Social Icons

Pages

Thursday, September 6, 2018

ကျိုက်ထီးရိုးတောင်နယ်မြေ စခန်းလေးကျေးရွာအနီးတွင် မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံးပျက်စီး



ကျိုက်ထို ၆-၉-၂ဝ၁၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး တောင်နယ်မြေ စခန်းလေးကျေးရွာ အနီးတွင် စက်တင်ဘာ ၄ ရက်က မြေသားများပြိုကျသဖြင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ကြောင်း သထုံခရိုင် မီးသတ်တပ်ဖွဲ့မှ သိရသည်။

ယခုရက်ပိုင်းတွင် မိုးရွာသွန်းမှု များကြောင့် မြေသားစိုစွတ်ပြီး မိုးရေတိုက်စားမှု များကြောင့် မြေသားများ ပြိုကျရာတွင် သစ်ပင်များပါ ရောနှောပြိုဆင်း လာခြင်းကြောင့် အဆိုပါလမ်းအနီး နေထိုင်သူ ဦးကျော်စွာ၏ အလျား၂၈ပေခွဲ၊အနံကိုးပေခွဲရှိသည့် နေအိမ်ပေါ်သို့မြေနှင့် သစ်ပင်များပြိုကျ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"မိုးရေချိန်တွေများတော့ မြေတွေက အိပြီးပြိုကျတာပါ။ ဖြစ်တဲ့နေရာကလဲ ခြေကျင်လူသွားလမ်း ဘက်ကပါ။ မြေပြိုကျတော့ ပါလာတဲ့သစ်ပင်ကပါ အိမ်ပေါ်ဖိမိပျက်စီး သွားတာပါ"ဟု သထုံခရိုင် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြ၍ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင် ခြေကျင်တောင်တက်လမ်း (နဂါးပတ်လမ်း)အနီးတွင် မြေသားအလျား၁၅ပေ၊ အနံ ၁၅ ပေခန့် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံး တန်ဖိုးငွေကျပ် ငါးသိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သော်လည်း လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ အပျက်အစီးများကို တာဝန်ရှိသူများက ဝိုင်းဝန်းရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...