Social Icons

Pages

Monday, October 24, 2016

အားကောင်းသော မုန်တိုင်းငယ် မြန်မာ့ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ် ဒေသများ) နှင့် နီးကပ်နေ ၊ အနီရောင်အဆင့် သတ်မှတ်



နေပြည်တော် ၊ ၂၄-၁၀-၂၀၁၆

ယမန်နေ့ည ၁ဝ နာရီအချိန် တိုင်းထွာချက် များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့ အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော မုန်တိုင်းငယ်သည် မြောက်ဘက်သို့ အနည်းငယ် ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း မြို့၏ မြောက်- အနောက်မြောက် ဘက် ၉၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ ၏ အနောက်- အနောက်တောင် ဘက် မိုင် ၈ဝ ခန့်၊ ပုသိမ်မြို့၏ အနောက် တောင်ဘက် မိုင် ၁၂ဝ ခန့်၊ ဂွမြို့၏ အနောက် တောင်ဘက် ၁၄၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက် တောင်ဘက် မိုင်၂ဝဝ ခန့်အကွာ ပင်လယ်ပြင် ကို ဗဟိုပြုနေသည်။

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ မြန်မာ့ ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ် ဒေသများ)နှင့် နီးကပ်နေပါ သဖြင့် အနီရောင် အဆင့်ဟု သတ်မှတ် သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် သည် ည ၁ဝ နာရီအချိန်တွင် မြောက်လတ္တီတွဒ် ၁၅ ဒသမ ၇ ဒီဂရီနှင့် အရှေ့ လောင်ဂျီတွဒ် ၉၃ ဒသမ သုည ဒီဂရီတွင် ရှိပြီး ဗဟိုချက်ဖိအား ၁ဝဝဝ ဟက်တိုပါစကယ် နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ နှုန်းခန့် ဖြစ်သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် သည် နောက် ၁၂ နာရီအတွင်း ပိုမို အားကောင်း လာကာ ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာ့ ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ် ဒေသ) အနီးသို့ ဦးတည် ရွေ့လျားပြီး နောက် ပြန်ကွေ့ကာ မြောက်- အနောက်မြောက် ဘက်သို့ ဆက်လက် ရွေ့လျားမည် ဟု ခန့်မှန်းရသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ် သည် မြန်မာ့ ကမ်းရိုးတန်း (မြစ်ဝကျွန်းပေါ် ဒေသ) အနီးသို့ ရောက်ရှိစဉ် ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် တောင်ပိုင်းတို့ တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး ရန်ကုန်တိုင်း ဒေသကြီးတွင် တစ်နာရီလျှင် မိုင် ၃ဝ မှ ၃၅ မိုင်အထိ တိုက်ခတ် နိုင်သည်။

သို့ဖြစ်ပါ၍ မုန်တိုင်းဒီရေ အမြင့်ဆုံးမှာ ဧရာဝတီတိုင်း ဒေသကြီး လပွတ္တာခရိုင် နှင့် ရခိုင်ပြည်နယ် တောင်ပိုင်း သံတွဲခရိုင် တို့တွင် ၇ ပေမှ ၁ဝ ပေခန့်အထိ မြင့်တက် နိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ၂၄-၁ဝ-၂ဝ၁၆ ရက်မှ ၂၇-၁ဝ-၂ဝ၁၆ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး နေရာ ကွက်၍ မိုးကြီးနိုင်သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ် နိုင်သည်။

အဆိုပါ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင် ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှု အန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူ များအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင် သောကြောင့် ကြိုတင် သတိပြု နေထိုင်ကြပါရန် နှင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ ပြည်တွင်း ရေကြောင်း သွားလာရေး၊ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင် သတိပြုနိုင် ပါရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ အကြံပြု ထားသည်။ (၅ဝဝ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...