Social Icons

Pages

Showing posts with label သဘာဝပတ်ဝန်းကျင်ဆိုင်ရာ. Show all posts
Showing posts with label သဘာဝပတ်ဝန်းကျင်ဆိုင်ရာ. Show all posts

Tuesday, October 30, 2018

အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ


တောင်ကြီး  အောက်တိုဘာ ၂၉  
-
ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် UNDP တို့ပူးပေါင်းကျင်းပသော အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှင့် ရေရှည် တည်တံ့သော ဖွံ့ဖြိုးရေး စီမံကိန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ သစ်တော ရပ်ကွက်ရှိ  Royal Taunggyi ဟိုတယ်ခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က အင်းလေးကန်သည် ထူးခြား သည့် ရိုးရာယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကျောင်းမှု အလေ့အထများကြောင့် ခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင် မှု ရှိသည့် ဒေသဖြစ်ပါကြောင်း၊ အင်းလေးကန်၏ အချို့နေရာများ၌  ကန်၏အခြေအနေမှ ကျွန်းမျော စိုက်ပျိုးရေးခြံနှင့် လယ်ကွက်များအကြား ရေမြောင်းကဲ့သို့ ဖြစ်နေပြီး ကန်ရေသည်လည်း ညစ်ညမ်းမှုဖြစ်နေကာ ကန်ရေ သောက်သုံး သူနှင့် ငါးများအတွက် အင်းလေးကန်ရေ ထိန်းသိမ်းမှု လိုအပ်ပါကြောင်း၊ အင်းလေးကန် ထိန်းသိမ်းရေးနှင့်  ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု အတွက် နိုင်ငံတော် အစိုးရ၊ ရှမ်းပြည်နယ် အစိုးရ တို့က ဦးဆောင်လျက်ရှိပြီး ကြိုးစားပမ်းစား လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါကြောင်း  ပြောကြားသည်။
-
ဆက်လက်၍ နော်ဝေသံရုံးမှ  ဝန်ကြီးအတိုင်ပင်ခံ Lise Nordgaardနှင့် UNDP မှ ပရောဂျက် မန်နေဂျာ (နည်းပညာ ဆိုင်ရာ အကြံပေး) Martin Cosier တို့က အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို  လုပ်ဆောင်နေသည့်   အင်းလေးကန်  အုပ်ချုပ် လုပ်ကိုင်ရေးအဖွဲ့ကို အားဖြည့် ကူညီဖွဲ့စည်းကာ စီမံကိန်းကို ယခုနှစ် အစောပိုင်းတွင် ရှမ်းပြည်နယ် အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ   ခွင့်ပြုချက်ရယူခဲ့ပြီး စီမံ ကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် MoU ရေးထိုးကာ နော်ဝေ အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
-
ထို့နောက် သစ်တောဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က  အင်းလေး ကန် ရေရှည် တည်တံ့ရေးအတွက် ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ လုပ်ငန်းဆောင်ရွက်မည့် အစီအမံ များနှင့်   တိရစ္ဆာန် ကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
-
ယင်းနောက် တက်ရောက် လာကြသူများက  အင်းလေးကန် ထိန်းသိမ်းရေးနှင့် အင်းလေးဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ များကို  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, September 26, 2018

ကမ်းလွန်လုပ်ကွက်အမှတ် A-6 ရှိ ရွှေရည်ထွန်း(၂)တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်မည့် သဘာဝ ဓာတ်ငွေ့တွေ့ရှိ



နေပြည်တော် ၂၆-၉-၂ဝ၁၈

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် သဘာဝဓာတ်ငွေ့ တွေ့ရှိမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို ကျင်းပသည်။ အဆိုပါအခမ်းအနားတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၁ဝ၂ ကီလိုမီတာခန့်အကွာ ကမ်းလွန်လုပ်ကွက်အမှတ် A-6 ရှိ ရွှေရည်ထွန်း(၂) တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် သဘာဝဓာတ်ငွေ့များကို ၂ဝ၂၃ ခုနှစ်တွင် ထုတ်လုပ်နိုင်ရန် လျာထားကြောင်း ပြောကြားသည်။ 

အဆိုပါ လုပ်ကွက် A-6 တွင် ရင်းနှီးမြှုပ်နှံမှု အနေဖြင့် MPRL E & P မှ ၂ဝ ရာခိုင်နှုန်း၊ သြစတြေးလျနိုင်ငံ Woodside Energy (Myanmar) Pte.,Ltd. မှ ၄ဝ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံ TOTAL E & P Myanmarကုမ္ပဏီမှ ၄ဝ ရာခိုင်နှုန်း ပါဝင်ကာ ရှာဖွေတူးဖော်ခြင်း လုပ်ငန်းများကို အကျိုးတူပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ''အဲဒီလုပ်ကွက်က စီးပွားဖြစ် ဓာတ်ငွေ့ထွက်ပြီဆိုရင် အနည်းဆုံး ၂ဝ၂၃ ခုနှစ်လောက်မှ ထုတ်နိုင်မယ်။ ကြားထဲမှာ အချိန် လေး၊ ငါးနှစ်ပေးရမယ်။ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး မြန်မြန်ဆန်ဆန်ရရှိအောင် ၂ဝ၂၃ ခုနှစ်မှာ A-6 ကနေ ဓာတ်ငွေ့ကို ထုတ်ပေးဖို့ ညှိနှိုင်းထားတယ်။ ထွက်လာတဲ့ဓာတ်ငွေ့ရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသုံးခွင့်အတွက် ကမ္ဘာ့ပေါက်ဈေးထက် နိမ့်တဲ့ဈေးနဲ့ရပါတယ်။ 

ဒီလုပ်ကွက်ကို လုပ်တဲ့ကုမ္ပဏီ အနေနဲ့ကလည်း တွင်းတစ်တွင်းကို ငွေကြေးသန်းနဲ့ချီ ရင်းနှီးမြှုပ်နှံရတဲ့အတွက် ဒီ ၂၅ ရာခိုင်နှုန်းထက် ပိုလိုချင်တယ်ဆိုရင် ကမ္ဘာ့ပေါက်ဈေးအတိုင်း ပေးဝယ်ရမှာပါ။ သူတို့က ပြည်ပကို ရောင်းချရင်လည်း ကျွန်တော်တို့အနေနဲ့ ဝင်ငွေခွန်အဖြစ် ပြန်ရပါတယ်''ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။ အဆိုပါ လုပ်ကွက် A-6 ရွှေရည်ထွန်း(၂)ကို ၂ဝ၁၈ ခုနှစ် ဇူလိုင် ၂ဝ ရက်တွင် စတင်တူးဖော်ခဲ့ပြီး ခန့်မှန်းအနက် ၄၈၅ဝ မီတာ ရှိပြီး ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် သဘာဝဓာတ်ငွေ့ ခိုအောင်းနေသည့် သဲကြော အထူ ၄ဝ မီတာကို စမ်းသပ်ခဲ့ရာ သဘာဝဓာတ်ငွေ့ တစ်နေ့လျှင် ပျမ်းမျှ ၅ဝ ကုဗပေသန်း စမ်းသပ်တွေ့ရှိကြောင်း သိရသည်။ 

''ထုတ်လုပ်ရေးလုပ်ငန်း လုပ်ဖို့အတွက် ရေနက်ပိုင်းမှာ ထုတ်လုပ်ရေးတွင်းတွေ တူးတာ၊ ပိုက်လိုင်းတွေ တည်ဆောက်တာ၊ ကုန်းတွင်းပိုင်းမှာ ပိုက်လိုင်းသွယ်ရန် အတွက် တည်ဆောက်တာ သုံးနှစ်ကြာမှာဖြစ်တယ်။ ငါးနှစ်အတွင်း ထုတ်လုပ်ဖို့ မှန်းတယ်ဆိုရင်တောင်နောက်နှစ်နှစ်အတွင်း အောက်မှာခိုအောင်းတဲ့ ပမာဏရလဒ်ကို စမ်းသပ်ဖို့ရှိတယ်''ဟု MPRL E & P ၏ Country Manager ဖြစ်သူ ဦးစည်သူမိုးမြင့် ကပြောသည်။ အဆိုပါ လုပ်ကွက်နှင့်ပတ်သက်၍ ထုတ်လုပ်ချိန်တွင် လည်းကောင်း၊ အရောင်းအဝယ် ပြုလုပ်ချိန်တွင် လည်းကောင်း ပြည်တွင်းရော ပြည်ပတွင်ပါ စာချုပ်ချုပ်ဆိုရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်နှစ်နှစ်အတွင်း စာချုပ်အားလုံး ချုပ်ဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, September 18, 2018

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်းရှိ ရွှံ့မီးတောင်ရှင်တစ်လုံး ပေါက်ကွဲ



မာန်အောင် ၁၈-၉-၂၀၁၈

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် ရဲကျွန်းရှိ ရွှံ့မီးတောင်ရှင်တစ်လုံး ပေါက်ကွဲရာ ချော်ရည်များသည် ၁၅ပေမှပေ ၂ဝ ခန့်ထိမြင့်တက်ခဲ့ပြီး လယ်မြေဧက အနည်းငယ်တွင် ချော်ရည် ဝင်ရောက်ခဲ့သော်လည်း လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မီးတောင်ကို ဒေသခံများက ရဲကျွန်းမီးတောင်ဟု ခေါ်ဆိုပြီး စက်တင်ဘာ ၁၆ရက် နံနက် ၇ နာရီ မိနစ် ၃ဝခန့်မှ နံနက် ၉နာရီခန့်ထိ မကြာခဏ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

"ဒီမီးတောင်က ထိပ်ဝမှာ ချော်ရည်တွေ အမြဲတစ်ပွက်ပွက် ထွက်ပြီးစိုနေပေမယ့် ပေါက်ကွဲမှုမရှိတာ နှစ်ပေါင်း ၂ဝ ကျော်လောက်ရှိမယ် ထင်တယ်။ အခုတစ်ကြိမ်ပဲ ပေါက်ကွဲသေးတာပါ။ ပေါက်ကွဲမှုကြောင့် လယ်မြေတစ်ဧက ကျော်နှစ်ဧကလောက် ပျက်စီးတာကလွဲပြီး အနီးအနားမှာရှိတဲ့ တိရစ္ဆာန်တွေ၊ နွားကျောင်းသားတွေ ထိခိုက်မှုမရှိပါဘူး"ဟု မာန်အောင်မြို့နယ် ရဲကျွန်းမှ ကိုအောင်နိုင်ထွန်းက ပြောပြသည်။

