Social Icons

Pages

Showing posts with label အလုပ်သမားရေးရာ. Show all posts
Showing posts with label အလုပ်သမားရေးရာ. Show all posts

Monday, September 24, 2018

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ အလုပ်သမားသမဂ္ဂများက ဦးဆောင်ပြီး ဖုယွင်အလုပ်သမားသပိတ်ကို ထောက်ခံအားပေးကြောင်း ဆန္ဒထုတ်ဖော်



ရန်ကုန် ၂၄-၉-၂ဝ၁၈

ဖုယွင်အထည်ချုပ် စက်ရုံမှ အလုပ်သမားသပိတ်ကို ဝန်းရံထောက်ခံ အားပေးသည့်အနေဖြင့် ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းရှိ အလုပ်သမား သမဂ္ဂများက ဦးဆောင်သည့် စက်ရုံလုပ်သားများ၏ ထောက်ခံ ဆန္ဒထုတ်ဖော်မှုကို ယနေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖုယွင်စက်ရုံမှ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်ဦးရေ ၃ဝကျော်ကို သြဂုတ်၂ဝရက်ကစတင်ကာ စက်ရုံမှ အလုပ်ထုတ်ပယ်ခဲ့၍ အလုပ်ထုတ်ပယ် ခံလုပ်သားများ အလုပ်ပြန်လည် ခန့်အပ်ပေးရန် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ ကြခြင်းဖြစ်ကြောင်း လုပ်သားများထံမှ သိရသည်။

အချိန်ပိုခိုင်းစေခြင်း၊ အချိန်ပို လုပ်ခအပြည့်အဝ မရရှိခြင်း၊ အလုပ်သမား ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်မရခြင်း စသည့်ကိစ္စရပ် များကို စက်ရုံဘက်မှ ပြုလုပ်ခဲ့သဖြင့် အလုပ်သမားများက နစ်နာမှုများကို ဖြေရှင်းပေးရန် တောင်းဆိုချက် ၁ဝချက်ကို သြဂုတ်၁၄ရက်က တောင်းဆိုခဲ့ကြကြောင်း၊ အလုပ်ရှင်ဘက်မှ ညှိနှိုင်းဖြေရှင်းမှု တစ်စုံတစ်ရာ ပြုလုပ်မပေးဘဲ သြဂုတ်၂ဝ ရက်တွင် ဖုယွင်စက်ရုံ အလုပ်သမား သမဂ္ဂဥက္ကဋ္ဌအပါအဝင် အလုပ်သမား သမဂ္ဂအဖွဲ့ဝင်ဦးရေ၃ဝကို အလုပ်ထုတ်ပယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ သြဂုတ်၂၁ရက်တွင် အလုပ်သမားများက အလုပ်ဆင်းရာ စက်ရုံအတွင်း ဝင်ခွင့်မပြုရာမှ စတင်ပြီး စက်ရုံရှေ့တွင် သပိတ်စခန်းဖွင့်လှစ် ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ်၊တိုင်းဒေသကြီးနှင့် အလုပ်သမား ရေးရာအဖွဲ့များ၊တာဝန်ရှိသူများက လာရောက်ညှိနှိုင်း ပေးသော်လည်း ယခုအချိန်ထိ ပြေလည်မှုမရှိသေးကြောင်း ဖုယွင်အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက ပြောပြသည်။

အလုပ်သမားသပိတ်မှာ ရက်ပေါင်းသုံးဆယ်ကျော် ကြာမြင့်နေပြီ ဖြစ်ပြီး အလုပ်သမားများတောင်းဆို ချက်များ မရမချင်း သပိတ်တိုက်ပွဲ ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း သပိတ်မှောက်လုပ်သားများက ဆက်လက်ပြောပြသည်။

ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်းရှိ အလုပ်သမားသမဂ္ဂများက ဦးဆောင်၍ နံနက် ၁ဝနာရီမှ စတင်ကာ ဒဂုံဆိပ်ကမ်းမြို့နယ် မင်းကြီးမဟာ မင်းခေါင်းလမ်းပေါ် ဖုယွင်အထည်ချုပ် စက်ရုံဘေးလမ်း ဖုယွင်အထည်ချုပ် အလုပ်သမား သပိတ်စခန်း ရှေ့နှင့် မြေနီမှတ်တိုင်ထိ စီတန်းလှည့်လည်ဟောပြောမှုများကို မွန်းလွဲ၁၂နာရီထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖုယွင်အထည်ချုပ် စက်ရုံသို့ ဖုန်းဆက်သွယ် မေးမြန်းရာတွင် လူမှုကွန်ရက်တွင် ၎င်းတို့ဘက်မှ ထုတ်ပြန်ထားသည့် သဘောထား ကြေညာချက်များကိုသာ ရှာဖွေကြည့်ရန် စက်ရုံမန်နေဂျာ ဦးသိန်းဆွေက ပြောပြသည်။

# မြဝတီနေ့စဉ်သတင်းစာ

Wednesday, August 15, 2018

ပခုက္ကူစက်မှုဇုန်တွင် လုပ်ငန်းရှင်ကြီးများ ဝင်ရောက်လာ တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်အချို့ အလုပ်သမားရှားပါးမှုကြုံတွေ့



ပခုက္ကူ ၁၅-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့စက်မှုဇုန်တွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဝင်ရောက်လာသည့်အတွက် တစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်းရှင်အချို့ အလုပ်သမားရှားပါးမှု ပြဿနာများဖြင့် ကြုံတွေ့နေကြောင်း ပခုက္ကူစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ပခုက္ကူစက်မှုဇုန် အတွင်းရှိ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြသော စက်မှုလုပ်ငန်းရှင်များ အနေဖြင့် ၂ဝ၁၇ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်၊ မန္တလေး စသောမြို့ကြီးများမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ကြသော လုပ်ငန်းရှင် ကြီးများ ဝင်ရောက်လာသည့်အတွက် သားရေစက်ရုံ၊ ဆီစက်၊ ပဲခွဲစက်၊ ဆီးခွဲစက်စသော တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်အချို့မှာ အလုပ်သမားရှားပါးမှု ပြဿနာများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

"အရင်က အလုပ်သမားတွေက ဇုန်အပြင်ဘက် သွားလုပ်ကိုင်တာမျိုး၊ တခြားမြို့တွေ၊ ပြည်ပတွေ သွားရောက်လုပ်ကိုင် တာမျိုးတွေကြောင့် အလုပ်သမားက ရှားပါးခဲ့ပါတယ်။ အခုအခါကျ အလုပ်သမားတွေက ဇုန်အတွင်းကို ပြန်တော့ ရောက်လာပါတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်ကြီးတွေဆီပဲ အများဆုံးရောက်တော့ တစ်နိုင်တစ်ပိုင် စက်မှုလုပ်ငန်း သမားတွေမှာ အလုပ်သမားရှားပါးမှု ပြဿနာက ဆက်ပြီးကြုံတွေ့ နေရပါတယ်"ဟု ပခုက္ကူစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပခုက္ကူစက်မှုဇုန်တွင် လက်ရှိ လည်ပတ်နေသော လုပ်ငန်း အမျိုးအစားပေါင်း ၁၄ခုရှိပြီး ၎င်းတို့မှာ စားသောက်ရေးလုပ်ငန်း၊ အဝတ်အထည်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ လူသုံးကုန်ပစ္စည်း၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး၊ ကုန်ကြမ်းပစ္စည်း၊ လယ်ယာသုံးစိုက်ပျိုး ရေးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာ၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အလုပ်ရုံနှင့်သင်္ဘော ကျင်းလုပ်ငန်း၊ သစ်နှင့်သစ်အခြေခံလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ သတ္တုနှင့်ရေနံထွက်၊ အထွေထွေစက်မှုလက်မှု လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, August 13, 2018

ရေနံဈေးမြင့်တက်သော်လည်း ထုတ်လုပ်မှုတွင် လုပ်သားရှားပါးမှုတွေ့နေရ



မင်းလှ ၁၃-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်နှင့် သရက်မြို့နယ်ရှိ ရေနံမှော်များတွင် ရေနံဈေးနှုန်း မြင့်တက်သော်လည်း မိုးတွင်းကာလ ဖြစ်သဖြင့် ရေနံထုတ်လုပ်မှုတွင် လုပ်သားရှားပါးမှု များကြုံတွေ့နေရကြောင်း ရေနံမှော်တွင် လုပ်ကိုင်နေသူများထံမှ သိရသည်။

ရေနံဈေးနှုန်းမှာ ယခုလပိုင်းတွင် ရေနံတစ်စည်လျှင် ငွေကျပ်၈ဝဝဝဝမှ ၈၅ဝဝဝထိ ဈေးနှုန်းများ ရှိကြောင်း သိရသည်။

"ကျွန်တော် ရေနံမှော်မှာ အလုပ်လုပ်နေတာ ရှစ်နှစ်ရှိခဲ့ပါပြီ။ မှော်တွေအစပိုင်းကတော့ ရေနံတော်တော်ထွက်တယ်။ အခုနောက်ပိုင်း မှော်တွေ ရေနံအထွက်နည်းတာရယ်၊ ရေနံဈေးမကောင်းတာ တွေရယ်ကြောင့် တူးတဲ့သူတွေနည်းလာခဲ့တယ်။ အခုလပိုင်း ရေနံဈေး ပြန်တက်ခဲ့ပြီး တစ်စည်ကို ငွေကျပ်၈ဝဝဝဝ၊ ၈၅ဝဝဝဈေးတွေထိ မြင့်တက်လာတယ်။ ဒါပေမဲ့ မိုးတွင်း ကာလဆိုတော့ လုပ်သားရှားပါးမှု ကြုံတွေ့နေရတယ်။ စိုက်ချိန်ပျိုးချိန် ဆိုတော့ ကိုယ့်နယ်ကိုပြန်ပြီး အလုပ်ပြန်လုပ်ကြတယ်။ လယ်ချိန်၊ ယာချိန်တွေပြီးမှ ပြန်တက်လာကြတာဆိုတော့ ရေနံဈေးကောင်းနေပေမယ့် လုပ်သားရှားနေပါတယ်"ဟု မင်းလှမြို့နယ် တကိုင်းရေနံမှော်တွင် ရေနံတူးဖော်နေသူတစ်ဦးက ပြောပြသည်။

မိုးတွင်းကာလ လုပ်သားရှားပါး နေသည့်အတွက် တွင်းတူးလုပ်သား တစ်ဦးလျှင် နေစားခငွေကျပ် ၈ဝဝဝမှ ၁ဝဝဝဝထိပေးပြီး လုပ်ကိုင်နေရကြောင်း၊ စားစရိတ်၊ လုပ်သားစရိတ်နှင့်ဆိုလျှင် ရေနံဈေးကောင်းမှဆက်ပြီး တူးနိုင်မည်ဖြစ်ကြောင်း၊ ယခင်က ရေနံမှော်များတွင် အလုပ်လာရောက်လုပ်ကိုင်သူ တစ်သောင်းကျော်ထိရှိခဲ့ပြီး ယခုကဲ့သို့ မိုးတွင်းကာလတွင် လူဦးရေ ၄ဝဝဝ၊ ၅ဝဝဝခန့်သာ ကျန်ရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

