Social Icons

Pages

Wednesday, June 20, 2018

မန္တလေးခရိုင် အတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် AMR စနစ်သုံး ရေမီတာများ အခမဲ့ပြောင်းလဲ တပ်ဆင်ပေးမည်


AMR စနစ်သုံးရေမီတာ တပ်ဆင်ထားမှုကို တွေ့ရစဉ်။

မန္တလေး ၂ဝ-၆-၂ဝ၁၈

မန္တလေးမြို့ ရေပေးဝေရေး စနစ်တွင် လက်ရှိ သုံးစွဲနေသည့် ရေမီတာများအစား ရှေ့ပြေးစီမံချက်ဖြင့် မြို့နယ် သုံးမြို့နယ်တွင် (Automatic Meter Reading System -AMR) စနစ်သုံး ရေမီတာများကို အခမဲ့ပြောင်းလဲ တပ်ဆင် ပေးမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်မြင့်မြင့်သန်းက ပြောပြ၍ သိရသည်။

အဆိုပါ AMR စနစ်သုံး ရေမီတာများကို ရှေ့ပြေးစီမံချက်အဖြစ် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေ မြို့နယ်တို့တွင် ပြောင်းလဲတပ်ဆင်သွားမည် ဖြစ်ပြီး ရေမီတာ
အသစ်တပ်ဆင်လို သူများကို ယခင်ကတစ်လုံးလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ လက်ရှိတပ်ဆင် အသုံးပြုနေသည့် ရေမီတာအဟောင်းများ ကိုလည်း ငွေကျပ် ၆၅ဝဝဝ နှုန်းဖြင့်လည်းကောင်း ပြောင်းလဲတပ်ဆင်ပေးသွားရန် သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ပြည်သူများ အဆင်ပြေစွာ သုံးစွဲနိုင်ရန် အခမဲ့တပ်ဆင်ပေးမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ စည်ပင်သာယာက ပြည်သူအတွက် အလုပ်လုပ်ပေးရမှာ ဖြစ်တယ်။ မြို့တော်စည်ပင်မှာရှိတဲ့ ပိုက်ဆံတွေကလဲ ပြည်သူဆီက ကောက်ခံနေတာ ဖြစ်တဲ့အတွက် ပြည်သူကိုအခမဲ့တပ်ဆင်ပေး လိုက်ရင် ပိုကောင်းမယ်လို့ နားလည်သွားခဲ့တယ်။ ဒါကြောင့် မြို့တော်ဝန်ကလဲ အခမဲ့တပ်ဆင်ပေးရင် ကောင်းမယ်လို့ သဘောတူ ဆုံးဖြတ်ခဲ့တယ်။ ရေမီတာအသစ်တွေကို ပြည်သူတွေ အားလုံးသုံးစွဲစေချင်တယ်။ ဒါကြောင့် ရေမီတာအလုံးရေအားလုံးကို အခမဲ့တပ်ဆင် ပေးဖို့ကြိုးစား နေတာပါ"ဟု ၎င်းကဆက်လက် ပြောပြသည်။

လက်ရှိတွင် AMR စနစ်သုံး ရေမီတာများကို မဟာအောင်မြေ မြို့နယ်တွင် ဇွန် ၁၈ ရက်မှစ၍ အခမဲ့တပ်ဆင် ပေးလျက်ရှိကာ ရှေ့ပြေးစီမံချက် (Pilot Project) အရ ဇွန်လမှစ၍ စက်တင်ဘာလထိ လေးလတာ ကာလအတွင်း အဆိုပါမြို့နယ်သုံးမြို့နယ်တွင် ရေမီတာအလုံးရေ ၂၈ဝဝကိုတပ်ဆင် သွားမည်ဖြစ်ပြီး အောက်တိုဘာလမှစ၍ ရပ်ကွက်အလိုက် မြို့နယ်အားလုံးတွင် တပ်ဆင်ပေးသွားမည် ဖြစ်သည်။

"အခုတပ်ဆင်မယ့် ရေမီတာအလုံး ၂၈ဝဝ က စည်ပင်သာယာဘတ်ဂျက်နဲ့ ဝယ်ထားတာပါ။ လက်ရှိတပ်ဆင်မှု အခြေအနေကို စောင့်ကြည့်ပြီး ဘယ်မြို့နယ်တွေမှာ ဘာတွေဆက်လုပ်မလဲ၊ အခမဲ့တပ်ဆင်ပေး မှာလား၊ ပိုက်ဆံကိုဘယ်လို ကောက်မလဲဆိုတာကို ထပ်မံစဉ်းစားသွားမှာပါ။ ရေမီတာအသစ်ရဲ့သိသာတဲ့ အားသာချက်တွေက လူကိုယ်တိုင် ဝင်ဖတ်စရာမလိုဘူး။ ဖတ်တဲ့သူကလဲ မှားမဖတ်နိုင်ဘူး။ မီတာမှာ ပြဿနာတစ်ခု ရှိမယ်ဆိုရင်လဲ သတိပေးချက် မြည်ပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

AMR(Automatic reading System) စနစ်သုံးရေမီတာများကို ပြောင်းလဲတပ်ဆင် ပေးရသည့်ရည်ရွယ်ချက်မှာ ရေခွန်ကောက်ခံရာတွင် လွယ်ကူမှန်ကန်တိကျ သည့်ယူနစ်များရရှိနိုင်ရန်၊ သုံးစွဲသည့်ယူနစ် အတိုင်း မှန်ကန်စွာ ကောက်ခံရရှိရန်နှင့် ရေဒါမှတစ်ဆင့် သုံးစွဲသည့်ယူနစ်ကို ကွန်ပျူတာတွင် မှတ်တမ်းတင်နိုင်ရန် တြို့ဖစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...