အဆိုပါ ရွှံ့မီးတောင်ပေါက်ကွဲမှု နှင့်ပတ်သက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများကို တင်ပြထားကြောင်း သိရသည်။

"ကျောက်ဖြူမြို့နယ် မှာရှိတဲ့ ရွှံ့မီးတောင် တွေဆိုလဲ ပေါက်ကွဲတတ်ပါတယ်။ အရှင်တွေ ဖြစ်တာကြောင့် ဘယ်အချိန် ပေါက်ကွဲမယ်မှန်း ကြိုတင်မသိနိုင်ကြတော့ သတိထားနေရပါတယ်"ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပြသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အတွင်းရှိ ကျောက်ဖြူမြို့နယ်တွင် မီးတောင်ရှင် ၁ဝလုံးခန့်နှင့် မာန်အောင်မြို့နယ်တွင် သုံးလုံးရှိကြောင်း သိရသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

Monday, September 10, 2018

ရိဒ်ရေကန်ဘေး လယ်မြေများတွင် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများမသုံးစွဲရန် တားမြစ်ထား



ဖလမ်း ၁ဝ-၉-၂ဝ၁၈

ချင်းပြည်နယ် ဖလမ်းခရိုင် ဖလမ်းမြို့နယ်အတွင်း ရိခေါဒါရ် မြို့အနီးရှိ ပြည်နယ်၏ အမှတ်တရ နေရာတစ်ခုဖြစ်သည့် အသည်းနှလုံးပုံသဏ္ဋာန် ရိဒ်ရေကန်ဝန်းကျင် ချောင်းမြောင်းများအတွင်း မိုးစပါးများ စိုက်ပျိုးနေပြီဖြစ်၍ ရေပျော်သားငါးများပျက်စီး ပျောက်ကွယ် မည့်ဘေးမှ ကြိုတင်ကာကွယ်သည့် အနေဖြင့် လယ်မြေများတွင် ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများ အသုံးပြုစိုက်ပျိုးခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ထားကြောင်း ရိခေါဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ရေအိုင်ဘေးပတ်လည်တွင် မိုးကာလဆိုပါက မိုးရေဖြင့် စပါးစိုက်ပျိုးကြပြီး ရိဒ်ရေအိုင် ဘေးပတ်လည်ရှိ တောင်တန်းများမှ မိုးရေများသည် စပါးစိုက်လယ်များကို ဖြတ်သန်းကာ ရိဒ်ရေအိုင်အတွင်း စီးဝင်သည့်အတွက် လယ်များအတွင်း ဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများ အသုံးပြုပါက ရိဒ်ရေအိုင်အတွင်းရှိ ရေနေသတ္တဝါများကို ထိခိုက်နိုင်သည့်အတွက် သဘာဝဂေဟစနစ် ထိန်းသိမ်းနိုင်ရေး ယခုနှစ်မှ စတင်ကာ ဓာတုဆေးဝါး ပါဝင်သည့် ပစ္စည်းများအသုံးပြု၍ စိုက်ပျိုးမှု မပြုလုပ်ရန် အသိပညာပေးတားမြစ်ထား ခြင်းဖြစ်ကြောင်း ရိခေါဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလန်ခေါထန်က ပြောကြားသည်။

"သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး ရိဒ်ရေအိုင်မှာ ကျက်စားနေတဲ့ ရေနေသားငါးသတ္တဝါတွေ အန္တရာယ်မဖြစ်ဖို့ ထိန်းသိမ်းလိုတဲ့အတွက် အခုလိုမျိုး တားမြစ်ထားတာပါ။ ဓာတ်မြေသြဇာသုံးပြီး မစိုက်ကြဖို့ကိုလဲ အချင်းချင်း နှိုးဆော်ထားပါတယ်။ သဘာဝ မြေသြဇာဖြစ်တဲ့ သဘာဝမြေဆွေး၊ နွားချေးတို့နဲ့ စိုက်ပျိုးဖို့ကိုလဲ စိုက်ပျိုးရေးဦးစီး ဌာနကနေ လာရောက်အသိပညာပေး စည်းရုံးမှုတွေလဲ လုပ်ထားပါတယ်"ဟု ရိခေါဒါရ်မြို့မှ စပါးစိုက်တောင်သူများက ပြောပြ၍ သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

Friday, September 7, 2018

ရေလျှံကျနေသည့် ဆည် ၆၁ ခုအောက်ပိုင်းရှိကျေးရွာများ ဂရုစိုက်နေထိုင်ကြရန်လို



နေပြည်တော် ၇-၉-၂ဝ၁၈

မြန်မာတစ်နိုင်ငံ လုံးတွင်ရှိသည့် ဆည်များအနက် ရေပိုလွှဲမှ ရေလျှံကျနေသည့် ဆည်ပေါင်း ၆၁ခုကို ဝန်ကြီးဌာနက အထူးဂရုတစိုက် ထိန်းသိမ်းစောင့်ကြည့် လျက်ရှိပြီး ၎င်းဆည်အောက်ပိုင်းရှိ ကျေးရွာများအနေ ဖြင့်လည်း အထူးဂရုစိုက် သတိထားနေထိုင် ကြရန်လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ မိုးကာလတွင် လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်ခြင်း၊ မုတ်သုံလေ အားကောင်းခြင်းတို့ကြောင့် မိုးရေချိန်လက်မ များပြားစွာရွာသွန်း လျက်ရှိရာ ယခင်နှစ်များထက် မြန်မာနိုင်ငံရှိ ဆည်တာတမံ များအတွင်း ရေဝင်ရောက်မှု ပိုမိုများပြားလျက်ရှိရာ ယနေ့ချိန်ထိ ဆည်ရေပိုလွှဲများမှ ရေလျှံနေသည့် ဆည်ပေါင်း ၆၁ ခုထိရှိနေပြီး အဆိုပါဆည်များ တွင်လည်း အထူးသတိပြု စောင့်ကြည့်မှုများ ပြုလုပ်နေကာ ဆည်အောက်ပိုင်းတွင် နေထိုင်ကြသည့် ကျေးရွာများမှ ပြည်သူများ အနေဖြင့်လည်း အထူးသတိထား နေထိုင်ကြရန် လိုအပ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ သိရသည်။

"ရေကျော်တယ်လို့ ကြေညာထားတဲ့ ဆည်တွေ အောက်ဘက်မှာ နေထိုင်သူတွေအနေနဲ့ သတိတစ်ခုတော့ ထားရမှာပါ။ အခုဆို ဆည်တွေပေါ်ကနေ တိုက်ရိုက်စနစ်နဲ့ ရေကျော်တဲ့ အခြေအနေတွေ၊ ဖြစ်နိုင်ခြေတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးနိုင်အောင်လို့ ဆည်အောက်ဘက် မှာရှိတဲ့ ရွာတိုင်းရဲ့ ဖုန်းနံပါတ်တွေ တောင်းခိုင်းထားပြီး မတော်တဆဖြစ်မယ့် အခြေအနေရှိရင်လဲ အချိန်မီဖုန်းဆက် နိုင်အောင် ကြိုတင်ကာကွယ်တဲ့ သဘောနဲ့ စီစဉ်ထားပါတယ်။ ဆည်တွေက မတော်တဆ မမျှော်လင့်တဲ့ နေရာတွေက ဖြစ်တတ်တော့ သတိထား နေကြရမှာပါ"ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပြ၍ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Thursday, August 30, 2018

သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သည့် မွေတော်ကက္ကူဘုရားများ အဆူ ၅၁၀ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးဖြစ်



ရန်ကုန် ၃ဝ-၈-၂ဝ၁၈

၂ဝ၁၆ခုနှစ်က သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းမွေတော် ကက္ကူဘုရားများကို ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများ ၂ဝ၁၆ခုနှစ် ဒီဇင်ဘာ ၁၅ရက်မှ စတင်ခဲ့ရာ ယနေ့ထိ ဘုရားစေတီစုစုပေါင်း အဆူ ၅၁ဝပြန်လည်ပြုပြင် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သြဂုတ် ၂၈ ရက် သတင်းများအရ သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ ကက္ကူရွာတွင် ၂ဝ၁၆ခုနှစ် ဧပြီ ၂၂ရက်က လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ကက္ကူရွာအပါအဝင် မွေတော်ကက္ကူဘုရား ဝင်း အတွင်းရှိ အသောကဆုတောင်းပြည့် စေတီတော်ကြီး၊ ဖောင်တော်ဆိုက်စေတီ တော်ကြီးနှင့် အရံစေတီဘုရားများ၊ ပညောင်ပင်ကြီးများ လဲပြိုခဲ့သဖြင့် ဘုရားပရိဝုဏ်ပါ ပျက်စီးခဲ့ရသည်။

အဆိုပါပျက်စီး သွားခဲ့သည့် မွေတော်ကက္ကူဘုရားရှိ အရံစေတီများကို Block(A) မှ Block(I) ထိ Block ကိုးခု ခွဲခြားပြီး စာရင်းကောက်ယူခဲ့ရာ စုစုပေါင်း ၂၄၈၇ ဆူရှိသည့်အနက် ထီးတော်ယိမ်းယိုင်သည့် စေတီများအပါအဝင် စေတီတော်ပေါင်း ၁ဝ၃၈ဆူ ပျက်စီးခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပျက်စီးသွားခဲ့သော မွေတော်ကက္ကူဘုရားများကို ရှေးမူမပျက်ပြန်လည် ပြုပြင်ဆောင်ရွက်ရန် အတွက်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အလှူငွေကျပ်သိန်း ၁ဝဝ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက နေပြည်တော်၊ ရန်ကုန်၊မန္တလေး၊ တောင်ကြီးတို့တွင် အလှူခံဌာနများ ဖွင့်လှစ်၍ တာဝန်ယူကောက်ခံပေးပြီး မွေတော်ကက္ကူ ဘုရားဂေါပက အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည့် အလှူငွေပေါင်းမှာ ယခုနှစ်ဖေဖော်ဝါရီလ ကုန်ထိ ငွေကျပ် ၁၇ဝ၇၅၅ဝဝဖြစ်ကြောင်း သိရသည်။

#မြဝတီနေ့စဉ်သတင်းစာ

Tuesday, August 21, 2018

မော်တင်စွန်းကမ်းခြေတွင် သေဆုံးဝေလငါး တစ်ကောင် သောင်တင်



ငပုတော ၂၁-၈-၂ဝ၁၈

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် မော်တင်စွန်း ကမ်းခြေတွင် ယနေ့နံနက်ပိုင်းက သေဆုံးဝေလငါးတစ်ကောင် သောင်တင်ခဲ့ကြောင်း ဟိုင်းကြီးကျွန်းနယ်မြေ ရဲစခန်းမှ သိရသည်။

