Social Icons

Pages

Wednesday, June 20, 2018

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်စပ်သော ကွင်းဆက်တရားခံများ ဆက်လက်ဖမ်းဆီးရမိ


ထားဝယ်ကြီး(ခ) အောင်လွင် (ဖမ်းမိ)

ဟူစိန်(ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်)

အကိုကြီး(ခ)ကတုံးနှင့် ချင်ကျားမူ(ခ)မကျားဝေ(ခ)နှင်းဦးလွင်(တိမ်းရှောင်)

နေပြည်တော် ၂ဝ-၆-၂ဝ၁၈

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်သော ကွင်းဆက်တရားခံများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဇွန်၂ရက်တွင် မင်းနိုင်အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်ကာ ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ခဲ့သူ မောင်မောင်(ခ) Yassin ကို ဇွန် ၅ရက်တွင် မန္တလေးမြို့ (၁၆) မိုင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့သည်။

မောင်မောင်၏ ထွက်ဆိုချက်အရ မလေးရှားတွင် တွေ့ဆုံသိကျွမ်းခဲ့သည့် ချင်ကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင် (ဖမ်းမမိသေး) တာချီလိတ်မြို့နေသူထံမှ မူးယစ်ဆေးဝါးများကို မြန်မာပြည်တွင်း အဆင့်ဆင့်သော သယ်ဆောင် သူများဖြင့် ကားလမ်းကြောင်းနှင့် မော်တော်ယာဉ် အမျိုးမျိုးတို့ကို အသုံးပြုကာ တာချီလိတ်မြို့မှ တစ်ဆင့် ရန်ကုန်မြို့ လှည်းကူးမြို့နယ်ရှိ မင်းနိုင်ပိုင် Yassin သောက်ရေသန့် စက်ရုံသို့ပို့ခဲ့ကြောင်း၊ ၎င်းစက်ရုံမှတစ်ဆင့် ဟူစိန် (ခ) မိုဟာမက်ဟူစိန် (ဖမ်းမမိသေး) က ၎င်း၏ Bongo Box ယာဉ်ဖြင့် အောက်ပုဇွန်တောင်လမ်းရှိ မောင်မောင်၏ ဂိုဒေါင်သို့ပို့ဆောင် ခဲ့ကြောင်း၊၎င်းမှတစ်ဆင့် မင်းနိုင်၏ Nice Guy Clerance Service Agency စီစဉ်ပေးမှုဖြင့် ကွန်တိန်နာအတွင်း မြန်မာ့ရိုးရာ အစားအသောက်များနှင့် ရောနှောကာ မလေးရှားနိုင်ငံသို့ ပို့ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့ ရောက်ရှိကာ မလေးရှားနိုင်ငံတွင် နေထိုင်ပြီး စတိုးဆိုင် ဖွင့်လှစ်ထားသူ ဇေယျာဟိန်း (မောင်မောင် (ခ) Yassin ၏ ယောက်ဖ)က အဆင့်ဆင့်သော အဆက်အသွယ်များဖြင့် လက်ခံရယူ ထိန်းသိမ်းပြီး ၎င်းမှတစ်ဆင့် ချင်ကျားမူ(ခ) မကျားဝေ (ခ) နှင်းဦးလွင်၏ခင်ပွန်း အကိုကြီး(ခ) ကတုံး(စိစစ်ဆဲ၊ မလေးရှားနိုင်ငံတွင် နေထိုင်သူ) ထံသို့ ဆက်လက်ပေးပို့ရကြောင်း၊ အကိုကြီး (ခ) ကတုံးသည် မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးနေသူ တစ်ဦးဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။ ၎င်းနောက် ဇေယျာဟိန်းအား နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် ဇွန် ၉ရက်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့
သည်။