"မိုးတွင်းကာလဆို ရွာပြန်ပြီး ထွန်ယက် စိုက်ပျိုးကြရပါတယ်။ ကျွန်တော်တို့ဒေသက လူတွေက လယ်ချိန်၊ ယာချိန်ဆို ရွာပြန်လာပြီး ထွန်ယက်ကြသလို လယ်ချိန်၊ ယာချိန်ပြီးရင်တော့ ရေနံမှော်၊ ကျောက်မီးသွေးမှော်တွေကို ပြန်တက်ကြတယ်။ မိုးကာလမှာ နှမ်းသီးနှံကို အဓိကထားစိုက်ကြတယ်။ ကျန်တဲ့ရာသီတွေမှာ နွားစာလောက်ပဲ စိုက်ကြတာဆိုတော့ မိသားစုစားဝတ်နေရေး အတွက် နေ့စဉ်ဝင်ငွေရှိတဲ့ မှော်တွေကို တက်ပြီးအလုပ်လုပ်ကြပါတယ်"ဟု မင်းဘူးမြို့နယ် ပေါက်ပင်တွင်းကျေးရွာနေ ဒေသခံတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

Monday, May 21, 2018

ကျွမ်းကျင် လုပ်သားရှားပါးမှု၊ ဈေးနှုန်းမတည်ငြိမ်မှု များကြောင့် ရေနံတူးဖော်သူများ ရေနံသယ်ယူရေး လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာ



မြိုင် ၂၁-၅-၂ဝ၁၈

မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်ဒေသတွင် ရေနံတူးဖော်လုပ် ကိုင်ကြသူများ အနေဖြင့် ရေနံကျွမ်းကျင် လုပ်သားရှားပါးမှု၊ ဈေးနှုန်းမတည်ငြိမ်မှု များကြောင့် ရေနံသယ်ယူရေး လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင် နေသူများ ရှိနေကြောင်း မြိုင်မြို့နယ် ရေနံတူးဖော်လုပ်ကိုင် သူများထံမှ သိရသည်။

ယခုနှစ် မေ ၁၅ ရက်မှစ၍ ရေနံဈေးနှုန်း အတက်၊ အကျ မတည်ငြိမ်ခြင်း၊ ရေနံလုပ်သားများ တဖြည်းဖြည်း ရှားပါးလာခြင်းတို့ကြောင့် ရေနံတူးဖော်လုပ်ကိုင်သူ များအနေဖြင့် ရေနံသယ်ယူရေးအတွက် ဘောက်ဆာကားကြီးများ၊ ဆယ့်နှစ်ဘီးကားကြီးများ ဝယ်ယူ၍ ရေနံကယ်ရီ လုပ်ငန်းများကို ပြောင်းလဲလုပ်ကိုင် နေကြကြောင်း သိရသည်။

"ရေနံဈေးနှုန်းက ဒီရက်ပိုင်းအတွင်းမှာ တစ်ပီပါကို ငွေကျပ်ခြောက်သောင်း ဖြစ်လိုက်၊ ခုနစ်သောင်းကျော်ဖြစ်လိုက်နဲ့ မတည်ငြိမ်ပါဘူး။ အဲဒီတော့ လုပ်အားခ ရှင်းပေးတဲ့အခါမှာ လိုအပ်ချက်တွေ တွေ့လာပါတယ်။ တချို့ကျွမ်းကျင်တဲ့ ရေနံလုပ်သားတွေဆိုရင် လုပ်အားခမလုံလောက်လို့ နေရပ်ကို ပြန်သွားကြတယ်။ ဒါကြောင့် တချို့ရေနံတွင်း ပိုင်တွေဆိုရင် ဘောက်ဆာ ကားတွေဝယ်ပြီး ရေနံသယ်ယူရေး လုပ်ငန်းကို လုပ်ကိုင်ကြပါတယ်"ဟု ဆူးဝင်းရေနံမှော်မှ ဦးထွန်းနိုင်က ပြောပြသည်။

မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့မှ ထွက်ရှိသော ရေနံများကို မုံရွာသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိပြီး ရေနံသယ်ဆောင်ရေး လုပ်ငန်း၏ ရင်းနှီးငွေပမာဏမှာ ရေနံတူးဖော်ရေး လုပ်ငန်းကဲ့သို့ ကုန်ကျငွေမများကြောင်း၊ အဆိုပါ လုပ်ငန်းမှာ လုပ်သားရှားပါးမှု ပြဿနာများ မကြုံရကြောင်း၊ ရေနံဈေးနှုန်း မတည်ငြိမ်သော်လည်း သယ်ဆောင်စရိတ်မှာ စီးပွားရေး တွက်ခြေကိုက်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Themyawadydaily

Tuesday, May 8, 2018

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၃ ဦး ပြန်လည်လက်ခံ


ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကျောက်လုံးကြီး ပြန်လည်ကြိုဆို လက်ခံရေးစခန်း၌ တွေ့ရစဉ်။

မြ၀တီ ၈-၅-၂ဝ၁၈

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၃ ဦးကို နှစ်နိုင်ငံ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကျောက်လုံးကြီးပြန်လည်ကြိုဆို လက်ခံရေးစခန်း၌ လက်ခံခဲ့သည်။

ယနေ့ ကရင်ပြည်နယ် မြဝတီမြို့ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆို လက်ခံရေးစခန်းသို့ မြန်မာနိုင်ငံအတွင်း ပြန်လည်ရောက်ရှိ လာသူများမှာ ကရင်ပြည်နယ်အတွင်း နေထိုင်သော အိမ်ထောင်စု ၁၅စု၊ အမျိုးသား ၂၄ဦး၊အမျိုးသမီး ၂၈ဦး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းနေထိုင်သော အိမ်ထောင်စု နှစ်စုစီမှ အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၁၆ဦးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း နေထိုင်သော အိမ်ထောင်စု တစ်စုမှ အမျိုးသား နှစ်ဦး၊အမျိုးသမီး သုံးဦးစုစုပေါင်း အမျိုးသား၊ အမျိုးသမီး ၇၃ ဦးတို့ကိုလက်ခံကာ သက်ဆိုင်ရာ တာဝန်ရှိသူများက နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

ထိုသို့ပြန်လည် ဝင်ရောက်ရာတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းဦးနှင့် နေရပ်ပြန် မြန်မာမိသားစုများကို ကရင်ပြည်နယ် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် တာဝန်ရှိသူများက မြဝတီမြို့ အမှတ် (၁) ချစ်ကြည်ရေးတံတားသို့ သွားရောက် ကြိုဆိုကြသည်။ ယင်းနောက် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်း၌ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံကြိုဆိုကာ အားပေးစကားပြောကြား ကြသည်။

ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က "တစ်ဖက်နိုင်ငံက ကျွန်မတို့နိုင်ငံ သားတွေကို ကူညီစောင့်ရှောက် ထားပေးတဲ့အတွက် အထူးပဲကျေးဇူး တင်ရှိပါတယ်။ ပြန်လာတဲ့ ကျွန်မတို့နိုင်ငံသားတွေကို တစ်ခုလောက် မေတ္တာရပ်ခံချင်တာက မသွားခင်က အခြေအနေနဲ့ ပြန်လာတဲ့အခြေအနေ ကွာနေပြီဆိုတာ သိပါလိမ့်မယ်။ နောက်ပိုင်းအခက်အခဲ တွေတွေ့တဲ့အခါ အေးအတူ၊ ပူအမျှ ရင်ဆိုင်ဖြေရှင်းရင်းနဲ့ ကိုယ့်နိုင်ငံထဲမှာ ဒါတို့ပြည်၊ ဒါတို့မြေဆိုပြီး ခိုင်ခိုင်မာမာနဲ့ရပ်တည် သွားကြဖို့လိုပါတယ်။ အစိုးရအဖွဲ့အနေနဲ့လဲ တတ်နိုင်သမျှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှာပါ။ ကလေးတွေ ပညာရေး၊ ကျန်းမာရေးကအစ အခက်အခဲရှိရင် သက်ဆိုင်ရာကနေ အကြောင်းကြားပါ။ အစိုးရအဖွဲ့အနေနဲ့ တတ်နိုင်သမျှကူညီ ဆောင်ရွက်ပေးပါမယ်။ အခုလို ပြန်တွေ့ရတာ ဝမ်းသာပါတယ်"ဟု အားပေးစကား ပြောကြားသည်။

ယနေ့ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက တစ်ဦးလျှင် ငွေကျပ် တစ်သိန်းနှုန်းစီဖြင့် မိသားစုဝင်သုံးဦးနှင့်သုံးဦးထက်ပိုလျှင် ငွေကျပ် သုံးသိန်းစီနှင့် အသုံးအဆောင်ပစ္စည်း ၂၂မျိုးပါသော ဘူး တစ်ဘူး၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖွဲ့ချုပ်က တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက တစ်ဦးလျှင်ငွေကျပ် တစ်သောင်းခုနစ်ထောင်စီ အသီးသီးကူညီထောက်ပံ့ကာ နေရပ်အသီးသီးသို့ ပြန်လည်ရောက်ရှိရေး မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် အိမ်ထောင်စု ကိုးစုမှ မိသားစုဝင် ၃၄ဦးသည်စခန်းမှ မိမိနေရပ်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသော မြန်မာနိုင်ငံသား ၇၃ ဦးကို ယနေ့ပြန်လည် လက်ခံခြင်းသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ပြီးခဲ့သော၂ဝ၁၆ခုနှစ် အောက်တိုဘာ ၂၆ရက်က အိမ်ထောင်စု ၁၉စု မှ အမျိုးသားဦးရေ ၃ဝနှင့် အမျိုးသမီး ၃၅ဦးတို့ကို လက်ခံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, April 4, 2018

မြိုင်မြို့နယ် ရေနံမှော်တွင် လျှံကျင်းများ မကြာခဏပေါ်ပေါက် သော်လည်း လုပ်ငန်းရှင်များ လုပ်သားမတည်မြဲမှု များဖြစ်ပေါ်နေ



မြိုင် ၄-၄-၂ဝ၁၈

မြိုင်မြို့နယ် ရေနံမှော်တွင် ရေနံတူးဖော် လုပ်ကိုင်သူများ အနေဖြင့် အချို့သောရေနံတွင်း များမှာ လျှံကျင်းများ မကြာခဏ ပေါ်ပေါက်သော်လည်း ရေနံတူးဖော်ရေး လုပ်ငန်းရှင်များ လုပ်သားမတည်မြဲမှု များဖြစ်ပေါ် နေကြောင်း မြိုင်မြို့နယ် ရေနံတူးဖော် လုပ်ကိုင်ကြသူများထံမှ သိရသည်။