သေဆုံးဝေလငါးမှာ မြတ်မော်တင်စွန်း စေတီတော်နှင့် ဟိုတယ်မော်တင်ကြားရှိ ကမ်းခြေတွင် သောင်တင် ခဲ့ခြင်းဖြစ်ပြီး ဒေသခံများတွေ့ရှိပြီး အကြောင်းကြားရာမှ တာဝန်ရှိသူများက တွေ့ရှိသည့်နေရာတွင် မြေမြှုပ်အရိုးချရန်ပြင်ဆင်နေကြောင်း ဟိုင်းကြီးကျွန်း နယ်မြေရဲစခန်းမှ သိရသည်။

"ဝေလငါးက ဒီနားတစ်ဝိုက် ပင်လယ်ပြင်မှာ တွေ့မြင်ရလေ့မရှိတဲ့ ငါးမျိုးစိတ်ဆိုတော့ ဒေသခံတွေ အနေနဲ့ စစချင်း ဘာငါးမှန်း မသိကြဘူး။ ဒါပေမဲ့ ဝေလငါးမျိုးစိတ် တစ်ကောင်လို့ပဲ သိရတယ်။ အခုတွေ့တဲ့နေရာမှာပဲမြှုပ်၊ အရိုးချပြီး နိုင်ငံတော်ကိုပဲ အပ်ရမယ်ထင်တယ်။ ဒေသခံတွေကတော့ ဒီမှာတွေ့တဲ့ငါးကို အရိုးကျရင် ဒီဒေသမှာပဲပြသ ထားချင်နေကြတယ်" ဟု ဟိုင်းကြီးကျွန်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

တွေ့ရှိခဲ့သည့် သေဆုံးဝေလငါးမှာ အလျား ၃၁ပေ၊ လုံးပတ် ပေ၂ဝ၊ ဦးခေါင်းပေ၂ဝဖြစ်ပြီး ထိုငါးကို အရိုးကျရန် ငါးလမှခြောက်လထိ တွင်းတူးကာ မြှုပ်ထားရမည် ဖြစ်ကြောင်း သိရသည်။

"အဝေးကနေသေပြီး လှိုင်းနဲ့ညကတည်းက သောင်လာတင်နေတာ ထင်တယ်။ ဒီနားပတ်ဝန်းကျင် ကျေးရွာတွေလဲ ဒီမနက်စောစောပဲ ကြားလို့သွားကြည့်ကြတာ။ ငါးသေက ပုပ်တော့ မပုပ်သေးဘူး။ လွန်ခဲ့တဲ့ လေးလလောက်ကလဲ ဝေလငါးသေတစ်ကောင် သောင်တင်ဖူးတော့ သူ့ကို အမိုးမိုးပြီး မြှုပ်ထားတယ်"ဟု မော်တင်စွန်း ကမ်းခြေအနီးရှိ ကြွေချိုင်ရွာ နေဦးသန်းဦးက ပြောပြသည်။

ဟိုင်းကြီးကျွန်းအနီးရှိ ကမ်းခြေများတစ်လျှောက် ငွေဆောင်၊ ချောင်းသာကမ်းခြေ များစသည့် နောက်ဘက်ကမ်းခြေ ဒေသများတွင် သေဆုံးဝေလငါးများ မကြာခဏလာရောက် သောင်တင်လေ့ရှိပြီး အဆိုပါငါးများကို မြေမြှုပ်ကာအရိုးကျပါက ငါးလုပ်ငန်းဦးစီးဌာနက ပြသထားရန် သယ်ဆောင် လေ့ရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, August 16, 2018

ဗောဓိတထောက်အထူး စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း သဘာဝရေထွက်များ တိုးပွားလာပြီး ရှိရင်းစွဲရေထွက်များတိုး၍ ရေထွက်ကာလကြာမြင့်လာ



မုံရွာ ၁၆-၈-၂ဝ၁၈

မုံရွာမြို့နယ် ဗောဓိတထောင် အထူးစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်း သဘာဝရေထွက်များ တိုးပွားလာပြီး ရှိရင်းစွဲ ရေထွက်များ ရေထွက်နှုန်း တိုးလာခြင်းနှင့် အတူရေထွက်ကာလ ကြာမြင့်လာသည်ကို တွေ့ရကြောင်း မုံရွာမြို့နယ်အပူပိုင်း ဒေသစိမ်းလန်း စိုပြည်ရေးဦးစီးမှူး ဦးမောင်မျိုးထံမှ သိရသည်။

"ဗောဓိတထောင်မှာ အထူးစိမ်းလန်းစိုပြည်ရေး လုပ်ငန်းတွေ လုပ်နေတာကြောင့် သစ်တောတွေ ပြန်ဖြစ်လာသလို သစ်တောသစ်ပင်တွေက မြေအောက်ရေ ထိန်းညှိပေးတာ တွေကြောင့် သဘာဝရေထွက်တွေတိုးပွားလာပါတယ်။ ရှိရင်းစွဲ သဘာဝရေထွက်တွေကလဲ ရေထွက်တဲ့နှုန်း တိုးပွားလာပြီး ရေထွက်ကာလလဲ ပိုကြာလာတာ တွေ့ရပါတယ်။ အဲဒီအကျိုးကျေးဇူးတွေကို ဒေသခံတွေ လက်တွေ့ခံစားနေရပါတယ်"ဟုဦးမောင်မျိုးက ရှင်းပြသည်။

ဗောဓိတထောင် စိမ်းလန်းစိုပြည်ရေး ဧရိယာရှိ သဘာဝတောကျန်ဧက ၁ဝဝဝတွင် ၂ဝ၁၂ခုနှစ်ခန့်က သဘာဝရေထွက် တစ်ခုတွေ့ရှိခဲ့ရာ အဆိုပါသဘာဝ ရေထွက်ကို အသုံးပြု၍ UN Habital နည်းပညာဖြင့် သုံးမိုင်အကွာ ခတ္တကန်တောင်ရွာမှ အိမ်ထောင်စု ၄၅၇ စုရှိလူဦးရေ  ၂၂ဝဝ ခန့် အတွက်သောက်သုံးရေ ပေးဝေလျက်ရှိကြောင်း၊ ထို့ပြင်အဆိုပါ သဘာဝတော ကျန်ဧက ၁ဝဝဝ အတွင်းရှိ သဘာဝရေထွက်မှ US Aid နည်းပညာဖြင့် နှစ်မိုင်အကွာရှိ ကြီးအုပ်ကျေးရွာနေ လူဦးရေ ၁၄ဝဝ နီးပါးအတွက် သောက်သုံးရေ ပေးဝေထားကြောင်း သိရသည်။

"ဗောဓိတထောင် အထူးစိမ်းလန်း စိုပြည်ရေးလုပ်ငန်း စတင်ဆောင်ရွက်ခဲ့တဲ့ ၂ဝဝ၇ခုနှစ်က တောင်ကတုံးတွေ အဖြစ်ကနေ အခုလက်ရှိ ၁၁ နှစ်တာကာလ အရောက်မှာတော့ သစ်တောသစ်ပင်တွေ စိမ်းစိမ်းစိုစိုနဲ့ သာယာလှပတဲ့ဝန်းကျင်အဖြစ် တိုးတက်ဖြစ်ထွန်း နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်"ဟု ဗောဓိတထောင်နယ်မြေ ကြီးအုပ်ရွာနေ ကိုစန်းဦးက ပြောပြသည်။

မိုးနည်း၍နွေကာလတွင် ပူပြင်းခြောက်သွေ့သော ဒေသဖြစ်ရာ စိုက်ခင်းများရှိ အပင်များ ကြီးထွားမှု မြန်ဆန်စေရန် ဗောဓိတထောင်ဆရာတော် ဘဒ္ဒန္တနာရဒက ၂ဝဝ၆ ခုနှစ်တွင်တည်ခဲ့သည့် ဗောဓိတထောင်ဆည်မှရေကို ဂါလန်နှစ်သောင်း ဆံ့အုတ်ရေကန် တစ်ကန်ဂါလန် တစ်သောင်းဆံ့ အုတ်ရေကန် သုံးကန်သို့ ရေတင်စုဆောင်းကာ ဗောဓိတထောင် အထူးစိမ်းလန်း စိုပြည်ရေးနယ်မြေ အတွင်းစိုက်ထားသည့် သစ်ပင်များ ရေလောင်းခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, July 11, 2018

စန္ဒပူရီရေတံခါးနှင့် ကျိုင်းရုံးမြို့တံခါးကြားရှိ မြို့ရိုးကြိုးပေါက် နေရာများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ပြုပြင်ရန်စီစဉ်လျက်ရှိ



တံတားဦး ၁၁-၇-၂ဝ၁၈

တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ စန္ဒပူရီရေတံခါးနှင့် ကျိုင်းရုံးမြို့တံခါးကြားရှိ မြို့ရိုးကျိုးပေါက် နေရာများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ခွင့်ပြုရန် ပုံငွေဖြင့် ပြုပြင်သွားရန် စီစဉ်လျက်ရှိကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အင်းဝဌာနခွဲမှ သိရသည်။

အင်းဝမြို့ဟောင်းသည် နှစ်စဉ်ရေဝင် ရောက်မှုဒဏ်ကို ခံရသဖြင့် အချို့မြို့ရိုး နေရာများတွင် နိမ့်လာခြင်း၊ အုတ်ချပ်များ ရေတိုက်စားခြင်း၊ ကျိုးပေါက်ခြင်းတို့ကြောင့် ရေရှည်တည်တံ့ခိုင်မြဲ စေရေးအတွက် ရှေးမူမပျက်ပြန်လည် ပြုပြင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရန် စာရင်းများ ကောက်ယူလျက်ရှိရာ ယခင်စာရင်း ကောက်ယူမှုအရ အင်းဝမြို့ဟောင်းရှိ စန္ဒပူရီရေတံခါးနှင့် ကျိုင်းရုံးမြို့ တံခါးကြားရှိ မြို့ရိုးကျိုးပေါက် သုံးနေရာသည် အမြန်ပြုပြင်ရန် လိုအပ်သဖြင့် အဆိုပါသုံးနေရာကို၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပြုပြင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

