Social Icons

Pages

Friday, July 28, 2017

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် တပ်မတော်၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ဆက်လက်ပူးပေါင်း ကူညီလျက်ရှိ


တာဝန်ရှိသူများက ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၈-၇-၂၀၁၇

ဇွန်လ ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ပြန်လည်ဝင်ရောက် လျက်ရှိရာ ယနေ့အထိ မြ၀တီနယ်စပ် ဂိတ်မှ ၃၄၂၁၂ ဦး၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်မှ ၅၀၆၆ ဦး၊ စုစုပေါင်း ၃၉၂၇၈ ဦး ၀င်ရောက်ခဲ့သည့် အနက် ၃၄၀၃၉ ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ ထွက်ခွာသွား ခဲ့သဖြင့် ၅၂၃၉ ဦးအား နယ်မြေခံတပ်မတော်သားများ၊ လူမှုအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများပူးပေါင်း၍ မော်တော်ယာဉ်များ စီစဉ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ စနစ်တကျရောက်ရှိရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက် ပေးလျက်ရှိရာ ဇူလိုင်၂၄ ရက် ညနေ ၃ နာရီမှ ယနေ့ညနေ ၃ နာရီအထိ မြ၀တီနှင့်ဘုရားသုံးဆူ နယ်စပ်ဂိတ် အသီးသီးမှ ၀င်ရောက်လာသူ ၄၅၉ ဦးရှိသည့်အနက် ၃၆၈ ဦးမှာ ၎င်းတို့အစီအစဉ်ဖြင့် နေရပ် ပြန်သွားခဲ့ပြီး နေရပ်ပြန်ရန် အခက်အခဲရှိသည့် ၉၁ ဦးတို့အား တပ်မတော်မှ မော်တော်ယာဉ်သုံးစီး၊ မြ၀တီခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စီစဉ်ပေးသည့် မော်တော်ယာဉ် နှစ်စီးတို့ဖြင့် အခမဲ့ ပို့ဆောင်ပေးခဲ့ကာ စားသောက်ဖွယ်ရာများ စီစဉ်ပေးပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် မြ၀တီမြို့မှ သထုံမြို့သို့ ပို့ဆောင်ပေးခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ၇၅ ဦးကိုလည်း တပ်မတော်မှ မော်တော်ယာဉ် သုံးစီးဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင် ပေးသည်။

အလားတူ ရွှေ့ပြောင်း အလုပ်သမားများ ထပ်မံဝင်ရောက်လာပါက မော်တော်ယာဉ်၊ စားသောက်ဖွယ်ရာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အသင့်ရှိစေရေးအတွက် တပ်မတော်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းစီစဉ် ဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...