Social Icons

Pages

Wednesday, February 22, 2017

ဟိုတယ်ခ နှင့် လေယာဉ်လက်မှတ်ခ ဈေးနှုန်းကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု လျော့နည်းလာ



ရန်ကုန် ၊ ၂၂-၂-၂၀၁၇

လက်ရှိတွင် ပြည်တွင်း၌ ဟိုတယ်ခနှုန်းထား ကြီးမြင့်မှု၊ လေယာဉ် လက်မှတ်ခနှုန်းထား ကြီးမြင့်ခြင်းနှင့် ခရီးသွားအများဆုံး သွားရောက်လေ့ ရှိသည့် လေဆိပ်များသို့ နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ချိတ်ဆက် ဆင်းသက်နိုင်ခြင်း မရှိခြင်းကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွား ဧည့်သည် လာရောက်မှု လျော့နည်း နေကြောင်း ခရီးသွား လုပ်ငန်းရှင်များ ထံမှ သိရသည်။

၂ဝ၁၁ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံခြားခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံ အတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက် လာချိန်တွင် တချို့ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ ၄င်းတို့အား ဝန်ဆောင်မှု ပေးနိုင်သည့် ဟိုတယ် အခန်း အရေအတွက် မှာ ဈေးကွက် လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေး နိုင်ခြင်းမရ ခဲ့ကြောင်း၊ ထို့ပြင် ဟိုတယ် အခန်းခများမှာ လည်း ဒေသတွင်း အာဆီယံနိုင်ငံ များထက် ဈေးနှုန်းမြင့်မား လာကြောင်း သိရသည်။

မြန်မာ့ခရီးသွား လုပ်ငန်း ဈေးနှုန်းကြီးမြင့် နေရခြင်း အကြောင်းတွင် ပြည်တွင်း လေကြောင်းလိုင်း များ၏ လေယာဉ်လက်မှတ် နှုန်းထားမြင့်မား နေခြင်းသည်လည်း တစ်ခု အပါအဝင်ဖြစ်ပြီး လက်ရှိ အချိန်ထိ နိုင်ငံတကာ အဆင့်မီ လေဆိပ်သုံးခုသာ ရှိသေးသော မြန်မာနိုင်ငံ၌ နိုင်ငံခြားခရီးသွား ဧည့်သည်အများဆုံး သွားရောက် လည်ပတ်သည့် ပုဂံ၊ ဟဲဟိုးနှင့် စစ်တွေ စသည့်နေရာ တို့သို့ နိုင်ငံတကာ လေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် ခရီးသွားလုပ်ငန်းတွင် အဓိကကျသည့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက် ပေးမှုမှာ အားနည်းနေသေးပြီး မြန်မာနိုင်ငံသို့ တစ်ကြိမ်ရောက်ဖူး သည်နှင့် ထပ်တလဲလဲ ပြန်လာချင်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် အရေအတွက် အလွန်နည်းပါးကာ မြန်မာနိုင်ငံ၌ တစ်ပတ် နေထိုင်မည့် ခရီးသွား စရိတ်သည် ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၌ နှစ်ပတ်ခန့် လည်ပတ်နိုင်ကြောင်း သိရသည်။

''မြန်မာ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဟိုတယ်၊ လေကြောင်းလိုင်း ကဏ္ဍတွေလည်း အရေးပါသလို အဓိကကတော့ အခြေခံ အဆောက်အအုံတွေ ကောင်းဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံကို တစ်ခါလာပြီးနောက်တစ်ခါ ပြန်လာချင်အောင် ဆွဲဆောင်နိုင်ရ ပါမယ်။ ထိုင်းနိုင်ငံက ဘာလို့ တစ်နှစ်ကို ခရီးသွားဧည့်သည် ဦးရေ သန်း ၃ဝ ကျော် ရောက်နေလဲဆိုရင် သူတို့မှာက ထပ်တလဲလဲ လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေ အများကြီးရှိလို့ ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံမှာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ နောက်ထပ် လာချင်အောင် ဆွဲဆောင်မှုရှိမယ် ဆိုရင် နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ မကြာမကြာ လာကြမှာပါ'' ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...