"ဒီရေတံခါးတွေပြုပြင် ဖို့အတွက် မနှစ်ကကြိုပြီး တင်ထားပါတယ်။ အရင်နှစ်က ဘတ်ဂျက်မှာတော့ မပါခဲ့ပါဘူး။ ဒီနှစ်တော့ပါမှာပါ" ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အင်းဝဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

၂ဝ၁၇ခုနှစ်က မိုးရွာ၊ ရေကြီး၊မြစ်ရေဝင်ရောက်မှုကြောင့် ရှေးဟောင်း အဆောက်အအုံများ၊ ရှေးဟောင်း အမွေအနှစ်များ ပျက်စီးခြင်း မရှိသော်လည်း မြို့ရိုးကျိုးပေါက်ခြင်းမှာ နှစ်စဉ်ရေဝင် ရောက်မှုကြောင့် တဖြည်းဖြည်းပျက်စီးလာခြင်းဖြစ်ပြီး ဇင်းမယ်နှင့် အာသံမြို့တံခါးကြား တွင်လည်း မြို့ရိုးကျိုးပေါက် လေးနေရာ ရှိနေသေးကြောင်း သိရသည်။

၎င်းအပြင် ရွှေပေါက်တောဘုရားစု၊ ခဲသင်းကျောက် ဘုရားစု၊ ရတနာဆီမီးဘုရားစု၊ မှန်စီဘုရားစု၊ မြင့်မိုရ်တောင်၊ လောကဒုဿမာန်အောင်၊ ကြောင်လိမ်ဘုရား၊ ကန်လည်ဘုရား၊ ခြောက်ဆူဘုရားစု၊ကိုးဆူတန်းဘုရားစု တို့တွင် လည်း ၂ဝ၁၇ခုနှစ်က ရေဝင်ရောက်မှုများ ရှိကြောင်း သိရသည်။

#Themyawadydaily

Monday, May 21, 2018

မြိတ်ကျွန်းစု ဒေသအတွင်းရှိ Smart Island ကျွန်းကို အပန်းဖြေစခန်း တစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်မည်



နေပြည်တော် ၂၁-၅-၂ဝ၁၈

မြိတ်ကျွန်းစု ဒေသအတွင်းရှိ Smart Island ခေါ် ပါပန့်ကျွန်းကို အပန်းဖြေစခန်း တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြိတ်ကျွန်းစု ဒေသသည် ကျွန်းပေါင်း ၈ဝဝ ကျော်ရှိပြီး နိုင်ငံတကာ ခရီးသွားများကို စိတ်ဝင်စားဖွယ် ဖြစ်စေသည့် သဘာဝ ပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးမှု မရှိသေးသည့် နေရာဒေသများစွာ ရှိနေသည်။

ထို့ပြင် မြိတ်ကျွန်းစုဒေသရှိ ဆလုံတိုင်းရင်းသားများ၏ စိတ်ဝင်စားဖွယ် ဓလေ့စရိုက်များနှင့် သဘာဝ အလှအပများ သည်လည်း နိုင်ငံတကာ ခရီးသွားများကို စိတ်ဝင်စားဖွယ် ဖြစ်စေသည်။ထို့ကြောင့် မြိတ်ကျွန်းစုဒေသသည် နိုင်ငံတကာခရီးသွား လုပ်ငန်းများနှင့် နိုင်ငံတကာ ခရီးသွားများ၏ စိတ်ဝင်စားမှု မြင့်တက်လာခဲ့သဖြင့် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ ဒေသသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာ ခရီးသွားဧည့်သည် များသည် မြိတ်ကျွန်းစုသို့လာရောက် လည်ပတ်မှုများ ရှိနေသကဲ့သို့ စက်တပ်ရွက်လှေများ၊ အပျော်စီးသင်္ဘောများဖြင့် လာရောက်လည်ပတ်မှု များရှိနေသည်။

ထို့ကြောင့် မြိတ်ကျွန်းစု ဒေသခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ဆောင်ရွက်လျက် ရှိသည်။ အဆိုပါ ဆောင်ရွက်မှုများအရ မြိတ်ကျွန်းစု ဒေသအတွင်းရှိ Smart Island ခေါ် ပါပန့်ကျွန်းကို အပန်းဖြေ စခန်းတစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Smart Island ခေါ် ပါပန့်ကျွန်းသည် မြိတ်မြို့မှ မိုင် ၅ဝ ခန့်အကွာတွင် တည်ရှိပြီး ဧရိယာ ၅၄၅ ဒသမ ၁၆ဧက ကျယ်ဝန်းသည်။ အမြဲစိမ်းသစ်တောကြီးများ ပေါက်ရောက်သည့် အပြင်ကျွန်း၏ မြောက်ဘက် ကမ်းခြေ ဒေသသည် ပေ ၄ဝဝဝခန့် ရှည်လျားစွာရှိနေပြီး ပေ ၂၃ဝဝကျော်မှာ သဲနှင့် ကျောက်စရစ် ရောနှောနေသည့် ကမ်းခြေဖြစ်နေသည် မှာလည်း အဆိုပါကျွန်း၏ ထူးခြားမှုတစ်ခု ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါကျွန်းတွင် ရေချိုထွက်ရှိနေခြင်းမှာ ထူးခြားမှုတစ်ခု ဖြစ်ကြောင်း၊ ကျွန်းသို့လူ အရောက်နည်းသဖြင့် ဂေဟစနစ် မပျက်စီးသေးသည့် သဘာဝအလှအပများ ရှိနေကြောင်း၊ ထို့ကြောင့် ကျွန်းအတွင်းသို့
ဝင်ရောက်သည်နှင့် တောနက်ကြီးထဲ ရောက်ရှိနေသကဲ့သို့ ခံစားကြရမည် ဖြစ်ကြောင်း၊ သဲသောင်ပြင် ကမ်းခြေနှင့် ကျောက်စရစ်ကမ်းခြေ များလည်း ရှိနေသဖြင့် နိုင်ငံတကာ ခရီးသွားများ စိတ်ဝင်စားမှု ရှိလာနိုင်သည့် နေရာဒေသ တစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါကျွန်းကို ခရီးစဉ် ဒေသတစ်ခုအဖြစ် အကောင်အထည် ဖော်ဆောင်ရွက် နိုင်ရေးအတွက် မြိတ်မြို့ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၊ မြိတ်ခရီးသွားလာရေး လုပ်ငန်းရှင်များ အသင်းက တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

#Themyawadydaily

Friday, May 4, 2018

ပဲခူးမြို့တွင် တည်ဆောက်နေသည့် အမှိုက်ခွဲခြား သန့်စင်စက်ရုံ ဇွန်လပထမပတ်တွင် စတင်လည်ပတ်သွားမည်



ပဲခူး ၄-၅-၂ဝ၁၈

ပဲခူးမြို့တွင် ပထမဆုံးဖြစ်သည့် အမှိုက်ခွဲခြား သန့်စင်စက်ရုံကို တိုင်းဒေသကြီး အစိုးရရန်ပုံငွေ ကျပ်သိန်း ၂ဝဝ ကျော် အကုန်အကျခံ တည်ဆောက်နေပြီး ဇွန်လပထမပတ်တွင် စတင်လည်ပတ်သွားမည် ဖြစ်ကြောင်း ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အမှိုက်ခွဲခြားသန့်စင် စက်ရုံကို ပဲခူးမြို့ နန်းတော်ရာ ရပ်ကွက်၌ ဖေဖော်ဝါရီလမှ စတင်တည်ဆောက်နေရာ မေလပထမပတ်ထိ ၈ဝ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးသွားပြီး စက်ပစ္စည်းများ ရောက်ရှိ တပ်ဆင်ပြီးပါက ဇွန်လ ပထမပတ်တွင် လုပ်ငန်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"စက်ရုံတည်ဆောက်မယ့် နေရာ၊ရုံးခန်း၊ ရေစင်၊ ရေတွင်း၊ ထရန်စဖော်မာတွေကို ဆောင်ရွက်နေပါတယ်။ စက်ထိုင်မယ့် နေရာလောက်ပဲ လုပ်ဖို့ကျန်ပါတော့တယ်။ ပြည်ပက မှာယူထားတဲ့ တစ်ရက်တန် ၂ဝ ကျစက်ကို စမ်းသပ် ဆောင်ရွက်မှာပါ။ အမှိုက်ချေဖျက် စက်မဟုတ်ပါဘူး။ ခွဲခြားသန့်စင်စက်ပါ။ ဒီစက်ရဲ့နည်းပညာ ကိုယူပြီး ဒီကပညာရှင်တွေနဲ့ ဒီထက်ကြီးတဲ့ စက်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်"ဟု ပဲခူးမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးဇော်နိုင်က ပြောပြသည်။

ပဲခူးမြို့၏ အမှိုက်ထွက်ရှိနှုန်းမှာ တစ်ရက်လျှင် တန် ၆ဝမှ ၈ဝ ထိရှိနေပြီး ယခုတည်ဆောက် လည်ပတ်မည့် အမှိုက်ခွဲသန့်စင် စက်သည် တစ်ရက်လျှင်တန် ၂ဝ လည်ပတ်နိုင်ကာ အမှိုက်များကို ခွဲခြားသန့်စင်၍ ဈေးကွက်တွင် ပြန်လည် အသုံးပြုခြင်းဖြင့် အမှိုက်များစုပုံမှု လျော့နည်းသွားရန် ရည်ရွယ်တည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, May 3, 2018

ကနီမြို့နယ် စိမ်းပြာရေညှိ ထွက်ရှိသည့် တွင်းမသို့ ရှားပါးငှက်မျိုးစိတ် ဖြစ်သည့် ဒေါင်းလန်းခြေထောက်ငှက် အများအပြား နှစ်စဉ်လာရောက် ကျက်စားလျက်ရှိ



ကနီ ၃-၅-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပက်ကြားဝကျေးရွာ၌ တည်ရှိသော စိမ်းပြာရေညှိ(စပီရူလိုင်းနား)ထွက်ရှိသည့်တွင်းမသို့ ရှားပါး ငှက်မျိုးစိတ်ဖြစ်သည့် ဒေါင်းလန်းခြေထောက်ငှက် အများအပြား နှစ်စဉ် လာရောက်ကျက်စား လျက်ရှိကြောင်း သိရသည်။