မောင်မောင်နှင့် ဇေယျာဟိန်းတို့ နှစ်ဦးကို တိုက်ဆိုင်စစ်ဆေး ထွက်ဆိုချက်များ အရထားဝယ်မြို့တွင် နေထိုင်သူ ထားဝယ်ကြီး(ခ) အောင်လွင်အား မလေးရှား၌ တွေ့ဆုံသိကျွမ်းခဲ့ပြီး ၎င်းတို့သည် ချင်ကျားမူ(ခ)မကျားဝေ(ခ) နှင်းဦးလွင်နှင့် ဆက်သွယ်ကာ မူးယစ်ဆေးဝါးများကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သဖြင့် ဇွန် ၁၂ ရက်တွင် ထားဝယ်ကြီး (ခ) အောင်လွင်ကို မလွှဲတောင်စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးရမိခဲ့ကာ ၎င်း၏ ထားဝယ်မြို့ နေအိမ်မှ ICE ၁ဝ ဂရမ် သိမ်းဆည်းရမိခဲ့သည်။

ထားဝယ်ကြီး (ခ) အောင်လွင်၏ ထွက်ဆိုချက်အရ မောင်မောင်(ခ) Yassin၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ(ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး(ခ) ကတုံးတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏ အကူအညီဖြင့် မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်းနှင့် ၎င်းသည် ယခင်က မလေးရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ဖူးကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

တရားခံများ၏ အစစ်ခံဖော်ထုတ် ချက်များအရ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် ရာမှရရှိသော အကျိုးအမြတ်များဖြင့် ရယူပိုင်ဆိုင်ထားသည်ဟု ယူဆရသည့် မြေ၊အဆောက်အအုံ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်း များကိုစိစစ်ခဲ့ရာ မောင်မောင်(ခ)Yassin(ဖမ်းမိ)ထံမှ ခန့်မှန်းငွေကျပ်သိန်း ခုနစ်သောင်းကျော်၊ ထားဝယ်ကြီး(ခ)အောင်လွင်(ဖမ်းမိ)ထံမှ ခန့်မှန်း ငွေကျပ်သိန်း နှစ်သောင်းခုနစ်ထောင်ကျော်၊ ဇေယျာဟိန်း(ဖမ်းမိ)ထံမှ ခန့်မှန်း ငွေကျပ်သိန်း လေးထောင်ကျော်၊ မင်းနိုင် (ဖမ်းမိ)ထံမှ ခန့်မှန်းငွေကျပ်သိန်း ငါးရာခန့်၊ ချင်ကျားမူ(ခ)မကျားဝေ(ခ) နှင်းဦးလွင်(တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းငွေကျပ် သိန်းရှစ်သောင်းကျော်၊ ဟူစိန်(ခ)မိုဟာမက်ဟူစိန်
(တိမ်းရှောင်)ပိုင်ဆိုင်သည့် ခန့်မှန်းငွေကျပ်သိန်း ငါးထောင်ကျော်တို့ကို ကနဦးစိစစ်တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိသည်။

တရားခံပြေး ချင်ကျားမူ(ခ) မကျားဝေ(ခ)နှင်းဦးလွင် ၄၅နှစ်ခန့်(ဘ) ဦးစိုင်းမောင်၊ မှတ်ပုံတင်အမှတ် ၁၃/တကန(နိုင်) ၁၂၈၈၆၆၊ အမှတ်၁/၆(၅၆)၊ ဘုရားဖြူလမ်း၊ နယ်မြေ(၁)၊ ပန်းတင်လမ်းခွဲ၊တောင်ကြီးမြို့နှင့် အမှတ်(၂/၂၉)၊ ဗိုလ်ချုပ်လမ်း၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် ဟူစိန်(ခ) မိုဟာမက်ဟူစိန် ၄၄နှစ်ခန့်(ဘ) ဦးဂိုလာမာမက်၊ မှတ်ပုံတင်အမှတ်၁ဝ/မလန(နိုင်)၁၅ဝ၈၁၂၊ အမှတ် ၈၁/င်္ ၊ ပထမထပ်၊၅၅လမ်း၊ (၂)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့နေသူတို့ကိုတွေ့ရှိပါက နီးစပ်ရာရဲစခန်း အသီးသီးသို့ သတင်းပေးပို့ နိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...