Social Icons

Pages

Tuesday, June 12, 2018

မန္တလေးမြို့ရှိ ဆီစက်များ FDA လက်မှတ်ရရှိရန် အဆင့်မြှင့်တင်



မန္တလေး ၁၂-၆-၂ဝ၁၈

မန္တလေးမြို့ရှိ ဆီစက်အားလုံး၏ ထက်ဝက်ကျော်ထိ FDA အသိအမှတ်ပြု လက်မှတ်ရရှိရန် အဆင့်မြှင့်တင် ပြင်ဆင်မှုများ ပြုလုပ်လာကြကြောင်း မန္တလေးခရိုင် ဆီစက်လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်မှစတင်၍ ပြည်တွင်း စားသုံးသူများ ပိုမိုယုံကြည်မှု ရှိစေရန်နှင့် နိုင်ငံခြားမှ ဝင်ရောက်လာသည့် ဆီများကို ယှဉ်ပြိုင်နိုင်ရန်အတွက် FDA လက်မှတ်ရရှိရန် ဆီစက်များကို အဆင့်မြှင့်တင် ပြင်ဆင်လာကြခြင်း ဖြစ်ပြီး လက်ရှိတွင် မန္တလေးခရိုင်အတွင်းရှိ ဆီစက်အားလုံး၏ ထက်ဝက်ကျော်ထိ ပြင်ဆင်လာကြကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင်က ပြောပြသည်။

"တခြားစက်တွေက လုပ်နေကြတော့ ကျန်တဲ့စက်တွေလဲ မလုပ်ရင် မဖြစ်တော့ဘူးဆိုတဲ့ အတွေးနဲ့ FDA လက်မှတ်ရဖို့ ပြင်ဆင်လာကြတယ်။ အခုမန္တလေးမှာရှိတဲ့ ဆီစက်အားလုံးရဲ့ အနည်းဆုံး ခြောက်ဆယ်ရာခိုင် နှုန်းလောက်ထိ လိုက်လုပ်လာကြပါတယ်"ဟု ၎င်းက ပြောပြသည်။

မန္တလေး ခရိုင်အတွင်း၌ လက်ရှိ လည်ပတ်နေသည့် ဆီစက်ပေါင်း ၇ဝ ခန့်အနက် အလုံးရေ ၄ဝ ကျော်ထိ FDA လက်မှတ်ရရှိရန် အဆင့်မြှင့်တင် ပြင်ဆင်လာကြပြီး ဆီစက်လေးစက် FDA လက်မှတ်ရရှိထားကြောင်း သိရသည်။

မန္တလေးခရိုင်အပြင် ကျောက်ပန်းတောင်းနှင့် မြင်းခြံမြို့တို့ရှိ ဆီစက် ၁ဝစက်ခန့်က FDA လက်မှတ်ရရှိရန် အသင်းသို့ အကူအညီတောင်းခံ ထားကြောင်း သိရသည်။

နိုင်ငံခြားမှ ပြည်တွင်းသို့ ဝင်ရောက်လာသည့် ဆီများမှာ ထောက်ခံချက် လက်မှတ်များဖြင့် ပြည်တွင်းဆီများထက် ဈေးနှုန်းသက်သာစွာ ဝင်ရောက်နေသည့် အတွက် မန္တလေးခရိုင်အတွင်းရှိ ဆီစက်များ ထက်ဝက်ကျော် ရပ်နားခဲ့ရပြီး လက်ရှိတွင် စက်ရုံများတွင် ကုန်ကြမ်း၊ ကုန်ချောများ သန့်ရှင်း၍ အရည်အသွေး စံချိန်မီရန်၊ ကုန်ချောတွင် ကန့်သတ်ပစ္စည်းများ မပါဝင်စေရန်၊ ထုတ်လုပ်နေသည့် အချိန်တွင် ထုတ်လုပ်သည့်စက်များ သန့်ရှင်းသပ်ရပ် စင်ကြယ်ရန်အတွက် ပြင်ဆင်ကာ FDA လက်မှတ်ရရှိရန် လျှောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...