Social Icons

Pages

Monday, October 31, 2016

မန္တလေးစက်မှုဇုန် (၁) နှင့် (၂)တို့ကို နိုင်ငံတကာအဆင့်မီ စက်မှုဇုန်အဖြစ် အဆင့်မြှင့်တင် သွားမည်



မန္တလေး ၊ ၃၁-၁၀-၂၀၁၆

မန္တလေးမြို့ရှိ စက်မှုဇုန် (၁) နှင့် စက်မှုဇုန် (၂) တို့၌ နိုင်ငံတကာမှ စိုက်ပျိုးရေး ကုမ္ပဏီများကို ဖိတ်ခေါ်ကာ စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ပစ္စည်းများ တိုက်ရိုက် ထုတ်လုပ် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန် အဖြစ် အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးစက်မှုဇုန် ၌ အကြီးစား စက်မှုလုပ်ငန်း ၃၉၂ ခု ၊ အလတ်စား စက်မှုလုပ်ငန်း ၃၀၄ ခုနှင့် အသေးစား စက်မှုလုပ်ငန်း ၅၉၆ ခု အပါအ၀င် ကုန်ထုတ်လုပ်မှု အတွက် လုပ်ငန်းအုပ်စု အမျိုးအစား ၁၃ ခုဖြင့် လည်ပတ် လျက်ရှိသည်။

''စက်မှုဇုန်တွေ အဆင့်မြှင့်တင်ဖို့ အဓိက က နည်းပညာ အခက်အခဲ ရှိတယ်။ ထုတ်လုပ်တဲ့ စက်ပစ္စည်း တွေမှာလည်း စံချိန်စံညွှန်းနဲ့ အရည်အသွေး ရှိဖို့လိုတယ်။ ဒီလို စက်မှုဇုန်အလိုက် စိုက်ပျိုးရေး လုပ်ငန်းသုံး စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ နေရာမှာ ပြည်ပက ၀င်ရောက် ရင်းနှီးမြှုပ်နှံ လာမှလည်း တောင်သူတွေ အတွက် ပိုမိုဖြန့်ဖြူး ပေးနိုင်မယ်။ လယ်ယာကဏ္ဍ တစ်ခုလုံးမှာ ရင်းနှီးမြှုပ်နှံမယ့် သူဆိုရင် နိုင်ငံခြားသား ကို အမြင့်ဆုံး ၄၉ ရာခိုင်နှုန်းပဲ ပေးထားတယ်။ နိုင်ငံခြားသားက ၄၉ ရာခိုင်နှုန်းထက် မပိုရဘူး။ အဲဒီလို ပေးထားတဲ့ အခါ ပြည်တွင်းက ၅၁ ရာခိုင်နှုန်း ပါရမယ်ပေါ့။ တချို့ကလည်း ပြည်တွင်းက ၅၁ ရာခိုင်နှုန်း ပါရမယ်ဆိုတာ အမေရိကန် ဒေါ်လာ တစ်သိန်း ၊ နှစ်သိန်းက ပြဿနာ မရှိပေမယ့် ဒေါ်လာသန်း ရာနဲ့ချီတဲ့ လုပ်ငန်းတွေမှာ ပြည်တွင်းက ၅၁ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံဖို့ ဆိုတာ အကန့်အသတ် ရှိနေပါတယ်။ ဒါတွေကိုလည်း ဖြေလျှော့ ပေးနိုင်ဖို့ လိုပါတယ် " ဟု စက်မှု လုပ်ငန်းရှင် ဦးစိုးသာ က ပြောသည်။ 

စက်မှုဇုန် ဖွံ့ဖြိုး တိုးတက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တင်ပြမှုများ လုပ်ဆောင်ခြင်း၊ စက်မှုလုပ်ငန်း များအတွက် အဓိက လိုအပ်ချက် ဖြစ်သော လျှပ်စစ်ဓာတ်အား ကဏ္ဍများကို သီးခြား ဓာတ်အားလိုင်း လုပ်ဆောင်ခြင်း နှင့် ရေဆိုးထုတ် စက်ရုံများ တည်ဆောက်ခြင်း တို့ကို စတင်ပြုလုပ် နေပြီ ဖြစ်ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...