“ဒီငှက်တွေကို ဒေါင်းလန်းခြေထောက် ငှက်လို့လည်း မသိပါဘူး။ ဟိုတစ်နေ့က သတင်းစာထဲမှာ ဖတ်ကြည့်မိမှ ဒီငှက်တွေက ရှားပါးငှက်မျိုးစိတ်ဖြစ်တဲ့ ဒေါင်းလန်းခြေထောက် ငှက်တွေမှန်းသိရတာ။ ဒီဒေါင်းလန်း ခြေထောက်ငှက် တွေ တွင်းမဘက်ကို လာရောက်ကျက်စားနေတာ လေး၊ ငါး၊ ခြောက်နှစ်မကတော့ပါ ဘူး။ တော်တော်ကြာပါပြီ။ တွင်းမကို လာရောက်လည်ပတ်သူတွေလည်း နည်းသေးတော့ ဒီငှက်တွေ ဒီမှာလာရောက်ကျက်စားတတ်မှန်း လူသိနည်းတာ ထင်တယ်။ ဆောင်းတွင်းကာလဖြစ်တဲ့ နိုဝင်ဘာဆို ဒေါင်းလန်းခြေထောက် ငှက်တွေ ရာနဲ့ချီပြီးလာရောက်ကျက်စားတယ်။ ဒီတွင်းမမှာ လာရောက် ကျက်စားတာ ကြာလို့နဲ့တူတယ်။ အချို့ဒေါင်းလန်း ခြေထောက် ငှက်တွေက ဆောင်းကုန်တဲ့အထိ ကျန်နေသေးတယ်။ ဆောင်းတွင်းဆိုရင်တော့ ဒေါင်းလန်း ခြေထောက်ငှက်တွေအပြင် အမျိုးအမည်မသိတဲ့ ငှက်အမျိုးအစားတွေ တော်တော် များများလာကြတယ်”ဟု တွင်းမအပန်းဖြေစခန်း၌ ဈေးဆိုင်ခန်း ဖွင့်လှစ်ရောင်းချသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဒေါင်းလန်းခြေထောက် ငှက်မျိုးစိတ်၏ သိပ္ပံအမည်မှာ (Himantopus Leucocephalus) ဖြစ်ပြီး မြန်မာနိုင်ငံတွင် အင်းလေးကန်၊ မိုးယွန်းကြီးအင်းနှင့် တောင်သမန်အင်းတို့တွင် အဆိုပါငှက်မျိုးစိတ်ကို သားငှက်ထိန်းသိမ်းရေး အဖွဲ့WCS က ဆောင်းခိုရှားပါးငှက်မျိုးစိတ်သစ်အဖြစ် ၂၀၁၇ ခုနှစ်နှင့် ယခုနှစ် တွင် တွေ့ရှိထားကြောင်းသိရသည်။

#Themyawadydaily

Monday, April 30, 2018

ပခုက္ကူခရိုင်အတွင်း ရေရှားပါး ပြတ်လပ်သည့် ကျေးရွာများသို့ သောက်သုံးရေများ စတင်လှူဒါန်း ဖြန့်ဝေ



ပခုက္ကူ ၃ဝ-၄-၂ဝ၁၈

ပခုက္ကူခရိုင်အတွင်းရှိ ရေရှားပါးပြတ်လပ်သည့် ကျေးလက်ဒေသများသို့ သောက်သုံးရေများ စတင်လှူဒါန်းဖြန့်ဝေ နေပြီဖြစ်ကြောင်း ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ပခုက္ကူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများသို့ နွေရာသီသောက်သုံးရေ အပြည့်အဝ ရရှိစေရန် သောက်သုံးရေများ နှစ်စဉ်ဖြန့်ဝေပေးလျက်ရှိရာ ယခုနှစ်နွေရာသီတွင် မတ် ၂၆ ရက်မှစ၍ ယနေ့အချိန်ထိ အဆက်မပြတ် ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

"ဒီနှစ်နွေရာသီ မတ်လကစပြီး အမှန်တကယ် ရေရှားပါးပြတ်လပ်တဲ့ ကျေးရွာတွေကို သွားရောက် လှူဒါန်းဖြန့်ဝေ နေပါပြီ။ မြိုင်မြို့နယ် ပန်းတိုင်းတောမှာ မတ်လက သုံးခေါက်၊ ဧပြီ၁၆ရက်က သုံးခေါက်၊ဧပြီ ၂ဝ ရက်ကတစ်ခေါက်၊ ဇီးတောရွာမှာ တစ်ခေါက်၊ ပေါက်မြို့နယ် တာချောင်းကျေးရွာမှာ ဧပြီ ၂၁ ရက်က လေးခေါက်သောက်သုံးရေ ဖြန့်ဝေပြီးပါပြီ။ ဒီနေ့လဲမြိုင်မြို့နယ် ကျော်ရွာမှာ ဖြန့်ဝေခဲ့ပါတယ်။ လောလောဆယ်တော့ ပခုက္ကူခရိုင်အတွင်း မြို့နယ်တွေမှာ ရေပြတ်လပ်မှု နည်းပါတယ်။ အတော်များများကတော့ စက်ချို့ယွင်းမှုကြောင့် ရေပြတ်ရတာ များပါတယ်"ဟု အဆိုပါဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ပြောပြသည်။

ယခုနှစ်နွေရာသီတွင် ပခုက္ကူခရိုင် အတွင်းရေရှားပါး ပြတ်လပ်နိုင်သည့် မြို့နယ်၊ ကျေးရွာများမှာ ရေစကြိုမြို့နယ်တွင် ငါးရွာ၊ မြိုင်မြို့နယ်တွင် ခြောက်ရွာ၊ပေါက်မြို့နယ်တွင် သုံးရွာ စုစုပေါင်း၁၄ရွာ စာရင်းလျာထား ကောက်ယူထားကြောင်း အဆိုပါဦးစီးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။

#Themyawadydaily

Friday, April 27, 2018

ငွေဆောင်ကမ်းခြေကို ကမ္ဘာ့အဆင့်၊ အာရှအဆင့် သတ်မှတ်ချက် ရှိလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်သွားမည်



နေပြည်တော် ၂၇-၄-၂ဝ၁၈

ငွေဆောင် ကမ်းခြေကို ငပလီ ကမ်းခြေကဲ့သို့ ကမ္ဘာ့အဆင့်၊ အာရှအဆင့် သတ်မှတ်ချက် ရှိလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီး ဌာနသတင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းခြေ ဒေသများတွင် သဘာဝ အလှအပများနှင့် ပြည့်စုံမှု ရှိနေသောကြောင့် နိုင်ငံတကာခရီးသွား လောကနှင့် နိုင်ငံတကာခရီးသွား ဧည့်သည်များက စိတ်ဝင်စားမှုများ ရှိနေသည်။မြန်မာနိုင်ငံ၏ ငပလီ ကမ်းခြေသည် ယခင်က ကမ္ဘာပေါ်ရှိ ပင်လယ်ကမ်းခြေ ဒေသများတွင် အဆင့် (၈) ၌ ရှိနေပြီး အာရှဒေသတွင် အဆင့် (၁) နေရာ၌ ရှိနေသည်။

သို့သော် လက်ရှိတွင် ငပလီ ကမ်းခြေသည် ကမ္ဘာ့အဆင့်(၂၅) နေရာထိ ကျဆင်းသွားခဲ့ပြီး အာရှဒေသတွင်လည်း အဆင့် (၃) သို့ ကျဆင်းသွားခဲ့သည်။ ထိုကဲ့သို့ ငပလီကမ်းခြေ ဒေသအနေဖြင့် နိုင်ငံတကာအဆင့်နှင့် အာရှ အဆင့်များတွင် ရပ်တည်မှုနေရာ ကျဆင်းသွား ခဲ့ရခြင်းမှာ ကမ်းခြေဒေသ များတွင် စည်းကမ်းမဲ့ဈေးဆိုင်များ ရောင်းချခြင်း၊ စွန့်ပစ်အမှိုက်များနှင့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်း စသည်တို့နှင့် ဌာနအသီးသီးတို့၏ ထုတ်ပြန် ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များ လိုက်နာမှုမရှိခြင်း စသည့်အကြောင်း များကြောင့် ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ ငပလီကမ်းခြေ၏ ဖြစ်စဉ်များကို နမူနာယူကာ ငွေဆောင်ကမ်းခြေ အနေဖြင့် ယခုကတည်းက ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့် များလိုက်နာဆောင်ရွက်၍ ကမ္ဘာ့အဆင့်၊ အာရှအဆင့် သတ်မှတ်ချက် ရှိလာစေရန် ရေရှည်စီမံကိန်းများ ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, February 23, 2018

ပဲခူးမြစ်ဝှမ်း ရေအရည်အသွေး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ရေနမူနာများကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးနေ



ပဲခူး ၂၃-၂-၂ဝ၁၈

မြန်မာနိုင်ငံ အောက်ပိုင်းဒေသရှိ ပဲခူးမြစ်ဝှမ်း ရေအရည်အသွေး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ရေနမူနာများကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ တိုးအောင်ထံမှ သိရသည်။

ပြည်တွင်း၌ ဆောင်ရွက်နေသည့် မြန်မာနော်ဝေ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တစ်ရပ်အဖြစ် ပဲခူးမြစ်ဝှမ်း ရေအရည်အသွေး ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ရေနမူနာများကို ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာ-နော်ဝေ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွင် ရေသယံဇာတ အရင်းအမြစ်များ ဘက်စုံစီမံခန့်ခွဲမှု ဆိုင်ရာစီမံကိန်းလည်း ပါဝင်ပြီး ရေသယံဇာတ အရင်းအမြစ် ထိန်းသိမ်းရေး နှင့်ပတ်သက်၍ မြစ်အဖြစ် ပဲခူးမြစ်ကို လည်းကောင်း၊ ကန်အဖြစ် အင်းလေးကန်ကို လည်းကောင်း အဓိကထား ဆောင်ရွက်နေခြင်း ဖြစ်သည်။

အဆိုပါ ပဲခူးမြစ်ကို ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းကာ ဒေသခံပြည်သူများအား ဖိတ်ခေါ်ပြီး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတကာတွင် မြစ်ချောင်း အင်းအိုင်များကို အလှကြည့်ရှု ခံစားနိုင်စေရန် ဂရုတစိုက်ထိန်းသိမ်း စောင့်ရှောက် ကြသော်လည်း ပြည်တွင်း၌ မြစ်ချောင်း အင်းအိုင်များအား အညစ်အကြေးစွန့်ပစ်သော နေရာများအဖြစ် သဘောထားတတ်ကြောင်း သိရသည်။

