Social Icons

Pages

Wednesday, January 3, 2018

KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက နောက်တန်း တပ်ဌာနချုပ်များနှင့် လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်းမကြီးအား နှောက်ယှက်တိုက်ခိုက်



တပ်ရင်းဓမ္မာရုံသို့ ရန်သူ့လက်နက်ကြီး ကျည်ထိမှန်ပျက်စီး နေမှုမှတ်တမ်းဓာတ်ပုံ။

ပြည်ထောင်စုကားလမ်းမကြီး ပေါ်ရှိမိုင်းယုကျေးရွာသို့ သောင်းကျန်းသူများ လာရောက် ပစ်ခတ်သဖြင့်ပျက်စီး ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။

နေပြည်တော် ၃-၁-၂ဝ၁၈

KIA/TNLA အကြမ်းဖက် သောင်းကျန်းသူများသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို လစ်လျှူရှုလျက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒလမ်းစဉ်ကို ဆန့်ကျင်ကာ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ကို ရေရှည်ဆက်လက်လျှောက်လှမ်းရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလလယ်ပိုင်းနှင့် လကုန်ပိုင်းတို့တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့ရှိ နယ်မြေခံနောက်တန်းတပ်ဌာနချုပ်များ၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်ရှိ လုံခြုံရေးစခန်းများနှင့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တို့အား လက်နက်ကြီးများဖြင့် နှောက်ယှက်ပစ်ခတ် ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မန်တပ်မြို့နယ်ရှိ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်သို့ အကြမ်းဖက်သောင်းကျန်းသူအချို့က လက်နက်ကြီးများဖြင့် လာရောက်နှောက်ယှက် တိုက်ခိုက်ခဲ့သဖြင့် မိမိမှ ပြန်လည်ပစ်ခတ်ခဲ့သည်။ ဖြစ်စဉ်တွင် တပ်ဧရိယာအနီးပတ်ဝန်းကျင်၌ ၁၀၇ မမဗုံးသီး ၄ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက် ညနေပိုင်းတွင် KIA/TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက မူဆယ်မြို့နယ်၊ မိုင်းယုကျေးရွာအနီး လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မိုင်းယုကျေးရွာနှင့် အထက်တုန်ခန်ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ တိုင်းရင်းသားပြည်သူ ၁ ဦးနှင့် နွား ၁ ကောင်သေဆုံးခဲ့ကာ ဒေသခံတိုင်းရင်းသားပြည်သူ ၃ ဦးနှင့် နွား ၁၆ ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် လားရှိုး-မူဆယ်ပြည်ထောင်စု ကားလမ်း မကြီးအား လုံခြုံရေးဆောင်ရွက်နေသည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရင်ကွဲတောင်စခန်း၊ နမ့်ခိုင်စခန်းနှင့် နမ့်ဖတ်ကာမြို့ရှိ နယ်မြေခံနောက်တန်း တပ်ဌာနချုပ်တို့အား KIA/TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် KIA/TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက နမ့်ခိုင်စခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း လာရောက် တိုက်ခိုက်ခဲ့ သဖြင့် စခန်းများ၊ နောက်တန်းတပ်ဌာနချုပ်နှင့် ပြည်ထောင်စုကားလမ်းမကြီး အနီးပတ်ဝန်းကျင်တို့တွင် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်။

အလားတူ KIA/TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းနှင့် ဒီဇင်ဘာ ၃၁ ရက်နံနက်ပိုင်းတို့တွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အားလည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် မုံးကိုးမြို့ ပတ်လည်လုံခြုံရေးဆောင်ရွက် နေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား မြို့အထွက်တံတားအနီး၌လည်းကောင်း၊ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် မုံးကိုးမြို့၏ အနောက်ဘက် မီတာ ၁၅၀၀ ခန့် အကွာရှိ မန်ဂျီးနှင့် ကြူကုတ်ကျေးရွာသွား ကားလမ်းဘေး၌လည်းကောင်း၊ ဒီဇင်ဘာ ၃၀ ရက်မွန်းလွဲပိုင်းတွင် မူဆယ်မြို့နယ်၊ ဆယ်လန့်ကျေးရွာအနီး မူဆယ်-နမ့်ခမ်းသွားကားလမ်းပေါ်၌ လည်းကောင်း ခရီးသွားလာနေသည့် အများပြည်သူများ ထိခိုက်ပျက်စီးစေရန် ရည်ရွယ်လျက် ရီမုမိုင်း၊ ရှေ့ထွက်မိုင်းနှင့်ဒေသန္တရလက်လုပ်မိုင်းများဖြင့် နှောက်ယှက် တိုက်ခိုက်မှုများပြုလုပ်ခဲ့ သည်။

ထို့ပြင် ဒီဇင်ဘာ ၃၀ ရက်တွင်လည်း KIA အကြမ်းဖက်သောင်းကျန်းသူများ သည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူဇွပ်ကျေးရွာရှိ နယ်မြေခံနောက်တန်းတပ်ဌာနချုပ်ကို အင်အား ၇၀ ခန့်ဖြင့် နံနက် ၆ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်အတွင်း နေရာ ၃ နေရာမှ ၃ ကြိမ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိတပ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ သည်။ ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည် ၂ ဦး နိုင်ငံတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသည်။ အလားတူ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ်၊ မြစ်ကြီးနား-ဖားကန့်သွား ကားလမ်းပေါ်ရှိ ဒွန်ဘုံးခကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၀၀၀ ခန့် အကွာ၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ရီမုမိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် လမ်းပေါ်၌ ခရီးသွားလာနေသည့် မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ကာ ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုကဲ့သို့ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း KIA/TNLA အကြမ်းဖက်သောင်းကျန်းသူများက အများပြည်သူ အထိတ်တလန့်ဖြစ်စေရန်၊ ဒေသတွင်း ကုန်စည်စီးဆင်းမှုများ ထိခိုက်ပျက်စီးစေရန်နှင့် နောက်တန်းတပ်ဌာနချုပ်ရှိ မိသားစုဝင်များနှင့် ကလေးငယ်များအား အန္တရာယ်ကြီးစွာ ဖြစ်စေနိုင်သည့် နှောက်ယှက်တိုက်ခိုက်မှု များပြုလုပ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက တရားဥပဒေစိုးမိုးမှုရှိစေရေးနှင့် နယ်မြေအေးချမ်းစေရေးအတွက် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်လျက်ရှိ ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...