မြိုင်မြို့နယ် ဆူးဝင်း၊ ကျောက်ခွက်၊ သပြေညို၊ တရုတ်ကုန်း ရေနံမှော်တို့တွင် လက်ရှိရေနံတူးဖော် လုပ်ကိုင်ကြသော လုပ်သားများ အနေဖြင့် ရေနံတူးရာတွင် ရာသီဥတု ပူပြင်းခြင်း၊ ရေနံမှော်ဒေသတွင် မီးဘေးအန္တရာယ် မကြာခဏ ကြုံတွေ့နေခြင်း၊ ရေနံလျှံကျင်းများ မကြာခဏ ဖြစ်ပေါ်သည့် အတွက် ရေနံလုပ်သားများ ပင်ပန်းမှု ဒဏ်ခံရခြင်း စသောအကြောင်း များကြောင့် အလုပ်သမားများမှာ မိမိနေရပ်သို့ ပြန်သွားခြင်း၊ အနားယူပြီးလျှင် ရေနံမှော်သို့ တစ်ဖန်ပြန်လည် လုပ်ကိုင်ခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"အခုလောလောဆယ်တော့ မှော်ထဲမှာ လျှံကျင်းတွေ မကြာခဏ ပေါ်ပေါက်ပါတယ်။ အလုပ်သမားတွေ အနေနဲ့ ၂၄ နာရီအလှည့်ကျ ရေနံခပ်ရတဲ့အတွက် ပင်ပန်းဆင်းရဲကြတယ်။ တချို့လျှံကျင်း တွေဆိုရင် ရာသီဥတု ပူပြင်းလွန်းလို့ ပွတ်တိုက်မှု ကြာလာတဲ့အတွက် မီးလောင်မှုတွေဖြစ်ပြီး အသက် အန္တရာယ်စိုးရိမ်ကြလို့ ကိုယ့်ရွာကို ပြန်လိုက်၊ ပြန်ရောက်လာလိုက်နဲ့ မမြဲပါဘူး။ ဒါကြောင့် လုပ်ငန်းလုပ်ရာမှာ အချိန်တွေ နှောင့်နှေးရပါတယ်"ဟု သပြေညိုရေနံ မှော်မှရေနံ တူးဖော်ရေး လုပ်ငန်းရှင် ဦးဖိုးသက်က ပြောပြ၍ သိရသည်။

#Themyawadydaily

Friday, July 28, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်း ကူညီလျက်ရှိ


တာဝန်ရှိသူများက ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၈-၇-၂၀၁၇

ဇွန်လ ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိရာ ယနေ့အထိ မြ၀တီနယ်စပ် ဂိတ်မှ ၃၄၂၁၂ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၅၀၆၆ ဦး၊ စုစုပေါင်း ၃၉၂၇၈ ဦး ၀င်ရောက်ခဲ့သည့် အနက် ၃၄၀၃၉ ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွား ခဲ့သဖြင့် ၅၂၃၉ ဦးအား နယ်မြေခံတပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင်၂၄ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြ၀တီနှင့်ဘုရားသုံးဆူ နယ်စပ်ဂိတ် အသီးသီးမှ ၀င်ရောက်လာသူ ၄၅၉ ဦးရှိသည့်အနက် ၃၆၈ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ် ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၉၁ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ်သုံးစီး၊ မြ၀တီခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် နှစ်စီးတို့ဖြင့် အခမဲ့ ပို့ဆောင်ပေးခဲ့ကာ စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မြ၀တီမြို့မှ သထုံမြို့သို့ ပို့ဆောင်ပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ၇၅ ဦးကိုလည်း တပ်မတော်မှ မော်တော်ယာဉ် သုံးစီးဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင် ပေးသည်။

အလားတူ ရွှေ့ပြောင်း အလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းစီစဉ် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, July 17, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်း ကူညီလျက်ရှိ


ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိုတွေ့ရစဉ်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ နေရပ်များသို့ စနစ်တကျရောက်ရှိရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၇-၇-၂၀၁၇

ဇွန်လ ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည် ဝင်ရောက်လျက်ရှိရာ ယနေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ၃၂၃၁၃ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၄၅၆ဝ ဦး၊ စုစုပေါင်း ၃၆၈၇၃ ဦးဝင်ရောက်ခဲ့ သည့်အနက် ၃၂၂၂၁ ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့သဖြင့် ၄၆၅၂ ဦးအား နယ်မြေခံ တပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မော်တော်ယာဉ် များစီစဉ် ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေး လျက်ရှိရာ ဇူလိုင် ၁၅ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြဝတီနှင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်အသီးသီးမှ ဝင်ရောက်လာသူ ၁၅၂ ဦးရှိသည့် အနက် ၁၁၄ ဦးမှာ ၎င်းတို့ အစီအစဉ်ဖြင့် နေရပ် ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၃၈ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ် တစ်စီး၊ မြဝတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူမြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် တစ်စီးတို့ဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ကာ စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မြဝတီမြို့မှ သထုံမြို့သို့ ပို့ဆောင်ပေးခဲ့သည့် ရွှေ့ပြောင်း အလုပ်သမား ၂၉ ဦးကိုလည်း တပ်မတော်မှ မော်တော်ယာဉ် တစ်စီးဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင် ပေးသည်။

အလားတူ ရွှေ့ပြောင်း အလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းစီစဉ်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, July 12, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်းကူညီလျက်ရှိ


တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများကို နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစဉ်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာအလုပုပ်သ်သမားများကို နေရပ်များသို့စနစ်တကျရောက်ရှိရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၂-၇-၂၀၁၇

ဇွန် ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ၃ဝ၂၇၁ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၄၂၇၆ ဦး၊ စုစုပေါင်း ၃၄၅၄၇ ဦး ဝင်ရောက်ခဲ့သည့် အနက် ၃ဝ၈၅၃ ဦးမှာ ၎င်းတို့၏အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့သဖြင့် ၃၆၉၄ ဦးအား နယ်မြေခံ တပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင် ၁ဝ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြဝတီနှင့် ဘုရားသုံးဆူနယ်စပ် ဂိတ်အသီးသီးမှ ဝင်ရောက်လာသူ ၃၄၃ ဦး ရှိသည့်အနက် ၆၉ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန် သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၂၇၄ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ်ခြောက်စီး၊ မြဝတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူမြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ မှ စီစဉ်ပေးသည့် မော်တော်ယာဉ်ငါးစီး၊ စုစုပေါင်း ၁၁ စီးဖြင့် အခမဲ့ပို့ဆောင်ပေးခဲ့ကာ စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မြဝတီမြို့မှ သထုံမြို့သို့ ပို့ဆောင်ပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ၈၂ ဦးကိုလည်း တပ်မတော်မှ မော်တော်ယာဉ်ငါးစီးဖြင့် ရန်ကုန်မြို့သို့ ဆက်လက် ပို့ဆောင်ပေးသည်။ အလားတူ ရွှေ့ပြောင်း အလုပ်သမားများထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းစီစဉ် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, July 11, 2017

ထိုင်းနိုင်ငံမှရွှေ့ပြောင်း မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်းကူညီလျက်ရှိ


ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ် သမားများ နေရပ်များသို့ စနစ်တကျရောက်ရှိရေး တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးစဉ်။


တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၁-၇-၂၀၁၇

ဇွန် ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှရွှေ့ပြောင်းမြန်မာ အလုပ်သမားများပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့အထိ မြ၀တီနယ်စပ်ဂိတ်မှ ၃၀၀၀၀ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၄၂၀၄ ဦး၊ စုစုပေါင်း ၃၄၂၀၄ ဦး ၀င်ရောက်ခဲ့သည့် အနက် ၃၀၇၈၄ ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့ သဖြင့် ၃၄၂၀ ဦး အားနယ်မြေခံ တပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာ နေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင် ၉ ရက်ညနေ ၃ နာရီမှယနေ့ညနေ ၃ နာရီအထိ မြ၀တီနှင့်ဘုရားသုံးဆူ နယ်စပ်ဂိတ်အသီးသီးမှ ၀င်ရောက်လာသူ ၄၆၂ ဦးရှိသည့်အနက် ၂၉၉ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန် သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၁၆၃ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ်လေးစီး၊ မြ၀တီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် ခြောက်စီး၊ စုစုပေါင်း ၁၀ စီးဖြင့် အခမဲ့ပို့ဆောင် ပေးခဲ့ကာ စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် ပေးသည်။

အလားတူ ရွှေ့ပြောင်းအလုပ်သမား များထပ်မံ ၀င်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းစီစဉ်ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Friday, July 7, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်းကူညီလျက်ရှိ


တပ်မတော်၊ ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် ထိုင်းနိုင်ငံမှပြန်လည်ရောက်ရှိလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအားပို့ဆောင်ပေးစဉ်။

ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ရွှေပြောင်းမြန်မာအလုပ်သမားများကိုတွေ့ရစဉ်။

နေပြည်တော် ၇-၇-၂၀၁၇

ဇွန် ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှရွှေ့ပြောင်း မြန်မာအလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိရာ ယနေ့အထိ မြဝတီနယ်စပ်ဂိတ်မှ ၂၅၈၂၉ ဦး၊ ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ၃၅၈၄ ဦး၊ စုစုပေါင်း ၂၉၄၁၃ ဦး ဝင်ရောက်ခဲ့သည့် အနက် ၂၇၅ဝ၃ ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့သဖြင့် ၁၉၁ဝ ဦးအား နယ်မြေခံ တပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင် ၅ ရက် ညနေ ၃ နာရီမှ ယနေ့ ညနေ ၃ နာရီအထိ မြဝတီနှင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်အသီးသီးမှ ဝင်ရောက်လာသူ ၁၇၈၁ ဦးရှိသည့်အနက် ၁၄၂၄ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ် ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၃၅၇ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ်ခြောက်စီး၊ မြဝတီခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူမြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် ၂ဝ စီး၊ စုစုပေါင်း ၂၆ စီးဖြင့် အခမဲ့ပို့ဆောင် ပေးခဲ့ကြောင်းနှင့် စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရာ အူမကြီး ကင်ဆာရောဂါရှင် တစ်ဦးအား ဘုရားသုံးဆူမြို့မှ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကုသပေးခဲ့သည်။

ထို့ပြင် မြဝတီမြို့မှ သထုံမြို့သို့ ပို့ဆောင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ၁၆ဝ ဦးကိုလည်း တပ်မတော်မှ မော်တော်ယာဉ် ခြောက်စီးဖြင့် ရန်ကုန်မြို့သို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။

အလားတူ ရွှေ့ပြောင်းအလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းစီစဉ် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, July 5, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းကူညီလျက်ရှိ


တပ်မတော်မှ မော်တော်ယာဉ်ဖြင့် ထိုင်းနိုင်ငံမှရွှေ့ပြောင်း မြန်မာအလုပ်သမားများအား ပို့ဆောင်ပေးစဉ်။

တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ ပူးပေါင်း၍ ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား စားသောက်ဖွယ်ရာများ စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၅-၇-၂၀၁၇

ဇွန်လ ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိရာ ဇူလိုင် ၃ ရက်အထိ မြ၀တီနယ်စပ်ဂိတ်မှ ၂၀၄၇၅ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၂၇၃၄ ဦး၊ စုစုပေါင်း ၂၃၂၀၉ ဦး ၀င်ရောက်ခဲ့သည့်အနက် ၂၂၁၇၆ ဦးမှာ ၎င်းတို့၏အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွားခဲ့သဖြင့် ၁၀၃၃ ဦးအား လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာ နေရပ်များသို့ စနစ်တကျ ရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

ယနေ့ညနေ ၃ နာရီအထိ မြ၀တီနှင့် ဘုရားသုံးဆူ နယ်စပ်ဂိတ်အသီးသီးမှ ၀င်ရောက်လာသူ ၂၀၄၄ ဦးရှိသည့်အနက် ၁၆၅၀ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ်ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၁၉၇ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ် ၂ စီးအပါဝင် မြ၀တီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် ၁၃ စီး၊ စုစုပေါင်း ၁၅ စီးဖြင့် အခမဲ့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူရွှေ့ပြောင်း အလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းစီစဉ် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, July 4, 2017

