Social Icons

Pages

Tuesday, July 17, 2018

ဆင်တောင်ပေါ်သို့ မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ အောင်မြင်စွာတက်ရောက်



မိတ္ထီလာ ၁၇-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ အမြင့်ပေ ၆ဝ၂ဝ ရှိ ဆင်တောင်ပေါ်သို့ ဇူလိုင် ၁၅ ရက် နံနက် ၁၁နာရီက မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ဝင် ၁၃၅ဦးသည် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

"မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ တာငါးနှစ်ကျော်ခဲ့ပြီး ဆင်တောင်ပေါ်ကို တက်ရောက်တာ ဒီနှစ်ရောဆို လေးကြိမ်မြောက်ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် တက်ရောက်တုန်းက တောင်တက် အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး ၁၄ဦးပဲ တောင်ထိပ်ကို တက်နိုင်ခဲ့တယ်။ ဒုတိယအကြိမ် တက်တုန်းက တောင်တက်အဖွဲ့ဝင်ဦးရေ ၅ဝ ပါဝင်ပြီး နှစ်ဦးက လမ်းခရီးမှာ ကျန်ခဲ့တယ်။ တောင်ထိပ်ကို ၄၈ဦးပဲ တက်နိုင်ခဲ့တယ်။ တတိယအကြိမ်တက်တော့ တောင်တက်အဖွဲ့ဝင်ဦးရေ ၈ဝကျော် ပါဝင်လာပြီး ဆင်တောင်ပေါ်ကို ၇၆ဦး တက်ရောက်နိုင်ခဲ့ပါတယ်"ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံ ဦးထွန်းလွင်က ပြောပြသည်။

"အမြင့်ပေ ၆ဝ၂ဝရှိတဲ့ ဆင်တောင်ပေါ် တက်ရောက်တဲ့ မိတ္ထီလာခြေလျင် တောင်တက်အဖွဲ့အနေနဲ့ ဒီနှစ်ကတောင်တက်အဖွဲ့ဝင် ၁၃၅ဦး ဖြစ်လို့ အဖွဲ့ဝင်အများဆုံးနဲ့ တက်ရောက်တဲ့ တောင်တက်ခရီး ဖြစ်သလို အဖွဲ့ဝင်အားလုံး ဆင်တောင်ထိပ်ပေါ်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာမို့ ထူးခြားတဲ့နှစ်လို့ ဆိုနိုင်ပါတယ်။ ဇူလိုင် ၁၅ရက် နံနက်၅နာရီ မိနစ် ၃ဝမှာ ဆင်တောင်တက်ရောက်တဲ့ ခရီးကိုစတင် ထွက်ခွာပါတယ်။ တောင်ထိပ်ကို နံနက် ၁၁ နာရီမှာ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောပြသည်။

မိတ္ထီလာခြေလျင်နှင့် တောင်တက်အဖွဲ့၏ ဆောင်ပုဒ်မှာ သဘာဝ အလှတရားကို ချစ်မြတ်နိုးပါ၊ မည်သည့် ခြေရာလက်ရာများမှ ချန်မထားခဲ့ပါနဲ့ဟုဖြစ်ပြီး တက်ရောက်သည့် တောင်တက်ခရီးစဉ်တိုင်းတွင် သုံးစွဲသည့်အမှိုက်များကိုသယ်ဆောင်လာသည့် ခရီးဆောင် အိတ်ထဲတွင် ပြန်လည်သိမ်းခဲ့ပြီး တောတောင်သဘာဝ သာယာလှပမှုနှင့် သစ်ပင်ပန်းမန်များကို ချိုးဖဲ့ပျက်စီးခြင်း၊ ယူဆောင်ခြင်းမပြုဘဲ တက်ရောက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...