Social Icons

Pages

Tuesday, April 10, 2018

အိမ်ရှင်နိုင်ငံအဖြစ် မန္တလေးမြို့၌ ကျင်းပခဲ့သည့် 2018 World Wood Day ပန်းပုပြိုင်ပွဲတွင် ဒါးပိန်မြို့နယ် ဒါးပိန်တိုက်နယ် ကျေးရွာမှ ပထမဆုရရှိ



နေပြည်တော် ၁၀-၄-၂ဝ၁၈

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည့် 2018 World Wood Day အခမ်းအနားတွင် ပြုလုပ်ခဲ့သည့် ပန်းပုပြိုင်ပွဲ၌ ပဲခူးတိုင်းဒေသကြီး ဒါးပိန်မြို့နယ် ဒါးပိန်တိုက်နယ် ကျေးရွာမှ ပန်းပုပညာရှင် ကိုကျော်စွာက ပထမဆုရရှိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

အဆိုပါ ပန်းပုပြိုင်ပွဲကို အပြည်ပြည်ဆိုင်ရာ သစ်ထိန်းသိမ်းရေး အဖွဲ့အစည်း (IWCS) နှင့် ကမ္ဘာ့သစ်များနေ့ ဖောင်ဒေးရှင်း (WWDF) အဖွဲ့က စီစဉ်ပေးခြင်းဖြစ်ပြီး မန္တလေးမြို့ခံ ပန်းပုပညာ ရှင်များအပြင် မိတ္ထီလာ၊ မြစ်ကြီးနား၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အတွင်းမှ ပန်းပုပညာရှင် ၂၆ ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်သည်။

"ပြိုင်ပွဲပြုလုပ် ပေးတာက ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းကို ထုတ်ဖော်ပြသ ပေးနိုင်ဖို့နဲ့ မြန်မာ့လက်ရာတွေကို ကမ္ဘာမှာချပြ နိုင်တဲ့အထိ ရည်ရွယ်ပါတယ်။ ဆုရသူတွေကို နိုင်ငံတကာမှာ နှစ်စဉ်ကျင်းပ နေကျဖြစ်တဲ့ World Wood Dayt အခမ်းအနားတွေမှာ ပြုလုပ်တဲ့ ပန်းပုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် နိုင်အောင် လုပ်ဆောင် ပေးသွားပါမယ်။ နောက်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ယဉ်ကျေးမှုတွေ၊ လက်မှု ပညာရပ်တွေကို ဖလှယ်တဲ့ သဘောလဲ ပါပါတယ်။ အခုလိုလုပ်ဆောင် ပေးတာကြောင့် အရည်အသွေးနဲ့ အရည်အချင်းတွေမြင့် တက်လာမယ်လို့ မျှော်လင့်ပါတယ်"ဟု မန္တလေးတိုင်းဒေသကြီး သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးရဲမင်းသူက ပြောပြသည်။

World Wood Day အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းက ဦးဆောင်၍ ဧပြီ ၆ ရက်မှ ၈ရက်အထိ မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး သစ်သည် ဂေဟစနစ်အရ အကျိုးပြုသော Renewable Biomaterial ဖြစ်ကြောင်း မီးမောင်းထိုးပြရန်နှင့် အနာဂတ်ကာလတိုင် ထာဝစဉ် တည်မြဲမှုတွင် အရေးပါကြောင်းကို အသိပညာပေးရန် လူမှုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သိရသည်။

World Wood Day ပန်းပုပြိုင်ပွဲတွင် ပြည်တွင်းမှ ပန်းပုပညာရှင် ၂၆ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ပဲခူးတိုင်းဒေသကြီး ဒါးပိန်မြို့နယ်မှ ကိုကျော်စွာ၊ ဒုတိယဆုကို မန္တလေးမြို့မှ ကိုသန်းနိုင်ထွန်း၊ တတိယဆုကို မန္တလေးမြို့မှ ကိုဇော်ဝင်းအောင်တို့က ရရှိခဲ့ပြီး နှစ်သိမ့်ဆုအဖြစ် ကိုဝေဖြိုး၊ ကိုဇော်လတ်၊ ကိုပြည့်စုံအောင်နှင့် ကိုနေဝင်းအောင်တို့က ရရှိခဲ့ကြသည်။

