Social Icons

Pages

Monday, June 25, 2018

ငွေကျပ်သိန်း ၁၆ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများနှင့် ဘိန်းဖြူမှုန့်များ ဖမ်းဆီးရမိ



နေပြည်တော် ၂၅-၆-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ ခေါတောကျေးရွာအနီး မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်း သတင်းအရ ဌာနဆိုင်ရာတာဝန် ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးရာ ယနေ့နံနက် ၃ နာရီခွဲတွင် ခေါတောကျေးရွာ၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာ ဒေသအခေါ် တစ်တောင်ကွေ့ရှိ တဲအတွင်းမှ ဦးညီသန်းဝင်း (ဘ) ဦးမြတ်အောင်ကို ခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၁၆ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ပူးပေါင်းအဖွဲ့က အဆိုပါတဲအတွင်း မသင်္ကာသဖြင့် ဝင်ရောက်ရှာဖွေ စစ်ဆေးရာ ဦးညီသန်းဝင်းကို တွေ့ရှိရပြီး တဲအတွင်း မြေကျင်းတူး၍ ဝှက်ထားသော WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၇၅ဝဝဝဝ 88/1 စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၅ဝဝဝဝ နှင့် ဘိန်းဖြူမှုန့် ၁ ဒသမ ၇၂ကီလိုခန့်ပါ ဆပ်ပြာခွက် ၁၇၂ခွက်(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၆ဝဝဝကျော်) တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ် ဆေးဝါးများကို ဦးအားချိုင့်ထံမှ ရရှိခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၁ရက်တွင် ၎င်းကလာရောက်၍ ငွေကျပ် တစ်သိန်းဖိုး ရောင်းချရပါက ငွေကျပ် ၂၅ဝဝဝပေးမည် ဖြစ်ကြောင်းပြောဆိုသဖြင့် ရောင်းချရန် ပြင်ဆင်စဉ် ဖမ်းဆီး ခံရခြင်း ဖြစ်ကြောင်းနှင့် မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူကို တရားဥပဒေအရ အမှုဖွင့်အရေး ယူနိုင်ရန် မဘိမ်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...