Social Icons

Pages

Friday, November 9, 2018

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းမူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုး

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းမူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုး
-
နေပြည်တော် နိုဝင်ဘာ ၈ 
-
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်း အနား ကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားတွင် မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့က အဖွင့် အမှာစကားများပြောကြားကြပြီး CITIC Groupဥက္ကဋ္ဌ Mr. Chang Zhenming နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်တို့က ကျေးဇူး တင်စကားများ ပြောကြားကြသည်။
-
ထို့နောက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် CITIC Group ဥက္ကဋ္ဌ Mr. Chang Zhenming တို့သည် မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်း မြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်တို့ ရှေ့မှောက်တွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင် သဘောတူညီချက်ကို လက်မှတ်ရေး ထိုး၍ အပြန် အလှန် လဲလှယ်ကြသည်။
-
ယင်းနောက် မြန်မာ အထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဗဟိုလုပ်ငန်း အဖွဲ့မှ ဒုတိယ ဝန်ကြီးများ၊ ထားဝယ်အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ပူးတွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ CITIC Group ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် CITIC Grou မှတာဝန်ရှိ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ မြန်မာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ 
-
ဆက်လက်၍ ကျောက်ဖြူ အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးဆက်အောင်၊ CITIC Consortium ကိုယ်စားလှယ် CITIC Group (Myanmar) Co., Ltd.၏ Managing Director Mr. Yuan Shaobinနှင့် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့ ဦးဆောင်၍ ပြည်တွင်း ပြည်ပသတင်း မီဒီယာ များအား ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းမူဘောင်သဘော တူညီချက် လက်မှတ်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ အသိပေးပြောကြားခြင်း အစီအစဉ်ကို ကျင်းပပြီး ပြည်တွင်း ပြည်ပသတင်း မီဒီယာ များ၏ မေးမြန်းချက်များကို ပြန်လည်ရှင်း လင်းဖြေကြားကြသည်။
-
ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြိုလေ့လာဆန်း စစ်ခြင်းကို ၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်ထိ ကွင်းဆင်းဆောင်ရွက်၍လည်းကောင်း၊ အကြံပေးကုမ္ပဏီ ရွေးချယ်ခြင်းကို ၂ဝ၁၃ ခုနှစ်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူရွေးချယ်၍လည်းကောင်း၊ ရင်းနှီး တည်ဆောက်မည့်သူအား ၂ဝ၁၄ ခုနှစ်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူ၍ လည်းကောင်း ရွေးချယ်ခဲ့သည်။
--
ထိုသို့ရွေးချယ်ခံရာတွင် CITIC ကုမ္ပဏီ အုပ်စုကို ရေနက်ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ် စီမံကိန်းများအတွက် တင်ဒါ အောင်မြင်ကြောင်း ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်က ကြေညာခဲ့ပြီး နိုင်ငံတကာ သတ်မှတ်ချက်နှင့် အညီ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မူဘောင် သဘောတူ ညီချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရသည်။
-
အဆိုပါစီမံကိန်းကြောင့် ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ လမ်း ပန်းဆက်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့အထောက်အကူပြုနိုင်မည့် အထူးစီးပွားရေးဇုန်အဖြစ် တည်ဆောက် သွားမည် ဖြစ်သည်။
-
အခမ်းအနားသို့ ကျောက်ဖြူ အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြန်မာကျောက်ဖြူ အထူး စီးပွားရေးဇုန် ဟိုးလ်ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်များ၊ ဥပဒေအကြံ ပေးများ၊ ဖိတ်ကြားထား သူများ၊ ပြည်တွင်း ပြည်ပ သတင်း မီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...