"အခုပြိုင်ပွဲမှာ ဆုရတဲ့သူတွေကို ပြည်ပပြိုင်ပွဲတွေနဲ့ ခရီးစဉ်တွေကိုပါ ခေါ်သွားပါမယ်။ ပထမဆုရတဲ့ သူကိုတော့ ဥရောပအထိ ခေါ်သွားမှာ ဖြစ်ပါတယ်။ လာမယ့်နှစ် ဥရောပမှာ ကျင်းပမယ့် World Wood Day မှာတက်ရောက်ဖို့ Sponsor ပေးပြီး ဖိတ်ခေါ်သွားပါမယ်။ နောက်ပြီး ဒုတိယနဲ့ တတိယဆုရရှိတဲ့ သူတွေကိုလဲ အနာဂတ်မှာ ပြုလုပ်မယ့် နိုင်ငံခြားပွဲတွေကို ခေါ်သွားမှာပါ"ဟု ဦးရဲမင်းသူက ဆက်လက် ပြောပြသည်။

World Wood Day ကို တန်ဇန်းနီးယားနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ၂ဝ၁၄ခုနှစ်တွင် တရုတ်နိုင်ငံ၊ ၂ဝ၁၅ခုနှစ်တွင် တူရကီနိုင်ငံ၊ ၂ဝ၁၆ခုနှစ်တွင် နီပေါနိုင်ငံနှင့်  ၂ဝ၁၇ခုနှစ်တွင် အမေရိကန်နိုင်ငံတို့၌ ကျင်းပခဲ့ပြီး ယခုနှစ်အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပန်းပုပညာရှင်များ အပါအဝင် တရုတ်၊ ဂျပန်၊ အမေရိကန်၊ ကမ္ဘောဒီးယား၊ လာအို၊ နီပေါနိုင်ငံတို့မှ ပန်းပုပညာရှင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပန်းပုထုခြင်း၊ ပွတ်လုံးဖော်ခြင်း၊ ပရိဘောဂပြုလုပ်ခြင်းစသည့် သစ်သားဆိုင်ရာ လက်မှုပညာများကို လက်တွေ့ပြုလုပ်ခြင်း၊ သစ်သားဒီဇိုင်းနှင့် Architecture Program များ၊ ရိုးရာလက်မှု ပညာလုပ်ငန်းများ၊ ကလေးငယ်များနှင့် ပတ်သက်သည့် ပညာပေးအစီအစဉ်များ၊ သစ်နှင့်ပြုလုပ်ထားသော အနုပညာ ပစ္စည်းပြပွဲများနှင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်နှင့်ပြုလုပ်သော တူရိယာပစ္စည်းများဖြင့် ဖျော်ဖြေတင်ဆက် မှုများကို မြန်မာ၊ မက္ကဆီကို၊ အိုင်ဗရီကို့စ်နိုင်ငံတို့မှ ဂီတအနုပညာရှင်များ၏ ဖျော်ဖြေမှုများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

World Wood Day ပန်းပုပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆုငွေကျပ် ၁ဝသိန်း၊ ဒုတိယဆုငွေကျပ် ငါးသိန်း၊ တတိယဆုငွေကျပ် သုံးသိန်း ချီးမြှင့်ပေးခဲ့ပြီး နှစ်သိမ့်ဆုရရှိသူများကို အပြည်ပြည်ဆိုင်ရာ သစ်ပင်ထိန်းသိမ်းရေး အဖွဲ့အစည်း (IWCS) မှ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...