Social Icons

Pages

Thursday, April 6, 2017

မြန်မာ့ပုံးရည်ကြီး ကို ပြည်တွင်းဟင်းလျာအဆင့်မှ ကမ္ဘာ့ဟင်းလျာအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်



မန္တလေး ၊ ၆-၄-၂၀၁၇

မြန်မာနိုင်ငံတွင် ပုဂံဒေသက အများဆုံးထွက်ရှိ နေသော မြန်မာ့ပုံးရည်ကြီးကို ယခုအခါ မြန်မာ့ဟင်းလျာ အဆင့်မှ ကမ္ဘာ့ဟင်းလျာ အဖြစ် ထုတ်လုပ်တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေး နှင့် စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း ထံမှ သိရသည်။

အဆိုပါ ပုံးရည်ကြီးကို ပြည်ပပို့ကုန်အဖြစ် ဆောင်ရွက်မည် ဆိုပါက ပထမဦးစွာ ပြည်တွင်း စားသောက်မှု လုံလောက်စွာ ထုတ်လုပ်နိုင်ရန် အဓိကကုန်ကြမ်း ဖြစ်သည့် ပဲပိစပ်ကို တိုးမြှင့်စိုက်ပျိုး ရမည့်အပြင် မြန်မာ့ရိုးရာ ထုတ်လုပ်မှု နည်းစနစ်အစား ခေတ်မီစက်ကိရိယာ များအသုံးပြု၍ တိုးချဲ့ထုတ်လုပ်ရန် လိုအပ်ကြောင်း သိရသည်။

''ဒီလိုအဆင့်မြှင့် ထုတ်လုပ်ဖို့ကို လုပ်ငန်းရှင်တွေ ဘက်က စိတ်ဝင်စားမယ် ဆိုရင် ကျွန်မတို့က ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေတွေရယူ ပေးသွားမယ်။ စိုက်ပျိုးရေး ထုတ်ကုန်အတွက် စိုက်ပျိုးရေးကဏ္ဍနဲ့ ချိတ်ဆက်ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

လက်ရှိတွင် ပုံးရည်ကြီးကို မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပုဂံ၊ ညောင်ဦးဒေသ မှ အဓိက ထုတ်လုပ်သည့် အပြင် ငါ့သရောက်၊ မြင်းခြံနှင့် ချောက်မြို့နယ် တို့မှထွက်ရှိ သော်လည်း လူသိနည်းပါး ကြောင်း သိရသည်။

''ပုံးရည်ကြီး ကတော့ မြန်မာနိုင်ငံမှာ လူတိုင်း ကြိုက်နှစ်သက်တဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်ကြီး တွေမှာတောင် အစားအသောက် မှာယူတဲ့ စာရင်းမှာ ထည့်သွင်း လာကြတဲ့အပြင် ပုံးရည်ကြီးနဲ့ တွဲဖက်ပြီး ဝက်သားပုံးရည်ကြီး၊ ပုံးရည်ကြီး ခေါက်ဆွဲနဲ့ ပုံးရည်ကြီး ထမင်းသုပ်တွေအထိ တီထွင်ပြီးစားသောက် လာနေကြပါပြီ။ ကိုရီးယားနိုင်ငံမှာ ကင်ချီ နာမည်ကြီးသလို မြန်မာနိုင်ငံမှာ ပုံးရည်ကြီးက နာမည်ကြီး အစားအစာ တစ်ခုဖြစ်လာ နေပါပြီ''ဟု ၄င်းက ပြောပြသည်။

ပုံးရည်ကြီးတွင် အဓိကလိုအပ်သော ကုန်ကြမ်းဖြစ်သည့် ပဲပိစပ်ကို နေပြည်တော် ၊ ပျဉ်းမနားနှင့် သာဝတ္ထိတို့မှ အဓိကထွက်ရှိပြီး ပခုက္ကူ၊ ညောင်ဦးနှင့် မြင်းခြံမြို့တို့မှ အနည်းငယ်သာ ထွက်ရှိကြောင်း သိရသည်။

''လက်ရှိမှာ ပဲပိစပ်ကို နေပြည်တော်အထိ သွားရောက်ဝယ်ယူ ရတဲ့အတွက် ဈေးကွက် အခြေအနေနဲ့ သယ်ယူစရိတ် တွေက အခက်အခဲ ရှိပါတယ်။ ကျွန်တော်တို့ ညောင်ဦးနယ်ထဲ မှာပဲ လုံလုံလောက်လောက် ထွက်ရှိမယ်ဆိုရင် အဆင်ပြေ နိုင်ပါတယ်။ မိရိုးဖလာ ထုတ်လုပ်နည်းကနေ ခေတ်မီစက်ကိရိယာ အကူအညီနဲ့ တိုးချဲ့ထုတ်လုပ် ချင်ပေမယ့် ငွေကြေး အခက်အခဲတွေ ရှိနေပါတယ်'' ဟု ငွေနဂါး ပုံးရည်ကြီး လုပ်ငန်းရှင် ဦးအောင်ကိုကို က ပြောပြသည်။

ပုံးရည်ကြီး လုပ်ငန်းကို တစ်နှစ်ပတ်လုံး ထုတ်လုပ်ရောင်းချလျက် ရှိသော်လည်း အဓိကအားဖြင့် ခရီးသွားရာသီလ များတွင် ပိုမိုရောင်းချရပြီး မြန်မာနိုင်ငံ အနှံ့အပြားသို့လည်း တင်ပို့ရောင်းချမှုများ ရှိကြောင်းနှင့် လက်ရှိတွင် ပုံးရည်ကြီး လုပ်ငန်းများအနက် မြင်းပျံပုံးရည်ကြီး လုပ်ငန်းတစ်ခုတည်းသာ ခေတ်မီ စက်ကိရိယာများဖြင့် တိုးချဲ့ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...