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာလုပ်သားများ အလုပ်အကိုင်ရရှိရေး သက်ဆိုင်ရာမြို့နယ်ရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနေ



မြ၀တီ ၄-၇-၂၀၁၇

ကရင်ပြည်နယ် မြဝတီ (၉၉၉) ဂိတ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် လာသည့် ရွှေ့ပြောင်းမြန်မာ လုပ်သားများ ကျွမ်းကျင်သည့် အလုပ်နှင့် လုပ်ကိုင်လိုသည့် အလုပ်ကို စာရင်းကောက်ယူနေကာ သက်ဆိုင်ရာမြို့နယ် ရုံးများနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

''အခု သူတို့ကို ကိုယ့်နိုင်ငံမှာပဲ အလုပ်လုပ်ချင်တယ်ဆိုရင် သူတို့ဘာကျွမ်းကျင်လဲ။ ဘာအလုပ်လုပ်ချင်လဲ။ ဘယ်မှာလုပ်ချင်လဲ ဆိုတာကိုမေးပြီး စာရင်းပြုစု ပေးပါတယ်။ အဲဒီစာရင်းတွေကို သက်ဆိုင်ရာမြို့နယ် ရုံးတွေကိုပို့ပြီး အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ပေးဖို့ ဆောင်ရွက် ပေးနေပါတယ်''ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက ပြောပြသည်။

''အခုလဲသူတို့ကို ကျွေးမွေးရေးတွေ၊ နေထိုင်ရေး၊ ကျန်းမာရေးကအစ ဆောင်ရွက် ပေးနေပါတယ်။ နေအိမ်ပြန်ဖို့ကိုလဲ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ချုပ် (မြဝတီ) က တာဝန်ရှိသူတွေကနေ အိမ်အရောက် ငွေကြေးလုံးဝမကောက်ဘဲအခမဲ့ ပြန်ပို့ပေးနေပါတယ်။ အခုထိုင်းက ဥပဒေသစ်ကို ရက်ပေါင်း၁၂ဝ ရပ်ဆိုင်းထားတဲ့ ကာလအတွင်းမှာ နှစ်နိုင်ငံဒီထက် ပိုကောင်းတဲ့ နည်းစနစ်၊ နည်းလမ်းတွေကို ဆွေးနွေးသွားဖို့ ရှိပါတယ်။ပိုကောင်းတဲ့စနစ်နဲ့ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက် သွားမှာဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိတွင် နိုင်ငံခြားသား အလုပ်သမားများ စီမံခန့်ခွဲရေး ဥပဒေကျင့်သုံးခြင်းကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က ရက်ပေါင်း၁၂ဝ ရပ်ဆိုင်းထားသော်လည်း ရွှေ့ပြောင်း မြန်မာလုပ်သားများမှာ ဆက်လက်ပြန်လာ နေကြခြင်းဖြစ်ကာ ဇွန်၂၉ ရက်မှ ဇူလိုင် ၂ ရက်ထိ ပြန်လာသူ အမျိုးသား ၉၇ဝ၄ ဦး၊ အမျိုးသမီး ၅၇၇၂ ဦး၊ စုစုပေါင်း ၁၅၄၇၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာ အလုပ်သမားများ ပြန်လည် ဝင်ရောက်လာရာတွင် ဇွန် ၂၉ ရက်နှင့် ၃ဝ ရက်တို့က မြဝတီမြို့ (၉၉၉) ဂိတ်မှသာ ဝင်ရောက်ခဲ့သော်လည်း ထိုင်းနိုင်ငံအလုပ်သမား ဥပဒေသစ်ကို ထိုင်းနိုင်ငံဝန်ကြီးချုပ် က ရက်ပေါင်း၁၂ဝ ရပ်ဆိုင်းလိုက်သည့် နောက်ပိုင်း နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးမှုဖြင့် ဇူလိုင် ၁ရက်၊ မွန်းလွဲပိုင်းမှစတင်ကာ နှစ်နိုင်ငံတာဝန်ရှိသူများ အလွှဲအပြောင်းဖြင့် ချစ်ကြည်ရေးတံတားမှ တရားဝင် ပြန်လည်လက်ခံခဲ့ကြောင်း သိ
ရသည်။

#Yadanarpondaily

Monday, July 3, 2017

တကောင်းနီကယ်စက်ရုံမှ မြန်မာအလုပ်သမားခေါင်းဆောင်များနှင့် လုပ်ငန်းရှင်တွေ့ဆုံမည်



ထီးချိုင့် ၃-၇-၂၀၁၇

တကောင်းနီကယ်စက်ရုံမှ မြန်မာအလုပ်သမား ခေါင်းဆောင်များသည် လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ညှိနှိုင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ စက်ရုံရှိ အလုပ်သမားခေါင်းဆောင် များထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာ အနီးတွင်တည်ရှိသော တကောင်းတောင် ဖယ်ရိုနီကယ်စီမံကိန်း သတ္တုတူးဖော်ရေး လုပ်ငန်းမှ မြန်မာအလုပ်သမား ခေါင်းဆောင်များသည် လုပ်ငန်းရှင်နှင့် တွေ့ဆုံညှိနှိုင်းကာ ရှေ့ဆက်လက်တွဲလုပ်ကိုင်ရန် အစီအစဉ်များကို ဆွေးနွေးလိုပါကြောင်း ဇွန် ၃ဝ ရက်က စာတင်၍ အကြောင်းကြား ထားကြောင်း အလုပ်သမားခေါင်းဆောင် ကိုတင်မျိုးထွန်းထံမှ သိရသည်။

''ကျွန်တော်တို့ကတော့ တရားဝင်စာတင်ပြီးတော့ ပြောထားတယ်။ သူတို့ဘက်က အကြောင်းတော့ မပြန်သေးပါဘူး။ စနေ၊ တနင်္ဂနွေခံနေလို့လားတော့ မသိဘူး။ ကျွန်တော်တို့ကလဲ အလုပ်သမားအဖွဲ့အစည်းအဖြစ် တရားဝင်ပုံစံ (၇) ကလဲ ကျပြီဆိုတော့ လုပ်ငန်းရှင်နဲ့ တွေ့ဆုံပြီး ရှေ့ဆက်လက်တွဲပြီး အေးအေးချမ်းချမ်း ဘယ်လို လုပ်ဆောင်ကြမလဲ ဆိုတာကို ဆွေးနွေးမှာပါ။ တွေ့ခွင့်ရရင်တော့ အဓိကအနေနဲ့ အလုပ်သမားတွေ အတွက်လူမှုဖူလုံရေး ခံစားခွင့်ရရှိ အောင်လုပ်ဖို့အတွက် ပြောသွားမယ်။ နောက်ကျွန်တော်တို့ အလုပ်သမားအဖွဲ့အစည်းအတွက် ရုံးခန်းနေရာတစ်ခုကိုလဲ တောင်းသွားမယ် ဒီလောက်ပါပဲ''ဟု ၎င်းကဆက်လက် ပြောပြသည်။

အဆိုပါ တကောင်းနီကယ်စက်ရုံမှ မြန်မာအလုပ်သမားများ အနေဖြင့် လုပ်ခလစာတိုးမြှင့်ရရှိရေး၊ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် အလုပ်ထုတ်ခံထားရသည့် အလုပ်သမားခေါင်းဆောင်များကို အလုပ်ပြန်လည်ခန့်အပ်ရေးတို့ကို တောင်းဆိုထားကာ ဆန္ဒဖော်ထုတ်မှုများလည်း သုံးကြိမ်ခန့်ထိပြုလုပ် ထားကြောင်း သိရသည်။

#Yadanarpondaily

Friday, April 7, 2017

လက်ရှိလူငယ်များ အလုပ်အကိုင်ရရှိမှု အခြေအနေအတိုင်း ဆက်လက်ရှိစေရေး နောက် ၄ နှစ်အတွင်း အလုပ်အကိုင် တစ်သန်းခန့် ဖော်ဆောင်ရန်လိုအပ်



ရန်ကုန် ၊ ၇-၄-၂၀၁၇

လက်ရှိလူငယ်များ အလုပ်အကိုင်ရရှိမှု အခြေအနေအတိုင်း ဆက်လက်ရှိစေရန် နောက်လေးနှစ်တာ ကာလအတွင်း အလုပ်အကိုင် တစ်သန်းခန့် ဖော်ဆောင်ရန် လိုအပ်လာမည် ဖြစ်ကြောင်း UNFPA ၏ ထုတ်ပြန်ချက်အရ သိရသည်။

UNFPA ၏ လတ်တလော ထုတ်ပြန်ချက် အရ လက်ရှိ အလုပ်အကိုင်ရရှိမှု အဆင့်အတိုင်း ဆက်လက်ရှိစေရေး နောက်လေးနှစ် အတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း တစ်သန်းခန့် ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အထိ အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၃ ဒသမ ၇ သန်းခန့် ဖော်ဆောင်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတွင်းရှိ လူငယ်များအတွက် Public Health ၊ Secondary Education ၊ Vocational Training များကို ရရှိလွယ်စေရေး လုပ်ဆောင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန် စီးပွားရေး စည်းမျဉ်းများ ပြင်ဆင်ဖြည့်စွက် ရေးဆွဲရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါ အခြေအနေ များတွင် လူငယ်များအတွက် အဓိကဦးတည်ချက် ထားသော စည်းမျဉ်း စည်းကမ်းများ ပေါင်းစပ် ထည့်သွင်းခြင်းကို လိုအပ်ပါက ပြုလုပ်ပေးရမည် ဖြစ်သည်။

''နိုင်ငံရဲ့ အနာဂတ်အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအရ နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ပိုမိုပေါ်ပေါက် လာမယ်ဆိုတာ အသေအချာ ပါပဲ။ စိန်ခေါ်မှုတစ်ရပ် အနေနဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာတဲ့ အချိန်မှာ နိုင်ငံတွင်းမှာရှိတဲ့ လုပ်သားတွေ အနေနဲ့ သူတို့လိုအပ်တဲ့ လုပ်ငန်းခွင် ကျွမ်းကျင်မှုတွေနဲ့ ကိုက်ညီမှု ရှိဖို့ လိုအပ်ပါတယ်'' ဟု Jobnet.com.mm မှ Mr.Matt De Luca ကပြောသည်။

အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင် ပေးခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အတွက် မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း UNFPA ကဖော်ပြခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းကြောင့် လူငယ်များ အနေဖြင့် အလုပ်အကိုင် ရှာဖွေရာတွင် ခက်ခဲလာခြင်းနှင့် လူမှုဝန်းကျင်များ ၌လည်း နေရာရှားပါးလာ၍ ယုံကြည်မှု နည်းပါးလာပြီး ဖွံ့ဖြိုးတိုးတက် လာနိုင်စွမ်းပါ နည်းပါးလာ စေမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Friday, March 3, 2017

မြန်မာသင်္ဘောသားလောက ဖွံ့ဖြိုးတိုးတက်ရေးတွင် သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အလိုက် ပညာဖလှယ်နိုင်မှုကို အရေးကြီးအချက်တစ်ခု အဖြစ်ပါဝင်



