Social Icons

Pages

Monday, June 12, 2017

ရာသီဥတုအသင့်အတင့် ကောင်းမွန်လာ၍ ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆက်လက်လုပ်ဆောင်၊ ပျက်ကျလေယာဉ်မှရုပ်အလောင်းများ ထပ်မံတွေ့ရှိ


စစ်ဦးစီးအရာရှိချုပ် (ရေ) နှင့်တာဝန်ရှိသူများ ထပ်မံရှာဖွေတွေ့ရှိခဲ့သည့် ပျက်ကျလေယာဉ်မှ ရုပ်အလောင်းများအား တပ်မတော်သားများက သယ်ယူနေမှုလုပ်ငန်းများကို အနီးကပ်ကြီးကြပ်စဉ်။


ကျန်ရစ်သူမိသားစုများက ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့်အညီ ရုပ်အလောင်းများကို သင်္ဂြိုဟ်ပေးစဉ်။

စစ်ဦးစီးအရာရှိချုပ် (လေ)က ပျက်ကျခဲ့သည့်တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများတွင် အနီးကပ်ကြီးကြပ်စဉ်။

ဆယ်ယူရရှိခဲ့သော ရုပ်အလောင်းများအား ကမ်းစပ်သို့လှေငယ်များဖြင့် ပို့ဆောင်စဉ်။

နေပြည်တော် ၁၂-၆-၂၀၁၇

ယနေ့နံနက်ပိုင်းတွင် လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်၌ ရာသီဥတုအသင့်အတင့် ကောင်းမွန်လာသည့်အတွက် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များ၊ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ၊ မြေပြင်တပ်များနှင့် ဒေသခံပြည်သူများ၊ ငါးဖမ်းစက်လှေများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပျက်ကျလေယာဉ်မှ ရုပ်အလောင်း ၂၆ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။

ယနေ့ညနေ ၄ နာရီအထိ မောင်းမကန်ကမ်းခြေ တစ်လျှောက်ဖြန့်ခွဲထားသည့် မြေပြင်တပ်များနှင့် ဒေသခံပြည်သူများက အမျိုးသားရုပ်အလောင်းရှစ်လောင်း၊ ကလေးရုပ်အလောင်း တစ်လောင်းနှင့် ကျား/မ မခွဲခြားနိုင်ရုပ် အလောင်း တစ်လောင်း၊ လောင်းလုံဘုတ်ကျွန်း အနီး၌ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် စစ်ရေယာဉ်နှစ်စင်းက အမျိုးသားရုပ်အလောင်း လေးလောင်းနှင့် အမျိုးသမီးရုပ်အလောင်း နှစ်လောင်း၊ ဒေသခံငါးဖမ်းလှေများက အမျိုးသားရုပ်အလောင်း ၁ဝ လောင်း ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ရုပ်အလောင်း ၂၆ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ယနေ့အထိ တပ်မတော်အရာရှိ ရုပ်အလောင်းသုံးလောင်းနှင့် စစ်သည်ရုပ်အလောင်း နှစ်လောင်းအပါအဝင် အမျိုးသားရုပ်အလောင်း၂၆ လောင်း၊ အမျိုးသမီးရုပ်အလောင်း ၂၃ လောင်း၊ ကလေးရုပ်အလောင်း ကိုးလောင်းနှင့် ကျား/မ မခွဲခြားနိုင်ရုပ် အလောင်းတစ်လောင်း၊ စုစုပေါင်းရုပ်အလောင်း ၅၉ လောင်း ရှာဖွေတွေ့ရှိပြီး ဖြစ်သည်။ ပင်လယ်ပြင်အတွင်း ရာသီဥတု ကောင်းမွန်မှုအခြေအနေ ပေါ်မူတည်၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိရာ ပျက်ကျခဲ့သည့် -၈ လေယာဉ်ပြန်လည်ရှာဖွေ တွေ့ရှိရေးနှင့် ရုပ်အလောင်းများ ပြန်လည် ဆယ်ယူရရှိနိုင်ရေးအတွက် ယနေ့တွင် စစ်ဦးစီးအရာရှိချုပ် (ရေ )က စန်းလန်းကျေးရွာ ကမ်းခြေ၌အခြေပြု၍ လည်းကောင်း၊ စစ်ဦးစီးအရာရှိချုပ် (လေ)က ရဟတ်ယာဉ်ဖြင့်လိုက်ပါ၍ လည်းကောင်း ရှာဖွေမှုများအား အနီးကပ်ကြီး ကြပ်ခဲ့သည်။

ထို့ပြင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသခံပြည်သူများအတွက် ထမင်း၊ ဟင်းနှင့် စားသောက်ဖွယ်ရာများကို နယ်မြေခံတပ်မိသားစု၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် NGO အဖွဲ့အစည်းများက ချက်ပြုတ် စီမံ၍ အသင့်စားသုံးနိုင်ရေး လိုက်လံဝေငှပေးခဲ့သည်။

ပင်လယ်ပြင်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းများအား ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပြီး လိုအပ်သည့်ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများ၊ ကျန်ရစ်သူမိသားစုများမှ ကြည့်ရှုစစ်ဆေးမှုများလုပ်ဆောင်လျက် ရှိရာ ယခုအချိန်အထိ ရုပ်အလောင်း ၂၇ လောင်းအားရုပ်မည် ခွဲခြားမှုပြုလုပ်နိုင်ခဲ့ပြီး ကျန်ရှိရုပ်အလောင်း ၃၂ လောင်းအား ဥပဒေရေးရာဆေးပညာ ကျွမ်းကျင်သူများက ဆေးဘက်ဆိုင်ရာစစ်ဆေးခြင်း၊ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ မိသားစုများက ကြည့်ရှုစစ်ဆေးခြင်းများဖြင့် ရုပ်မည်အတည်ပြုနိုင်ရေး လုပ်ဆောင်လျက်ရှိသည်။ ယနေ့နံနက်ပိုင်းတွင် အမျိုးအမည်ခွဲခြားနိုင်ပြီး ကျန်ရစ်သူမိသားစုများက အတည်ပြုနိုင်သည့် ရုပ်အလောင်း လေးလောင်းကို ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများ၊ တပ်မတော်လုပ်ထုံးလုပ်နည်း များနှင့်အညီ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့ရာ စုစုပေါင်း ရုပ်အလောင်း၂၃ လောင်းအား သင်္ဂြိုဟ်ပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...