ပြည်တွင်း၌ မြန်မာ-နော်ဝေ ပတ်ဝန်းကျင် ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကို သုံးနှစ် စီမံကိန်းအဖြစ် အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ စီမံခန့်ခွဲမှု၊ ရေသယံဇာတ အရင်းအမြစ်များ ဘက်စုံစီမံခန့်ခွဲမှု၊ ဘေးအန္တရာယ် ရှိသောစွန့်ပစ် ပစ္စည်းများအား စီမံခန့်ခွဲမှု စသည့် စီမံကိန်းသုံးခုအတွက် နော်ဝေနိုင်ငံမှ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Tuesday, February 20, 2018

မြိတ်ကျွန်းစုတွင် ခရီးသွား လုပ်ငန်းဖွံ့ ဖြိုးတိုးတက် လာခြင်းနှင့်အတူ သန္တာကျောက်တန်း ပျက်စီးခြင်းများ ဖြစ်ပေါ်လာ



မြိတ် ၂ဝ-၂-၂ဝ၁၈

တနင်္သာရီတိုင်း ဒေသကြီး မြိတ်ကျွန်းစု၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ သန္တာကျောက်တန်း ပျက်စီးခြင်းများ အများဆုံး ဖြစ်ပေါ်နေကြောင်း သန္တာကျောက်တန်း သုတေသန ပြုလုပ်သူများထံမှ သိရသည်။

သန္တာကျောက်တန်း ပျက်စီးရမှုများတွင် ယခင်က ဗုံးခွဲ၍ ငါးဖမ်းခြင်းများ ကြောင့်ဖြစ်ပြီးနောက်ပိုင်း တရွတ်ဆွဲ ငါးဖမ်းပိုက်များကြောင့် သန္တာကျောက်တန်းများ ပျက်စီးလာရခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ ပြားလာပြီး လှေများနှင့် အပျော်စီးသင်္ဘောများ ကျောက်ချခြင်းတို့ကြောင့် သန္တာကျောက်တန်းများ ပျက်စီးလာရခြင်း ဖြစ်ကြောင်း Fauna & Flora International-Myanmar Programme မှ ပင်လယ်ရေချိုနှင့် ရေငန်ထိန်းသိမ်းရေး အစီအစဉ် မန်နေဂျာ ဦးဇော်လွန်းက ပြောသည်။

''တချို့နေရာတွေမှာဆို ထိုင်းနိုင်ငံထက် ပိုကောင်းတဲ့ သန္တာကျောက်တန်း တွေရှိတယ်။ ကျွန်တော်တို့ စိုးရိမ်တာက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတဲ့အခါ ခရီးသွားတွေရဲ့ မဆင်ခြင်မှု တွေကြောင့် ဒါတွေပါ ပျက်စီးကုန်မှာစိုးရိမ်မိပါတယ်'' ဟု ဦးဇော်လွန်းက ပြောသည်။

မြိတ်ကျွန်းစု၌ ကောင်းမွန်သော သန္တာကျောက်တန်း ၃ဝ ရာခိုင်နှုန်းရှိသောကြောင့် မပျက်စီးစေရန် ဒေသခံများနှင့် ပူးပေါင်း၍ အဏ္ဏဝါ ရေပြင်သုံးနေရာ၌ စီမံခန့်ခွဲကာ ထိန်းသိမ်းနေကြောင်း၊ အဆိုပါ ထိန်းသိမ်းမှုကို ၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်မှစ၍ ငါးလုပ်ငန်းဦးစီးဌာနမှ တရားဝင် အမိန့်ထုတ်ပြန်ပြီး မြိတ်မြို့နယ်အတွင်းရှိ လင်းလွန်း၊လငမ်း၊ ဒုံပုလဲအော်ကျေးရွာတို့၌ ဒေသခံများနှင့် ပူးပေါင်းစီမံခန့်ခွဲသော အဏ္ဏဝါရေပြင် ပြုလုပ်ထိန်းသိမ်းရေး ဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily

Friday, February 2, 2018

လာမည့် ဧပြီ ၁၆ ရက်တွင် ရေချိုလုံးဝ ပြတ်လပ်သွားမည့် ကိပ်တောင်းမြို့



ဘာသာပြန်ဆောင်းပါး ၂-၂-၂ဝ၁၈

ဒီကမ္ဘာကြီးရဲ့ ၇၂ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထားပါတယ်။ ဒါပေမဲ့ အဲဒီ ၇၂ ရာခိုင်နှုန်းသော ရေထုရဲ့ ၉၉ ရာခိုင်နှုန်းက လူတွေ သောက်သုံးလို့မရတဲ့ ရေအမျိုးအစားဖြစ်ပြီး ကျန်ရှိနေတဲ့ တစ်ရာခိုင်နှုန်းထဲကလဲ သုည ဒသမ ၃ ရာခိုင်နှုန်းကိုသာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့ကနေ ရရှိတာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ သုည ဒသမ ၇ ရာခိုင်နှုန်းကို လူသားမျိုးနွယ်စုတွေ တူးယူသောက်သုံး နေရတာလို့ Live Science အင်တာနက် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးရွာသွန်းမှုနှုန်း မမှန်တော့တဲ့ နှစ်တွေ ကြာလာပြီးတဲ့နောက် လူဦးရေတိုးပွားမှု ရပ်တန့်ခြင်းမရှိတဲ့ ဒီကမ္ဘာမြေမှာရနိုင်တဲ့ ရေချိုပမာဏနဲ့ သောက်သုံးတဲ့လူဦးရေ မမျှတော့တဲ့အပြင် အဲဒီရေချိုကို တိရစ္ဆာန်တွေကိုလဲ တိုက်ရသေးသလို စိုက်ပျိုးရေး အတွက်လဲသုံးရ သေးတယ်ဆိုတာ ထည့်သွင်းစဉ်းစား လိုက်မယ်ဆိုရင် အခု အာဖရိကတိုက်က ကိပ်တောင်းကမ်းရိုးတန်း မြို့ကလေးမှာ ဖြစ်ပွားနေတဲ့ ရေရှားပါး ပြတ်လပ်မှုမျိုးဟာ မကြာခင်မှာပဲ ကပ်ရောဂါဆိုးကြီးသဖွယ် ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ပျံ့နှံ့သွားနိုင်ပါတယ်။

ကိပ်တောင်းမြို့ဟာ တောင်အာဖရိကမှာ ဒုတိယလူဦးရေ အထူထပ်ဆုံး မြို့ဖြစ်ပါတယ်။ သောက်သုံးရေ ကုန်ခန်းမှု ဆိုးရွားစွာ ဖြစ်ပွားနေပြီး တွက်ချက်မှုအရ ယခုနှစ် ဧပြီ ၁၆ရက်မှာ ရေလုံးဝပြတ်လပ် သွားမှာဖြစ်ပါတယ်။ အခုလက်ရှိ ကျန်နေသေးတဲ့ရေကို အချိုးကျ သုံးစွဲနေရပါတယ်။ အရင်လကစပြီး ဒေသခံတွေကို ရေသုံးစွဲခွင့်တစ်ရက်ကို လူတစ်ဦးလျှင် ၈၇ လီတာ (၂၃ဂါလန်) နှုန်း ကန့်သတ်ခဲ့ရာကနေ ဒီနေ့ ဖေဖော်ဝါရီ ၁ရက်ကစပြီး တစ်ရက်ကို လီတာ ၅ဝ (၁၃ဂါလန်ကျော်) ထိ လျှော့ချကန့်သတ် လိုက်တာဖြစ်ပါတယ်။ ဒီလိုကန့်သတ်တာတောင် ဧပြီ ၁၆ရက်ကျရင် မြို့ရေပေးဝေရေးဌာနမှာ ရေပြတ်လပ် သွားတော့မှာ ဖြစ်ပါတယ်။

အဲဒီခွဲတမ်းရတဲ့ ရေလီတာ ၅ဝ ကို လူတစ်ယောက် ဘယ်လိုသုံးစွဲမလဲ။ ပန်းကန်ဆေး အဝတ်လျှော်ဖို့ ၁၈ လီတာ၊ စက္ကန့် ၉ဝ ကြာရေချိုးဖို့ ၁၅လီတာ၊ အိမ်သာရေတစ်ခါဆွဲရင် ကိုးလီတာ၊ မျက်နှာသစ်ဖို့ သုံးလီတာ၊ ချက်ပြုတ်ဖို့ နှစ်လီတာ၊ ရေသောက်တာက နှစ်လီတာ၊ ခွေးစာကျွေးတာ တစ်လီတာအဖြစ် သုံးစွဲရမှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေက မြို့နေလူထုရဲ့ရေသုံးစွဲမှုနှုန်းကို ဒေါက်ထောက်ကြည့်နေပါတယ်။ ရေမီတာမှာ ကန့်သတ်ပမာဏထက်ကျော်သွားရင် ဒဏ်ငွေရိုက်ပါတယ်။ ဒါဖြစ်ရင် ဒီမြို့မှာ လူဦးရေဘယ်လောက်ရှိပါလိမ့်။ လေးသန်းကျော်ပါတယ်။ လူဦးရေ လေးသန်းကျော်တဲ့ မြို့ကြီးတစ်မြို့အတွက် သောက်သုံးရေ လောက်ငအောင်ပေးဝေဖို့ ကြိုတင်မစီစဉ် ခဲ့ဘူးလားဆိုတော့ အစွမ်းကုန် ကြိုးစားစီစဉ်နေပါရဲ့နဲ့ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး မလျှော့တမ်းနှိပ်စက်ခဲ့တဲ့ မိုးခေါင်မှုဒဏ်က အခုလိုခံရခက်လှတဲ့ ရေရှားပါးမှု ဒုက္ခကို ပေးတော့တာပဲ ဖြစ်ပါတယ်။ ဒါဖြစ်ရင် မြို့နေလူထုအားလုံးက ကန့်သတ်ချက်တွေကို လိုက်နာခဲ့သလား။ ၅၅ ရာခိုင်နှုန်းကပဲ လိုက်နာခဲ့ပါတယ်။