ရန်ကုန် ၊ ၃-၃-၂၀၁၇

ကမ္ဘာ့ရေကြောင်း သွားလာမှုဆိုင်ရာ နည်းပညာများ တိုးတက်လာသည် နှင့်အမျှ မြန်မာ သင်္ဘောသားလောက ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အလိုက် သင်္ဘောသားများ အချင်းချင်းကြား ပညာဖလှယ် မျှဝေနိုင်မှုသည် အရေးကြီး အချက်တစ်ခု အဖြစ် ပါဝင်နေကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ကပ္ပတိန် ဦးဇင်မောင်ထွန်း ထံမှ သိရသည်။

''မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်ရဲ့ ၁၉၉၈ - ၁၉၉၉ ကျောင်းသား တွေက အခုဆို သင်္ဘော အရာရှိကြီးတွေ အဖြစ် သင်္ဘောတွေမှာ တာဝန်ယူ နေကြပါပြီ။ တချို့က မျိုးဆက်သစ် သင်္ဘောသားတွေ ပေါ်ထွက် လာစေဖို့ ဆရာအဖြစ် တာဝန်ထမ်းဆောင် နေသူတွေရှိတယ်။ တချို့က သင်္ဘော ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ပြီး သင်္ဘောကြီး တွေမှာ ကပ္ပတိန်တွေနဲ့ သင်္ဘော အင်ဂျင်နီယာ တွေအဖြစ် လုပ်ကိုင်နေသူတွေ ရှိကြတယ်။ 

သင်္ဘောသား တွေက ဒီလိုနိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ နေရာပေါင်းစုံမှာ အလုပ် လုပ်တဲ့အတွက် အတွေ့အကြုံတွေ အမျိုးမျိုး ရရှိလာကြတယ်။ ဒီ အတွေ့အကြုံကောင်း တွေကို သင်္ဘောသား အချင်းချင်း အပြန်အလှန် ပညာရပ်တွေ ဖလှယ်ကြမယ်၊ မျှဝေ ကြမယ်ဆိုရင် သင်္ဘောသား လောက ခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့ ပိုမြန်ပါလိမ့်မယ်'' ဟု ကပ္ပတိန် ဦးဇင်မောင်ထွန်း ကပြောသည်။

မြန်မာနိုင်ငံရှိ ရေကြောင်း ပညာတက္ကသိုလ် နှင့် ကုန်သွယ်ရေကြောင်း ကောလိပ် (ရေကြောင်းပညာ သိပ္ပံ)တို့မှ ကျောင်းဆင်း အရာရှိများကို ပြည်ပသင်္ဘောလိုင်း အသီးသီးရှိ ကုမ္ပဏီကြီးများက သင်္ဘောသားများ အဖြစ် အလုပ်ခေါ်ယူ ရာတွင် ဦးစားပေး ခေါ်ယူကြောင်း သိရသည်။

''ကုန်သွယ်ရေကြောင်း ကောလိပ်မှာ ဒီပလိုမာရရှိတဲ့ ရေကြောင်း အရာရှိပဲ ဖြစ်ဖြစ်၊ ရေကြောင်းပညာ တက္ကသိုလ်မှာ ဘွဲ့ရရှိတဲ့ ရေကြောင်းအရာရှိ ပဲဖြစ်ဖြစ် သင်ကြားလိုက်တဲ့ ပညာရပ် တွေနဲ့တင် ရပ်တန့်မနေဘဲ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ ရေကြောင်း ပညာရပ်နယ်ပယ် အသီးသီးကို ကိုယ်နဲ့ဆိုင်လို့ လေ့လာရသလို မဆိုင်တဲ့ ရေကြောင်းပညာရပ် နယ်ပယ်ကိုလည်း လေ့လာရပါမယ်။ ဒါမှ ဘက်စုံထောင့်စုံ ကနေ နားလည်နိုင်တဲ့ သင်္ဘောသားကောင်း တစ်ဦး ဖြစ်မှာပါ'' ဟု ရေကြောင်း အတတ်ပညာများ သင်ကြားပို့ချ ပေးနေသော အင်ဂျင်နီယာမှူး ဦးအောင်လင်းချို ကပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, February 27, 2017

ဂျပန်နိုင်ငံ၏ အလုပ်သမားများအပေါ် အလေးထားသည့် Premium Friday အစီအစဉ်သစ်



( ရှိန်းထက် ဘာသာပြန်သည် )

ဂျပန် ဟု ဆိုလိုက်သည်နှင့် ကမ္ဘာပေါ်ရှိ စီးပွားရေး ထိပ်တန်းနိုင်ငံ တစ်နိုင်ငံအဖြစ် ပြေးမြင်ကြမည် ဖြစ်သည်။ ထိုနည်းတူ ဂျပန်တို့၏ အလုပ်လုပ်ပုံဟု ဆိုလိုက်သည်နှင့် အမေရိကန်တို့ ကပင် ချီးကျူးရ လောက်အောင် အလုပ်ကို သူမတူအောင် လုပ်ကိုင်ကြသည့် လူမျိုးအဖြစ် ပြေးမြင်ကြမည် ဖြစ်သည်။

ထို့ကြောင့် ဂျပန်တို့သည် အချိန်တိုအတွင်း ဒုတိယကမ္ဘာစစ် အတွင်းက နျူကလီးယား ဗုံးဒဏ်ကြောင့် ပြာပုံဖြစ်ရသည့် ဘဝမှ ပြန်လည် နာလန်ထူနိုင်ပြီး ကမ္ဘာ့ စီးပွားရေး အင်အား ကြီးမားသည့် နိုင်ငံများတွင် ပါဝင်လာခဲ့သည်။ သို့သော် အချိန် ကြာမြင့်စွာ အလုပ်လုပ် ဆောင်ခြင်းသည် ဂျပန်လူမျိုးများ ကြားတွင် စိတ်ဖိစီးမှု ပြဿနာများ ဖြစ်ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အများဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ဂျပန်နိုင်ငံသည် ထိပ်ဆုံးမှ ရောက်ရှိ လာပြန်သည်။

အလုပ်ချိန် ကြာမြင့်၍ အလုပ်သမားများ ဖိအားများပြီး သေဆုံးရခြင်း အပေါ် ကျွမ်းကျင် ပညာရှင်များက အဖြေကိုရှာဖွေ တွေ့ရှိခဲ့ ကြသည်။ သို့သော် သေချာသည့် အဖြေကို မည်သူမျှ မပေးနိုင်ဘဲ အလုပ်ချိန် ကြာမြင့်မှုနှင့် အသက်အန္တရာယ် ဆုံးရှုံးမှု ပြဿနာသည် အချိန် အတော်ကြာ အငြင်းပွားစရာ ပြဿနာအဖြစ် ရှိနေသည်။ ယခုအခါ အလုပ်ချိန် ကြာမြင့်သည့် အတွက် ဂျပန်လူမျိုးများ သေဆုံးရသည် ဆိုသည့်အချက်ကို လက်ခံလာကြပြီ ဖြစ်သည်။ စစ်တမ်းများက တစ်လကို နာရီပေါင်း ၁ဝဝ ကျော် အလုပ်လုပ်ရသည့် အလုပ်သမား များသည် သာမန်လူများထက် သေဆုံးမှု အန္တရာယ် နှစ်ဆမြင့်မား သည်ဟု ဖော်ပြထားသည်။ ထိုနည်းတူစွာ ဂျပန်နိုင်ငံ၌ ရှိသည့် ကုမ္ပဏီငါးခုတွင် တစ်ခုမှာ လုပ်သားများ အဖို့ တစ်လလျှင် နာရီပေါင်း ၁ဝဝ ကျော်အထိ အလုပ်လုပ် ရသည့် ကုမ္ပဏီများ ဖြစ်သည်။

၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး ဂျပန်အမျိုးသား တစ်ဦးသေဆုံးမှု ကြောင့် ကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ တရားနိုင် ခဲ့သည်။ ကာရိုရှီ ဟူသော အမျိုးသားသည် အလုပ်ချိန်ပို လုပ်ရသောကြောင့် စိတ်ဖိစီးမှု များကာ ကျန်းမာရေး ချို့ယွင်းလာပြီး သေဆုံးရသည် ဟု ဆရာဝန်များက မှတ်ချက်ပေး သဖြင့် တရားရုံးက သေဆုံးခဲ့မှု အတွက် ကုမ္ပဏီကို ဒဏ်ငွေ ပေးဆောင်စေပြီး ကာရိုရှီ ကို အနိုင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ ဂျပန်အစိုးရ အဖွဲ့သည် အလုပ်ချိန် လျှော့ချရန် နည်းလမ်းများကို ရှာဖွေခဲ့ ကြသည်။ နှစ်လဟူသော အချိန် အတိုင်းအတာတွင် ဂျပန်တို့ Premium Friday ဟုခေါ်သော အစီအစဉ်သစ် ကို ဂျပန်အလုပ်သမား များအတွက် ရှေးရှုကာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဦးဆောင်၍ စတင်ပြင်ဆင် ခဲ့သည်။ 

သူ့အစီအစဉ်တွင် ပါဝင်ရန် ဂျပန် ကုမ္ပဏီကြီးများ ကိုလည်း တိုက်တွန်းခဲ့သည်။ ယခုဂျပန်နိုင်ငံ ၏ အဓိက လုပ်ငန်းကြီးများ ဖြစ်သော ကားကုမ္ပဏီများ၊ အစားအသောက် လုပ်ငန်းကြီးများနှင့် ရထား ကုမ္ပဏီကြီး များက အာဘေး၏ အစီအစဉ်တွင် ပူးပေါင်းပါဝင် လာကြပြီ ဖြစ်သည်။ Premium Friday ဆိုသည်မှာ လတစ်လတိုင်း ၏ သောကြာနေ့ ညနေ သုံးနာရီတွင် အလုပ်သမား များကို ပုံမှန်ထက် နှစ်နာရီစောကာ ရုံးဆင်းစေခြင်း ဖြစ်သည်။

ထိုအချိန်တွင် အလုပ်သမားများ ဈေးဝယ်ထွက် စေခြင်း၊ မိသားစုများ၊ သူငယ်ချင်းများနှင့် သွားရောက် တွေ့ဆုံခြင်း၊ အပန်းဖြေ စေခြင်းပြုရန် ဂျပန်အစိုးရက ထောက်ခံပေး ထားသည့် သီးသန့် အစီအစဉ် ဖြစ်သည်။ လာမည့် မတ်လတွင် ဝန်ကြီးချုပ် အာဘေး ၏ Premium Friday အစီအစဉ် စတင် အသက်ဝင်မည် ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကိုယ်တိုင် ပါဝင်ဆင်နွှဲမည် ဖြစ်သည်။

ထိုသောကြာနေ့ သုံးနာရီမှ နောက်ပိုင်း အချိန်ကို ဘုရားကျောင်းတွင် တရားထိုင်ရင်း စတင်ပါဝင် ဆင်နွှဲမည်ဟု အာဘေးက ကြေညာခဲ့ပြီး မီးရထား ကုမ္ပဏီများ ကလည်း Premium Friday မှာ အလုပ်သမားများ အတွက် သီးသန့်ရည်ရွယ်၍ အစားအသောက် များကို ရထားပေါ်တွင် အလွယ်တကူ ရရှိနိုင်စေရန် ဆောင်ရွက်ပေး ထားဦးမည် ဖြစ်သည်။

