Social Icons

Pages

Monday, August 7, 2017

ချမ်းအေးသာစံမြို့နယ်တွင် စိန်ထည်ပစ္စည်းများ အပါအဝင် လက်ဝတ်ရတနာများ တန်ဖိုးငွေကျပ်သိန်း ၂၅ဝ ဖိုးခန့် ခိုးယူသွားသူကို ဖမ်းဆီးရမိ



မန္တလေး ၇-၈-၂၀၁၇

ချမ်းအေးသာစံမြို့နယ်တွင် စိန်ထည်ပစ္စည်းများ အပါအဝင် လက်ဝတ်ရတနာများ တန်ဖိုးငွေကျပ်သိန်း ၂၅ဝ ဖိုးခန့် ခိုးယူသွားသူကို ဖမ်းဆီးရမိခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် အမှတ် (၃) နယ်မြေခံရဲစခန်းမှ သိရသည်။

မန္တလေး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် ၅၉ လမ်း၊ လမ်း ၃ဝ နှင့် ၃၁ လမ်းကြား အမှတ် (၇၇) နေအိမ်ဘီဒို အပေါ်ထပ်ရှိ အလျား ၁ဝ လက်မခန့်၊ အနံခြောက်လက်မခန့်နှင့် အမြင့် ရှစ်လက်မခန့်ရှိ ကတ္ထီပါဘူးအတွင်းထည့်ထားသည့် စိန်ထည်ပစ္စည်း များအပါအဝင် လက်ဝတ်ရတနာ စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်း ၂၅ဝ ဖိုးခန့် ပျောက်ဆုံးခဲ့ သဖြင့် ယနေ့ နံနက်ပိုင်းတွင် အမှတ် (၃) နယ်မြေခံရဲစခန်းထံသို့ လာရောက်တိုင်ကြားမှု ပြုလုပ်ခဲ့ရာမှ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း အမှတ် (၃) နယ်မြေခံရဲစခန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''ခိုးယူသွားတဲ့ ပစ္စည်းတွေထဲက စိန်ထည်တွေကို ၂၆ လမ်းပေါ်က တော်ဝင်စိန်တိုက်မှာ လာရောင်းတာပါ။ ဘောက်ချာတွေလဲပါသွား တာဆိုတော့ အဲဒီမှာလာရောင်း နေတာကို ကျွန်တော်တို့အဖွဲ့ရယ်၊ခရိုင်အဖွဲ့ရယ်ပေါင်းပြီး ဖမ်းလိုက်တာပါ။ သူ့ကို စခန်းခေါ်စစ်တော့လဲ သူ့ဘောင်းဘီအိတ်ထဲက မူးယစ်ဆေးပြားတွေပါ ထပ်မိပါတယ်။ ဒါကြောင့် အခုမူးယစ်မှုနဲ့ပါ ထပ်အမှုဖွင့်သွားပါမယ်''ဟု ၎င်းက ပြောပြသည်။

ဆွဲကြိုးခြောက်ကုံး အပါအဝင် စိန်၊ ပတ္တမြား၊ ကျောက်စိမ်း အစရှိသည့် လက်ဝတ်ရတနာပစ္စည်းများ စုစုပေါင်း ကာလတန်ဖိုးငွေကျပ် သိန်း ၂၅ဝ ဖိုးခန့် ခိုးယူခဲ့သည့် နိုင်ဝင်းမောင် (ဘ) ဦးနိုင်စိန်ကို အမှတ် (၃) နယ်မြေခံရဲစခန်းက (ပ)၅ဝ၉/၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ အရ အမှုဖွင့်စစ် ဆေးလျက်ရှိပြီး ၎င်း၏ ဘောင်းဘီအိတ်အတွင်းမှ ထပ်မံဖမ်းဆီးရမိသည့် အနက်ရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်လျက် ရော်ဘာအဖုံး ပိတ်ထားသော ပင်နယ် ဆီလင်ပုလင်းအတွင်းမှ ဘိန်းဖြူ သုညဒသမ ၃ဝ ဂရမ်ခန့်ကိုလည်းကောင်း၊ ၈၈။ ၁ စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၃၇ပြား အလေးချိန် ၃ ဒသမ ၇ ဂရမ်ခန့်ကိုလည်းကောင်း ရှာဖွေတွေ့ရှိခဲ့သဖြင့် မူးယစ်ပုဒ်မဖြင့် ထပ်မံအမှု ဖွင့်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...