME အသေးစားအလတ်စား အိမ်တွင်းစီးပွားရေးများကိုလည်း တည်ဆောက်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိပုဂံဒေသ၏ ရှေးဟောင်း ဇုန်ဧရိယာသည် ဧရာဝတီမြစ်၏ အရှေ့ဘက်တွင် သတ်မှတ်ထားပြီး တစ်ဖက်ကမ်းရှိ တန့်ကြည်တောင် အပါအဝင် မြစ်အလယ်တွင် ကျွန်းကြီးများရှိနေ သောကြောင့် ထိုဝန်းကျင်၌ ဟိုတယ်များဖွင့်လှစ်ခြင်း၊ ကွန်ဒိုကြီးများ တည်ဆောက်ခြင်း လုပ်ဆောင်ပါက ပုဂံ၏မြင်ကွင်းများ ပျောက်ကွယ်သွားနိုင်ပြီး ဧရာဝတီကို ကာကွယ်ခြင်းနှင့်အတူ ဇုန်ဧရိယာ တိုးချဲ့ရခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသတွင် ရပ်ကွက် ရှစ်ခုကျေးရွာ ငါးခုပါဝင်ကာ ဧရိယာ ၇၆၈၅ဧက ကျယ်ဝန်းပြီး ရှေးဟောင်းအထိမ်း အမှတ်အဆောက် အအုံတည်ရာဇုန်၊ ရပ်ကွက် ကိုးခု၊ ကျေးရွာ သုံးရွာပါဝင်သည့် ဧရိယာ ၆၄၁၇
ဧကကျယ်ဝန်းသော ရှေးဟောင်းနေရာတည်ရာဇုန်၊ ကျေးရွာအုပ်စု သုံးခုပါဝင်ပြီး ၁၃၈၆၈ဧက ကျယ်ဝန်း သော ဧကထိန်းသိမ်းရေးဇုန် စုစုပေါင်း အကျယ်အဝန်း ဧရိယာ ဧက ၂၇၉၇ဝ ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

#Themyawadydaily

Friday, May 5, 2017

မိုးကုတ်မြို့ ဘားနဒ်စစ် သင်္ချိုင်းအနီးရှိ ရှေးဟောင်းလက်နက်တိုက် ထိန်းသိမ်းပြုပြင်ရန် လယ်ပိုင်ရှင်များနှင့် ညှိနှိုင်းသွားမည်



မိုးကုတ် ၅-၅-၂၀၁၇

မန္တလေးတိုင်း ဒေသကြီးမိုးကုတ် မြို့နယ် ရွာသာရွာကျေးရွာ အုပ်စုအတွင်း ဘားနဒ် စစ်သင်္ချိုင်းအနီးရှိ အင်္ဂလိပ်ခေတ်က အသုံးပြုခဲ့သော ရှေးဟောင်းလက်နက် တိုက်ကိုထိန်း သိမ်းပြုပြင်မှုများ ပြုလုပ်နိုင်ရန် အဆိုပါ လက်နက်တိုက် နေရာအနီးရှိ လယ်ပိုင်ရှင် တောင်သူများနှင့် ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း မိုးကုတ်မြို့ နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းတင်က ပြောပြသည်။

''အရင်တုန်းကတော့ လူနေထိုင်မှု နည်းသေးတော့ မသိသာဘူး။ အခုလူနေထိုင်မှုက တအားများလာတယ်။ နောက်ဆုံး လက်နက်တိုက်နေရာကိုပါ တောင်သူတွေက ပိုင်ဆိုင်မှု တွေရှိလာကြပြီး လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)နဲ့ စိုက်ပျိုးနေကြတာ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ပထမအဆင့် အလှူခံသွားမယ်။ အဲဒီလိုမှ အဆင်မပြေဘူးဆိုရင်လဲ ကျွန်တော်တို့အနေနဲ့ ငွေရေးကြေးရေးနဲ့ ပြန်လည်ဝယ်ယူဖို့ အစီအစဉ်တွေ ရှိပါတယ်''ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ လက်နက်တိုက်သည် အင်္ဂလိပ်ခေတ်က အင်္ဂလိပ်စစ်သားများ အနေဖြင့် ဗုံးဒဏ်၊ သေနတ်ဒဏ်ခံနိုင်သည့် လက်နက်တိုက်တစ် ခုကို တည်ဆောက်ထား ခဲ့ခြင်းဖြစ်ပြီး လက်နက်တိုက် ဧရိယာသည် ခန့်မှန်း ၂၅ ပေ ပတ်လည်ခန့် ကျယ်ဝန်းသည်။