ဂျပန်နိုင်ငံ၌ အလုပ်သမားများ အဖို့ တစ်ပတ်လျှင် အားလပ်ရက် တစ်ရက်ဖြင့်သာ ဘဝ တစ်လျှောက်လုံး ဖြတ်သန်း နေရသည်။ ရုံးဝန်ထမ်းများနှင့် အလုပ်သမား များသည် ထိုအားလပ်ရက် ကို ပျော်ပျော်ရွှင်ရွှင် နှင့်
သောက်စားပြီး ဖြတ်သန်းကြသည်။ နောက်တစ်ရက် တွင်တော့ သူတို့၏ အလုပ် စားပွဲပေါ်သို့ စောစောစီးစီး ပြန်ရောက်အောင် မဖြစ်မနေ အားထုတ်ကြ ရပြန်သည်။ ညကပျော်ပါး သောက်စား ထားသည့်ဒဏ်က အလုပ်ချိန်ကို ကောင်းကောင်းကြီး နှိပ်စက် နေပြီဖြစ်သည်။ ထို့ကြောင့် အဆင်မပြေမှုများ စတင် ဖြစ်ပေါ်လာပြီး အချိန်ပိုဆီကို ခရီးဆက်ရကိန်းက ပိုများနေပြီ ဖြစ်သည်။ ထိုအလုပ် သမားတို့၏ နေထိုင်မှုပုံစံ ခေါက်ရိုးကျိုး နေခြင်းက ဖိအားများကို ဖြစ်ပေါ် လာစေပြီး တဖြည်းဖြည်းနှင့် လုပ်သင့်သည့် အလုပ်ချိန်ထက် ပိုများလာကာ တစ်လကို နာရီ ၁ဝဝ ထက်ပိုပြီး အလုပ်လုပ် လာခဲ့ခြင်း ဖြစ်သည်။ ထိုနေထိုင်မှုပုံစံ ခေါက်ရိုးကျိုး နေခြင်းကပင် ကျန်းမာရေးနှင့် နောက်ဆက်တွဲ ပြဿနာ များကို ဖြစ်ပေါ်စေပြီး အသက်သေဆုံး စေခြင်းအထိပင် ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ 

သုတေသီများက တစ်လကို အလုပ်လုပ်ချိန် ၁ဝ၅ နာရီထက် ကြာလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်နိုင်သည်ဟု ဆိုထားပြီး ဂျပန်နိုင်ငံ၌ လူများသည် တစ်လကို နာရီ ၁ဝဝ ထက်ပိုပြီး အလုပ်လုပ် လာခဲ့ခြင်း ဖြစ်သည်။ ထိုနေထိုင်မှု အချိုးကျပုံစံ ကပင် ကျန်းမာရေးနှင့် နောက်ဆက်တွဲ ပြဿနာများကို ဖြစ်ပေါ်စေပြီး အသက်သေဆုံး စေခြင်းအထိပင် ဖြစ်ပေါ်စေခြင်း ဖြစ်သည်။

သုတေသီများက တစ်လကို အလုပ်လုပ်ချိန် ၁ဝ၅ နာရီထက် ကြာလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ရာခိုင်နှုန်း အမြင့်ဆုံး ဖြစ်နိုင်သည်ဟု ဆိုထားပြီး ဂျပန်နိုင်ငံ၌ အလုပ်ချိန် များနေမှု၊ ဂျပန်လူမျိုးများ သေဆုံးမှုနှင့် ကိုယ်တိုင် သတ်သေမှု မြင့်မား လာခြင်းကြောင့် အာဘေး အစိုးရက ယခု Premium Friday အစီအစဉ်နှင့် အလုပ်သမား တို့၏ နေထိုင်မှု ဘဝပုံစံကို ပြောင်းလဲအောင် ဆောင်ရွက်ပေး ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ၏ အဓိက ကားကုမ္ပဏီကြီး များနှင့် အစားအသောက် လုပ်ငန်းများ အပြင် ဘဏ်များကပင် အစိုးရ၏ အစီအစဉ်တွင် ပါဝင်မည်ဟု ယခုနောက်ပိုင်း ဆိုလာပြီး အသေးစား လုပ်ငန်းလေး များကတော့ ပါဝင်လာရန် အလားအလာ နည်းနေသေးသည်။ သို့သော် အာဘေး၏ အလုပ်ချိန်လည်း မပျက် အားလပ်ရက်လည်း နှစ်ရက် ဖြစ်စေမည့် Premium Friday အစီအစဉ်သည် ဂျပန်အလုပ်သမား တို့အတွက် သိန်းနှင့်ချီသော ဆုကြီးပေါက် သကဲ့သို့ဖြစ်ပြီး ဂျပန်၌ အလုပ်ကြောင့် လူသေဆုံးမှုနှုန်းကို လျှော့ချရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Tuesday, February 14, 2017

ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဆောက်လုပ်ရေး ပစ္စည်းတန်ဖိုးနှင့် လုပ်သားစရိတ် ကြီးမြင့်မှုများ တွေ့ကြုံနေရ



ရန်ကုန် ၊ ၁၄-၂-၂၀၁၇

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည်စတင် လည်ပတ်လာပြီ ဖြစ်သော်လည်း ဆောက်လုပ်ရေး ပစ္စည်းတန်ဖိုး နှင့် လုပ်သားစရိတ် ကြီးမြင့်မှုများ တွေ့ကြုံ နေရကြောင်း ပြည်သာယာ ဆောက်လုပ်ရေး ၏ လိုင်စင်ရ ကန်ထရိုက်တာ ဦးမင်းဇော်ဦး ထံမှ သိရသည်။

''ဒီကာလကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြန်စတယ် ဆိုပေမယ့် အရောင်းအဝယ်က ပုံမှန်ပဲရှိတယ်။ နောက်တစ်ခုက အရင်နှစ်တွေ ကလို လုံးချင်းအိမ် ဆောက်ပြီးတော့ ရောင်းတဲ့ ဝယ်ရောင်း သမားတွေ တက်မလာ တော့ဘူး။ ဒီတော့ လုပ်ငန်းပိုင်းတွေက အေးတယ်။ နောက်တစ်ခုက အိမ်ဆောက်ပစ္စည်း ဈေးက ပုံမှန်ဆိုပေမယ့် အခုပြဿနာ ဖြစ်တာက အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ အတွက် နေ့စားခတွေ မြင့်တက်လာတယ်။ 

အဲဒီတော့ အဆောက်အအုံ ဆောက်လုပ်တဲ့ အခါ ပစ္စည်းဖိုးနဲ့ လက်ခက အတူတူလောက် ဖြစ်နေတဲ့ အတွက် လုံးချင်းဆောက်တဲ့ သူတွေနဲ့ အိမ်အကြီးစား ပြင်ဆင်တဲ့သူတွေ အခက်အခဲ တွေ့နေကြတယ်'' ဟု ဦးမင်းဇော်ဦး က ပြောသည်။

ထို့ပြင် ဒဂုံ (မြောက်ပိုင်း) မြို့နယ် အပါအဝင် မြို့သစ်များနှင့် မြို့တွင်း မဟုတ်သော ပြင်ပမြို့နယ်များ၌ လုံးချင်းအိမ်များ နှင့် တိုက်ခန်းများ အကြီးစား ပြင်ဆင်ခြင်း၊ အသစ် တည်ဆောက်ခြင်းများ စတင်နေကြ သော်လည်း အိမ်ရှင်၊ ကန်ထရိုက်နှင့် အင်ဂျင် နီယာ များကြား ဆောက်လုပ်ရေး ပစ္စည်း စရိတ်နှင့် အလုပ်သမားစရိတ် ထပ်တူကျနေ မှုကြောင့် အလုပ် မတွင်ကျယ်ကြောင်း လိုင်စင်ရ ကန်ထရိုက်တာ ဦးမောင်ထွေး က ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့ ဆောက်လုပ်ရေး လုပ်ငန်း၌ တစ်ရက် လုပ်အားခ အဖြစ် အထွေထွေ လုပ်သား တစ်ဦးအတွက် ငွေကျပ် ၅ဝဝဝ၊ သံလက်ကိုင် (ပန်းရန်အကူ) တစ်ဦးအတွက် ငွေကျပ် ၇ဝဝဝ၊ ပန်းရန်ဆရာ တစ်ဦးအတွက် ငွေကျပ် တစ်သောင်းနှုန်း နှင့် ဆောက်လုပ်ရေး အဖွဲ့ခေါင်းဆောင် တစ်ဦးအတွက် ငွေကျပ် သုံးသောင်း ဝန်းကျင် ပေးချေရကြောင်း သိရသည်။ ယခုကာလတွင် ဆောက်လုပ်ရေး ပစ္စည်းများ ခေတ်မီလာမှု၊ သစ်အစား သံနှင့် ဂျီအိုင်သတ္တုများ သုံးစွဲလာ မှုကြောင့် လုပ်ငန်းခွင်တွင် ခန့်မှန်း တွက်ချက် ထားသည့် အတိုင်းသာ ကုန်ကျမှုများရှိ လာခြင်းမှာ အားသာမှု ဖြစ်ပြီး အုတ်မြစ်ချကာ သံတိုင်များဖြင့် တည်ဆောက် ခြင်းကြောင့် အချိန်လျင်မြန် လာကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

Monday, February 6, 2017

မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သူများကို နေထိုင်ခွင့်လျှောက်ထားမှု တစ်ကြိမ်လျှင် တစ်နှစ်အထိ ပေးရန်စီစဉ်နေ


ရန်ကုန် ၊ ၆-၂-၂၀၁၇

မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက် လာရောက်သော နိုင်ငံခြားသား များကို ခြောက်လမှ တစ်နှစ်အထိ နေထိုင်ခွင့် သက်တမ်း (Stay Permit) ကို ခွင့်ပြုပေးသွားရန် ရှိနေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်း၌ ကုမ္ပဏီဥပဒေ ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြစ်စေ နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံမည် ဆိုပါက ၄င်းကုမ္ပဏီ Both of Director တွင်ပါဝင်သူများ၊ ကုမ္ပဏီမှ ခန့်ထားသူများ အတွက် Stay permit လျှောက်ထား နိုင်ကြောင်း၊ ပထမ တစ်ကြိမ်တွင် သုံးလ၊ ဒုတိယတစ်ကြိမ် လျှောက်ပါက ခြောက်လဖြစ်ပြီး တတိယအကြိမ် လျှောက်ထားပါက တစ်နှစ်ခွင့်ပြု ထားကြောင်း၊ လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အတွက် လာရောက် နိုင်ငံခြားသား များကို ခြောက်လမှ တစ်နှစ်အထိ နေထိုင်ခွင့် သက်တမ်းကို ခွင့်ပြုရန်စီစဉ် နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လျှောက်ထားမှုတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ၊ ကျွမ်းကျင် ပညာရှင်များ၊ အလုပ်သမားများ အတွက် နေခွင့် သက်တမ်းကို ၄င်းတို့၏ ဆန္ဒအရ ခြောက်လ (သို့မဟုတ်) တစ်နှစ် တိုးခွင့်ပြုရန် သက်တမ်းရှိသည့် ကုမ္ပဏီ၊ မှတ်ပုံတင် ရှိသည့်ကုမ္ပဏီများ၊ Work Permit များနှင့်တင်ပြ လျှောက်ထား မည်ဆိုပါက ခြောက်လမှ တစ်နှစ်အထိ တိုးမြှင့်ပေးရန် အစီအစဉ် ရှိနေကြောင်း၊ ယင်းအတွက် လူကိုယ်တိုင် လာရောက် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံခြားသား အမြဲတမ်း နေထိုင်ခွင့် (PR) စနစ် လျှောက်ထားခွင့် ရှိသူများတွင်လည်း ပညာရှင်များ၊ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံသူများ၊ နိုင်ငံသား ဟောင်းများ၊ နိုင်ငံသားများနှင် ဇနီး/ခင်ပွန်း၊ သားသမီး စသည့် သွေးသား တော်စပ်သူဟူ၍ အမျိုးအစား လေးမျိုးခွဲခြားကာ သတ်မှတ် ဆောင်ရွက်ပေး ကြောင်း၊ ယင်းစနစ် လျှောက်ထားခွင့် မရှိသူများသည် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်အဖြစ် သတ်မှတ်ခံထား ရသူများ၊ြ ပည်ပနိုင်ငံ တစ်ခုခုတွင် နိုင်ငံရေး ခိုလှုံခွင့်ဖြင့် နေထိုင်ရ သူများနှင့် ပြည်တွင်းပြည်ပ (သို့မဟုတ်) နိုင်ငံတကာ ပြစ်မှုမှတ်တမ်း စာရင်းရှိသူ များအား လျှောက်ထားခွင့် မပြုကြောင်း၊ လက်ရှိခွင့်ပြုရန် စီစဉ်ထားမှုတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် နိုင်ငံခြားသား များအား သတ်မှတ်ချက်ပေါ် မူတည်၍ ခြောက်လမှ တစ်နှစ်အထိ ခွင့်ပြုရန် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Tuesday, January 31, 2017

အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးနိုင်ခြင်း နှင့် အကျိုးဆက်များ


အလုပ်အကိုင် အခွင့်အလမ်း မဖန်တီးနိုင်ခြင်း နှင့် အကျိုးဆက်များ

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်
( နိုင်ငံရေးဘောဂဗေဒ အတွေးအမြင်)

အလုပ်လက်မဲ့ ဖြစ်သည့်အကြောင်း

နိုင်ငံတစ်နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အတိုင်းအတာကို နိုင်ငံရေး ဘောဂဗေဒ ရှုထောင့်နဲ့ကြည့်ရင် အလုပ်လက်မဲ့နှုန်း ဘယ်လောက်ရှိလဲ ဆိုတာနဲ့ တိုင်းတာတယ်။ အလုပ်လက်မဲ့နှုန်း ဖြစ်တာများရင် စီးပွားရေးအရ အကျိုးမရှိ သလို နိုင်ငံရေးမှာလဲ အန္တရာယ် ရှိတယ်ဆိုတာ လူတိုင်းက သုံးသပ်ထားပြီး ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ဆိုတဲ့ ပေတံ (ဒါမှမဟုတ်) အလုပ်လက်မဲ့ ဆိုတဲ့ ပေတံဟာ အင်မတန် အရေးကြီးတဲ့ မြင်ကွင်းတစ်ခု ဆိုရင်လဲ မမှားပါဘူး။

အမေရိကန်နိုင်ငံ မှာဆိုရင် သမ္မတ တစ်ယောက်ရဲ့ သက်တမ်းမှာ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လောက်ဖန်တီး ပေးနိုင်တယ်။ အလုပ်လက်မဲ့နှုန်း ဘက်လောက်ရှိတယ် ဆိုတာမျိုး၊ အလုပ်လက်မဲ့နှုန်း လျော့တာ ၊ တိုးတာ စတဲ့ ကိန်းဂဏန်း အနည်း ၊ အများကို စစ်တမ်းယူလေ့ ရှိတယ်။ စနစ်တွေရဲ့ စစ်တမ်းကို ခြုံငုံကြည့်ရင် တစ်ချိန်တုန်းက ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ် မှာ အလုပ်လက်မဲ့ လုံးဝမရှိစေရ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဦးတည်ချက် ရှိခဲ့တယ်။ အရင်းရှင် ဒါမှမဟုတ် ဈေးကွက် စီးပွားရေးစနစ် မှာတော့ အလုပ်လက်မဲ့ ဆိုတာ လုံးဝမရှိရဘူး ဆိုတဲ့ ရည်မှန်းချက်ဟာ ယုတ္တိမရှိဘူး။ အလုပ်လက်မဲ့ ကတော့ ရှိနေမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ အလုပ်မရှိ တာထက် အလုပ်မလုပ် ချင်တဲ့လူမျိုးလဲ ရှိမှာပဲဆိုပြီး သုံးသပ် လာကြတယ်။

ဒါကြောင့် ရာနှုန်းပြည့် အလုပ်ရှိတဲ့ အခြေအနေက သပ်သပ် ဖန်တီးတယ်ဆိုတဲ့ အနေအထားလဲ ဖြစ်တယ်လို့ ဆိုလာပြန်တယ်။ ကျွန်တော်တို့ အနေနဲ့ ဘယ်လိုပဲပုံစံ အမျိုးမျိုးနဲ့ လက်ခံကျင့်သုံးတာ ဖြစ်ဖြစ် အလုပ်လက်မဲ့ များတာကတော့ ဆုံးရှုံးမှုတစ်ရပ် ပါပဲ။ အလုပ်လုပ်နိုင်တဲ့ သူက အလုပ်မလုပ်တာ ဆုံးရှုံးမှုပဲ ဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဦးတည်ချက် အနေနဲ့ပြောရင် တော့ အလုပ်လက်မဲ့နှုန်း ကို လျှော့ချနိုင်ဖို့ အရေးကြီး တယ်။ အလုပ်လက်မဲ့နှုန်း ကို နှစ်ရာခိုင်နှုန်း၊ သုံးရာခိုင်နှုန်း ထက် မပိုစေရ။ ဒါထက် ပိုလာရင်တော့ စီးပွားရေး ပြဿနာကနေ တစ်ဆင့် လူမှုရေး ပြဿနာ တွေ၊ နိုင်ငံရေး ပြဿနာတွေ ဖြစ်လာနိုင်တယ် ဆိုတဲ့ အယူအဆတွေလဲ ရှိတယ်။ အဲဒီလိုရှိတဲ့ အတွက် ကျွန်တော်တို့က မဟာဗျူဟာတွေ သုံးပြီး အလုပ်လက်မဲ့တွေ လျော့အောင် ကြိုးစားရမှာပါ။ တကယ်တမ်း အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းရင်း တွေကို လဲ စဉ်းစားရမှာ ဖြစ်တယ်။ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းဟာ ယေဘုယျ အားဖြင့်တော့ နှစ်မျိုးရှိတယ်။ နိုင်ငံရေး ဘောဂဗေဒ အမြင်နဲ့ ကြည့်ရင်တော့ ဝယ်လိုအားနဲ့ ရောင်းလိုအား ပါပဲ။

ဝယ်လိုအား၊ ရောင်းလိုအား ပြောတဲ့အခါမှာ Demand မရှိလို့ လုပ်ငန်းတွေ မချဲ့ထွင်နိုင်ဘူး ဆိုတာ ဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမှာ စီးပွားရေး မရှင်သန်နိုင်ဘူး ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရဖို့ အင်မတန်မှ ခက်ခဲတယ်။ အလုပ် မရှိတော့ ပိုဆိုးတာပါပဲ။ စက်ရုံ၊ အလုပ်ရုံတွေ မလည်ပတ် နိုင်ဘူး။ အလုပ်သစ်တွေ ရှိရင်တော့ တစ်ဖက်က အလုပ်အကိုင် အခွင့်အလမ်း တွေ ဖော်ဆောင်နိုင်ပြီး အလုပ်တွေ များများ ရနိုင်တာပါပဲ။ ဒါက တစ်ပိုင်းဖြစ်ပါတယ်။ အလုပ်တွေ ရှိလာရင် တောင် အလုပ်လုပ်နိုင်တဲ့ လူတွေလဲ ရှိအုံးမှဖြစ် မှာပါ။ တော်တော် များများက အလုပ်လုပ် ချင်တဲ့သူ၊ အရည်အသွေး ရှိတဲ့သူ၊ ပညာ အရည်အချင်း ရှိတဲ့သူက အလုပ်တွေ ရှာနေပေမယ့် တစ်ဖက်က အလုပ်မပေး နိုင်တာကလဲ အများအပြား ကို ရှိနေတာပါ။

အလုပ်လက်မဲ့လို့ ပြောတဲ့အခါမှာ ဘာကြောင့် အလုပ်လက်မဲ့ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းက အဓိကကျတယ်။ အလုပ်ကို မလုပ်ချင်လို့ အလုပ်လက်မဲ့ ဖြစ်တာက တစ်မျိုးဖြစ်တယ်။ အမှန်တကယ် ကျွန်တော်တို့ နစ်နာ တာကတော့ အလုပ်ကို လုပ်ချင်ရဲ့သားနဲ့၊ အလုပ်လိုချင်ရဲ့ သားနဲ့ အလုပ်မပေး နိုင်တာက ပြဿနာပဲ ဖြစ်တယ်။ မပေးနိုင်ဘူး ဆိုတာက တစ်ခါတလေမှာ လုပ်ချင်တဲ့သူက လုပ်ချင်ပေမယ့် သူ့မှာရှိတဲ့ အရည်အချင်းနဲ့ ဟိုဘက်က တောင်းဆိုလာနဲ့က နိုင်ငံရေး ဘောဂဗေဒ အတွေးအမြင် အရ Demand နဲ့ Supply ပါပဲ အဲဒီလို မကိုက်ညီဘူး ဆိုရင်လဲ အလုပ်လက်မဲ့ ဖြစ်မှာပါပဲ။

ဝိရောဓိများ

ဒါကြောင့် အခုချိန်မှာ ဖြစ်နေတာကတော့ ဝိရောဓိတွေ ပါပဲ။ ဝိရောဓိ ဖြစ်တာက အလုပ်အကိုင် အခွင့်အလမ်းတွေ လို့ပြောရင် လုပ်ငန်းရှင်တွေ ကလဲ ''ကျွန်တော်တို့ဆီမှာ ထူးချွန်တဲ့သူတွေ၊ အရည်အသွေး ရှိတဲ့သူတွေ မရှိဘူးလို့ပြောတယ်''။ တစ်ဖက်ကလဲ လူငယ်တွေက ''အလုပ်တွေရှာတယ်။ ဒါပေမဲ့ အလုပ်မရဘူး''လို့ ပြောတယ်။ အဲဒီလိုမျိုးကို ဝိရောဓိတွေ ဖြစ်နေတာပါ။ တစ်ဖက်က ဝန်ထမ်းတွေ လိုပေမယ့် တခြားဘက်မှာ အလုပ်တွေမ ရဘူးဆိုပြီး ဖြစ်နေကြတယ်။ အဲဒါက ပြဿနာပါပဲ။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကို သုံးသပ်တဲ့ နေရာမှာ အဲဒီပေတံတွေနဲ့ သုံးသပ်တာပဲ ဖြစ်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဟန်ချက်မညီ တာပါပဲ။ ဟန်ချက်မညီတာ ဘာကြောင့်လဲ ဆိုတော့ လုပ်ငန်းခွင် လောကကြီးနဲ့ ပညာရေးလောက မချိတ်ဆက်တာ တွေကြောင့်ပါပဲ။ မချိတ်တဲ့အခါမှာ ပညာရေးလောက ကလဲ ပညာတတ်တွေ ထုတ်ပေးနေတာပဲ ဖြစ်တယ်။ အဲဒီလို ထုတ်ပေးနေတဲ့ ပညာတတ်တွေရဲ့ အရည်အချင်းတွေက လုပ်ငန်းခွင်မှာ သုံးလို့ မရပြန်ဘူး။ သုံးလို့မရတဲ့ အခါမှာ လုပ်ငန်းခွင် လိုအပ်ချက်ကို ရာနှုန်းပြည့် မပေးနိုင်တောင် ၈ဝ ရာခိုင်နှုန်း ပေးနိုင်အောင် ကြိုးစားရမှာပဲ ဖြစ်တယ်။

