Social Icons

Pages

Monday, October 31, 2016

ရန်ကုန်မြို့၌ ဒုတိယအကြိမ် လေထုတိုင်းတာပြီးမှသာ လေထု ညစ်ညမ်းမှုအမြင့်ဆုံး နေရာကို သိရှိနိုင်မည်



ရန်ကုန် ၊ ၃၁-၁၀-၂၀၁၆

ရန်ကုန်မြို့၌ ဒုတိယအကြိမ် လေထု တိုင်းတာခြင်း ပြုလုပ်ပြီးမှသာ ရလဒ်များကို နှိုင်းယှဉ်၍ လေထု ညစ်ညမ်းမှု အမြင့်ဆုံး နေရာကို သိရှိနိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန လက်ထောက် ဌာနမှူး ဒေါက်တာ အောင်မြင့်မော် ထံမှ သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်း၌ လေထုတိုင်းတာရေး အတွက် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်လျက် ရှိပြီး ပထမအကြိမ် တိုင်းတာရေး အဖြစ် ၂၀၁၅ ခုနှစ် ဧပြီလမှ ၂၀၁၆ ခုနှစ် ဧပြီလအထိ ရန်ကုန်မြို့ရှိ နေရာ ၆၇ နေရာ၌ တိုင်းတာခဲ့ခြင်း ဖြစ်သည်။ ယင်း ရလဒ်များအပေါ် မတူညီ၍ အခြေခံ အချက်အလက်များ မှတ်သားထားကာ ဒုတိယအကြိမ်  တိုင်းတာမှု ပြီးစီးပါက လေထုညစ်ညမ်းမှု အမြင့်ဆုံးနေရာ များကို သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

'' ရန်ကုန်မြို့မှာ ပထမအကြိမ် တိုင်းတာတဲ့ ၆၇ နေရာစလုံးက အရင်တစ်ခါမှ မတိုင်းဖူးဘူး။ ဒါက ပထမအကြိမ် တိုင်းတာဖြစ်တဲ့ အတွက် မှန်တယ် ၊ မှားတယ် ပြောလို့ မရသေးဘူး။ ဒုတိယအကြိမ် တိုင်းတာပြီးမှ ပထမနဲ့ ဒုတိယအကြိမ် စံချိန်စံညွှန်း ရလဒ်ကို နှိုင်းယှဉ်ပြီး ပြောလို့ရမှာပါ'' ဟု ဒေါက်တာ အောင်မြင့်မော် က ပြောသည်။

ရန်ကုန်မြို့ရှိ လေထု ညစ်ညမ်းမှုများကို စောင့်ကြည့် လေ့လာရန် ကော်မတီ လက်အောက်ရှိ သုသာန်များနှင့် မီးခိုးထုတ် ခေါင်းတိုင် အားလုံးကို ပေ ၁ဝဝ အထိ မြင့်တင်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

လေထု တိုင်းတာရေး စက်များကို ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့၌ တစ်လုံး၊ လှည်းတန်း၌ တစ်လုံး နှင့် မင်္ဂလာဒုံ ခရေပင်လမ်းခွဲ ၌ တစ်လုံး စုစုပေါင်း သုံးလုံးကို အထိုင်စက် အဖြစ်ထားရှိပြီး ကျန်တစ်လုံးကို မြို့နယ် များသို့ လှည့်လည် တိုင်းတာရာတွင် အသုံးပြုလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...