#Themyawadydaily

Thursday, April 27, 2017

ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး မေလတွင် ပညာရှင်အဖွဲ့ ကွင်းဆင်းဆောင်ရွက်မည်


မြောက်ဦးဒေသရှိ ရှေးဟောင်း သမိုင်းဝင်စေတီပုထိုးများကို  တွေ့ရစဉ်။

ရန်ကုန် ၂၇-၄-၂၀၁၇

ရခိုင်တိုင်းရင်းသား တို့၏မျှော်မှန်း ချက်ဖြစ်သော ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ မြောက်ဦးဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် လာမည့်မေလတွင် သက်ဆိုင်ရာပညာရှင်အဖွဲ့ သွားရောက်ကာ ကွင်းဆင်းဆောင် ရွက်တော့မည် ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

၂ဝ၁၇ ခုနှစ် အောက်တိုဘာတွင် ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရှင်အဖွဲ့မှ လိုအပ်သည့် စီမံချက်ရေးဆွဲ ဆောင်ရွက်ခဲ့ကြောင်း၊ယင်းကာလတွင် ရခိုင်တိုင်းရင်းသားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဝိုင်းဝန်းတောင်းဆိုမှု များကြောင့် ရခိုင်ပြည်နယ် မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှသိရသည်။

ယခုအခါတွင် ရခိုင်ပြည်နယ် မြောက်ဦး ဒေသကို ၂ဝ၁၈ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်း နိုင်ရေးအတွက် ပဏာမအဆိုပြု အမည်စာရင်း (Tentative List) ထည့်သွင်းရန် စီမံဆောင်ရွက် နေပြီဖြစ်သည်။ ထို့ပြင် လာမည့် မေလတွင် ရှေးဟောင်းသမိုင်း ဗိသုကာအဖွဲ့များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအဖွဲ့များ၊ မြန်မာနိုင်ငံအခြေစိုက် ယူနက်စကိုရုံးမှ ပညာရှင်များနှင့် ကိုယ်စားလှယ်များ ပါဝင်ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ မြောက်ဦးဒေသရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများနှင့် အခြားအထင်ကရ သမိုင်းဝင်နေရာများအား သွားရောက်ကွင်းဆင်း စစ်ဆေးခြင်း၊ ဧရိယာသတ်မှတ်ခြင်း၊ တိုင်းထွာချက်များ ရယူခြင်းနှင့် အခြားကမ္ဘာ့ စံသတ်မှတ်ချက်များအား ရယူခြင်းကိုဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းဆောင် ရွက်မှုများကို၂ဝ၁၈ ခုနှစ်ထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှသိရသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းမည်ဆိုလျှင် ကနဦးပဏာမ အဆိုပြုအမည်စာရင်း (Tentative List) အားထည့်သွင်း ရမည်ဖြစ်သည်။ ယင်းအတွက် ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ယူနက်စကို (ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့အစည်း) ၏ ကမ္ဘာ့စံသတ်မှတ် ချက်များအတိုင်း တင်သွင်းရ မည်ဖြစ်သည်။

''ယဉ်ကျေးမှုအမွေအနှစ် (Tentative List) ပဲဖြစ်ဖြစ် သဘာဝအမွေအနှစ်(Nature Heritage) ပဲဖြစ်ဖြစ်ပျက်စီး ဆုံးရှုံးသွားရင် ဘယ်တော့မှ ပြန်မရနိုင် တော့ပါဘူး။ ဒီအတွက် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်သွား
ပြီဆိုရင် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမြင့်ဆုံး ကာကွယ်စောင့်ရှောက် မှုတွေရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံခြားခရီးသွားတွေရဲ့ အသိအမှတ်ပြု လေ့လာမှုတွေ များစွာရရှိမှာဖြစ်ပါတယ်'' ဟု မြန်မာနိုင်ငံ အခြေစိုက် ယူနက်စကို ရန်ကုန်ရုံးမှ ယဉ်ကျေးမှုအစီအစဉ် Programme Officer ဒေါ်ဥမ္မာမျိုးက ပြောသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...