အဲဒီလိုကြိုးစားမှလဲ အလုပ်အကိုင် အခွင့်အရေး တွေက ရှိနေမှာပါ။ ဒါကြောင့် ပညာရေးပေါ်လစီ ကလဲ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ပညာရေး ကလဲ ကိုယ်သင်ချင်တာ သင်မယ်ဆိုပြီး လုပ်လို့ မဖြစ်ပါဘူး။ အဲဒီလိုပဲ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ်လိုချင်တာတွေ ကွက်တိရမယ်လို့ မျှော်လင့်လို့ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ ပညာရေးဆိုတာ လုပ်ငန်းခွင် တစ်ခုတည်းအတွက် သတ်မှတ်ထားတာ မဟုတ်ပါဘူး။

လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ၊ စိတ်နေစိတ်ထား၊ ပြုပြင်ပြောင်းလဲမှု တွေတိုင်းအတွက် အရေးကြီးတဲ့ကဏ္ဍ တစ်ခုအနေနဲ့လဲ ပါဝင်နေတာပဲ ဖြစ်တယ်။ ဒါကြောင့် အလုပ်လက်မဲ့ ပြဿနာတွေကို ဖြေရှင်း နိုင်တာကတော့ လူငယ်တွေ အပါအဝင် သုံးပွင့်ဆိုင် (ဒါမှမဟုတ်) လေးပွင့်ဆိုင် ဖြေရှင်းရမှာပဲ ဖြစ်ပါတယ်။ အလုပ်လျှောက်တဲ့သူ၊ ပညာရေးလောက၊ အလုပ်ရှင် နဲ့ နိုင်ငံတော် အစိုးရပါပဲ။ အားလုံးညှိနှိုင်းမှ ရမယ့် အရာပဲ ဖြစ်တယ်။

အခုဖြစ်နေတာက ပညာရေး တာဝန်ရှိတဲ့သူ ကလဲ သင်ကြားရေး တစ်ခုကိုပဲ အာရုံစိုက်နေတယ်။ သင်ကြားရေးတွေဟာ အလုပ်နဲ့ ပတ်သက်လား၊ မပတ်သက်ဘူးလား ဆိုတာကို သိပ်မစဉ်းစားဘူး။ လုပ်ငန်းရှင်တွေ အနေနဲ့ကလဲ ကိုယ်က ဘယ်လိုလူတွေ လိုချင်တယ် ဆိုတာကို ဖော်ပြနိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်မှလဲ ပြေလည်မှာ ဖြစ်တယ်။

အလုပ်လက်မဲ့ပြဿနာ

ဒီတော့ အလုပ်လက်မဲ့ ဖြစ်တာတွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် တော့ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အလုပ်လုပ်ချင်တဲ့ သူတွေ အလုပ်မရှိရင် စိတ်ဓာတ် ကျလာမှာပဲ ဖြစ်တယ်။ ပညာတတ်တဲ့ ကလေးတွေ အလုပ်လက်မဲ့ ဖြစ်ရင် ပိုဆိုးတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ အတွေးအခေါ်က မြင့်မားတဲ့အတွက် မကျေနပ်မှုကလဲ ကြီးထွားပါတယ်။ နောက်ပြီး မြင့်မားပါတယ်။ ဒါကြောင့် ကျွန်တော် စိတ်ပူပင်ဆုံး ကတော့ ပညာတတ် အလုပ်လက်မဲ့ ဖြစ်တာကိုပါပဲ။ အဲဒီတော့ ဖြေရှင်းနိုင်မယ့် နည်းကို ရှာဖွေရမှာပဲ ဖြစ်တယ်။ အဲဒီလိုဖြေရှင်းတဲ့ နေရာမှာ ဘာကို သတိပြုရမလဲ ဆိုတော့ အလုပ်လက်မဲ့ ဖြစ်ရတဲ့ အကြောင်းရင်း တစ်ခုက လူငယ်တွေ အလုပ်ရှာရလို့ ပါပဲ။ ဒါဆိုရင် အလုပ်ရှာမယ့် အစား ကိုယ်ပိုင်အလုပ်တွေ လုပ်နိုင်တဲ့ အခွင့်အရေးရှိဖို့ လိုတာပါပဲ။ နိုင်ငံတော်အစိုးရ အနေနဲ့လဲ ကိုယ်ပိုင်အလုပ် လုပ်တဲ့ လူငယ်တွေ များများမွေးထုတ် ပေးနိုင်တဲ့ ပတ်ဝန်းကျင် ဖန်တီးရမှာပဲ ဖြစ်တယ်။

လူငယ်တွေရဲ့တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေ အတွက် ဈေးကွက်နဲ့ ချိတ်ပေးတာတို့၊ ငွေရေး၊ ကြေးရေး အထောက်အပံ့တွေ ပေးတာတို့ လုပ်ပေးရမှာပဲ ဖြစ်တယ်။ ဒီအလုပ်လက်မဲ့ကို ဖြေရှင်းမယ့် မဟာဗျူဟာတွေ ကိုတော့ အမျိုးမျိုးစဉ်းစား ကြရမှာပဲဖြစ်တယ်။ များများစဉ်းစား ရမှာ ဖြစ်သလို အလုပ်လက်မဲ့ ဖြစ်တဲ့သူတွေဟာ အခုဆိုရင် ဖားကန့်မှာ ကျောက်စိမ်း လုပ်ငန်းတွေဆီ ရောက်သွား ကြတာ အပါအဝင် ဘေးအန္တရာယ် ရှိတဲ့ လုပ်ငန်းတွေ သွား လုပ်ကြတာ တွေ့နေရတယ်။ ပိုပြီးအံ့သြစရာ ကောင်းတာက ကျွန်တော်တို့ ဆီမှာပဲ အလုပ်လက်မဲ့တွေ ဖြစ်နေကြတာ။ အိမ်နီးချင်း နိုင်ငံတွေမှာ ကိုယ့်ဆီက အလုပ်သမားတွေ ပုံနေတာပဲ ဖြစ်တယ်။ 

ကိုယ့်ဆီမှာ အခွင့်အရေး မရှိရင်တော့ သူများဆီ သွားမှာပဲဖြစ်တယ်။ အဲဒီလိုသွားတဲ့ သူတွေကို ကျွန်တော်တို့က အပြစ်တင်လို့ မရဘူး။ အဲဒီလူတွေ ကိုယ့်နိုင်ငံမှာ ပြန်ပြီး အလုပ်လုပ်ချင် အောင် ဘယ်လို လုပ်မလဲ။ ဒါဟာ ကျွန်တော်တို့ အတွက် စိန်ခေါ်မှု တစ်ရပ်ဆိုရင်လဲ မမှားပါဘူး။ စက်ရုံ၊ အလုပ်ရုံတွေ အသက်ဝင်ဖို့ လိုတယ်။ လုပ်ငန်းအသစ်တွေ ရှိဖို့လဲ လိုတယ်။ ကိုယ်ပိုင်အလုပ်တွေ လုပ်နိုင်အောင်လဲ ဖန်တီးပေးဖို့ လိုတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် နိုင်ငံတော်အစိုးရ မှာ တာဝန်ရှိသလို ပုဂ္ဂလိက ကဏ္ဍမှာလဲ တာဝန်ရှိတယ်။

အစိုးရတိုင်း အာရုံစိုက်ရသည့်ကိစ္စ

ပုံမှန်အနေအထားကို မဖန်တီးနိုင်ရင် လူငယ်တွေဟာ သူတို့နည်း၊ သူတို့ဟန်နဲ့ အဖြေရှာကြတာ တွေရှိလာတယ်။ အဖြေရှာတဲ့ အခါမှာ မဖြစ်သင့်တဲ့ ကိစ္စတွေ၊ မလုပ်သင့်တဲ့ အလုပ်တွေ၊ မကြံစည်သင့် တာတွေ ကြံစည် လာကြတယ်။ အဲဒီကနေ တစ်ဆင့် လူမှုရေး ထိခိုက်မှုတွေ၊ ဆိုးကျိုးတွေ အများကြီးဖြစ် လာရတာပါပဲ။ မူးယစ်ဆေးဝါးကိစ္စ၊ ဒုစရိုက်ကိစ္စ၊ လူမှုရေးပြဿနာ အဆုံး၊ ဒါတွေဟာ တဖြည်းဖြည်းနဲ့ လှိုင်းတွေကြီးလာ တာပဲဖြစ်တယ်။ အဲဒီလို လှိုင်းတွေ ကို လက်ပိုက်ကြည့် နေမယ့်အစား ဘယ်လိုလုပ်မလဲ၊ လူငယ်တွေကို ဘယ်လိုစည်းရုံး ကြမလဲ စဉ်းစားစရာပါ။ အစိုးရအနေနဲ့ ဒါတွေကို ထောက်ရှုပြီး အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးနိုင်တဲ့ အခြေခံ အဆောက်အအုံ လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုလာ ပြီပဲဖြစ်တယ်။ လုပ်အားကို အများကြီး သုံးနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံတွေ လိုတယ်။ လုပ်သားတွေ အများကြီး ပါဝင်နိုင်တဲ့ လုပ်ငန်းတွေ တည်ဆောက်ဖို့ လိုနေတာပဲ ဖြစ်တယ်။

ဥပမာ-ထားဝယ်၊ မြိတ်လို အောက်မြန်မာပြည် က လူငယ်တွေက တစ်ဖက်နိုင်ငံက ငါးလုပ်ငန်း တွေမှာ သွားပြီး အလုပ်လုပ် ကြတယ်။ နည်းနည်း အဆင့်မြင့်တဲ့ သူကတော့ စင်ကာပူကို သွားကြတယ်။ ဒါကဈေးကွက်ရဲ့ အနေအထားပဲ ဖြစ်တယ်။ အရေးကြီးတာ ကတော့ သူတို့တွေ ပြန်လာနိုင်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုတာပဲဖြစ်တယ်။ ဒါကြောင့်အလုပ်မဲ့ ပြဿနာဟာ စီးပွားရေး သက်သက် မဟုတ်ပါဘူး။ လူမှုရေး၊ နိုင်ငံရေး တွေအားလုံး ထိခိုက်လာမှာပဲ ဖြစ်တယ်။ ဒုစရိုက်မှုတွေကို အားပေးသလို ဖြစ်လာမှာပဲလို့ ယူဆရမှာပါ။ အလုပ်လက်မဲ့ ပြဿနာဟာ နိုင်ငံတကာ အစိုးရတိုင်း အာရုံစိုက် ရတဲ့ကိစ္စပဲ ဖြစ်တယ်။ အဓိကကတော့ လူငယ်တွေနဲ့ ပတ်သက်ပြီး သေသေချာချာ စဉ်းစားရမယ့် ကိစ္စ တစ်ခုလို့ မှတ်ယူရမှာပဲ ဖြစ်ပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၄)
Related Posts Plugin for WordPress, Blogger...