ဒီတော့ တစ်ဖက်က မိုးခေါင်၊ တစ်ဖက်က ရာသီဥတုဖောက်ပြန်၊ တစ်ဖက်ကလူဦးရေတိုး ၊တစ်ဖက်ကကန့်သတ်ချက်ကိုမလိုက်နာ ကြလေတော့ လူ လေးသန်းဟာ ဧပြီ ၁၆ရက်မှာ သောက်သုံးရေလုံးဝ ပြတ်လပ်သွားတော့မှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေ ဘာလုပ်နေလဲ။ ကိပ်တောင်းရဲ့ မစ်ချယ်လွင်ပြင်မှာ ရေအောင်းလွှာကိုတွေ့အောင်ရှာပြီး အဝီစိတွင်းတူးဖို့ အမိန့်ပေးထားပါတယ်။ လက်ရှိ ကျန်နေသေးတဲ့ရေကိုလဲ အတတ်နိုင်ဆုံး ချွေတာ သုံးစွဲဖို့ အစီအစဉ်အသစ်တွေ၊ တားမြစ်ကန့်သတ်ချက် အသစ်တွေ ထုတ်ပြန်ဆောင်ရွက်နေသလို မြို့နေလူထုကလဲ ပူးပေါင်းပါဝင်ဖို့ မေတ္တာရပ်ခံ နေကြပါတယ်။

ဒါပေမဲ့လဲ လူတွေက နားမထောင်ကြပါဘူး။ ဒီတော့ လက်ကျန်ရေကို ထိန်းထားဖို့ ခက်နေလို့ မနက်အိပ်ရာထပြီး မျက်နှာသစ်ဖို့ ရေမရှိသူတွေ၊ ရေချိုးနေရင်းရေပြတ် သွားသူတွေ၊ အိမ်သာရေဆွဲဖို့ မရှိတော့သူတွေနဲ့ ကိပ်တောင်းမြို့ကြီးဟာ တဖြည်းဖြည်း အုံကြွဆူညံပွက်လော ရိုက်စပြုလာပါပြီ။ ရေဘယ်အချိန်လာမလဲ မသိ၊ ဘယ်အချိန် ဖြတ်မလဲ မသိကြတော့ဘဲ ရေကို သွေးရူးသွေးတန်းနဲ့ လှောင်ဖို့ကြိုးစား လာကြပါတယ်။
ဒါပေမဲ့ ပိုက်ကရေမလာပါဘူး။ဒီတော့ စတိုးဆိုင်ကို ပြေးကြပါတယ်။ရေသန့်ဘူးတွေ ဝယ်လှောင်မယ်ပေါ့။ စတိုးဆိုင်တွေမှာလဲ ရေသန့်ဘူးတွေ မရှိတော့ပါဘူး။ နည်းနည်းကျန်တဲ့ ရေဘူးတွေကလဲ ဈေးတွေအဆ ပေါင်းများစွာ တက်သွားပါပြီ။ ကိပ်တောင်းဟာ ကမ်းရိုးတန်းမြို့ပါ။ ပင်လယ်ကြီးကို မြင်နေရပါတယ်။ ရေတွေအများကြီးပါ။

ဒါပေမဲ့ အဲဒီရေတွေက ဆားငန်ရေတွေမို့ သုံးမရပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး မိုးခေါင်ခဲ့တာဖြစ်တဲ့အတွက် မြေအောက်ရေ တဖြည်းဖြည်းခန်းခြောက်ပြီး မြစ်ချောင်း အင်းအိုင်တွေမှာပါ ရေတွေနည်းကုန်တာမို့ စိုက်ပျိုးမြေတွေလဲ ပျက်စီးခဲ့ပါတယ်။ လူလေးသန်းအတွက် တစ်ရက်ကိုအနည်းဆုံး အစားအစာသုံးနပ်ရဖို့ လိုပါတယ်။ရေချိုးဖို့၊ မျက်နှာသစ်ဖို့၊ အဝတ်လျှော်ဖို့၊ ပန်းကန်ဆေးဖို့၊ အိမ်သာတက်ဖို့၊ ရေသောက်ဖို့လိုပါတယ်။လူ လေးသန်းဟာ ဧပြီ ၁၆ ရက်မှာ ရေတစ်စက်မှမရှိဘဲ နေရပါမယ်။

တာဝန်ရှိသူတွေက ရေအောင်းလွှာကို အချိန်မီရှာတွေ့ပြီး ရေမပြတ်အောင်ပေးနိုင်မလား။ ဒါမှမဟုတ် ကိပ်တောင်းမြို့ကိုရေပို့ဖို့ နိုင်ငံတကာကဝိုင်းကူရမလား။ ဒီလိုဒုက္ခမျိုးဖြစ်လာဖို့ နီးနေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ဘယ်လောက် တောင် ရှိသလဲဆိုတာကို တွေးရင်းဘာပဲဖြစ်ဖြစ် ရေကိုချွေတာသုံးစွဲကြဖို့ တိုက်တွန်းရင်း လေ့လာရေးသားတင်ပြ လိုက်ရပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)

#Yadanarpondaily

ကန့်ဘလူမြို့နယ် လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် အသိပညာပေးစခန်း ဧပြီလအတွင်း ဖွင့်လှစ်မည်



ကန့်ဘလူ ၂-၂-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အတွင်းရှိ လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးစခန်းကို ယခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်ထွေးမြင့်ထံမှ သိရသည်။

လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးစခန်းမှာ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအနီးရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် (၆၂/၆၃) အနီးအရှေ့ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး လင်းနို့ဂူ တောင်ဧရိယာဧက ၁ဝ၇၉ဝကို သဘာဝနယ်မြေ အဖြစ်သတ်မှတ် ဖွဲ့စည်းခွင့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ခွင့်ပြုခဲ့ပြီး ခရီးသွားလုပ်ငန်း တိုးတက်လာစေပြီး ဒေသလူမှု စီးပွားရေး တိုးတက်လာစေရန်အတွက် အဆိုပါ စခန်းကို တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လင်းနို့ဂူသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးစခန်းတွင် လေ့လာစရာများအနေဖြင့် အင်းဆက်စား လင်းနို့ကောင်ရေ သန်းချီရှိပြီး ညနေ၅-၆ နာရီတွင် မီးခိုးလုံးကြီးများပမာ အစာရှာထွက်လာသည်ကို ညနေဆည်းဆာနှင့်အတူ ရင်သပ်ရှုမောဖွယ် သဘာဝအလှခံစား နိုင်မည်ဖြစ်သည်။

ထို့ပြင် လွန်ခဲ့သောနှစ်ပေါင်း ၂၈၉ နှစ်ခန့်က စတင်ပေါက်ရောက် ခဲ့သည်ဟုယူဆရပြီး ကိုလိုနီခေတ်တွင် ခုတ်လှဲခံခဲ့ရသည့် ကျွန်းလုံးကြီးနှင့် ၎င်း၏ သက်တမ်းနှင့် ခေတ်ပြိုင်ကာလတို့ကို ရှင်းလင်းပြသထားသော ပြကွက်များ၊ မြန်မာ့သစ်တောထွက် သစ်များအကြောင်း ပြကွက်များ၊ မြန်မာ့တောရိုင်း တိရစ္ဆာန်တို့၏ ဦးချိုပြကွက်များ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ သစ်တောများမှ တောပန်းအမျိုးမျိုးပြကွက်၊ လင်းနို့ဂူဒေသ ပေါက်ရောက်သော အပင်များကို စီစဉ်ဆောင်ရွက် ထားကြောင်းနှင့် မြန်မာ့သစ်ခွမျိုးစုံ၊ ပရဆေးဥယျာဉ်၊ သစ်မြစ်ဆုံဥယျာဉ်၊ ဝက်ဝံရုံ၊ ဘူမိဗေဒပြခန်း၊ ကလေးကစားကွင်း တို့ကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး စခန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များမှာ သစ်တောနှင့် သဘာဝဝန်းကျင် ဂေဟစနစ်များ ရေရှည်တည်တံ့အောင် စောင့်ရှောက်နိုင်ရန် ခရီးသွား လုပ်ငန်းတိုးတက်လာစေပြီးဒေသလူမှု စီးပွားရေးတိုးတက် လာစေရန်၊ ကျောင်းသူ၊ ကျောင်းသားများအား လေ့လာရေး ခရီးစဉ်အဖြစ် သဘာဝတောအတွင်း ရှိသစ်မျိုးများနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများကို လေ့လာသိရှိပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ များကို တန်ဖိုးထားမြတ်နိုး တတ်စေရန် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးသစ်တော ဦးစီးဌာနမှ သိရသည်။

#Yadanarpondaily

Thursday, February 1, 2018

နှစ်ပေါင်း ၁၅ဝ ကျော်မှ တစ်ကြိမ်သာ ဖြစ်ပေါ်သည့် Super Blue Blood Moon လကြတ်မှုဖြစ်စဉ်အား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားတွင် တွေ့ မြင်ရ





နေပြည်တော် ၁-၂-၂ဝ၁၈

ယနေ့ တပို့တွဲလပြည့်နေ့ (၂ဝ၁၈ ခုနှစ်ဇန်နဝါရီ ၃၁ ရက်) ညနေခင်းနှင့် ညဦးပိုင်း အချိန်တို့တွင် လငပုပ်ဖမ်းခြင်း (လကြတ်ခြင်း) နှင့် Super Blue Blood Moon လကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် တွေ့မြင်ရသည်။

ကမ္ဘာ၏ တိုက်ရိုက် အရိပ်ရှိသည့် နေရာကို လကဖြတ်သန်းခြင်းကြောင့် အနီရောင်အဖြစ် မြင်တွေ့ရသည့်လကို ကြည့်ရှုရန်အတွက် နိုင်ငံအသီးသီးတွင် ကိုယ့်စံတော်ချိန်နှင့်ကိုယ် စောင့်ဆိုင်း နေခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ညဦးပိုင်း ညနေ ၅ နာရီ ၂၂ မိနစ်ခန့်တွင် လသည် အရိပ်ဖျော့ (Penumbra) စတင်ထွက်ပေါ် လာပြီးနောက်ည ၆ နာရီ မိနစ် ၂ဝ ခန့်တွင် လသည် အရိပ်စစ် (Umbra) ထဲကို စတင်ပြောင်းလဲ ထွက်ပေါ်လာသည်။ ည ၇ နာရီ ၂၃ မိနစ်တွင် ကမ္ဘာ့အရိပ်ထဲ ကျရောက်ခဲ့ခြင်းကြောင့် အရိပ်စစ် (Umbra) က လတစ်ခုလုံး ဖုံးကွယ်သွားပြီး လကြတ်ခြင်း၏ အမြင့်ဆုံးအမှတ်မှာ ည ၈ နာရီတိတိတွင် ကျရောက်ခဲ့သည်။ ည ၈ နာရီ၃၉ မိနစ်တွင် လသည် အရိပ်ဖျော့ရှိသည့် ဘက်ကို ပြန်လည်ထွက်ခွာပြီး ည ၉ နာရီ ၄၂ မိနစ်တွင် အရိပ်ဖျော့ထဲကို ပြန်လည်ရောက်ရှိကာ ည ၉ နာရီ မိနစ် ၅ဝ ခန့်တွင် လကြတ်ခြင်း ပြီးဆုံးခဲ့သည်။

