Social Icons

Pages

Tuesday, August 14, 2018

နှစ်ပေါင်း ၁၅ဝ ကျော်သက်တမ်းရှိ မင်းတုန်းမင်းကြီး၏ သိမ်အလှူပေစာကို မကွေးမြို့နယ် ကန်ပြားကျေးရွာတွင် ထိန်းသိမ်းထား



မကွေး ၁၄-၈-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ကန်ပြားကျေးရွာ (အရှေ့ရွာ)၊ မန်ကျီးတော ဘုန်းတော်ကြီးကျောင်း၌ မင်းတုန်းမင်းကြီး လက်ထက် သိမ်တည်ခွင့်ပြုရေး ဘုရင့်ထံလျှောက်တင်သော ပေရွက်စာချွန်လွှာ၊ သိမ်တည်ခွင့်ပြုသောဘုရင့်အမှတ်တံဆိပ် ရိုက်နှိပ်ထားသည့် သိမ်အလှူပေရွက် စာချွန်လွှာများကို ထိန်းသိမ်းထားရာ လာရောက်လေ့လာ နိုင်ကြောင်း မကျီးတော ကျောင်းထိုင် ဆရာတော်ထံမှ သိရသည်။

ပေဘူးထဲတွင် နှစ်ပေါင်း ၁၅ဝ ကျော်သိမ်းဆည်း ထားသည့် ပေစာများအပြင် နှစ်ပေါင်းရာချီ သက်တမ်းရှိ မန်ကျီးစေ့ကမ္မဝါစာ၊ ရွှေပေစာ၊ ပုရပိုက်များ၊ ကြွေပန်းကန်ကြီးများနှင့် တရားစာပေများ သိမ်းဆည်းသည့် စာတိုက်တို့ကို လည်း ထိန်းသိမ်းထား လျက်ရှိပြီး သမိုင်းလေ့လာ သူများအနေဖြင့် မှတ်တမ်းပြု ကိုးကားစရာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

"ရဟန်းလောကမှာ ဥပုသ်ပဝါရဏာ ကံကြီးကံငယ်ဆောင်ရွက် ဖို့အတွက် သိမ်ဆိုတာ မရှိရင်မဖြစ်ဘူး။ ရဟန်းကိစ္စမှာ အထွတ်အထိပ်ဖြစ်တဲ့ ကံကြီးကံငယ်ဆောင် (ရဟန်းခံ၊ရှင်ပြု) ချင်တယ်။ ဥပုသ်ပြုချင်တယ်။ ပဝါရဏာ ပြုချင်တယ်။ ဒီကိစ္စတွေအတွက် ဘုရင့်ထံ သိမ်မြေတောင်းရတာ။ သိမ်မရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဒီကိစ္စတွေ ပြုချင်တယ်ဆိုရင်တော့ မိုးလေးလပတ်လုံး ရေတည်တဲ့ နေရာဟာသိမ်ပဲ။ မြစ်နဲ့နီးရင်မြစ်၊ ကန်နဲ့နီးရင်ကန်၊အင်းနဲ့နီး ရင်အင်း၊ ချောင်းနဲ့နီးရင်ချောင်း အဲဒီနေရာတွေမှာ ဖောင်လုပ်ပြီး ဖောင်ပေါ်မှာ ရဟန်းခံ၊ ရှင်ပြုနဲ့ ဥပုသ်ပဝါရဏာတွေ ပြုကြရတယ်။ သံဃာတော်တွေကို ဒုက္ခမများရအောင် ဘုရင်ကသိမ်လှူပေးခဲ့တာ"ဟု မန်ကျီးတော ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇနိယက မြွက်ကြားသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...