Social Icons

Pages

Tuesday, April 10, 2018

မန္တလေး ကျုံးပတ်လည်တွင် စည်းကမ်း သတ်မှတ်ချက်နှင့် မကိုက်ညီဘဲ ဆောက်လုပ်ထားသည့် သုံးထပ်မဏ္ဍပ်ကို ပြန်လည်ပြင်ဆင်ခိုင်းပြီး မဏ္ဍပ် ငါးခုကို ဒဏ်ငွေရိုက်အရေးယူ


မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ သင်္ကြန်မဏ္ဍပ်များကို လိုက်လံစစ်ဆေးနေစဉ်။

မန္တလေး ၁၀-၄-၂ဝ၁၈

မန္တလေး ကျုံးပတ်လည်တွင် စည်ကမ်းသတ်မှတ်ချက်နှင့် မကိုက်ညီဘဲ ဆောက်လုပ်ထားသည့် သုံးထပ်မဏ္ဍပ်ကို ပြန်လည်ပြင်ဆင်ခိုင်းပြီး မဏ္ဍပ်ငါးခုကို ဒဏ်ငွေရိုက် အရေးယူထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောပြ၍ သိရသည်။

မြန်မာ့ရိုးရာ အတာရေသဘင် ပွဲတော်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဧပြီ ၁၃ ရက်တွင် စတင်ဆင်နွှဲ ကျင်းပတော့မည် ဖြစ်သည့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီး၌ ရေကစားမဏ္ဍပ်များ ဆောက်လုပ်လျက် ရှိကြောင်း၊ အလားတူ မန္တလေးမြို့တွင်လည်း နှစ်စဉ်ခရီးသွား ပြည်သူများ စိတ်ဝင်စားမှုရှိသည့် သမိုင်းဝင်အထင်ကရ နေရာဖြစ်သော ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ် လျက်ရှိရာ ၎င်းရေကစားမဏ္ဍပ်များကို ယနေ့တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည့် စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် ကော်မတီဝင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မန္တလေးမြို့ ကျုံးပတ်လည်ရှိ ရေကစားမဏ္ဍပ်များ ဆောက်လုပ်မှုကို စစ်ဆေးရာတွင် ကျုံးအနောက်ဘက်၊ လမ်း ၈ဝ ပေါ်တွင် ဆောက်လုပ်ထားသည့် ရေကစားမဏ္ဍပ်တစ်ခုမှာ တစ်ထပ်ပို၍ သုံးထပ်ဆောက်လုပ် ထားခြင်းကြောင့် ဧပြီ ၁ဝ ရက်မှစ၍ ပြန်လည်ပြင်ဆင် ဆောက်လုပ်ရန် မှာကြားထားကြောင်း၊ အလားတူ ကျုံးပတ်လည်ရှိ ရေကစားမဏ္ဍပ် ငါးခုမှာလည်း သတ်မှတ်ထားသည့်ပေထက် ပိုမိုဆောက်လုပ်ထားမှုကို စစ်ဆေးတွေ့ရှိ ခဲ့သည့်အတွက် ၎င်းရေကစား မဏ္ဍပ်များကို ဒဏ်ငွေရိုက်ကာ အရေးယူမှုများ ပြုလုပ်ထားကြောင်း သိရသည်။

"မန္တလေး ကျုံးပတ်လည်မှာ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မယ့် လုပ်ငန်းရှင်တွေကို မဆောက်လုပ်မီ ကတည်းက စည်းကမ်း သတ်မှတ်ချက်တွေ ထုတ်ထားပြီးပါပြီ။ ပေ တစ်ပေပိုဆောက် မယ်ဆိုရင် ဒဏ်ကြေးငွေ တစ်သိန်းဆိုတာလဲ စည်းကမ်းသတ်မှတ်ချက် တွေထဲမှာ ပါပြီးသားပါ။ ပြီးတော့ သစ်ပင်တွေခုတ်တာတို့၊ အလုံပိတ်ခန်းတွေ ထည့်မဆောက် လုပ်ဖို့ကိုပါ တစ်ခါတည်း အသိပေးထားပြီး သားပါ။ ကျန်ရှိနေတဲ့ မဏ္ဍပ်တွေကိုလဲ ထပ်မံစစ်ဆေးအရေးယူသွားဖို့ ရှိပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုနှစ် မန္တလေးသင်္ကြန်တွင် လမ်းလျှောက် သင်္ကြန်အပါအဝင် ၂ဝ၁၇ ခုနှစ်က ထက်ထူးထူးခြားခြား အစီအစဉ်တစ်ရပ် အနေဖြင့် တောသင်္ကြန်ကို ထည့်သွင်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ လက်ရှိကျုံး အရှေ့ဘက်တွင် ရေကစားမဏ္ဍပ်ကြီး ရှစ်ခု၊ အနောက်ဘက်တွင် ရေကစားမဏ္ဍပ်ကြီး ခြောက်ခု၊ ကျုံးတောင်ဘက်တွင် လမ်းလျှောက်သင်္ကြန်နှင့် စတုဒိသာ ရေကစားမဏ္ဍပ်များနှင့် မြောက်ဘက်တွင် ရေစုပ်စက် အသေးစားများကို နေရာ ချထားပေးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...