၂ဝ၁၈ ခုနှစ်အတွင်းတွင် လအပြည့်ကြတ်ခြင်း နှစ်ကြိမ်မြင်တွေ့ ရမှာဖြစ်ပြီး နောက်တစ်ကြိမ်မှာ ဇူလိုင် ၂၇ ရက်တွင် ထပ်မံဖြစ်ပွား နိုင်ကြောင်း၊ ဇန်နဝါရီ ၃၁ ရက်တွင်ကျရောက်သည့် တပို့တွဲလပြည့်ည လသည် Blue Moon နှင့် Blood Moon ဟုခေါ်သည့် ကမ္ဘာနှင့်လ အနီးဆုံးနေရာ ရောက်ရှိနေခြင်း ကိုမြင်တွေ့ ခဲ့ရသည်။ လနှင့်ကမ္ဘာကြား ပျှမ်းမျှမိုင်ပေါင်း ၂၃၈၈၅၅ ကွာဝေးပြီး ယနေ့တွင် ပျှမ်းမျှမိုင်ပေါင်း ၂၂၃ဝ၆၈ ကွာဝေးခြင်းကြောင့် အဆိုပါဖြစ်စဉ်ကို တွေ့မြင်ရခြင်း ဖြစ်သည်။ ယခုကဲ့သို့ လကြတ်ခြင်းကို နှစ်ပေါင်း ၁၅ဝ အတွင်း ရှားပါးမြင်ကွင်းအဖြစ် တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။

လ၏ ကမ္ဘာကိုပတ်နေသည့် လမ်းကြောင်းသည် ၅ ဒီဂရီခန့် တိမ်းစောင်းနေပြီး ကမ္ဘာသည်နေကို တစ်သမတ်တည်း ၂၃ ဒသမ ၅ ဒီဂရီတိမ်းစောင်းလှည့်ပတ် နေပြီးနောက် နေကြတ်ခြင်း၊ လကြတ်ခြင်းတို့သည် လစဉ်လတိုင်းမဖြစ်ဘဲ တစ်နှစ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ခန့်သာ ဖြစ်ပေါ်တတ်ကြောင်း အာကာသပညာ လေ့လာသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါလကြတ်ခြင်း ဖြစ်စဉ်ကို မြောက်အမေရိက၊ ဥရောပ၊ ရုရှား၊ အာရှအလယ်ပိုင်း၊ အိန္ဒိယ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံအသီးသီးတို့၌ တွေ့မြင်နိုင်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ နက္ခတ်ပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ကြည်စိန် ပြောကြားရာတွင် ''ကရကဋ်ရာသီမှာ ကြတ်တာဆိုတော့ မြန်မာပြည်ဇာတာအရ ကိုးကတ်မှာ လာကြတ်တာပါ။ ကိုးကတ်မှာ လာကြတ်တာ ဖြစ်တဲ့အတွက် တိုင်းပြည်မှာတော့ ဘယ်လိုပြောရမလဲ ကိုယ်လုပ်ချင်တဲ့ အကြံအစည်တွေ အောင်မြင်မယ့် သဘောရှိပါတယ်။ တိုင်းပြည်မှာ သယံဇာတအနေနဲ့ မထင်မှတ်တဲ့သယံဇာတ တွေထွက်လာမယ်။ ငလျင်ကတော့နည်းနည်း သတိထားရမယ့် သဘောရှိတယ်။ လှုပ်ရှားတဲ့ အိမ်မှာလာပြီးတော့ လကြတ်လိုက်တာ၊ ကရကဋ်ရာသီက လှုပ်ရှားတယ်လေ။ ဒါပေမဲ့ ပြဿနာတော့မရှိပါဘူး။ ကြတ်လိုက်တဲ့အချိန်မှာ လကကိုးနဝင်း ကျေသွားတယ်။ ကောင်းသွားပါတယ်။ ဗုဒ္ဓဟူးဂြိုဟ် အရောင်ပြောင်းသွားတော့ အထောက်အပံ့လေး တော့ဖြစ်သွားပါတယ်။ ကြတ်လိုက်တဲ့အချိန်က မြန်မာပြည်ဇာတာရဲ့ ကိုးဓာတ်ဆိုတဲ့ ဘုန်းကံရှိတဲ့ နေရာမှာလာကြတ်တာ၊ အစောင့်အရှောက်နေရာမှာ ကျန်တဲ့နေရာမှာ ကြတ်မယ်ဆိုရင် မကောင်းဘူး။ ကရကဋ်နက္ခတ် မြန်မာပြည်ဇာတာအရ ကောင်းမွန်တဲ့ဘုန်းကံရှိတဲ့ နေရာမှာသွားဖြစ်ပါတယ်။ သူများတွေက လငပုပ်ဖမ်းရင် မကောင်းဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ကြည့်လိုက်တဲ့အချိန်မှာ လရဲ့ရာသီမှာပဲ လာပြီးကြတ်တာ လသွားလမ်းပေါ်မှာ ပဲလာကြတ်တာ။ အဲဒီအတွက် ဆိုးဆိုးဝါးဝါး မဖြစ်ပါဘူး။ လတို့ နေတို့ဆိုတာက ဒီဂရီအတိမ်းအစောင်းပေါ်မူတည်ပြီးတော့ အချိန်ကွာဟမှုရှိပါတယ်။ နေရာကွာဟမှုပေါ် မူတည်ပြီးတော့ ဖြစ်စဉ်တွေကလည်း တစ်နေရာနဲ့တစ်နေရာ မတူညီနိုင်ဘူး''ဟု ပြောသည်။

#Themyawadydaily

Tuesday, January 30, 2018

စစ်ကိုင်းပြတ်ရွေ့ သပိတ်ကျင်းမြို့အနီး လှုပ်ခတ်ခဲ့ပြီးသည့် မြေငလျင်များကို ယခုနှစ်အတွင်း သုတေသနပြုလုပ်မည်



နေပြည်တော် ၃ဝ-၁-၂ဝ၁၈

မြန်မာနိုင်ငံ စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ သပိတ်ကျင်းမြို့အနီး လှုပ်ခတ်ခဲ့ပြီးသည့် မြေငလျင်များကို ယခုနှစ်အတွင်း သုတေသနပြုလုပ်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမြေငလျင် ကော်မတီထံမှ သိရသည်။

သပိတ်ကျင်းမြို့အနီး လှုပ်ခတ်ခဲ့သည့် မြေငလျင်များကို လာမည့် ဇွန်လခန့်တွင် စတင်၍ နှစ်နှစ်ကြာ သုတေသနပြုလုပ် သွားမည်ဖြစ်ပြီး သုတေသန ပြုလုပ်ရန်နေရာရွေး ချယ်ခြင်း၊ ငလျင်လှုပ်ခဲ့သည့် အထောက်အထားများ ရှာဖွေခြင်း၊ ငလျင်ကြောင့်ရွေ့သွား ခဲ့သည့်အရွေ့များကို တိုင်းတာခြင်း၊ လှုပ်ခဲ့သည့်ငလျင်များ၏ သက်ရောက်မှုနှင့် မြေငလျင်အန္တရာယ်ပြ မြေပုံရှိဖြစ်နိုင်သည့် Effect အနှင့်လက်တွေ့သက်ရောက်မှု ကိုက်ညီမှု ရှိ၊ မရှိ တို့ကို လေ့လာသွားမည် ဖြစ်ကြောင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောပြသည်။

"အခုလောလောဆယ် သပိတ်ကျင်းရဲ့ တောင်ဘက်ပိုင်းကို ရွေးထားပါတယ်။ အတည်မပြုရသေးပါဘူး။ မြန်မာနိုင်ငံရဲ့မြေငလျင် အန္တရာယ်ပြမြေပုံတွေ ရေးဆွဲတဲ့အခါ ပိုပြီးတော့ပြည့်စုံတဲ့ ပြတ်ရွေပိုင်းဆိုင်ရာတွေ ငလျင်လှုပ် နိုင်တဲ့ အရင်းအမြစ်နဲ့ဆိုင်တဲ့ အချက်အလက်တွေ ပိုပြီးရရှိနိုင်အောင်လို့ သုတေသန ပြုလုပ်သွားမှာပါ"ဟု ၎င်းက ပြောပြစစ်ကိုင်း ပြတ်ရွေ့သပိတ်ကျင်း မြို့အနီးလှုပ်ခတ် ခဲ့ပြီးသည့် မြေငလျင်များကို ယခုနှစ်အတွင်း သုတေသန ပြုလုပ်မည်သည်။

သုတေသနလုပ်ငန်းကို ပညာရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် မုံရွာတက္ကသိုလ်မှ Project တင်သွင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ဟင်္သာတတက္ကသိုလ်ကလည်း နေပြည်တော် အနီးပတ်ဝန်းကျင်တွင် အတိတ်ကလှုပ်ခတ် ခဲ့သည့် မြေငလျင်သုတေသန လုပ်ငန်းများကို ယခုနှစ်ဇန်နဝါရီ လဆန်းပိုင်းက စတင်ဆောင်ရွက်နေသည်။

ယခုသုတေသန ပြုလုပ်မည့် သပိတ်ကျင်း မြို့အနီး စစ်ကိုင်းပြတ်ရွေ့တွင် ၂ဝ၁၂ခုနှစ်နိုဝင်ဘာ ၁၁ ရက်က အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံတက္ကသိုလ်ပေါင်းစုံ၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် စင်ကာပူနိုင်ငံ မြေကမ္ဘာလေ့လာရေး အဖွဲ့တို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း၌ အတိတ်မြေငလျင် များနှင့်ပတ်သက်၍ Training သုံးကြိမ်ခန့် ပြုလုပ်ခဲ့ဖူးပြီးလာမည့် ဖေဖော်ဝါရီ ၂၃ ရက်မှမတ် ၆ ရက်ထိ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၊ စင်ကာပူနိုင်ငံ မြေကမ္ဘာလေ့လာရေးအဖွဲ့၊စင်ကာပူနိုင်ငံ တန့်ယန်းတက္ကသိုလ်တို့ ပူးပေါင်း၍ အတိတ်မြေငလျင်ဆိုင်ရာ Training တစ်ခုပြုလုပ်သွားရန်ရှိကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...